← Chapters

ဒူးထောက်လိုက်... အသက်ချမ်းသာပေးမယ်

Vol. 31 Ch. 453

ဒူးထောက်လိုက်... အသက်ချမ်းသာပေးမယ်

Vol. 31 Ch. 453

~"ဝုန်း... ဝုန်း... ဝုန်း..."

"ဝီ..."

မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် မမြင်နိုင်သော လက်သီးရာပေါင်းများစွာသည် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ ခန္ဓာကိုယ်ပေါ်သို့ မိုးသီးမိုးပေါက်များအလား တရစပ် ကျရောက်သွားလေသည်။ ပေါက်ကွဲသံကြီးများက နားစည်ကို ဖောက်ထွက်မတတ် ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေတော့သည်။

ထိုမြင်ကွင်းက ကြည့်နေသူအားလုံး၏ နှလုံးသားကို တူဖြင့်ထုလိုက်သကဲ့သို့ တုန်လှုပ်သွားစေ၏။

လက်သီးချက် ရာပေါင်းများစွာ၏ ဗုံးကြဲတိုက်ခိုက်မှုကို ခံလိုက်ရသည်ဖြစ်ရာ ကောင်းကင်ဘုံလူသား သတ္တမအလွှာ အဆင့်ရှိသည့် စွမ်းအားရှင်ကြီး ဖြစ်နေပါစေဦး၊ အကာအကွယ်မဲ့နေချိန်နှင့် တိုးသွားပါက ထိခိုက်ဒဏ်ရာ ရသွားနိုင်ပေသည်။

ဖုန်းဝူချန် သွန်းလုပ်ထားသော လက်အိတ်နက်ကြီးမှာ သာမန်လက်နက် မဟုတ်ပေ။ အဆင့်မြင့် ဝိညာဉ်လက်နက် အမျိုးအစား ဖြစ်သည်။ အစစ်အမှန် စွမ်းအားဖြင့် ပုံသွင်းမထားရသေးသော်လည်း ၎င်း၏ ပင်ကိုယ်စွမ်းအားက ကြောက်ခမန်းလိလိ ကောင်းမွန်နေဆဲပင်။

ထိုလက်အိတ်၏ စွမ်းအားဖြည့်တင်းမှုကြောင့် 'ရှေးဦး နဂါးနတ်ဘုရား လက်သီး' ၏ ဖျက်ဆီးအားမှာ ပြောစရာမလိုအောင်ပင် ဆတိုးမြင့်တက်သွားခဲ့လေ၏။

"ဂလု..."

ဖုန်းဝူချန် ထုတ်သုံးလိုက်သော ကြောက်မက်ဖွယ် သိုင်းကွက်ကို မြင်လိုက်ရသည့်အခါ လူတိုင်း ထိတ်လန့်တကြား တံတွေးမြိုချလိုက်မိကြသည်။ သူတို့၏ မျက်နှာများမှာ သွေးမရှိတော့သလို ဖြူဖျော့ကုန်ကြလေသည်။

"ခုနကဟာ သိုင်းကွက်လား၊ သားရဲကောင်ကြီး ဒေါသထွက်ပြီး ဟိန်းဟောက်လိုက်တာလားဟ..."

ယီယွင်နှင့် အပေါင်းအပါများ၏ မျက်နှာပေါ်တွင် အကြောက်တရားများ အထင်းသား ပေါ်လွင်နေပြီး ရင်ထဲတွင် တဒိတ်ဒိတ် ခုန်နေမိကြသည်။

ကြည့်ရသည်မှာ အသံလှိုင်း သိုင်းပညာတစ်ခု ဖြစ်ပုံရသော်လည်း ထိုကြောက်မက်ဖွယ် အသံကြီးက သားရဲကောင်ကြီးတစ်ကောင်၏ ဟိန်းဟောက်သံနှင့် တူလွန်းနေသည်။

"ဖုန်းဝူချန်က ဒီလောက်ကြောက်စရာကောင်းတဲ့ မြေကမ္ဘာအဆင့် သိုင်းပညာကို တတ်ထားတာလား..."

ဖန်ရှောင်ယွင်၏ ဒဏ်ရာများကို ကုသပေးနေသော ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးပင်လျှင် ကျောချမ်းသွားမိလေသည်။

"ဖုန်းဝူချန်က တကယ်ကြောက်စရာ ကောင်းတာပဲ... ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင် ဆိုတာ ကောင်းကင်ဘုံလူသား သတ္တမအလွှာ အဆင့်နော်..."

"မယုံနိုင်စရာပဲ... သတ္တမအလွှာ စွမ်းအားရှင်ကြီးက အရေးနိမ့်နေတာလား..."

"အသံလှိုင်း သိုင်းပညာ ဆိုတာက ရှောင်လွှဲလို့ရတဲ့အရာမှ မဟုတ်တာ... ကျင့်ကြံဆင့် ဘယ်လောက်မြင့်မြင့် ခံရမှာပဲ..."

အဝေးမှ လှမ်းကြည့်နေကြသော ကျင့်ကြံသူများမှာ ကြောက်လန့်တကြား ရေရွတ်နေမိကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာလည်း ထိန်းချုပ်မရအောင် တုန်ယင်နေကြရှာသည်။

သို့သော် ပွဲက မပြီးသေးပေ။ သွေးရောင်လွှမ်းသော ကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးက အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာပြန်လေသည်။

နဂါးဟိန်းသံ၏ ရိုက်ခတ်မှုကြောင့် အထိနာထားသော ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်မှာ အသက်ရှုချိန်ပင် မရလိုက်ချေ။

"ဝုန်း... ဝုန်း..."

"ဝီ..."

ရက်စက်ကြမ်းကြုတ်လှသော သွေးရောင် ဓားအလင်းတန်းကြီးသည် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ ခန္ဓာကိုယ်ပေါ်သို့ အညှာတာမဲ့စွာ ကျရောက်သွားပြန်သည်။ ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီးများက ထျန်းယွဲ့တောင်တစ်ခွင်လုံး ပဲ့တင်ထပ်သွားပြီး ဖျက်ဆီးအားပြင်းထန်သော စွမ်းအင်လှိုင်းများက အရိုင်းဆန်စွာ ဘေးပတ်ဝန်းကျင်သို့ ရိုက်ခတ်ကုန်ကြလေသည်။

ပေါက်ကွဲမှု၏ ဗဟိုချက်တွင် ဟင်းလင်းပြင်ကြီး အက်ကွဲသွားပြီး မည်းနက်သော အက်ကွဲကြောင်း ဒါဇင်ပေါင်းများစွာသည် ပင့်ကူအိမ်သဖွယ် ဖြာထွက်သွားကြသည်။

ထိုစွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် ဘေးနားမှ ကြည့်နေကြသူများပင် ထိတ်လန့်တကြား ထွက်ပြေးကြရလေသည်။

ဒဏ်ရာပြင်းထန်စွာ ရထားသော ယီယွင်နှင့် အခြားသူများလည်း နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကြရသည်။ သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှုများ အပြည့်နှင့်ပင်။

ဖုန်းဝူချန်၏ မျက်နှာထားမှာလည်း အလွန်အမင်း တည်ကြည်လေးနက်နေလေသည်။ သူ၏ အစွမ်းရှိသမျှ အကုန်ထုတ်သုံးလိုက်သည် မှန်သော်လည်း ဤမျှလောက်နှင့် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်ကို နိုင်လိမ့်မည်ဟု ကလေးဆန်စွာ ယုံကြည်မနေမိပေ။

တောင်ပေါ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူတိုင်း၏ အကြည့်များက ဖုန်လုံးကြီးများ ထနေသော ပေါက်ကွဲမှု ဗဟိုချက်ဆီသို့သာ စုပြုံရောက်ရှိနေကြသည်။

မိနစ်အနည်းငယ် ကြာသောအခါ...

ဖုန်လုံးကြီးများ ကွယ်ပျောက်သွားပြီး ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ ပုံရိပ် ထင်ရှားလာသောအခါ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ ဝတ်ရုံနက်ကြီးမှာ အပေါက်အပြဲများနှင့် စုတ်ပြတ်သတ်နေပြီး ဆံပင်များလည်း ဖရိုဖရဲ ဖြစ်နေသည်။ ပါးစပ်ထောင့်တွင် သွေးစလေးများ တွဲခိုနေသည်ကို ကြည့်ခြင်းအားဖြင့် ဒဏ်ရာရသွားသည်မှာ သေချာသော်လည်း... သာမန် ဒဏ်ရာအသေးစားလေး မျှသာ။

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ အရှိန်အဝါများက တစ်စက်ကလေးမှ လျော့ပါးသွားခြင်း မရှိပေ။

ဖုန်းဝူချန်၏ အစွမ်းကုန် တိုက်ခိုက်မှုများသည် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်အတွက် ယားလို့ ကုတ်ပေးလိုက်သလောက်သာ ရှိပုံရလေသည်။

"ထင်တဲ့အတိုင်းပဲ..."

ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီရလဒ်ကို သူ မျှော်လင့်ထားပြီးသား ဖြစ်ပုံရသည်။ ဖုန်းဝူချန်မှ မဟုတ်၊ ယီယွင်နှင့် အခြားသော စွမ်းအားရှင်များလည်း ဒီရလဒ်ကို ကြိုတင်ခန့်မှန်းမိကြသည်။

"မင်းမှာ အရည်အချင်းတော့ ရှိသားပဲ... ဝူယင်းနဲ့ ကောင်းကင်ဝံပုလွေတို့ မင်းလက်ထဲမှာ အသေဆိုးနဲ့ သေခဲ့ရတာ မဆန်းပါဘူးလေ..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ မျက်နှာအိုကြီးပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခု ချိတ်ဆွဲထားလေသည်။

"ခုနက မြေကမ္ဘာအဆင့် သိုင်းပညာက မဆိုးဘူးလို့ ပြောလို့ရတယ်... ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက အားနည်းလွန်းနေတာပဲ..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က လှောင်ပြောင်သလို ရယ်မောလိုက်ရင်း သူ၏ ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားများကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။

"ဖုန်းဝူချန်... မင်း ဘယ်လိုသေမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်..."

ဖန်ရှောင်ယွင်က အံကိုကြိတ်ရင်း အော်ဟစ်လိုက်သည်။ သူ့ရင်ထဲတွင် ဝမ်းသာပီတိများ ဖြတ်စီးသွားလေသည်။

ဖုန်းဝူချန်ကတော့ ဘာစကားမှ ပြန်မပြောပေ။ သူ့မျက်နှာထားက တည်ငြိမ်လွန်းလှပြီး ဘာတွေ တွေးနေမှန်း ခန့်မှန်းရခက်နေသည်။

"ကောင်းပြီလေ ဖုန်းဝူချန်... မင်းကို ငါ အခွင့်အရေးတစ်ခု ပေးမယ်... ငါက အားနည်းတဲ့သူကို အနိုင်ကျင့်တယ်လို့ အပြောမခံချင်ဘူး... မင်းမှာရှိတဲ့ အစွမ်းထက်ဆုံး သိုင်းပညာတွေ အကုန်ထုတ်သုံးလိုက်စမ်းပါ..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က မထီမဲ့မြင် ပြုံးရင်း ပြောလိုက်သည်။ သူ့စွမ်းအားက ကြီးမားလွန်းလှသဖြင့် ဖုန်းဝူချန် ဘာလုပ်လုပ် အလကားပဲဟု ယူဆထားပုံရသည်။ အကြွင်းမဲ့ အင်အားတစ်ခု၏ ရှေ့မှောက်တွင် သိုင်းကွက်များ ဆိုသည်မှာ ကလေးကစားစရာ သက်သက်မျှသာ မဟုတ်ပါလော။

"အနိုင်ကျင့်ပြီးတော့ စကားကောင်း ပြောနေသေးတယ်..."

နန်းကုန်းကျန့်က မကျေမနပ် ရေရွတ်လိုက်သည်။

"ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်..."

ပေတိုယန်လည်း စိုးရိမ်တကြီး ပြောလာသည်။

"ငါတို့တွေ သူ့ပြိုင်ဘက် မဟုတ်ဘူး... ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး ရှိနေတာကို ထည့်မတွက်ရင်တောင် မနိုင်နိုင်ဘူး..."

"အစ်ကို... ငါတို့ ဘာလုပ်ကြမလဲ..."

ပေတိုထျန်းရဲလည်း မျက်နှာပျက်နေရှာသည်။

"ဖုန်းဝူချန်... မင်း မတိုက်တော့ဘူးဆိုရင် ငါစတော့မယ်နော်..."

ဖုန်းဝူချန် ငြိမ်သက်နေသည်ကို မြင်သောအခါ ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ မျက်နှာ မည်းမှောင်သွားတော့သည်။

"ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်... ခင်ဗျားကို ကျွန်တော်လည်း အခွင့်အရေးတစ်ခု ပေးမယ်..."

ဖုန်းဝူချန်က ရုတ်တရက် အေးစက်စွာ ပြောလိုက်သည်။

"အခုချက်ချင်း ဒူးထောက်လိုက်... အဲ့ဒါဆို ခင်ဗျားအသက်ကို ချမ်းသာပေးမယ်..."

"အသက်ချမ်းသာပေးမယ် ဟုတ်လား..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင် ခဏမျှ ကြောင်အသွားသည်။ ထို့နောက် ဖုန်းဝူချန်ကို မျက်လုံးပြုးကြီးဖြင့် ကြည့်ကာ သူများ နားကြားမှားလေသလားဟု သံသယ ဝင်သွားမိသည်။

"ဆေးဧကရာဇ်က ဘာပြောလိုက်တာလဲဟ..."

ပေတိုယန်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ဆေးဧကရာဇ်က ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်ကို ဒူးထောက်ခိုင်းလိုက်တာလား..."

ပိုင်မိလည်း ကြောင်တောင်တောင် ဖြစ်သွားသလို၊ လေ့ထျန်းကျွယ်လည်း မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားရရှာသည်။

"သူ့ကို အသက်ချမ်းသာပေးမယ် ဟုတ်လား..."

ချီဟွမ်နှင့် လန်ယွဲ့တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ နားမလည်နိုင် ဖြစ်နေကြသည်။ ဖုန်းဝူချန်မှာ ဘယ်ကရလာတဲ့ ယုံကြည်ချက်တွေနဲ့ ဒီလိုစကားမျိုး ပြောထွက်ရတာလဲ။

ဒဏ်ရာပြင်းထန်စွာ ရထားသော ယီယွင်နှင့် အခြားသူများလည်း ဖုန်းဝူချန်ကို ကြည့်ရင်း ခေါင်းရှုပ်သွားကြသည်။ ဒီစကားက နည်းနည်းတော့ မများလွန်းဘူးလား။

ဖုန်းဝူချန်က ကောင်းကင်ဘုံလူသား သတ္တမအလွှာ စွမ်းအားရှင်ကြီးကို ဒီလို ရဲရဲတင်းတင်း စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

"သေခါနီးတာတောင် လေကြီးနေတုန်းပဲ..."

ဖန်ရှောင်ယွင်က ဒေါသတကြီး လှမ်းအော်သည်။ ဖုန်းဝူချန်၏ မောက်မာမှုကို ကြည့်ရင်း သူ ဒေါသထွက်လွန်း၍ ရင်ဘတ်ပေါက်မတတ် ဖြစ်နေရသည်။

"ဖုန်းဝူချန် ရူးသွားပြီလား... ယီယွင်တို့တောင် မနိုင်တဲ့ လူကို သူက ဒူးထောက်ခိုင်းနေတယ်..."

အဝေးက ကြည့်နေသူများလည်း ပါးစပ်မပိတ်နိုင်အောင် ဖြစ်နေကြသည်။

"ဟား... ဟား... ဟား..."

ခေတ္တမျှ ကြောင်အနေရာမှ ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က ရုတ်တရက် ခေါင်းမော့ကာ အားရပါးရ ရယ်မောလိုက်လေတော့သည်။ ဖုန်းဝူချန်၏ စကားသည် ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခု ဖြစ်နေသည့်နှယ်။

"ရယ်စရာ ကောင်းနေလား..."

ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ ခပ်တည်တည် ဖြစ်နေသော မျက်နှာထားသည် ရုတ်ချည်းဆိုသလို အေးစက်သွားလေ၏။

"ဖုန်းဝူချန်... မင်း ငါ့အသက်ကို ဘယ်လို ချမ်းသာပေးမလဲဆိုတာ ပြစမ်းပါဦးကွာ... ငါ ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က ဘယ်ကောင်ကိုမှ မကြောက်ဘူးကွ..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဖုန်းဝူချန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော စွမ်းအားများသည် ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။

"ဝုန်း..."

"ဝီ... ဝီ..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ အရှိန်အဟုန်နှင့် စွမ်းအားမှာ ကြောက်ခမန်းလိလိပင်။ သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေထုက အက်ကွဲကာ ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာသည်။

"ဖုန်းဝူချန်... ငါ့ရဲ့ ဒီလက်ဝါးကွက်ကို မင်း တောင့်ခံနိုင်ရင် မင်းအသက်ကို ချမ်းသာပေးမယ်..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က လက်ဝါးတွင် စွမ်းအားများ စုစည်းကာ ဟိန်းဟောက်လိုက်သည်။

"ဘုန်း..ဘုန်း ..ဘုန်း"

ထိုအချိန်တွင်ပင်...

အဝေးတစ်နေရာ ကောင်းကင်ယံထက်မှ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ရုတ်တရက် လွှမ်းခြုံလာပြီး၊ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာလေသည်။

ထို အရှိန်အဝါကို အာရုံခံမိလိုက်သည့် တစ်ခဏ၌ ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ မျက်နှာထားသည် ချက်ချင်းပင် ဖြူဖျော့သွားပြီး မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်လာတော့သည်။

"ထျန်းကျီဘုံ .."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ ခန္ဓာကိုယ်ကြီး တုန်ယင်သွားသည်။ သူ၏ ကြောက်လန့်နေသော မျက်ဝန်းများက အဝေးတစ်နေရာမှ ကောင်းကင်ယံဆီသို့ လှမ်းကြည့်လိုက်မိသည်။

"ထျန်းကျီဘုံ အဆင့် စွမ်းအားရှင်လား... ဘယ်သူလဲ..."

ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနှင့် ဖန်ရှောင်ယွင်တို့၏ မျက်နှာများလည်း သွေးဆုတ်သွားသလို ဖြစ်ကုန်ကြသည်။ သူတို့အားလုံး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ယီယွင်အပါအဝင် အခြားသော အကြီးအကဲများ၊ အဝေးမှ ကြည့်နေကြသော ကျင့်ကြံသူများ အားလုံး ထိုကြောက်မက်ဖွယ် အရှိန်အဝါကြီးကို အာရုံခံမိလိုက်ကြပြီ ဖြစ်သည်။ ထိုအရှိန်အဝါ၏ ဖိအားကြောင့် သူတို့အားလုံး၏ ဝိညာဉ်များပင် တုန်လှုပ်ချောက်ခြားကုန်ကြရလေသည်။

ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါကို ပိုင်ဆိုင်ထားသူက... ဘယ်သူများလဲ…။

All Chapters