ယဲ့ထျန်းဝေနှင့် ထိပ်တိုက်တွေ့ဆုံခြင်း
Vol. 31 Ch. 460
~တောင်ကြားတစ်ခုလုံး ဖုန်မှုန့်များ ငြိမ်သက်သွားပြီးနောက် ပတ်ဝန်းကျင်သည် တိတ်ဆိတ်ခြင်းသို့ ပြန်လည်သက်ဆင်းသွားခဲ့ချေ၏။
ယဲ့ထျန်းဝေသည် လေဟင်းလင်းပြင်တွင် ဝဲပျံနေရင်း သူ၏ လက်ဖဝါးထက်တွင် ဝဲနေသော အနက်ရောင် သစ်ရွက်လေးကို ငေးကြည့်နေသည်။ ထိုအမည်းရောင် သစ်ရွက်လေးမှ မည်းနက်သော အလင်းရောင်မှိန်မှိန်လေးများ ဖြာထွက်နေပြီး၊ ယဲ့ထျန်းဝေ၏ နှုတ်ခမ်းထောင့်တွင် မောက်မာသော အပြုံးတစ်ခု ချိတ်ဆွဲထားလေသည်။
"ဘုန်း..ဘုန်း ..ဘုန်း"
ရုတ်တရက် လေထုထဲတွင် စွမ်းအင်လှိုင်းများ တုန်ခါသွားပြီး လေတိုးသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
လူရိပ်တစ်ဒါဇင်ကျော်သည် အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာကြပြီး မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ယဲ့ထျန်းဝေ၏ ပတ်ပတ်လည်တွင် ဝိုင်းရံလိုက်ကြတော့သည်။
လူတစ်ဆယ့်သုံးယောက်... အားလုံးသည် ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင်များချည်း ဖြစ်ကြသည်။
သို့သော် ယဲ့ထျန်းဝေ၏ မျက်နှာထားသည် တုပ်တုပ်မျှ မပြောင်းလဲပေ။ သူ၏ မျက်လုံးများထဲတွင် ရေခဲတမျှ အေးစက်သော အရိပ်အယောင်များသာ ရှိနေသည်။
"သေလမ်းရှာမှန်း သိရက်နဲ့ လာကြသေးတာလား... တကယ့် ငတုံးတွေကိုး ..."
ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင် တစ်ဆယ့်သုံးယောက်လုံးကို ယဲ့ထျန်းဝေက အမှုန်အမွှားလောက်ပင် သဘောမထားချေ။
မှန်ပေသည်။ ကောင်းကင်ဘုံလူသား တတိယအလွှာ ရောက်နေသော ယဲ့ထျန်းဝေအတွက် ပထမအလွှာနှင့် ဒုတိယအလွှာလောက်သာ ရှိကြသော ထိုလူများကို အထင်ကြီးစရာ အကြောင်းမရှိပေ။
"ယဲ့ထျန်းဝေ... ငါတို့ သခင်လေးက မင်းကို သေစေချင်နေပြီ... ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး..."
ခေါင်းဆောင်ဖြစ်သူက သားကောင်ကို ကြည့်သော မုဆိုးတစ်ယောက်လို ရက်စက်စွာ ပြောလိုက်သည်။
"ငါတို့ သခင်လေးကို အပြစ်ပြုမိမှတော့ မင်းအတွက် လမ်းက တစ်လမ်းပဲ ရှိတယ်... အဲ့ဒါ သေလမ်းပဲ..."
နောက်တစ်ယောက်ကလည်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
ယဲ့ထျန်းဝေက လက်ဖဝါးကို လှည့်လိုက်ရာ အမည်းရောင် သစ်ရွက်လေးမှ အေးစက်သော အလင်းရောင်များ ပိုမို တောက်ပလာသည်။ ထိုအလင်းရောင်များက လူတိုင်း၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။
"ငါ့ကို စော်ကားရင်ရော သေလမ်းပဲ ရှိတယ်ဆိုတာ မင်းတို့ မသိကြဘူးလား..."
ယဲ့ထျန်းဝေက လှောင်ပြောင်သလို ရယ်မောလိုက်ပြီး သူ၏ လက်ဖဝါးကို ရုတ်တရက် ဆုပ်လိုက်လေသည်။ ထိုအခါ အမည်းရောင် သစ်ရွက်လေးသည် ဒါဇင်ပေါင်းများစွာသော အပိုင်းအစများအဖြစ် ကွဲထွက်သွားပြီး ရန်သူများဆီသို့ လျှပ်စီးများအလား ပြေးဝင်သွားတော့သည်။
"ဘုန်း..ဘုန်း ..ဘုန်း"
"ချွင်... ချွင်... ချွင်..."
အမည်းရောင် သစ်ရွက် အပိုင်းအစများသည် နားစည်ကို ကွဲထွက်မတတ် စူးရှသော အသံများဖြင့် ထွက်ပေါ်လာသည်။ ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင်များမှာ အလျင်အမြန် လက်နက်များ ထုတ်ကာ ကာကွယ်လိုက်ကြရသည်။ မီးပွားများ နေရာအနှံ့ လွင့်စင်သွားလေသည်။
အမည်းရောင် သစ်ရွက်များသည် ဝိညာဉ်ကောင်လေးများ ကခုန်နေသကဲ့သို့ လျင်မြန်လွန်းလှပြီး တိုက်ခိုက်မည့် လမ်းကြောင်းကို ခန့်မှန်း၍ပင် မရနိုင်အောင် ဖြစ်နေသည်။
သစ်ရွက်တစ်ရွက်တည်းနှင့်ပင် ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင်တစ်ယောက်ကို ဗာရာထသွားအောင် လုပ်နိုင်သည် ဆိုလျှင် မည်သူ ယုံနိုင်ပါမည်နည်း။
"ရှဲ... ရှဲ... ရှဲ..."
ယဲ့ထျန်းဝေက ညာဘက်လက်ဖြင့် လက်ဟန်ပြောင်းလိုက်သည်နှင့် ဒါဇင်ပေါင်းများစွာသော အမည်းရောင် သစ်ရွက်များသည် ပို၍ လျင်မြန်လာပြီး ရက်စက်စွာ တိုက်ခိုက်လာပြန်သည်။ ရန်သူတစ်ဆယ့်သုံးယောက်လုံး၏ ခန္ဓာကိုယ်များပေါ်တွင် သွေးစက်များ ယိုစီးကျလာလေ၏။
သူတို့အားလုံး ခြေတစ်လှမ်းချင်းစီ နောက်ဆုတ်နေကြရရှာသည်။ သစ်ရွက်တစ်ရွက်ကိုပင် မကျော်လွှားနိုင်ကြပေ။
"ဒီလောက် စွမ်းရည်လေးနဲ့များ ငါ့ကို သတ်ချင်နေတာလား..."
ယဲ့ထျန်းဝေ၏ မျက်နှာပေါ်တွင် အထင်သေးသော အမူအရာများ အပြည့်။
စကားဆုံးသည်နှင့် ယဲ့ထျန်းဝေက လက်ဟန် ထပ်မံပြောင်းလဲလိုက်ပြန်သည်။ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ရုတ်ချည်း ပေါက်ကွဲထွက်လာပြီး သူ၏ သတ်ဖြတ်လိုစိတ်များက ပို၍ ပြင်းထန်လာသည်။
"ပြေး... ပြေးကြ..."
ယဲ့ထျန်းဝေ၏ ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိလိုက်သည်နှင့် ခေါင်းဆောင်ဖြစ်သူက အသကုန် အော်ဟစ်လိုက်တော့သည်။
တစ်ဆယ့်သုံးယောက်လုံး နောက်လှည့်မကြည့်ဘဲ ထွက်ပြေးကြလေသည်။ သူတို့၏ ယုံကြည်မှုများ အစမကျန် ပျက်စီးသွားခဲ့ချေ၏။
အစကတော့ တစ်ဆယ့်သုံးယောက် ဝိုင်းတိုက်လျှင် ယဲ့ထျန်းဝေကို နိုင်မည်ဟု ထင်မှတ်ခဲ့ကြသော်လည်း လက်တွေ့တွင်တော့ သစ်ရွက်တစ်ရွက်ကိုပင် မနိုင်ခဲ့ကြသည် မဟုတ်ပါလော။
"ရောက်မှတော့လည်း အသက်ကလေး ထားခဲ့ကြပါဦး..."
ယဲ့ထျန်းဝေ၏ အသံသည် ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ အေးစက်လွန်းလှပေသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ အမည်းရောင် သစ်ရွက်များသည် တစ်စစီ ပွားများလာပြီး သောင်းချီသော အရေအတွက်သို့ ရောက်ရှိသွားတော့သည်။
"ဘုန်း..ဘုန်း ..ဘုန်း"
"ဝီ... ဝီ..."
ယဲ့ထျန်းဝေ လက်ညှိုးထိုးလိုက်သည်နှင့် သောင်းချီသော အမည်းရောင် သစ်ရွက်များသည် ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ထွက်ပြေးနေသော ရန်သူများဆီသို့ မိုးသီးမုန်တိုင်းအလား ကျရောက်သွားလေသည်။
"ဒါ... ဒါ ဘာသိုင်းကွက်ကြီးလဲ..."
အနောက်ဘက်မှ ပါလာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်သဖြင့် လူတစ်ယောက် နောက်လှည့်ကြည့်လိုက်မိသည်။
မကြည့်ခဲ့လျှင် ပိုကောင်းပေလိမ့်မည်။ မြင်လိုက်ရသော မြင်ကွင်းကြောင့် သူ၏ ဝိညာဉ်များ ကိုယ်ထဲမှ ခုန်ထွက်မတတ် ဖြစ်သွားရရှာသည်။
သောင်းချီသော အမည်းရောင် သစ်ရွက်များက စစ်သည်တော်တစ်သိန်း ချီတက်လာသကဲ့သို့ တရစပ် ဝင်ရောက်လာသည် မဟုတ်ပါလော။
"အစစ်အမှန်ချီ အကာအကွယ်..."
"မြေကမ္ဘာအဆင့် အဆင့်မြင့် သိုင်းပညာ... မြေကမ္ဘာ တောင်တန်း..."
"အစစ်အမှန်ယွမ် ဒိုင်း... ခရမ်းရွှေချပ်ဝတ်..."
"ဝူကျိ ရေခဲဒိုင်း..."
ကြောက်ရွံ့နေသည့်ကြားမှ သူတို့တတ်သမျှ မှတ်သမျှ ကာကွယ်ရေး သိုင်းကွက်များ အကုန်ထုတ်သုံးကာ အသက်လု ခုခံကြရလေသည်။
"ဘုန်း... ဘုန်း... ဘုန်း..."
"အွတ်... အွတ်..."
မျက်တောင်တစ်ခတ်စာ အတွင်းမှာပင်... သောင်းချီသော အမည်းရောင် သစ်ရွက်များသည် သူတို့၏ ခံစစ်စည်းများကို စက္ကူများအလား ဖောက်ထွက်သွားပြီး ရန်သူတစ်ဆယ့်သုံးယောက်လုံးကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်ပစ်လိုက်လေတော့သည်။
ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင် တစ်ဆယ့်သုံးယောက်ကို သတ်ဖြတ်ရန် ဆိုသည်မှာ တတိယအလွှာ စွမ်းအားရှင်တစ်ဦးအတွက် လွယ်ကူသော ကိစ္စမဟုတ်ပေ။
သို့သော် ယဲ့ထျန်းဝေကတော့ ထမင်းစားရေသောက်သလောက် လွယ်ကူစွာ လုပ်ဆောင်ပြလိုက်ခြင်း ဖြစ်သည်။ ယဲ့ထျန်းဝေ၏ အစစ်အမှန် တိုက်ခိုက်စွမ်းရည်သည် စတုတ္ထအလွှာ စွမ်းအားရှင်တစ်ယောက်နှင့်ပင် ယှဉ်နိုင်လောက်ပေသည်။
"ကိုယ့်နေရာကိုယ် မသိတဲ့ ကောင်တွေ..."
ယဲ့ထျန်းဝေက နှာခေါင်းရှုံ့လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ အမည်းရောင် သစ်ရွက်များကို ကိုယ်ထဲသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။
"ဟမ်... သေချင်တဲ့ကောင်တွေ ထပ်လာပြန်ပြီလား..."
အမည်းရောင် သစ်ရွက်များကို သိမ်းလိုက်ချိန်မှာပင် ယဲ့ထျန်းဝေ မျက်မှောင်ကြုတ်သွားသည်။ လူတစ်စု သူ့ဆီသို့ အရှိန်ပြင်းပြင်းဖြင့် ပျံသန်းလာနေသည်ကို အာရုံခံမိလိုက်သောကြောင့်ပင်။
"စကြဝဠာ နန်းတော်က လူကုန်သွားပြီလား... ထျန်းယွမ်ဘုံ အဆင့်တွေပါ လွှတ်လိုက်တာလား... ကောင်းပြီလေ... အကုန်လုံးကို သန့်ရှင်းရေး လုပ်ပေးလိုက်ရတာပေါ့..."
ယဲ့ထျန်းဝေ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားသည်။
"သတ်ဖြတ်လိုတဲ့ အရှိန်အဝါတွေပဲ... သတိထား..."
ပျံသန်းလာသော လူအုပ်စု၏ ခေါင်းဆောင်ဖြစ်သူ လူငယ်လေးက ရုတ်တရက် အော်ဟစ်သတိပေးလိုက်သည်။
"ကောင်းကင်ဘုံလူသား တတိယအလွှာပါလား..."
နောက်တစ်ယောက်၏ မျက်နှာထား တည်ကြည်သွားသည်။
"လွန်လွန်းနေပြီ... ဘာရန်ငြိုးမှ မရှိဘဲ ငါတို့ကို တိုက်ခိုက်ချင်နေတာလား..."
နောက်တစ်ယောက်က အံကြိတ်ရင်း ဒေါသတကြီး ပြောလိုက်သည်။
ယဲ့ထျန်းဝေက လက်ကို ဝှေ့ယမ်းလိုက်ပြန်ရာ အမည်းရောင် သစ်ရွက်များ ပြန်လည် ထွက်ပေါ်လာပြန်သည်။
"ဝီ..."
'သစ်ရွက်တစ်သောင်း သိုင်းပညာ' ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်ရာ သောင်းချီသော အမည်းရောင် သစ်ရွက်များ ကောင်းကင်ယံတွင် ပြည့်နှက်သွားပြီး ဟင်းလင်းပြင်ကြီး တုန်ခါသွားရလေသည်။
"ဘုန်း..ဘုန်း ..ဘုန်း"
ယဲ့ထျန်းဝေ လက်ညှိုးထိုးလိုက်သည်နှင့် အမည်းရောင် သစ်ရွက်များသည် အနက်ရောင် ဥက္ကာခဲများအလား တစ်ဖက်လူအုပ်စုဆီသို့ ပြေးဝင်သွားကြတော့သည်။
"ကောင်းကင်ဘုံလူသား စတုတ္ထအလွှာနဲ့ ညီမျှတဲ့ စွမ်းအားပဲ... အမြန်ရှောင်..."
ခေါင်းဆောင်လူငယ်လေးက အော်ဟစ်လိုက်သည်။ သူ့မျက်နှာထားမှာ အလွန်အရုပ်ဆိုးနေလေသည်။
"မြေကမ္ဘာအဆင့် သိုင်းပညာ..."
လာရောက်သူ ဒါဇင်ပေါင်းများစွာသော စွမ်းအားရှင်များသည် သူတို့၏ ကိုယ်ဖော့ပညာများကို အသုံးပြုကာ ဘေးသို့ အလျင်အမြန် ရှောင်တိမ်းလိုက်ကြရသည်။ မရှောင်လျှင် ပျားအုံလို အပေါက်ပေါက် ဖြစ်သွားနိုင်သည် မဟုတ်ပါလော။
"ဘုန်း..."
ထိုအချိန်မှာပင် အနက်ရောင် အရိပ်တစ်ခုသည် လျှပ်စီးလက်သကဲ့သို့ ယဲ့ထျန်းဝေဆီသို့ တိုးဝင်သွားသည်။
"ဝီ..."
ခေါင်းဆောင်လူငယ်လေးသည် သူ၏ စွမ်းအားများကို အကုန်ထုတ်ဖော်လိုက်ရာ သွေးရောင် အလင်းတန်းများ တောက်ပလာပြီး သူ၏ အရှိန်အဝါသည် ကောင်းကင်ဘုံလူသား တတိယအလွှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့သည်။
ထိုလူငယ်မှာ... ဖုန်းဝူချန်ပင် ဖြစ်လေသည်။
"ချီလင် ချပ်ဝတ်..."
ဖုန်းဝူချန်က ဟိန်းဟောက်လိုက်သည်။ သူ၏ စွမ်းအားများ ထပ်မံ မြင့်တက်လာပြန်သည်။
"ဘုန်း..."
ဖုန်းဝူချန်၏ မျက်လုံးများထဲတွင် စိန်ခေါ်ချင်စိတ်များ တောက်လောင်နေပြီး အားနည်းချက် မပြဘဲ ယဲ့ထျန်းဝေကို လက်သီးချင်း ယှဉ်ထိုးလိုက်တော့သည်။
ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး စွမ်းအင်လှိုင်းများ ပတ်ဝန်းကျင်သို့ ရိုက်ခတ်သွားလေသည်။
"အို... မင်းက ကျင့်ကြံဆင့် နှစ်ဆင့်တောင် မြှင့်တင်နိုင်တာလား... ပြီးတော့ ငါ့ရဲ့ စွမ်းအားကိုတောင် တားဆီးနိုင်တယ်ပေါ့... မင်းက မဆိုးပါလား..."
ယဲ့ထျန်းဝေက ဖုန်းဝူချန်ကို အံ့ဩစွာ ကြည့်လိုက်မိသည်။
"မင်းက ဘယ်သူလဲ..."
ဖုန်းဝူချန်က လေးနက်စွာ မေးလိုက်သည်။
"ဘာ... စကြဝဠာ နန်းတော်က ငါ့ကိုသတ်ဖို့ လွှတ်လိုက်ပြီးမှ ငါ့ကို မသိဘူးလို့ လာပြောနေတာလား..."
ယဲ့ထျန်းဝေက လှောင်ပြောင်လိုက်ပြီး ချက်ချင်းပင် ထပ်မံ တိုက်ခိုက်လိုက်ပြန်သည်။
"ဘုန်း... ဘုန်း... ဘုန်း..."
အနီးကပ် တိုက်ပွဲကြီး စတင်ခဲ့ချေ၏။ ဟင်းလင်းပြင်ထဲတွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ယဲ့ထျန်းဝေ၏ စွမ်းအားသည် စတုတ္ထအလွှာနှင့် ညီမျှနေသော်လည်း ဖုန်းဝူချန်က အရေးနိမ့်ခြင်း မရှိဘဲ ရင်ဘောင်တန်း တိုက်ခိုက်နေသည်မှာ အံ့မခန်းပင်။
"မင်း အထင်လွဲနေပြီ... ငါတို့က စကြဝဠာ နန်းတော်က မဟုတ်ဘူး..."
ဖုန်းဝူချန်က ခုခံရင်း ပြောလိုက်သည်။
"ဟွန်း... မင်းပြောတာကို ငါက ယုံမယ်ထင်နေလားကွ..."
ယဲ့ထျန်းဝေက အေးစက်စွာ တုံ့ပြန်လိုက်ရင်း တိုက်စစ်ကို ပို၍ မြှင့်တင်လိုက်တော့၏။