အိပ်မက်ဆိုး နိဒါန်း
Vol. 31 Ch. 455
~"ဝီ..."
လျိုချင်းယန်၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ် စွမ်းအားများသည် ကုန်ဆုံးခြင်းမရှိသည့် ရေစီးကြောင်းပမာ အဆက်မပြတ် ပေါက်ကွဲထွက်နေလေသည်။ သူ၏ အရှိန်အဝါသည် ခန့်မှန်း၍ပင် မရနိုင်သော အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။
တစ်ခွန်းတည်း ပြောရလျှင်... အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်ဟုသာ ဆိုရပေမည်။
ကြီးမားလှသော စွမ်းအင် အတားအဆီးတစ်ခုသည် ထျန်းယွဲ့ဂိုဏ်း နန်းတော်တစ်ခုလုံးကို မျက်တောင်တစ်ခတ်စာ အတွင်း လွှမ်းခြုံသွားလေသည်။
နန်းတော်ဆောင်ကြီးအတွင်းရှိ ခမ်းနားထည်ဝါသော အဆောက်အအုံများမှာ တစ်ခုပြီးတစ်ခု ပြိုကျပျက်စီးကုန်ကြပြီး၊ ဂိုဏ်းသားများမှာလည်း ထိတ်လန့်တကြား ထွက်ပြေးကြရာမှ ပရမ်းပတာ ဖြစ်နေကြလေ၏။
"မင်းတို့အကုန်လုံး ငါ့ရဲ့ ချင်းချင်းအတွက် အသက်ပေးကြစမ်း..."
လျိုချင်းယန်က ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူ၏ မိုးထိအောင် မြင့်တက်နေသော သတ်ဖြတ်ခြင်း အရှိန်အဝါများသည် မုန်တိုင်းတစ်ခုအလား နန်းတော်တစ်ခုလုံးကို ဖြတ်သန်းတိုက်ခိုက်သွားရာ ဂိုဏ်းသားများမှာ ကြောက်လွန်း၍ ဝိညာဉ်လိပ်ပြာများပင် လွင့်ပျောက်ကုန်ကြသည်။
"ဒါ... ဒါ ဘယ်လို စွမ်းအားမျိုးကြီးလဲ... သူက ဒီစွမ်းအားရဲ့ ထိန်းချုပ်မှုကို ခံနေရတာလား..."
ယီထျန်းချင်းမှာ လျိုချင်းယန်ကို ကြည့်ရင်း တစ်ကိုယ်လုံး တုန်ယင်နေမိသည်။
"ဘယ်... ဘယ်လိုလုပ်ပြီး ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေရတာလဲ..."
အိုးယန်မှာ ကြောက်လွန်း၍ မျက်နှာတစ်ခုလုံး အသေကောင်လို ဖြူဖျော့နေပြီ ဖြစ်သည်။
"ရွှပ်..."
ထိုစဉ် လျိုချင်းယန်၏ ခန္ဓာကိုယ်ထဲမှ ဓားပျံ တစ်လက် ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ထိုဓားပျံမှ ထုတ်လွှတ်လိုက်သော အရှိန်အဝါသည် လောကကိုပင် တုန်လှုပ်သွားစေနိုင်စွမ်း ရှိလေသည်။
အဆင့်နိမ့် အင်မော်တယ် လက်နက်...
"ဒါက... အင်မော်တယ် လက်နက်ပဲ..."
ယီထျန်းချင်း၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြန်သည်။ လျိုချင်းယန်၏ လက်ထဲတွင် အင်မော်တယ် လက်နက်တစ်လက် ရှိနေလိမ့်မည်ဟု သူ အိပ်မက်ထဲတွင်ပင် ထင်မထားခဲ့မိပေ။
"သေကြစမ်း..."
လျိုချင်းယန်က ဟိန်းဟောက်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် စွမ်းအားများက အင်မော်တယ် ဓားပျံထဲသို့ စီးဝင်သွားပြီးနောက် ဖျက်ဆီးခြင်း စွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။
"ဘုန်း..ဘုန်း ..ဘုန်း"
"ဝီ... ဝီ..."
ကောင်းကင်ယံထက်မှ အင်မော်တယ် ဓားပျံသည် လျှပ်စီးများ လက်နေသကဲ့သို့ တောက်ပနေပြီး၊ နောက်တစ်ခဏတွင် ရေတွက်၍ မကုန်နိုင်သော စွမ်းအင်ဓားအလင်းတန်းများစွာသည် ထျန်းယွဲ့ဂိုဏ်းသားများ အပေါ်သို့ မိုးရွာချသလို ကျဆင်းလာတော့သည်။
ရက်စက်ကြမ်းကြုတ်သော သွေးချောင်းစီး လူသတ်ပွဲကြီး စတင်ခဲ့ချေ၏။ ကောင်းကင်ဘုံမှ ဘုရားသခင်၏ အပြစ်ပေးခြင်း ခံရသကဲ့သို့ ထျန်းယွဲ့ဂိုဏ်းသား အများအပြားသည် ခုခံချိန်ပင် မရလိုက်ဘဲ အသတ်ခံလိုက်ကြရသည်။
ဂိုဏ်းသားများမှာ မျှော်လင့်ချက်မဲ့စွာဖြင့် ထွက်ပြေးရန် ကြိုးစားကြသော်လည်း ပြေးပေါက်မရှိ ဖြစ်နေကြရှာသည်။
"ဂိုဏ်းချုပ်... ကယ်ပါဦး..."
"ဂိုဏ်းချုပ်ကြီး... ကယ်ပါဦး..."
ထိတ်လန့်တကြား အော်ဟစ်သံများ၊ သွေးပျက်ဖွယ်ရာ ညည်းညူသံများဖြင့် နန်းတော်ကြီးတစ်ခုလုံး ဆူညံပွက်လောရိုက်နေသည်။
သို့သော် ကံဆိုးစွာဖြင့် သူတို့၏ ဂိုဏ်းချုပ်ကြီးနှင့် အကြီးအကဲများ အားလုံးမှာ ထျန်းယွဲ့တောင်တွင် ရောက်နေကြသည်။ အတော်အတန် စွမ်းအားရှိသော ဂိုဏ်းသားများကလည်း တောင်ပေါ်တွင် တိုက်ပွဲဝင်နေကြသည်။
နန်းတော်တွင် ကျန်ခဲ့သော သူများထဲတွင် အစွမ်းထက်ဆုံးမှာ အိုးယန် ဖြစ်သော်လည်း သူက ယီထျန်းချင်းနှင့် တိုက်ခိုက်ထားရသဖြင့် ဒဏ်ရာအပြင်းအထန် ရနေပြီ ဖြစ်သည်။
နှစ်မိနစ်ပင် မကြာလိုက်သော အချိန်တိုအတွင်း၌ ထျန်းယွဲ့ဂိုဏ်းသား တစ်သောင်းနီးပါး အသတ်ခံလိုက်ရလေ၏။ အမျိုးသမီး ဂိုဏ်းသားများပါ မကျန် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
"အိုးယန်... မင်းအသက်က ငါ့အပိုင်ပဲ..."
လျိုချင်းယန်သည် မြောင်ချင်းချင်း၏ ခန္ဓာကိုယ်လေးကို ဖြည်းညှင်းစွာ ချထားလိုက်ပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ကြောက်လန့်တကြား ဖြစ်နေသော အိုးယန်ကို စူးစိုက်ကြည့်ကာ ကျည်ဆန် တစ်တောင့်ပမာ ပြေးဝင်သွားတော့သည်။
"ဝုန်း..."
လျိုချင်းယန်၏ အမြန်နှုန်းမှာ ကြောက်ခမန်းလိလိပင်။ သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မြေပြင်များ အက်ကွဲသွားပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်လာသည်။
"ဂလု..."
အိုးယန်မှာ ကြောက်လွန်း၍ တံတွေးပင် နင်နေသည်။ လျိုချင်းယန် ထုတ်လွှတ်လိုက်သော စွမ်းအားသည် သူ့ထက် အဆများစွာ သာလွန်နေပြီ ဖြစ်သည်။
"ဝုန်း..."
"ဝီ..."
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် လျိုချင်းယန် ရောက်ရှိလာပြီး အိုးယန်ကို လက်သီးဖြင့် ပြင်းပြင်းထန်ထန် ထိုးချလိုက်တော့သည်။ ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ အိုးယန်၏ ခန္ဓာကိုယ်သည် သွေးမှုန်များအဖြစ် လွင့်ပျောက်သွားရလေတော့သတည်း။
ကောင်းကင်ဘုံလူသား တတိယအလွှာ ရှိသော အိုးယန်သည် လျိုချင်းယန်၏ လက်သီးတစ်ချက်တည်းဖြင့် အစမကျန် ပျောက်ကွယ်သွားရရှာသည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ယီထျန်းချင်း တစ်ကိုယ်လုံး တုန်ယင်နေမိသည်။ လျိုချင်းယန်ကို လူသားတစ်ယောက်လို မမြင်တော့ဘဲ ဘီလူးသရဲစီးနေသော သားရဲကောင် တစ်ကောင်လို ကြည့်နေမိသည်။
"တစ်... တစ်ချက်တည်းနဲ့ အိုးယန်ကို သတ်လိုက်တာလား..."
ယီထျန်းချင်း၏ အသံများ တုန်ခါနေသည်။
အိုးယန်ကို သတ်ဖြတ်ပြီးနောက် လျိုချင်းယန်သည် ကောင်းကင်သို့ မော့ကာ အကြိမ်ကြိမ် အော်ဟစ်လိုက်ပြီး၊ ရုတ်တရက် သူ၏ စွမ်းအားများ ပျောက်ကွယ်သွားကာ မြေပြင်ပေါ်သို့ ခွေကျသွားလေသည်။
ထျန်းယွဲ့ဂိုဏ်းကို လွှမ်းခြုံထားသော စွမ်းအင် အတားအဆီးကြီးလည်း အလင်းစက်များအဖြစ် ပြိုကွဲပျက်စီးသွားတော့သည်။
"လျိုချင်းယန်..."
ယီထျန်းချင်း စိုးရိမ်တကြီးဖြင့် လျိုချင်းယန် ရှိရာသို့ ပြေးသွားလိုက်သည်။
...
တစ်ချိန်တည်းမှာပင်... ထျန်းယွဲ့တောင်ထိပ် ကောင်းကင်ယံထက်၌...
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး သွေးပျက်ဖွယ် ကောင်းသော အရှိန်အဝါများ လွှမ်းခြုံနေလေသည်။
လူတိုင်း၏ ကြောက်လန့်နေသော မျက်ဝန်းများသည် အဝေးတစ်နေရာမှ ကောင်းကင်ယံဆီသို့ ရောက်ရှိနေကြသည်။ မိတ်ဆွေလား ရန်သူလား မခွဲခြားနိုင်သေးသော ထိုကြောက်မက်ဖွယ် အရှိန်အဝါကြီးကြောင့် လူတိုင်း ရင်တထိတ်ထိတ် ဖြစ်နေကြသည်။
"ဘုန်း..ဘုန်း ..ဘုန်း"
မကြာမီမှာပင် ကောင်းကင်ယံထက်၌ လူရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြသည်။ အယောက်တစ်ရာမက ရှိမည့် ထိုလူအုပ်ကြီး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါများသည် ကောင်းကင်ဘုံလူသား အဆင့်များချည်း ဖြစ်နေခြင်းပင်။
ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင် အယောက်တစ်ရာကျော်... ဒါ ဘယ်လို ကြောက်စရာကောင်းတဲ့ စစ်တပ်ကြီးလဲ...
ထိုအထဲတွင် ထျန်းကျီဘုံ အဆင့် ရှိသော စွမ်းအားရှင် တစ်ဒါဇင်ကျော် ပါဝင်နေသေးသည်။
ထျန်းကျီဘုံ စွမ်းအားရှင်များ ဆိုသည်မှာ လက်တစ်ဖက် လှုပ်ရှားလိုက်ရုံဖြင့်ပင် ပင်လယ်ကို မှောက်၍ မြစ်ကို ပြောင်းပြန်စီးစေနိုင်သော စွမ်းအားရှင်များ ဖြစ်သည်။
ထျန်းယွဲ့တောင်ပေါ်ရှိ လူတိုင်း ဒူးများ တုန်ခါကုန်ကြသည်။
ထို ကြောက်မက်ဖွယ် စွမ်းအားရှင်အုပ်စုကြီး၏ လူသတ်ချင်နေသော အရှိန်အဝါများက လူတိုင်းကို အသက်ရှုရ ခက်ခဲစေသည်။
ဖုန်းဝူချန် တစ်ယောက်တည်းသာ တည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေလေသည်။
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနှင့် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်တို့ကတော့ တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။ သူတို့၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်များ ပေါ်လာလေ၏။
"သူ... သူတို့က ဘယ်သူတွေလဲ... ကောင်းကင်ဘုံနယ်မြေကို ဘာလာလုပ်ကြတာလဲ..."
"ဒီလောက်များတဲ့ စွမ်းအားရှင်တွေ... ငါတို့ ကောင်းကင်ဘုံနယ်မြေကို လာဖျက်ဆီးကြတာတော့ မဟုတ်ပါဘူးနော်..."
"ဖြစ်... ဖြစ်နိုင်တယ်..."
ကျင့်ကြံသူများမှာ တွေးလေ ကြောက်လေ ဖြစ်နေကြရှာသည်။
"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်..."
လူတိုင်း ကြောင်အံ့အံ့ ဖြစ်နေစဉ်မှာပင် ထိုစွမ်းအားရှင် အယောက်တစ်ရာကျော်သည် ကောင်းကင်ယံထက်တွင် ဒူးတစ်ဖက်ထောက်ကာ ဖုန်းဝူချန်ကို အရိုအသေ ပေးလိုက်ကြလေတော့သည်။
ထျန်းကျီဘုံ စွမ်းအားရှင်ကြီးများပါ ဒူးထောက် အရိုအသေ ပေးလိုက်ကြခြင်းပင်။
"ဘုန်း... ဘုန်း..."
ထိုမြင်ကွင်းသည် တည်ငြိမ်နေသော ကောင်းကင်ယံတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။ အားလုံး၏ ဝိညာဉ်များ လွင့်စင်ထွက်သွားမတတ် ဖြစ်ကုန်ကြရသည်။
"ဒါ... ဒါ မဖြစ်နိုင်ဘူး..."
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနှင့် ဖန်ရှောင်ယွင်တို့မှာ ကြောက်လွန်း၍ ကျောက်ရုပ်များအလား တောင့်တင်းသွားကြသည်။
ထျန်းယွဲ့ဂိုဏ်းသား အားလုံး မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေကြပြီး မျက်နှာများမှာ သေလူများအလား ဖြူဖျော့နေကြတော့သည်။
ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်မှာလည်း တစ်ကိုယ်လုံး တုန်ရီနေပြီး စကားတစ်ခွန်းမျှ မပြောနိုင်လောက်အောင် ကြောက်ရွံ့နေမိသည်။
ဒီလောက်များပြားလှတဲ့ စွမ်းအားရှင် အယောက် တစ်ရာကျော်က... ဖုန်းဝူချန်ရဲ့ လူတွေတဲ့လား...
ဖုန်းဝူချန် ဆိုတာ တကယ်တော့ ဘယ်သူလဲ... သူ့လက်အောက်မှာ ဒီလောက် အစွမ်းထက်တဲ့ စွမ်းအားရှင်တွေ ဘယ်လိုလုပ် ရှိနေရတာလဲ...
ကျင့်ကြံသူ အများအပြားမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ ဖုန်းဝူချန်၏ မောက်မာမှုများသည် အခြေအမြစ်မရှိသော မောက်မာမှုများ မဟုတ်ကြောင်း ယခုမှ ကောင်းကောင်းကြီး သဘောပေါက်သွားကြလေ၏။
တခြားလူသာ ဆိုရင် ဒီလို အင်အားကြီးနှင့် ထျန်းယွဲ့ဂိုဏ်းကို အစောကြီးကတည်းက မြေလှန်ပစ်လိုက်လောက်၏။ အဘယ်ကြောင့် သည်လောက် အချိန်ဆွဲနေရသနည်း။
ဖုန်းဝူချန်၏ နောက်ခံကို သိထားသော ယီယွင်တို့ပင်လျှင် ဤမျှ ကြီးမားသော အင်အားစုကြီးကို မြင်လိုက်ရသည့်အခါ ကျောချမ်းသွားမိကြသည်။
"ဖုန်း... ဖုန်းဝူချန်က ဘယ်သူလဲဟ..."
ဖန်ရှောင်ယွင်မှာ မျှော်လင့်ချက်မဲ့စွာ ရေရွတ်လိုက်မိသည်။ ငိုချင်လျက် လက်တို့ ဖြစ်နေသည်။
"ယီယွင်တို့က ဖုန်းဝူချန် ဘယ်သူလဲဆိုတာ အစကတည်းက သိနေကြတာပဲ..."
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး နောက်ဆုံးတော့ သဘောပေါက်သွားရ၏။
ဖုန်းဝူချန် မည်သူမည်ဝါဟု မသိလျှင် ယီယွင်တို့က အသက်ပေးပြီး ဖုန်းဝူချန်ဘက်က ရပ်တည်ပေးကြပါမည်လား။
"သခင်လေးကို ကြိုဆိုပါတယ်..."
မကြာမီမှာပင် စွမ်းအားရှင် အယောက်တစ်ရာကျော်က တညီတညွတ်တည်း ထပ်မံ အော်ဟစ်လိုက်ကြပြန်သည်။
ထိုစဉ် လူရိပ်သုံးခု သူတို့ဆီသို့ အလျင်အမြန် ပျံသန်းလာကြသည်။
"သခင်လေးကျန်း... သေချာတယ်... သခင်လေးကျန်းပဲ..."
ယီယွင် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ လာသူမှာ ကျန်းကျွင့်လန် ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ မှတ်မိလိုက်သည်။
"သူတို့က ကျန်းမိသားစုက စွမ်းအားရှင်တွေပဲ..."
ခရမ်းရောင်တိမ်တိုက် စံအိမ်သခင်နှင့် အခြားသူများလည်း ဝမ်းသာအားရ ဖြစ်သွားကြသည်။
"သခင်လေးကျန်း..."
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး၏ နှလုံးသားမှာ ရင်ဘတ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားရလေသည်။
"ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်ပညာရှင်... လက်နက်သွန်းလုပ်ခြင်း မိသားစုရဲ့ သခင်လေး... ကျန်းကျွင့်လန်..."
ကျင့်ကြံသူအများအပြား တီးတိုးရေရွတ်နေကြသည်။
လာသူမှာ ကျန်းကျွင့်လန် အမှန်ပင်။ သူ့ဘေးတွင် ယန်ရန် နှင့် တုံကျန့်ထျန်း တို့လည်း ပါလာကြသည်။
ကျန်းကျွင့်လန်၏ မျက်နှာထားမှာ အလွန်အရုပ်ဆိုးနေပြီး သူ့တစ်ကိုယ်လုံးမှ သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနှင့် အပေါင်းအပါများ ကြောက်လန့်တကြား ကြည့်နေကြစဉ်မှာပင်... ကျန်းကျွင့်လန်နှင့် သူငယ်ချင်းများသည် ဖုန်းဝူချန်၏ ရှေ့သို့ ရောက်လာကြပြီး ရိုသေစွာ ဦးညွှတ်လိုက်ကြလေသည်။
"ဆရာ..."
"ဆရာ့ကို ဂါရဝပြုပါတယ်..."
တုံကျန့်ထျန်းကလည်း နောက်မှ လိုက်၍ နှုတ်ဆက်လိုက်လေတော့သတည်း။