← Chapters

စွမ်းအားသစ် နိုးထခြင်း

Vol. 31 Ch. 454

စွမ်းအားသစ် နိုးထခြင်း

Vol. 31 Ch. 454

~"ဝုန်း... ဝုန်း... ဝုန်း..."

"ဝေါ..."

ထျန်းယွဲ့ဂိုဏ်း နန်းတော်ဆောင်ကြီးအတွင်း၌ ယီထျန်းချင်းနှင့် အိုးယန်တို့၏ တိုက်ပွဲမှာ အရှိန်အဟုန် ပြင်းထန်လွန်းလှပေသည်။ သူတို့နှစ်ဦး၏ သိုင်းကွက်များ ရိုက်ခတ်မှုကြောင့် နန်းတော်တစ်ခုလုံး သိမ့်သိမ့်တုန်ခါနေပြီး ဖျက်ဆီးအားပြင်းသော စွမ်းအင်လှိုင်းများ အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားလေသည်။ နှစ်ယောက်စလုံး ပါးစပ်မှ သွေးများ ဝေါ့ခနဲ အန်ချလိုက်ရပြီး နောက်သို့ ကိုယ်စီ လွင့်စင်သွားကြရရှာသည်။

အိုးယန်သည် ကောင်းကင်ဘုံလူသား တတိယအလွှာ ဖြစ်သည့်အတွက် သူ၏ စွမ်းအားမှာ ပြောစရာမလိုအောင် ကြောက်မက်ဖွယ် ကောင်းလှ၏။

ယီထျန်းချင်းမှာ ဒုတိယအလွှာမျှသာ ရှိသေးသော်လည်း ကောင်းကင်ဘုံနယ်မြေ၏ ထိပ်သီး ပါရမီရှင်တစ်ဦး ဖြစ်သည့်အားလျော်စွာ သူ၏ စွမ်းအားမှာလည်း လျှော့တွက်၍ မရချေ။

ပြင်းထန်သော တိုက်ပွဲအပြီးတွင်တော့ နှစ်ယောက်စလုံး ဒဏ်ရာအပြင်းအထန် ရရှိသွားကြလေ၏။

"ယီထျန်းချင်း..."

မြောင်ချင်းချင်းက စိုးရိမ်တကြီး အော်ဟစ်လိုက်ပြီးနောက် လျိုချင်းယန်ဘက်သို့ လှည့်ကာ မျက်ရည်စက်လက်ဖြင့် တောင်းပန်လိုက်ပြန်သည်။

"အစ်ကိုလျို... ရှင် ကျွန်မကို သတိရပါတော့..."

‘ဒီမိန်းကလေးရဲ့ ဓားကွက်တွေက ငါနဲ့ တစ်ပုံစံတည်းပါလား... သူသုံးနေတဲ့ ကိုယ်ဖော့ပညာကိုလည်း ငါသိနေသလိုပဲ…’

လျိုချင်းယန် မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။ မြောင်ချင်းချင်းနှင့် တိုက်ခိုက်နေရင်း သူ့ခေါင်းထဲတွင် အတိတ်က အဖြစ်အပျက်တချို့ ရေးရေးလေး ပေါ်လာသလို ခံစားနေရသည်။

မြောင်ချင်းချင်း၏ ဓားကွက်များကို ကြည့်ရင်း လျိုချင်းယန်၏ အာရုံထဲတွင် ဝေဝါးသော ပုံရိပ်များ တဖြည်းဖြည်း ပေါ်လာလေသည်။

ထိုပုံရိပ်များထဲတွင်... အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဓားသိုင်း အတူလေ့ကျင့်နေကြသည်။

ထိုပုံရိပ်များသည် လျိုချင်းယန်အတွက် ရင်းနှီးသလိုလိုနှင့် စိမ်းသက်နေပြန်သည်။ အရင်က မြင်ဖူးသလိုလို ရှိသော်လည်း မရေရာပေ။

"ပုံရိပ်ထဲက မိန်းကလေးက... သူများလား..."

လျိုချင်းယန်သည် သူ့ရှေ့တွင် ရပ်နေသော မြောင်ချင်းချင်းကို စူးစိုက်ကြည့်လိုက်မိသည်။ ပုံရိပ်ထဲက အမျိုးသမီး၏ မျက်နှာကို သေချာမမြင်ရသဖြင့် သူ မဝေခွဲတတ် ဖြစ်နေဆဲ။

သို့သော် မြောင်ချင်းချင်း၏ မျက်နှာပေါ်မှ မျှော်လင့်ချက်မဲ့နေသော အမူအရာကို မြင်လိုက်ရသည့်အခါ လျိုချင်းယန်၏ ရင်ထဲတွင် အကြောင်းပြချက်မရှိဘဲ နာကျင်သွားရလေသည်။ ထူးဆန်းလိုက်သည့် ခံစားမှုပါတကား။

"ကောင်းကင်ဘုံနယ်မြေရဲ့ ဒုတိယ ပါရမီရှင်ဆိုတာ တကယ်ပဲ အလကားမဟုတ်ပါလား..."

“ဂိုဏ်းချုပ်လေးသာ မူလစွမ်းအား မရှိရင် မင်းနဲ့ ယှဉ်နိုင်မှာတောင် မဟုတ်ဘူး…”

အိုးယန်က အေးစက်စွာ ပြုံးရင်း လှမ်းပြောလိုက်သည်။

ထိုအခါ၊ ယီထျန်းချင်းက နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်ရင်း တည်ငြိမ်လေးနက်စွာ တုံ့ပြန်လိုက်၏။

"မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့..."

"ဘယ်သူသေမလဲ ဆိုတာ မသေချာသေးပါဘူးကွာ..."

အိုးယန်က လှောင်ပြောင်လိုက်ပြီးနောက် ချက်ချင်းပင် တိုက်စစ်ဆင်လိုက်ပြန်သည်။ ယီထျန်းချင်းလည်း အားကျမခံ ပြန်လည် တိုက်ခိုက်လေသည်။ သူ၏ မျက်နှာတွင် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိနေပုံ ပေါ်သည်။

ထိုအချိန်တွင်...

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့၏ တိုက်ပွဲကြားတွင် အလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာသည်။ လျိုချင်းယန်၏ ဓားချက် ဝင်လာသည်ကို မြင်ရက်သားနှင့် မြောင်ချင်းချင်းက ရုတ်တရက် ရပ်တန့်လိုက်လေသည်။

"ရွှပ်..."

လျိုချင်းယန်၏ မျက်နှာထား ပျက်ယွင်းသွားသည်။ သို့သော် ဓားကို ပြန်ရုပ်သိမ်းရန် အချိန်နှောင်းသွားချေ၏။ ဓားသွားသည် မြောင်ချင်းချင်း၏ ဘယ်ဘက်ပခုံးကို ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်ကာ သူမ၏ အဝတ်အစားများကို ရဲရဲနီသွားစေတော့သည်။

လျိုချင်းယန်၏ ရင်ထဲတွင် ဓားနှင့်မွှန်းလိုက်သကဲ့သို့ နာကျင်သွားရပြီး မြောင်ချင်းချင်းကို ထိတ်လန့်တကြား မေးလိုက်မိသည်။

"ဘာလို့... ဘာလို့ မရှောင်တာလဲ..."

မြောင်ချင်းချင်း၏ စွမ်းအားက လျိုချင်းယန်ထက် သာလွန်သည်ဖြစ်ရာ ဒီဓားချက်ကို ရှောင်နိုင်သည်မှာ သေချာသည်။ သို့သော် သူမက တမင် အထိုးခံလိုက်ခြင်း ဖြစ်သည်။

"အစ်ကိုလျို... ရှင် တကယ်ပဲ ကျွန်မကို မမှတ်မိတော့ဘူးလား... ကျွန်မ ချင်းချင်းလေ..."

မြောင်ချင်းချင်းက ဝမ်းနည်းပက်လက် မေးလိုက်ရှာသည်။ သူမ၏ လှပသော မျက်ဝန်းအိမ်များထဲတွင် မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်များ ယှက်သန်းနေပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ တလိမ့်လိမ့် စီးကျလာတော့သည်။

မြောင်ချင်းချင်း၏ မျက်ရည်များကို မြင်လိုက်ရသည့်အခါ လျိုချင်းယန်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်သွားရချေသည်။ ဓားကို ကိုင်ထားသော သူ၏ လက်များ အားပျော့သွားပြီး၊ ရင်ထဲတွင် ပို၍ နာကျင်လာကာ ရှေ့မှ မိန်းကလေးကို ကာကွယ်ပေးချင်စိတ်များ တားဆီးမရအောင် ပေါ်ပေါက်လာလေသည်။

ခေါင်းထဲမှ ပုံရိပ်များကလည်း ပို၍ များပြားလာပြီး ဝေဝါးနေသော မြင်ကွင်းများက တဖြည်းဖြည်း ကြည်လင်ပြတ်သားလာသည်။

လျိုချင်းယန်သည် ခေါင်းကိုက်ဝေဒနာကို အံကြိတ်ခံရင်း အတိတ်ကို ပြန်လည်တူးဆွရန် ကြိုးစားလိုက်သည်။ ပုံရိပ်ထဲက မိန်းကလေး ဘယ်သူလဲဆိုတာ သူ သိကိုသိမှ ဖြစ်မည်။

"မြန်မြန်... မြန်မြန် စဉ်းစားစမ်း... သူ ဘယ်သူလဲ..."

လျိုချင်းယန် ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ဖိအားပေးနေမိသည်။ အတိတ်မေ့နေပြီးနောက်ပိုင်း ကျောက်စိမ်းမြို့သားများကို စိတ်ပူသည်မှလွဲ၍ သူစိမ်းမိန်းကလေးတစ်ယောက်အတွက် ဒီလောက်ထိ စိုးရိမ်ပူပန်မိသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။

"မိန်းကလေး ချင်းချင်း... သတိထား..."

ထိုအချိန်မှာပင် ကောင်းကင်ယံထက်မှ ယီထျန်းချင်း၏ စိုးရိမ်တကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။

"ဒီကောင် ယုတ်မာလှချည်လား..."

ယီထျန်းချင်းသည် ကျိန်ဆဲလိုက်ရင်း အောက်သို့ ဒုံးဆိုင်း ထိုးဆင်းလာသည်။ အိုးယန်သည် ယီထျန်းချင်းနှင့် တိုက်ခိုက်နေရင်းမှ ရုတ်တရက် ပျောက်ကွယ်သွားပြီး လျိုချင်းယန်တို့ ရှိရာဘက်သို့ ဦးတည်သွားခြင်း ဖြစ်သည်။

"ဟေ့ကောင်... အဲ့ဒီမိန်းမရဲ့ လှည့်စားတာကို မခံနဲ့... သူက မင်းရဲ့ ရန်သူ..."

အိုးယန်၏ အေးစက်သော အသံကြီးက လျိုချင်းယန်၏ နားထဲသို့ စီးဝင်လာသည်။

"ဘုန်း..."

"အား.."

ရုတ်တရက် ရောက်ရှိလာသော အိုးယန်သည် ညှာတာမှုကင်းမဲ့စွာဖြင့် မြောင်ချင်းချင်း၏ ကျောပြင်ကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။ ကြောက်မက်ဖွယ် စွမ်းအားကြောင့် မြောင်ချင်းချင်းမှာ သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး သူမ၏ ခန္ဓာကိုယ်လေးသည် လျိုချင်းယန်၏ ရင်ခွင်ထဲသို့ လွင့်စင်သွားလေသည်။

ထိုအခိုက်အတန့်တွင် အချိန်များ ရပ်တန့်သွားသကဲ့သို့။

လျိုချင်းယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ခေါင်းထဲတွင် ပေါက်ကွဲမတတ် နာကျင်မှုတစ်ခု ဖြစ်ပေါ်လာသည်။ နာကျင်လွန်းသဖြင့် သူ မည်သို့မျှ မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်မိတော့သည်။

"အား..."

ထိုနာကျင်မှုနှင့်အတူ ဝေဝါးနေသော ပုံရိပ်များသည် ရုပ်ရှင်ကားတစ်ကားလို ကြည်လင်ပြတ်သားစွာ ပေါ်လာတော့သည်။ မြင်ကွင်းတစ်ခုချင်းစီတိုင်းက ရှင်းလင်းပီပြင်နေလေ၏။

"ချင်းချင်း..."

သွေးများအန်ကာ လွင့်စင်လာသော မြောင်ချင်းချင်းကို ကြည့်ရင်း လျိုချင်းယန်၏ နှုတ်ဖျားမှ ထိုနာမည်လေး ထွက်ပေါ်လာခဲ့ချေ၏။

"မိန်းကလေး ချင်းချင်း..."

ယီထျန်းချင်းလည်း အချိန်မီ ရောက်လာပြီး သူတို့နှစ်ဦးကို လှမ်းဖမ်းလိုက်သည်။ သို့သော် မြောင်ချင်းချင်း၏ ဒဏ်ရာမှာ ပြင်းထန်လွန်းလှသဖြင့် သူမ၏ အသက်သည် အချိန်မရွေး ကြွေလွင့်သွားနိုင်ပေသည်။

"လူယုတ်မာ... မင်းကို ငါသတ်မယ်..."

ယီထျန်းချင်းက အိုးယန်ကို စူးစူးဝါးဝါး ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

လျိုချင်းယန်သည် သွေးအလိမ်းလိမ်း ဖြစ်နေသော မြောင်ချင်းချင်းကို ပွေ့ဖက်ထားရင်း တုန်ရီသောအသံဖြင့် ပြောလိုက်ရှာသည်။

"ချင်းချင်း... ချင်းချင်း... ငါ့ကို မခြောက်ပါနဲ့ဟာ... ငါ ချင်းယန်လေ... ငါ မှတ်မိပြီ... ငါ အကုန် မှတ်မိသွားပြီ..."

ထိန်းချုပ်ထားသမျှ မျက်ရည်များသည်လည်း တာကျိုးသည့်အလား စီးကျလာလေ၏။

"မှတ်မိသွားပြီလား..."

တိုက်ခိုက်ရန် ပြင်နေသော ယီထျန်းချင်းပင် အံ့အားသင့်ကာ လျိုချင်းယန်ကို လှမ်းကြည့်လိုက်မိသည်။

အိုးယန်၏ မျက်နှာထားမှာလည်း အနည်းငယ် ပျက်ယွင်းသွားပြီး...

...ဒီကောင်မှတ်ဉာဏ် ပြန်ရသွားပြီလား...

"အစ်ကိုလျို... ဝမ်း... ဝမ်းသာလိုက်တာ... အစ်ကို... နောက်ဆုံးတော့..."

မြောင်ချင်းချင်း၏ ဖြူဖျော့နေသော မျက်နှာလေးပေါ်တွင် ပျော်ရွှင်သော အပြုံးနုနုလေးတစ်ခု ပေါ်လာသည်။ သို့သော် သူမ၏ မျက်ဝန်းများသည် တဖြည်းဖြည်း မှေးမှိန်သွားပြီး လျိုချင်းယန်၏ ပါးပြင်ကို လှမ်းကိုင်ရန် ကြိုးစားနေသော လက်ကလေးမှာလည်း ခွေကျသွားလေတော့သည်။

"ချင်းချင်း... ချင်းချင်း..."

လျိုချင်းယန် ထိတ်လန့်တကြား အော်ခေါ်လိုက်သော်လည်း တုံ့ပြန်သံ မကြားရတော့ပေ။

ယီထျန်းချင်း အလျင်အမြန် စမ်းသပ်ကြည့်လိုက်ရာ မျက်နှာပျက်သွားပြီး...

"အသက်... အသက်မရှုတော့ဘူး..."

မြောင်ချင်းချင်း မျက်လုံးမှိတ်သွားသည့် အချိန်မှာပင် သူမ၏ ထွက်သက်လေ ရပ်တန့်သွားချေ၏။

"ချင်းချင်း... ထပါဦး... ငါ့ကို မခြောက်ပါနဲ့ဟာ... ချင်းချင်း... ငါ့ကို စကားပြန်ပြောပါဦး..."

လျိုချင်းယန်မှာ ရူးသွပ်မတတ် ဖြစ်နေရှာသည်။ မြောင်ချင်းချင်းကို ဘယ်လိုပင် လှုပ်နှိုးနေပါစေ၊ သူမဆီက ဘာတုံ့ပြန်မှုမှ မရတော့ပေ။ ကြာရှည်စွာ ဖိနှိပ်ထားခဲ့သော ဝမ်းနည်းမှုနှင့် ဒေါသတရားတို့သည် မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ ရုတ်ချည်း ပွင့်အန်ထွက်လာတော့သည်။

"အား..."

"ဟား.."

ဒေါသအိုး ပေါက်ကွဲသွားသော လျိုချင်းယန်သည် ကောင်းကင်ယံသို့ မော့ကြည့်ကာ သားရဲတစ်ကောင်ပမာ အော်ဟစ်လိုက်လေသည်။

ထို့နောက်... အလွန်တရာ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခု သူ၏ ခန္ဓာကိုယ်ထဲမှ ရူးသွပ်စွာ ပေါက်ကွဲထွက်လာတော့သည်။ လျိုချင်းယန်၏ ကိုယ်မှ စူးရှသော အလင်းရောင်များ ဖြာထွက်လာပြီး ထိုစွမ်းအား၏ ရိုက်ခတ်မှုကြောင့် ထျန်းယွဲ့ဂိုဏ်း နန်းတော်ကြီးပင် ပြိုကျမတတ် တုန်ခါသွားရလေသည်။

လျိုချင်းယန်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး နတ်ဆိုးတစ်ကောင် ဝင်ပူးနေသကဲ့သို့ ဖြစ်နေလေသည်။

"ဒါ... ဒါ ဘာစွမ်းအားကြီးလဲ..."

ယီထျန်းချင်း၏ မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး လျိုချင်းယန်ကို ကြောက်ရွံ့စွာ ကြည့်ရင်း နောက်သို့ ဆုတ်ခွာလိုက်မိသည်။

"ဘယ်... ဘယ်လိုဖြစ်တာလဲ... လျိုချင်းယန်ရဲ့ ကိုယ်ထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေတာလား..."

အိုးယန်တစ်ယောက် ကြောက်လွန်းသဖြင့် ဒူးများပင် တုန်ခါလာပြီး တံတွေးကို အတင်း မျိုချလိုက်ရသည်။

ကြီးမားကျယ်ပြန့်လွန်းသော စွမ်းအားတစ်ခု လျိုချင်းယန်၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုစွမ်းအားသည် လျိုချင်းယန်၏ ခန္ဓာကိုယ်ထဲတွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပြီး ယခုမှ နိုးထလာသည့်နှယ်ပင်။

ပေါက်ကွဲမထွက်ခင်က ဘာမှ မသိသာသော်လည်း၊ ပေါက်ကွဲထွက်လာသည့် အချိန်မှာတော့ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်မည့် အရှိန်အဝါများ ပါဝင်နေလေသည်။

"လျိုချင်းယန်ရဲ့ ကိုယ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခု ပုန်းအောင်းနေတာပဲ..."

ယီထျန်းချင်း တစ်ယောက် တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။

ပြင်းထန်သော ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသတရားတို့ ပေါင်းစပ်သွားသည့်အခါ... လျိုချင်းယန်၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားသစ်တစ်ခု နိုးထလာခဲ့လေပြီတကား။

All Chapters