← Chapters

သတ်လိုက်ပါ

Vol. 31 Ch. 456

သတ်လိုက်ပါ

Vol. 31 Ch. 456

~"ဆရာ..."

ကျန်းကျွင့်လန်က ဖုန်းဝူချန်ကို ဦးညွှတ်လိုက်သောအခါ ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်နှင့် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးတို့၏ မျက်နှာထားများမှာ ကြည့်ပျော်ရှုပျော် မရှိတော့လောက်အောင် ပျက်ယွင်းသွားကြချေ၏။ သူတို့၏ မျက်လုံးများထဲတွင် အကြောက်တရားများ တိုးပွားလာနေသည်ကို မည်သူမဆို အထင်းသား မြင်နိုင်လေသည်။

ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးမှာ ကြောက်လွန်း၍ ဒူးထောက်ကျသွားရှာသည်။ သူ့ကံကြမ္မာ ဘယ်လိုဖြစ်လာမလဲ ဆိုတာကိုလည်း ကြိုတင်ခန့်မှန်းမိနေပုံ ရလေ၏။

"ဖုန်းဝူချန်က ကျန်းကျွင့်လန်ရဲ့ ဆရာ ဟုတ်လား..."

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဖုန်းဝူချန်မှာ ဒီလောက်ကြီးမားတဲ့ နောက်ခံ ရှိနေတာလား..."

"ကျန်းကျွင့်လန်ရဲ့ ဆရာတဲ့... ဘုရားရေ... ကျန်းကျွင့်လန်ဆိုတာ ပြည်မကြီးရဲ့ နံပါတ်တစ် ပါရမီရှင် လက်နက်ပညာရှင်လေ... အဲ့ဒီတော့ သူ့ဆရာဆိုတာက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ..."

အဝေးမှ ကြည့်နေကြသော ကျင့်ကြံသူများ အားလုံးမှာလည်း ကျန်းကျွင့်လန်၏ 'ဆရာ' ဟူသော ခေါ်ဝေါ်မှုကြောင့် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြလေသည်။

"သခင်လေးကျန်းကို ဂါရဝပြုပါတယ်..."

ယီယွင်နှင့် အခြားသော ခေါင်းဆောင်များလည်း ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

ကျန်းကျွင့်လန်က ယီယွင်တို့ကို တစ်ချက်ဝေ့ကြည့်ပြီးနောက် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနှင့် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်တို့အပေါ်သို့ အကြည့်ရောက်သွားသည့်အခါ မျက်နှာထားမှာ မည်းမှောင်သွားတော့သည်။

"ခင်ဗျားတို့ သတ္တိ တော်တော်ကောင်းနေပါလား..."

ကျန်းကျွင့်လန်က အေးစက်စွာ အော်ဟစ်လိုက်သည်။ သူ၏ ဒေါသနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများက ပတ်ဝန်းကျင်တစ်ခုလုံးကို မွှေနှောက်သွားလေသည်။

လွန်ခဲ့သော လပိုင်းအတွင်း ကျန်းကျွင့်လန်၏ ကျင့်ကြံဆင့်သည် ထျန်းယွမ်ဘုံ အဋ္ဌမအလွှာသို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ တိုးတက်နှုန်းမှာ ကြောက်ခမန်းလိလိပင်။

"ခွင့်လွှတ်ပါ သခင်လေးကျန်း... ခွင့်လွှတ်ပါဗျာ..."

ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနှင့် အခြားသော အကြီးအကဲများမှာ ထိတ်လန့်တကြား တောင်းပန်ရင်း မြေပြင်ပေါ်တွင် ခေါင်းနှင့် ကြမ်းပြင် မိတ်ဆက်သည်အထိ ဦးညွှတ်နေကြရှာသည်။

ယခင်က နယ်မြေတစ်ခုလုံးကို ခြယ်လှယ်မင်းမူခဲ့သော ဂိုဏ်းချုပ်ကြီးသည် ယခုအချိန်တွင်တော့ မြေးတစ်ယောက်လို ဖြစ်နေပြီး မောက်မာဝံ့ကြွားရဲခြင်း မရှိတော့ပေ။

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်လည်း ကြောက်လွန်း၍ ဆက်လက် တောင့်ခံမထားနိုင်တော့ဘဲ ဒူးထောက်ချလိုက်ရတော့သည်။ သူ၏ မျက်ဝန်းအိုကြီးများထဲတွင် မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်များ ပြည့်နှက်နေလေသည်။

ကျန်းမိသားစု၏ အင်အားမှာ ကြီးမားလွန်းလှပြီး သူတို့၏ အဆင့်အတန်းမှာလည်း ပြိုင်ဘက်ကင်း ဖြစ်သည်။ ပြည်မကြီး တစ်ခုလုံးတွင် ထိပ်ဆုံးဆယ်နေရာဝင်သည့် အင်အားစုကြီး ဖြစ်ရာ သူတို့ ခြေတစ်ချက်ဆောင့်လိုက်ရုံနှင့် ပြည်မကြီး သုံးခါလောက် တုန်သွားနိုင်သည်။

ထိုကဲ့သို့သော မိသားစုကို အပြစ်ပြုမိခြင်းမှာ မည်သို့သော အကျိုးဆက်မျိုး ကြုံရမည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။

သို့သော် ကျန်းကျွင့်လန်က သူတို့ကို ဂရုမစိုက်ပေ။ တကယ်ဆိုလျှင် သူက ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနှင့် အပေါင်းအပါများကို ချက်ချင်း သတ်ပစ်ရန် အမိန့်ပေးလိုက်ချင်သော်လည်း ဖုန်းဝူချန် ကိုယ်တိုင် စီမံတာကို လိုလားနေပုံရသည်။

"ယန်ရန်... ဆရာ့ကို မြန်မြန် ဂါရဝပြုလိုက်လေ..."

ကျန်းကျွင့်လန်က ဘေးနားမှ ပန်းရောင်ဝတ်စုံနှင့် မိန်းကလေးကို အလျင်အမြန် ပြောလိုက်သည်။

"ယန်ရန်က ဆရာ့ကို ဂါရဝပြုပါတယ်..."

ယန်ရန်က ရိုသေစွာ ဦးညွှတ်လိုက်ပြီး သူမ၏ ချောမောလှပသော မျက်နှာလေးပေါ်တွင် အပြုံးနုနုလေးတစ်ခု ပေါ်လာသည်။

ယန်ရန်သည် အသက်နှစ်ဆယ်ဝန်းကျင် အရွယ်မျှသာ ရှိသေးပြီး ခန္ဓာကိုယ် အချိုးအစား ပြေပြစ်လှပသူ ဖြစ်သည်။ ပန်းရောင်ဝတ်စုံလေးနှင့် ခါးထိရှည်သော ဆံနွယ်နက်များက သူမ၏ အလှကို ပို၍ ပေါ်လွင်စေသည်။ ကျက်သရေရှိပြီး တကယ့်အလှမယ်လေး တစ်ဦးဟု ဆိုရပေမည်။

ဖုန်းဝူချန်က ယန်ရန်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး...

"ကျန်းလေး ပြောတာ ကြားဖူးပါတယ်ဗျ... တော်တော်လှတာပဲ... ကျန်းလေးရဲ့ အကြိုက်က မဆိုးဘူး..."

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ..."

ယန်ရန်က ရှက်သွေးဖြာရင်း ထပ်မံ ဦးညွှတ်လိုက်သည်။

ဖုန်းဝူချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး...

"မင်းရဲ့ ဒဏ်ရာတွေ သက်သာပြီး ကျင့်ကြံဆင့်တွေ ပြန်ကောင်းလာပေမယ့်... သွေးကြောတချို့ကတော့ ပြန်မကောင်းနိုင်တော့ဘူးပဲ..."

‘ဆရာက တကယ်ပဲ နတ်ဘုရားပါလား... တစ်ချက်ကြည့်ရုံနဲ့ သိတယ်ပေါ့…’

ကျန်းကျွင့်လန်မှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရလေသည်။ ဖုန်းဝူချန်အပေါ် ထားရှိသော လေးစားမှုများက ရင်ထဲတွင် ဒီရေအလား တိုးပွားလာပြန်သည်။

"ဆရာ... ယန်ရန်ရဲ့ သွေးကြောပျက်စီးမှုက တော်တော်ဆိုးပါတယ်... ကျွန်တော့်အဖေနဲ့ တခြားသူတွေလည်း ဘာလုပ်ရမှန်း မသိဖြစ်နေကြတယ်... အဌမအဆင့် ဆေးပညာရှင်တွေတောင် လက်လျှော့ထားရတာပါ... အဌမအဆင့် ဆေးလုံးတွေက ယန်ရန် ခံနိုင်ရည်ရှိဖို့ အားပြင်းလွန်းတယ်... ဒါပေမဲ့ အစွမ်းထက်တဲ့ ဆေးမရှိရင်လည်း သွေးကြောတွေကို ပြန်ပြင်လို့ မရပြန်ဘူး... အကြီးအကဲကြီးက ပြောတယ်... ယန်ရန်ရဲ့ ပျက်စီးနေတဲ့ သွေးကြောတွေက တဖြည်းဖြည်း တစ်ကိုယ်လုံးကို ပျံ့သွားပြီး နောက်ဆုံးတော့ သွေးကြောသေသွားလိမ့်မယ်တဲ့... ဆရာ့မှာ နတ်ဘုရားစွမ်းရည်တွေ ရှိတယ်ဆိုတာ ကျွန်တော် သိပါတယ်... ဆရာ့ကို အနူးအညွတ် တောင်းပန်ပါတယ်... ယန်ရန်ကို ကယ်ပေးပါ ဆရာ..."

ကျန်းကျွင့်လန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ တောက်ပနေလေသည်။ ယန်ရန်အပေါ်ထားရှိသော သူ၏ စိုးရိမ်ပူပန်မှုနှင့် ဂရုစိုက်မှုများကို စကားလုံးများထဲတွင် အထင်းသား တွေ့မြင်နိုင်၏။ ဟန်ဆောင်မှု ကင်းမဲ့သော ရင်ထဲကလာသည့် မေတ္တာအစစ်အမှန်များ ဖြစ်ပေသည်။

"ဆရာ့ကို တောင်းပန်ပါတယ်... ယန်ရန်ကို ကယ်ပေးပါရှင်..."

ယန်ရန်လည်း သနားစဖွယ် တောင်းပန်လိုက်ပြီး ဖုန်းဝူချန်ရှေ့တွင် ဒူးထောက်ရန် ပြင်လိုက်သည်။

ကျန်းကျွင့်လန် ပြောပြဖူးသဖြင့် ဖုန်းဝူချန်၏ အစွမ်းအစကို ယန်ရန် သိပြီးသားဖြစ်သည်။ သူမ၏ မျက်လုံးထဲတွင်တော့ ဖုန်းဝူချန်သည် ကယ်တင်ရှင် နတ်ဘုရားတစ်ပါး ဆင်းသက်လာသကဲ့သို့ပင်။

ယန်ရန် ဒူးထောက်လိုက်မည့် အချိန်တွင် မမြင်ရသော စွမ်းအားတစ်ခုက သူမကို တားဆီးလိုက်သည်။ သူမ အနည်းငယ် ကြောင်သွားပြီး မျက်ဝန်းထဲတွင် စိတ်ပျက်အားငယ်မှု အရိပ်အယောင်များ ပေါ်လာလေသည်။ ဖုန်းဝူချန်ပင် မကူညီနိုင်တော့ဘူးဟု ထင်မှတ်သွားပုံရသည်။

"သွေးကြောတွေ ဒီလောက်ထိ ပျက်စီးသွားတယ် ဆိုကတည်းက... အဲ့ဒီတုန်းက ဒဏ်ရာရတာ တော်တော်ပြင်းထန်မှာပဲ... အသက်ရှင်နေတာတောင် ကံကောင်းတယ်လို့ ပြောရမယ်..."

ဖုန်းဝူချန်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"သွေးကြောတွေက သိမ်မွေ့တယ်... ပျက်စီးနေတဲ့ သွေးကြောတွေက ပြင်းထန်တဲ့ စွမ်းအားကို မခံနိုင်ဘူး... နည်းနည်းလေး ပြင်းတဲ့ အားအပျော့စားကိုတောင် ခံနိုင်ရည်မရှိဘူး... ယန်ရန်ရဲ့ အခြေအနေက တော်တော်လေး ထူးခြားတယ်... သွေးကြောသေတယ်လို့ ပြောရင်လည်း မမှားပါဘူး..."

ဖုန်းဝူချန်က ဆက်ပြောလိုက်သောအခါ ကျန်းကျွင့်လန်၏ စိတ်နှလုံး လေးလံသွားရလေသည်။ ဖုန်းဝူချန်ကိုယ်တိုင်ကပင် ဒီလိုပြောမှတော့ ယန်ရန်၏ အခြေအနေမှာ တော်တော်လေး ဆိုးရွားနေပြီ ဖြစ်သည်။

"ဆရာ... ယန်ရန်ကို ကုဖို့ နည်းလမ်းရှိလားဟင်..."

ကျန်းကျွင့်လန်က စိုးရိမ်တကြီး မေးလိုက်သည်။

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး...

"နည်းလမ်းတော့ ရှိတယ်... ဒါပေမဲ့ မလွယ်ဘူး... စိတ်မပူပါနဲ့... သွေးကြောတွေကို ယာယီ ထိန်းထားနိုင်မယ့် ဆေးတစ်မျိုးတော့ ငါဖော်ပေးနိုင်ပါတယ်... ဒါပေမဲ့ ငါ့မှာ ဆေးဖက်ဝင် ပစ္စည်းတွေ မရှိဘူး... တော်ကြာနေ ငါ စာရင်းရေးပေးလိုက်မယ်... မင်းတို့ ကျန်းမိသားစုက ရှာပေးရမှာနော်..."

"ဝမ်းသာလိုက်တာဗျာ... ယန်ရန်... မျှော်လင့်ချက် ရှိသွားပြီ..."

ကျန်းကျွင့်လန်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ ရင်ထဲမှ အပူမီးများ ငြိမ်းအေးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။

"ကျေးဇူးတင်ပါတယ် ဆရာ... ကျေးဇူးအများကြီး တင်ပါတယ်..."

ယန်ရန်လည်း ဝမ်းသာလွန်း၍ မျက်နှာလေး ပြုံးရွှင်သွားကာ အကြိမ်ကြိမ် ဦးညွှတ်ကျေးဇူးတင်နေရှာသည်။

"ဆရာက တကယ်ပဲ နတ်ဘုရားပါလား..."

တုံကျန့်ထျန်းမှာ ကြည်ညိုလွန်းအားကြီး၍ ဝပ်တွားခယချင်စိတ်များပင် ပေါက်လာရလေသည်။

အစွမ်းထက် စွမ်းအားရှင်များ၊ အဌမအဆင့် ဆေးပညာရှင်ကြီးများပင် လက်မြှောက်ထားရသော အခြေအနေကို ဖုန်းဝူချန်ကတော့ ထမင်းစားရေသောက်သလောက် လွယ်ကူစွာ ကိုင်တွယ်ဖြေရှင်းပေးလိုက်နိုင်သည် မဟုတ်ပါလော။

"ဆရာ... အခု ဆရာ့အလှည့်ပါ..."

ကျန်းကျွင့်လန်က ပြောလိုက်သည်။

ကျန်းကျွင့်လန် ဆိုလိုသည်ကို ဖုန်းဝူချန် သဘောပေါက်ပါသည်။ ကျန်းမိသားစုက ဒီလောက်များပြားလှသော စွမ်းအားရှင်များကို ခေါ်လာခြင်းမှာ ဖုန်းဝူချန်ကို ကူညီရန်အတွက်သာ ဖြစ်သည်လေ။

ဖုန်းဝူချန်သည် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်ဘက်သို့ လှည့်လိုက်ပြီး အေးစက်သော လေသံဖြင့် ဆိုလေသည်။

"ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်... ခင်ဗျားကို ကျွန်တော် အခွင့်အရေး ပေးခဲ့တယ်နော်... ခင်ဗျားက မယူချင်ခဲ့တာ..."

"ဆေးဧကရာဇ်... အသက်ချမ်းသာပေးပါဗျာ..."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်မှာ ကြောက်လန့်တကြား တောင်းပန်ရင်း ခေါင်းနှင့် ကြမ်းပြင် မိတ်ဆက်နေလေသည်။ နောင်တရလွန်း၍ အူများပင် စိမ်းနေလောက်၏။

"အခုမှ ဒူးထောက်တာ နောက်ကျသွားပြီ..."

ဖုန်းဝူချန်က ပြတ်သားစွာ ပြောလိုက်သည်။

"ရွှပ်..."

ဖုန်းဝူချန် စကားဆုံးသည်နှင့် တပြိုင်နက် ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင်တစ်ဦးသည် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါကြောင့် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်မှာ လှုပ်ပင်မလှုပ်နိုင်တော့ဘဲ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများသာ ပြည့်နှက်နေတော့သည်။

"ဆေးဧကရာဇ်ကို မလေးမစားလုပ်တာ သေလမ်းရှာတာပဲ..."

ထိုစွမ်းအားရှင်က အေးစက်စွာ ပြောလိုက်ပြီး မဆိုင်းမတွပင် ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ ခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်တော့သည်။

"ဘုန်း..."

"အား.."

ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်မှာ တောင်းပန်ချိန်ပင် မရလိုက်ပေ။ ပြင်းထန်သော စွမ်းအားကြောင့် ကိုယ်တွင်းအင်္ဂါများ ကြေမွသွားပြီး ပါးစပ်မှ သွေးများ ပန်းထွက်ကာ ပွဲချင်းပြီး သေဆုံးသွားရရှာသည်။

"ဂလု..."

ထိုမြင်ကွင်းကို ကြည့်ရင်း လူတိုင်း ထိတ်လန့်တကြား တံတွေးမြိုချလိုက်မိကြသည်။ ပြည်မကြီး၏ ထိပ်သီးစွမ်းအားရှင်တစ်ယောက်သည် လက်ဝါးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည် မဟုတ်ပါလော။

ထျန်းကျီဘုံ စွမ်းအားရှင်များ၏ စွမ်းအားမှာ တကယ်ပင် ကြောက်စရာ ကောင်းလှပေသည်။

အကြောက်ဆုံးမှာတော့ ထျန်းယွဲ့ဂိုဏ်းသားများပင် ဖြစ်သည်။ ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်၏ နိဂုံးကို မြင်လိုက်ရသည့်အခါ သူတို့အတွက် မျှော်လင့်ချက်ဟူသည် လုံးဝ မရှိတော့ပေ။

"ဆေးဧကရာဇ်... သနားပါ... ဆေးဧကရာဇ်... ကျေးဇူးပြုပြီး..."

ထျန်းယွဲ့ဂိုဏ်းသားများမှာ ခေါင်းတငြိမ့်ငြိမ့်ဖြင့် တောင်းပန်ရုံမှတစ်ပါး အခြား ဘာလုပ်ရမှန်း မသိတော့ချေ။

"ဆေးဧကရာဇ်ဆိုတာ သခင်လေးရဲ့ ဆရာ... ကျန်းမိသားစုရဲ့ အထူးဧည့်သည်တော်... ဆေးဧကရာဇ်ကို မလေးမစားလုပ်တာက ကျန်းမိသားစုကို ရန်သူတော် လုပ်တာပဲ... စံအိမ်သခင် အမိန့်ရှိတယ်... ထျန်းယွဲ့ဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်ပစ်..."

ထျန်းကျီဘုံ စွမ်းအားရှင်က အေးစက်စွာ ကြေညာလိုက်သည်။ သူ၏ စကားလုံးတိုင်းတွင် လူသတ်ချင်သော အရှိန်အဝါများ ပါဝင်နေပြီး ကြားရသူတိုင်းကို တုန်လှုပ်ချောက်ခြားသွားစေသည်။

"သတ်လိုက်ပါ..."

ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့..."

ထျန်းကျီဘုံ စွမ်းအားရှင်သည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး ရှိရာသို့ ဒုံးဆိုင်း ပြေးဝင်သွားတော့သည်။

"ဆေးဧကရာဇ်... ဆေးဧကရာဇ်..."

ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး၏ မျက်နှာပေါ်တွင် အကြောက်တရားနှင့် မျှော်လင့်ချက်မဲ့ခြင်းများ အပြည့်။

"ဘုန်း..."

"အား.."

မည်သို့သော ညှာတာမှုမျှ မရှိ။ တောင်းပန်ခွင့်ပင် မပေး။ ထျန်းကျီဘုံ စွမ်းအားရှင်သည် လက်ဝါးတစ်ချက်ဖြင့်ပင် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်တော့သည်။

"..."

ဖန်ရှောင်ယွင်မှာ ကြောက်လွန်း၍ အသံပင် မထွက်နိုင်တော့ရှာ။ ဖခင်ဖြစ်သူ အသတ်ခံလိုက်ရသည်ကို ကြည့်ရင်း ကြောက်ရွံ့ခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်း နွံအတွင်းသို့ နက်ရှိုင်းစွာ သက်ဆင်းသွားရလေသည်။

"မင်းလည်း သေရမယ်..."

ထျန်းကျီဘုံ စွမ်းအားရှင်သည် ဖန်ရှောင်ယွင်ဆီသို့ နောက်ထပ် လက်ဝါးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။

"ရပ်လိုက်..."

ထိုအချိန်မှာပင်... အဝေးတစ်နေရာ ကောင်းကင်ယံထက်မှ ဒေါသတကြီး အော်ဟစ်သံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေတော့သတည်း။

All Chapters