← Chapters

အင်မော်တယ် ဝိညာဉ်စွမ်းအား

Vol. 31 Ch. 458

အင်မော်တယ် ဝိညာဉ်စွမ်းအား

Vol. 31 Ch. 458

~တိုက်ပွဲကြီး ပြီးဆုံးသွားခဲ့ချေ၏။ အင်အားစုအသီးသီးလည်း ဒဏ်ရာကိုယ်စီဖြင့် ပြန်လည်ဆုတ်ခွာသွားကြတော့သည်။

ဘေးမှ ဝိုင်းကြည့်နေကြသော ကျင့်ကြံသူ ပရိသတ်ကြီးမှာလည်း မတော်တဆ ဘေးသင့်မှာ ကြောက်သဖြင့် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေသည်။ သေမင်းနှင့် စစ်ခင်းရသော ဤနေရာတွင် မည်သူမျှ ကြာကြာနေရဲမည် မဟုတ်ပေ။

ထျန်းယွဲ့ဂိုဏ်းကြီး လုံးဝ ပျက်သုဉ်းသွားပြီ ဆိုသော်ငြား ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများမှာ ပျော်ရွှင်နိုင်ခြင်း မရှိကြပေ။

ထျန်းယွဲ့တောင်ထိပ်ရှိ ကွင်းပြင်ကျယ်ကြီးထဲတွင် လျိုချင်းယန်တစ်ယောက် ဝိညာဉ်မဲ့နေသော အရုပ်တစ်ရုပ်အလား ငူငူငိုင်ငိုင် ဖြစ်နေရှာသည်။ သူ့မျက်ဝန်းများထဲတွင် အသက်ရှိခြင်း၏ အရိပ်အယောင်များ လုံးဝမကျန်ရှိတော့ဘဲ ကွက်လပ်ကြီးတစ်ခုလို ဟာတာတာ ဖြစ်နေလေသည်။

"ဆေးဧကရာဇ်... ချင်းယန်ကို သွားပြီး နှစ်သိမ့်ပေးလိုက်ရမလားဗျ..."

ချီဟွမ်က နှလုံးကွဲမတတ် ခံစားနေရသော လျိုချင်းယန်ကို ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။

ဖုန်းဝူချန် ခေါင်းခါလိုက်ပြီး...

"လွှတ်ထားလိုက်ပါ... သူ့ဘာသာ ခဏလောက် တစ်ယောက်တည်း နေပါစေ..."

"ဆေးဧကရာဇ်... မိန်းကလေး ချင်းချင်း အသတ်ခံလိုက်ရတုန်းက ချင်းယန်ဆီကနေ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခု နိုးထလာခဲ့သေးတယ်... မျက်တောင်တစ်ခတ်စာလေး အတွင်းမှာပဲ ထျန်းယွဲ့ဂိုဏ်းသား တစ်သောင်းနီးပါး အသတ်ခံလိုက်ရတာ... အဲ့ဒါ ဘာစွမ်းအားလဲ ကျွန်တော်လည်း မသိဘူး... ဒါပေမဲ့ စကားလုံးနဲ့ ပြောမပြတတ်လောက်အောင် ကြောက်စရာကောင်းလွန်းတယ်..."

ယီထျန်းချင်းက ထိုကြောက်မက်ဖွယ် မြင်ကွင်းကို ပြန်တွေးရင်း ပြောပြလာသည်။

"လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအား ဟုတ်လား..."

ဖုန်းဝူချန် မျက်မှောင်အနည်းငယ် ကြုတ်သွားမိသည်။

"ချင်းယန်မှာ အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအား ရှိတယ်ပေါ့..."

နန်းကုန်းကျန့်နှင့် ပေတိုယန်တို့လည်း အံ့အားသင့်သွားကြသည်။

"တကယ်ပြောတာပါဗျာ... အဲ့ဒီစွမ်းအားသာ မရှိရင် ကျွန်တော်တို့လည်း အသက်ရှင်လျက် ပြန်ရောက်လာမှာ မဟုတ်ဘူး..."

ယီထျန်းချင်းက လေးနက်စွာ အတည်ပြုလိုက်သည်။

...ချင်းယန်က ငါနဲ့ ဒီလောက်ကြာကြာ နေလာတာ... ပါရမီအနည်းငယ် ရှိတာကလွဲရင် သူ့မှာ ထူးခြားတဲ့ ခန္ဓာကိုယ်တို့၊ လျှို့ဝှက်စွမ်းအားတို့ ရှိတာ ငါ တစ်ခါမှ သတိမထားမိပါလား... ဒါမှမဟုတ် လမ်းစဉ်ကိုးသွယ် တာအိုအရှင်က ချင်းယန်ရဲ့ ကိုယ်ထဲမှာ စွမ်းအားတစ်ခုခု တိတ်တဆိတ် ထည့်ပေးထားခဲ့တာများလား...

ဖုန်းဝူချန် စိတ်ထဲတွင် သိချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသော်လည်း အဖြေရှာမရ ဖြစ်နေသည်။ ကျန်းကျွင့်လန်နှင့် အခြားသူများက သူ့ကို ဝိုင်းကြည့်နေကြသည်ကို မြင်တော့ ခေါင်းခါပြလိုက်ရုံသာ တတ်နိုင်လေသည်။

"ကျွန်တော်လည်း မသိဘူးဗျာ..."

"ဝီ..."

ထိုအချိန်တွင် ကောင်းကင်ယံထက်မှ တိုးညှင်းသော တုန်ခါသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ဖုန်းဝူချန်နှင့် လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားလေသည်။

"ဘာဖြစ်တာလဲ..."

ပေတိုယန် မော့ကြည့်လိုက်သည်။

"စွမ်းအင် အတက်အကျ ဘာမှလည်း အာရုံခံမရပါလား..."

ကျန်းကျွင့်လန်လည်း မျက်မှောင်ကြုတ်ထားမိသည်။

ထျန်းကျီဘုံ စွမ်းအားရှင်တစ်ဦးက လေးနက်စွာ ပြောကြားလိုက်သည်။

"မဟုတ်ဘူး... ပုံမှန် မဟုတ်တဲ့ အရှိန်အဝါ တစ်ခု ရှိနေတယ်..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး...

"ဟုတ်တယ်... ထူးခြားတဲ့ အရှိန်အဝါတစ်ခုပဲ... ဒါပေမဲ့ စွမ်းအင်လှိုင်းတွေ မရှိတာတော့ ထူးဆန်းတယ်..."

"တောအောင်း စွမ်းအားရှင်တစ်ယောက်ယောက်များလား..."

နန်းကုန်းကျန့်က ခန့်မှန်းကြည့်သည်။

ကောင်းကင်ယံထက်မှ တုန်ခါမှုများက ပို၍ ပြင်းထန်လာပြီး လူတိုင်းကို ပို၍ ဇဝေဇဝါ ဖြစ်စေသည်။

ရုတ်တရက်... ကောင်းကင်ယံထက်တွင် မည်းနက်သော တိမ်တိုက်ကြီးများ လွှမ်းခြုံလာပြီး၊ ကြီးမားသော တိမ်ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ ထူးဆန်းအံ့ဩဖွယ်ကောင်းသော မြင်ကွင်းကြီးပင်။

ဖုန်းဝူချန်နှင့် ကျန်းမိသားစုမှ စွမ်းအားရှင်များ အားလုံး၏ မျက်နှာထားများမှာ အလွန်အမင်း တည်ကြည်လေးနက်နေကြသည်။

မည်းနက်သော တိမ်ဝဲကတော့ကြီး၏ အတွင်းမှ အလင်းရောင်တစ်ခု စတင် ဖြာထွက်လာပြီး၊ တဖြည်းဖြည်းနှင့် ကိုးရောင်ခြယ် မင်္ဂလာတိမ်တိုက်များ ပေါ်ထွက်လာတော့သည်။

ဆန်းကြယ်လိုက်သည့် အဖြစ်အပျက်၊ ခမ်းနားထည်ဝါလိုက်သည့် မြင်ကွင်းပင်။

တိမ်ဝဲကတော့ကြီး၏ အလယ်ဗဟိုတွင် ကိုးရောင်ခြယ် အလင်းတန်းများက မျက်စိကျိန်းမတတ် တောက်ပနေပြီး မင်္ဂလာတိမ်တိုက်များက ဖြည်းညှင်းစွာ လည်ပတ်နေကြသည်။

"ရွှပ်..."

နောက်တစ်ခဏတွင် တိမ်ဝဲကတော့ကြီး၏ အလယ်ဗဟိုမှ ကိုးရောင်ခြယ် အလင်းတန်းကြီးတစ်ခု တန်းတန်းမတ်မတ် ထိုးဆင်းလာပြီး မြောင်ချင်းချင်း၏ ခန္ဓာကိုယ်ပေါ်သို့ အတိအကျ ကျရောက်သွားလေသည်။

"ဒါက..."

ဖုန်းဝူချန်နှင့် အခြားသူများ၏ မျက်နှာထားများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။

မြောင်ချင်းချင်း၏ သွယ်လျသော ခန္ဓာကိုယ်လေးသည် ကိုးရောင်ခြယ် အလင်းတန်းများကြားတွင် တဖြည်းဖြည်း မြောက်တက်သွားလေသည်။

"ချင်းချင်း..."

ငူငိုင်နေသော လျိုချင်းယန်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကြောင်အသွားပြီး ဘာဖြစ်နေမှန်း နားမလည်နိုင် ဖြစ်သွားရှာသည်။

"ဆေးဧကရာဇ်... ဒါ ဘာဖြစ်တာလဲဗျ..."

ဟု ယီထျန်းချင်း ပါးစပ်အဟောင်းသား မေးလိုက်မိသည်။

"မဟုတ်မှလွဲရော..."

ဖုန်းဝူချန် သေချာကြည့်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရသည်။ သူ့မျက်နှာပေါ်တွင် အံ့ဩမှုများ အထင်းသား ပေါ်လာလေသည်။

မြောင်ချင်းချင်း၏ ခန္ဓာကိုယ်သည် လေထဲသို့ မြောက်တက်သွားပြီးနောက် သူမ၏ ကိုယ်ထဲမှ တိုးညှင်းသော အရှိန်အဝါတစ်ခု စတင် ထွက်ပေါ်လာသည်။

ထို အရှိန်အဝါသည် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် အဆမတန် တိုးပွားလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

"စွမ်းလိုက်တဲ့ အရှိန်အဝါ... မူလ စွမ်းအားထက်တောင် ပိုကြောက်စရာ ကောင်းသေးတယ်..."

ပေတိုယန် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ အခြားသူများလည်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသည်။

"ချင်းချင်း မသေဘူး... ချင်းချင်း မသေသေးဘူး..."

လျိုချင်းယန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျှော်လင့်ချက်မဲ့နေသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အစားထိုး ဝင်ရောက်လာလေသည်။

"ဝမ်းသာစရာပဲ... ညီမလေး ချင်းချင်း အသက်ရှင်နေသေးတယ်..."

လန်ယွဲ့၏ မျက်ဝန်းမှ ပီတိမျက်ရည်များ စီးကျလာပြီး သူမ၏ လှပသော မျက်နှာလေး ပြုံးရွှင်သွားသည်။

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"အင်မော်တယ် ဝိညာဉ်ခန္ဓာ နိုးထလာတာပဲ... ဒါ အင်မော်တယ် ဝိညာဉ်စွမ်းအားရဲ့ အရှိန်အဝါပဲ..."

"အင်မော်တယ် ဝိညာဉ်စွမ်းအား ဟုတ်လား..."

ပေတိုယန်တို့ တုန်လှုပ်သွားကြပြန်သည်။

"ဟုတ်တယ်... အင်မော်တယ် ဝိညာဉ်စွမ်းအားပဲ... ချင်းချင်းက အခုလို အခြေအနေမှာ အင်မော်တယ် ဝိညာဉ်ခန္ဓာ နိုးထလာလိမ့်မယ်လို့ ထင်မထားမိဘူး... အဲ့ဒါကြောင့် သူ့ရဲ့ အင်မော်တယ် ဝိညာဉ်စွမ်းအားတွေပါ နိုးထလာတာ..."

ဖုန်းဝူချန် အလွန်အမင်း ပျော်ရွှင်သွားမိသည်။

မြောင်ချင်းချင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါသည် ရှေးဟောင်း စွမ်းအားကြီး တစ်ခုဖြစ်သည့် အင်မော်တယ် ဝိညာဉ်စွမ်းအား အမှန်ပင် ဖြစ်သည်။

ထိုစွမ်းအား နိုးထလာသည်နှင့်အမျှ မြောင်ချင်းချင်း၏ ကျင့်ကြံဆင့်သည်လည်း ဒုံးပျံစီးသကဲ့သို့ တဟုန်ထိုး တက်လာတော့သည်။

"ထျန်းယွမ်ဘုံ သတ္တမအလွှာ အထွတ်အထိပ်..."

"ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ..."

"ထျန်းယွမ်ဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်..."

"ထျန်းယွမ်ဘုံ နဝမအလွှာ..."

မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် အဆင့်သုံးဆင့် ဆက်တိုက် ခုန်တက်သွားခြင်း ဖြစ်သည်။

"တစ်ခါတည်း အဆင့်သုံးဆင့် တက်သွားတာလား..."

"မယုံနိုင်စရာပဲ... အင်မော်တယ် ဝိညာဉ်စွမ်းအားက ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား..."

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သူ့ကျင့်ကြံဆင့်က ငါနဲ့တောင် တူသွားပြီ..."

ပေတိုယန်နှင့် ကျန်းမိသားစုမှ စွမ်းအားရှင်များ အားလုံး မှင်သက်နေကြသည်။ မြောင်ချင်းချင်း၏ စွမ်းအားတက်လာပုံက ဖုန်းဝူချန်ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေသည်ဟု သူတို့ ခံစားလိုက်ရသည်။

"ရှေးဟောင်း စွမ်းအားတွေထဲမှာ အစွမ်းအထက်ဆုံး စွမ်းအားတစ်ခု ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့ကွ... ဟား ဟား..."

ဖုန်းဝူချန်က အားရပါးရ ရယ်မောလိုက်လေသည်။

မြောင်ချင်းချင်း မသေဆုံးသည့်အပြင် ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ ဆိုသကဲ့သို့ မဟုတ်ဘဲ၊ ကံဆိုးခြင်းမှ ကံကောင်းခြင်းသို့ ကူးပြောင်းကာ အင်မော်တယ် ဝိညာဉ်ခန္ဓာ နိုးထပြီး ကျင့်ကြံဆင့်ပါ သုံးဆင့်တက်သွားခဲ့သည် မဟုတ်ပါလော။

"ဝမ်းသာလိုက်တာဗျာ... အစ်ကိုဖုန်း... ချင်းချင်း မသေဘူး... ချင်းချင်း မသေဘူးဗျ..."

လျိုချင်းယန်မှာ အရူးတစ်ပိုင်း ဖြစ်ကာ အော်ဟစ်ခုန်ပေါက်နေတော့သည်။

မြောင်ချင်းချင်း၏ အရှိန်အဝါသည် ထျန်းယွမ်ဘုံ နဝမအလွှာသို့ ရောက်ရှိပြီးနောက် ရပ်တန့်သွားသည်။

အရှိန်အဝါ ရပ်တန့်သွားသည်နှင့် တပြိုင်နက် ကိုးရောင်ခြယ် အလင်းတန်းများ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံထက်မှ မင်္ဂလာတိမ်တိုက်များလည်း တဖြည်းဖြည်း ကွယ်ပျောက်သွားကြသည်။

နောက်တစ်ခဏတွင်... စွမ်းအားသစ်များဖြင့် ပြန်လည် မွေးဖွားလာသော မြောင်ချင်းချင်းသည် သူမ၏ လှပသော မျက်ဝန်းအိမ်များကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။

"ငါ... ငါ ဘာဖြစ်သွားတာလဲ... ငါ သေသွားပြီ မဟုတ်ဘူးလား..."

နိုးထလာသော မြောင်ချင်းချင်းသည် သူမကိုယ်သူမ ပြန်ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေရှာသည်။

"ချင်းချင်း..."

လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ဦးဆုံး လှမ်းခေါ်လိုက်သည်။

"အစ်ကိုလျို..."

လျိုချင်းယန်၏ အသံကို ကြားလိုက်ရသောအခါ မြောင်ချင်းချင်း ဝမ်းသာအားရ လှမ်းကြည့်လိုက်သည်။

"အစ်ကိုဖုန်း... ပေတိုယန်... သခင်လေးကျန်းတို့ပါ ရောက်နေကြတာလား..."

ရင်းနှီးသော မျက်နှာများကို မြင်လိုက်ရသည့်အခါ မြောင်ချင်းချင်း ပို၍ အံ့ဩသွားမိသည်။

ကျန်းကျွင့်လန်နှင့် အခြားသူများလည်း ပြုံးရွှင်စွာ ရယ်မောလိုက်ကြသည်။

"အစ်ကိုဖုန်း... ရှင် ကျွန်မကို ကယ်လိုက်တာလား..."

မြောင်ချင်းချင်းက မြေပြင်သို့ ဖြည်းညှင်းစွာ သက်ဆင်းလာရင်း မေးလိုက်သည်။ ဒီလူတွေထဲမှာ ဖုန်းဝူချန် တစ်ယောက်သာလျှင် လူသေကို ပြန်ရှင်အောင် လုပ်နိုင်သည့် စွမ်းရည်ရှိသည်ဟု သူမ ထင်မှတ်နေသည်လေ။

"ချင်းချင်း... မင်း အသက်ရှင်နေသေးတယ်... ဝမ်းသာလိုက်တာကွာ..."

လျိုချင်းယန်က အနားသို့ ပြေးဝင်သွားပြီး မြောင်ချင်းချင်းကို ပွေ့ဖက်ကာ လေထဲသို့ မြှောက်ရင်း ပတ်ချာလည် လှည့်ပစ်လိုက်တော့သည်။

"အစ်ကိုလျို... ပြန်ချပေးပါဦး... လူတွေ အများကြီး ကြည့်နေကြတယ်လေ..."

မြောင်ချင်းချင်း၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားရှာသည်။

"ချင်းချင်း... မင်း အသက်ရှင်ရုံတင် မဟုတ်ဘူး... အင်မော်တယ် ဝိညာဉ်ခန္ဓာနဲ့ အင်မော်တယ် ဝိညာဉ်စွမ်းအားပါ နိုးထလာတာ... အခု မင်းရဲ့ ကျင့်ကြံဆင့်က ထျန်းယွမ်ဘုံ နဝမအလွှာကို ရောက်သွားပါပြီ..."ဟု ဖုန်းဝူချန်က ပြုံးရွှင်စွာ ရှင်းပြလိုက်သည်။

"ရှင်... အင်မော်တယ် ဝိညာဉ်စွမ်းအား နိုးထလာတယ်... ပြီးတော့ ထျန်းယွမ်ဘုံ နဝမအလွှာ ဟုတ်လား..."

မြောင်ချင်းချင်း၏ လှပသော မျက်နှာလေးပေါ်တွင် အံ့ဩခြင်းများ ကြီးစိုးသွားပြီး ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းသွားလေသည်။

အံ့ဩလွန်း၍ သူမ၏ ကျင့်ကြံဆင့်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ... တကယ်ပင် ထျန်းယွမ်ဘုံ နဝမအလွှာ ဖြစ်နေသည်ကို တွေ့လိုက်ရလေတော့သတည်း။

All Chapters