ကြယ်တာရာနယ်မြေသို့ ပြန်လည်ရောက်ရှိခြင်း
Vol. 31 Ch. 461
~"ခုနက အမည်းရောင် သစ်ရွက်တွေက ရိုးရိုးလက်နက်တွေ မဟုတ်ဘူး... စွမ်းအင်တွေနဲ့ သိပ်သည်းထားသလိုလို ရှိပေမယ့် စွမ်းအင်သက်သက်လည်း မဟုတ်ပြန်ဘူး..."
ယီထျန်းချင်း တစ်ယောက် ခေါင်းကုတ်ရင်း ဇဝေဇဝါ ဖြစ်နေရှာသည်။ ဒီလို ထူးဆန်းအံ့ဩဖွယ်ကောင်းသော သိုင်းကွက်မျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။
"သူ့ရဲ့ မြေကမ္ဘာအဆင့် သိုင်းပညာက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်... အဲ့ဒီ အမည်းရောင် သစ်ရွက်တွေရဲ့ အမြန်နှုန်းက မျက်စိနဲ့တောင် လိုက်မမီနိုင်ဘူး... ဆေးဧကရာဇ်သာ သတိမပေးခဲ့ရင် ငါတို့တွေ ရှောင်ချိန်တောင် ရလိုက်မှာ မဟုတ်ဘူး..."
ပေတိုယန်၏ မျက်နှာထားမှာ အလွန်အမင်း လေးနက်နေလေသည်။
"အနောက်ဘက်ဒေသကို ရောက်ရောက်ချင်း ဒီလောက် စွမ်းအားကြီးတဲ့ ကောင်နဲ့ လာတိုးနေပါလား..."
ပိုင်မိက ယဲ့ထျန်းဝေကို သေချာ အကဲခတ်ကြည့်လိုက်သည်။
လျိုချင်းယန် မျက်မှောင်ကြုတ်လိုက်ပြီး...
"သူက ငါတို့ကို ရန်သူလို့ သတ်မှတ်လိုက်ပုံရတယ်..."
"ဘုန်း... ဘုန်း... ဘုန်း..."
"ဝီ... ဝီ..."
ပြောနေစဉ်မှာပင် ကောင်းကင်ယံထက်၌ ပြင်းထန်သော အနီးကပ် တိုက်ပွဲကြီး ဆက်လက် ဖြစ်ပွားနေလေသည်။ လက်သီးချက်များ၊ ခြေကန်ချက်များ ထိမိလဲပြိုသံများ ဆက်တိုက် ထွက်ပေါ်နေပြီး၊ စွမ်းအင်လှိုင်းများက မုန်တိုင်းတစ်ခုအလား ပတ်ဝန်းကျင်ကို မွှေနှောက်ဖျက်ဆီးနေကြသည်။
ပေါက်ကွဲသံကြီးများသည် နားစည်ကို ထိုးဖောက်မတတ် ပဲ့တင်ထပ်နေ၏။
"ဝုန်း..."
မိနစ်အနည်းငယ်ကြာအောင် အကြိတ်အနယ် တိုက်ခိုက်ပြီးနောက်၊ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ နှစ်ယောက်စလုံး နောက်သို့ လွင့်စင်သွားကြရလေသည်။
"ဒီလောက် စွမ်းအားကြီးတဲ့ ပြိုင်ဘက်မျိုးနဲ့ မတွေ့ရတာ တော်တော်ကြာပြီ... မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ဒီလောက်ထိ ကောင်းနေလိမ့်မယ်လို့ မထင်ထားမိဘူး..."
ယဲ့ထျန်းဝေက အံ့ဩသထက် အံ့ဩလာမိသည်။ တိုက်လေ ၊ သူ့စိတ်ဓာတ်တွေ ပိုပြီး တက်ကြွလာလေ ဖြစ်နေသည်။
ဖုန်းဝူချန်သည် ကောင်းကင်ဘုံလူသား ပထမအလွှာမျှသာ ရှိသော်လည်း၊ တတိယအလွှာနှင့် ညီမျှသော စွမ်းအားကို ထုတ်ဖော်နိုင်သည့်အပြင် ယဲ့ထျန်းဝေနှင့် ယှဉ်ပြိုင်ရာတွင် တစ်ဖက်သတ် အရေးနိမ့်သွားခြင်း မရှိဘဲ တန်းတူ တိုက်ခိုက်နိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် ယဲ့ထျန်းဝေ အံ့ဩမိသည်မှာ မဆန်းပေ။
သို့သော် ယဲ့ထျန်းဝေကို အပြင်းထန်ဆုံး တုန်လှုပ်သွားစေသည်မှာ... ဖုန်းဝူချန်၏ အသက်အရွယ်ပင်။
...ဒီကောင်လေးက ငါ့ထက်တောင် ငယ်သေးတာပါလား... ဒီအရွယ်လေးနဲ့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်ပေါ့...
ယဲ့ထျန်းဝေ စိတ်ထဲမှ တီးတိုးရေရွတ်ရင်း ဖုန်းဝူချန်ကို ခြေဆုံးခေါင်းဆုံး စူးစမ်းကြည့်လိုက်မိသည်။
ဖုန်းဝူချန်ကလည်း ယဲ့ထျန်းဝေကို ပြန်လည် အကဲခတ်နေသည်။ ယဲ့ထျန်းဝေ၏ ဝိညာဉ်စွမ်းအားကို အာရုံခံမိလိုက်သည့်အခါ ဖုန်းဝူချန်၏ မျက်လုံးများ အရောင်လက်သွားလေသည်။
...တတိယ အဆင့် လက်နက်ပညာရှင်... ပြီးတော့ စတုတ္ထ အဆင့် ဆေးပညာရှင်ပါလား... ဒီလူရဲ့ နောက်ခံက သာမန် မဟုတ်ဘူးပဲ...
ဖုန်းဝူချန် စိတ်ထဲတွင် အံ့ဩသွားမိသော်လည်း မျက်နှာပေါ်တွင်တော့ မည်သည့် ခံစားမှုကိုမျှ ဖော်ပြခြင်း မရှိပေ။ သူက အေးစက်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"မင်း လူမှားနေပြီ... ငါတို့က မင်းကို မသိဘူး... စကြဝဠာ နန်းတော်က လူတွေလည်း မဟုတ်ဘူး..."
"အခုတော့ ငါ ယုံသွားပြီ... စကြဝဠာ နန်းတော်က မင်းလို ပါရမီရှင်မျိုးကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."
ယဲ့ထျန်းဝေက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်ပြန်သည်။
"ဒါပေမဲ့... ငါတို့တွေ လက်ရည်ယှဉ်ပြီးပြီ ဆိုတော့လည်း ဘယ်သူက သာလဲဆိုတာ အဆုံးအဖြတ် ယူသင့်တယ် မဟုတ်လား... မင်းလို အစွမ်းထက်တဲ့ ပြိုင်ဘက်မျိုး တွေ့ရခဲတယ်ကွ... အရှုံးအနိုင် မပေါ်ဘဲ မင်းကို ပြန်မလွှတ်ပေးနိုင်ဘူး..."
ပြင်းထန်သော တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း နှစ်ဖက်စလုံး သရေကျနေသကဲ့သို့ ဖြစ်နေသည်ကို ယဲ့ထျန်းဝေ သဘောမကျပေ။
ဖုန်းဝူချန်က ပြတ်သားစွာ ငြင်းပယ်လိုက်၏။
"တောင်းပန်ပါတယ်... ငါတို့မှာ အရေးကြီးကိစ္စ ရှိသေးတယ်... မင်းနဲ့ ကစားနေဖို့ အချိန်မရှိဘူး..."
အနောက်ဘက်ဒေသကို ရောက်နေပြီဖြစ်ရာ ကြယ်တာရာနယ်မြေနှင့် သိပ်မဝေးတော့ပေ။ ဟွမ်ယန်တို့တစ်တွေ တံခါးပိတ်ကျင့်ကြံပြီးနောက် ဘယ်လောက်တိုးတက်လာလဲ ဆိုတာကို ဖုန်းဝူချန် သိချင်နေပြီ ဖြစ်သည်။
"ထွက်သွားဖို့က သိပ်တော့ မလွယ်ကူလောက်ဘူး..."
ယဲ့ထျန်းဝေက အလျှော့ပေးမည့်ပုံ မပေါ်ချေ။ သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားပြီး ဖုန်းဝူချန်၏ ရှေ့သို့ ဖြတ်ဝင်ကာ ပိတ်ရပ်လိုက်လေသည်။
"သွားချင်ရင်... ငါ့ကို အရင် နိုင်အောင်တိုက်..."
ယဲ့ထျန်းဝေက မောက်မာစွာ ပြုံးရင်း စိန်ခေါ်လိုက်သည်။ မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိနေပုံ ပေါ်သည်။
ဖုန်းဝူချန်၏ မျက်နှာထား ပို၍ အေးစက်သွားပြီး လေးနက်စွာ သတိပေးလိုက်သည်။
"မဖယ်ရင်... ငါ့ကို ရိုင်းတယ်မဆိုနဲ့..."
"ဟောဗျာ... ဘယ်လိုများ ရိုင်းပြမလဲဆိုတာ သိချင်လိုက်တာဗျာ..."
ယဲ့ထျန်းဝေက လှောင်ပြောင်သရော်လိုက်သည်။ သူ့ကို လာပြီး ခြိမ်းခြောက်ရသလား ဆိုသော ဒေါသစိတ်များလည်း ရင်ထဲတွင် တဖွားဖွား ပေါ်ပေါက်လာလေသည်။
ပြောပြောဆိုဆိုနှင့် ယဲ့ထျန်းဝေသည် တွေဝေခြင်းမရှိဘဲ ဖုန်းဝူချန်ဆီသို့ တဟုန်ထိုး ပြေးဝင်ကာ ရက်စက်စွာ တိုက်ခိုက်လိုက်တော့သည်။
ယဲ့ထျန်းဝေ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူ၏ ဝိညာဉ်စွမ်းအားများကို အပြင်းအထန် စုစည်းလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပစ်လွှတ်လိုက်တော့သည်။
"ဝုန်း..."
အလွန်တရာ ကြီးမားကျယ်ပြန့်ပြီး ဖိနှိပ်အားပြင်းထန်သော ဝိညာဉ်စွမ်းအား အရှိန်အဝါသည် ပင်လယ်လှိုင်းတံပိုး အလား ယဲ့ထျန်းဝေ အပေါ်သို့ လွှမ်းခြုံကျရောက်သွားလေသည်။
"ဘာ..."
ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားကို ထိတွေ့ခံစားလိုက်ရသည့် တစ်ခဏ၌ ယဲ့ထျန်းဝေ၏ မျက်နှာထားသည် သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြူဖျော့သွားပြီး အာမေဋိတ်သံ ထွက်ပေါ်လာတော့သည်။
"ပ..ပဥ္စမ အဆင့် ဆေးပညာရှင်..."
ထိတ်လန့်တုန်လှုပ်နေစဉ်မှာပင် ယဲ့ထျန်းဝေသည် သူ၏ ဝိညာဉ်စွမ်းအားကို အလျင်အမြန် ထုတ်ဖော်ပြီး ခုခံရန် ကြိုးစားလိုက်သည်။ သို့သော် ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအားမှာ တောင်ကြီးတစ်လုံးပမာ ကြီးမားလွန်းလှသဖြင့် ယဲ့ထျန်းဝေမှာ ခံနိုင်ရည်မရှိဘဲ သွေးတစ်ပွက် အန်ထုတ်လိုက်ရရှာလေသည်။
"ဘုန်း..."
"အွတ်..."
"ကြောက်... ကြောက်စရာကောင်းလိုက်တဲ့ ဝိညာဉ်စွမ်းအား..."
ယဲ့ထျန်းဝေသည် ဖုန်းဝူချန်ကို ကြောက်ရွံ့ခြင်း၊ အံ့ဩခြင်းများ ရောပြွန်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။ သူ့ခန္ဓာကိုယ်ကြီးမှာ ကျောက်ရုပ်တစ်ရုပ်အလား တောင့်တင်းနေချေ၏။
သူ့ထက် အသက်ငယ်သော လူငယ်လေးတစ်ယောက်က အဆင့်ငါး ဆေးပညာရှင် ဖြစ်နေလိမ့်မည်ဟု ယဲ့ထျန်းဝေ အိပ်မက်ထဲတွင်ပင် ထင်မထားခဲ့မိပေ။
ဖုန်းဝူချန်၏ ဝိညာဉ်စွမ်းအား ဖိနှိပ်မှုအောက်တွင် ယဲ့ထျန်းဝေမှာ အသက်ရှုရန်ပင် ခက်ခဲနေရှာသည်။
တကယ်တော့ ဖုန်းဝူချန်သည် ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းကိုသာ ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။ အကယ်၍သာ အကုန်ထုတ်သုံးလိုက်ပါက ယဲ့ထျန်းဝေတစ်ယောက် ခုခံချိန်ပင်မရဘဲ ဝိညာဉ်ကြေမွကာ ပွဲချင်းပြီး သေဆုံးသွားနိုင်ပေသည်။
အဆင့်မြင့် ဆေးပညာရှင် ဖြစ်သလို၊ တိုက်ခိုက်ရေး စွမ်းရည်မှာလည်း ထိပ်တန်းအဆင့် ရှိနေသော ဖုန်းဝူချန်သည် ယဲ့ထျန်းဝေ ယှဉ်ပြိုင်ဖူးသမျှ ပြိုင်ဘက်များထဲတွင် အကြောက်မက်ဖွယ် အကောင်းဆုံး လူသားတစ်ယောက် ဖြစ်ပေသည်။
"သဘောပေါက်ပြီလား... အနိုင်အရှုံးက ပေါ်သွားပြီ... ငါသွားတော့မယ်..."
ဖုန်းဝူချန်က လှည့်မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။ သူစိမ်းတစ်ယောက်အပေါ် အချိန်ကုန်ခံနေရခြင်းကို သူ စိတ်မရှည်တော့ပေ။
ဖုန်းဝူချန်သည် ရှေ့မှ ဦးဆောင်ကာ ပျံသန်းထွက်ခွာသွားပြီး၊ ပေတိုယန်နှင့် အခြားသူများလည်း နောက်မှ ကပ်လျက် လိုက်ပါသွားကြသည်။
"အစ်ကိုဖုန်းနဲ့ ယှဉ်ဖို့ မင်းက အရိုးနုနေသေးတယ်ကွ... မှတ်ထား..."
လျိုချင်းယန်က ယဲ့ထျန်းဝေကို ဖြတ်ကျော်သွားရင်း လှောင်ပြောင် ပြောဆိုလိုက်သေးသည်။
—--------------
ဖုန်းဝူချန်တို့အဖွဲ့ ဝေးကွာသွားသည် အထိ ယဲ့ထျန်းဝေမှာ ကြက်သေသေနေဆဲပင်။
ကြာမြင့်စွာ ငြိမ်သက်နေပြီးမှ ယဲ့ထျန်းဝေသည် လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်မိသည်။
"အဆင့်ငါး ဆေးပညာရှင်... ပြီးတော့ ကောင်းကင်ဘုံလူသား ပထမအလွှာ... သူ့စွမ်းအားက ငါ့ထက် တကယ်ပဲ သာလွန်နေတာလား..."
ယဲ့ထျန်းဝေ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ သူ့မျက်လုံးများထဲတွင် မကျေနပ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အံကိုကြိတ်ကာ ဒေါသတကြီး ဆုံးဖြတ်လိုက်တော့သည်။
"မဖြစ်နိုင်ဘူး... ကောင်းကင်ဘုံလူသား ပထမအလွှာလောက်ကို ငါ မနိုင်စရာ အကြောင်းမရှိဘူး... မင်း စောင့်နေလိုက်..."
...
ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် ကြယ်တာရာနယ်မြေရှိ ကျန်းမိသားစုဆီသို့ တန်းတန်းမတ်မတ် ပျံသန်းလာခဲ့ကြသည်။
ကျန်းမိသားစုသည် ဖုန်းဝူချန် လာရောက်မည့် သတင်းကို ကြိုတင်ရရှိထားသဖြင့် မိသားစုခေါင်းဆောင်ကြီးမှစ၍ အကြီးအကဲများ အားလုံး ကျန်းမိသားစု ရင်ပြင်တော်တွင် စုဝေးကာ ကြိုဆိုရန် စောင့်ဆိုင်းနေကြ၏။
အိုမင်းမစွမ်း ဖြစ်နေသော မဟာအကြီးအကဲ ကိုယ်တိုင်ပင် ထွက်ကြိုရသည် အထိ ဖုန်းဝူချန်၏ ဩဇာက ကြီးမားလှပေသည်။
အင်မော်တယ် လက်နက် စံအိမ်ကြီး တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် ဖုန်းဝူချန်၏ ဂုဏ်ဒြပ်သည် မိုးထိအောင် မြင့်တက်နေပြီ ဖြစ်ရာ ကျန်းမိသားစုအနေဖြင့် အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိပေ။
ယခုအချိန်တွင် ဖုန်းဝူချန်သည် အင်မော်တယ် လက်နက် စံအိမ်သခင်၏ ဆရာသခင် ဖြစ်နေပြီ ဖြစ်ရာ၊ နန်းတော်မှ တပည့်များ အားလုံး ဖုန်းဝူချန်ကို မြင်လျှင် 'ဘိုးဘေးဆရာသခင်' ဟု ရိုသေစွာ ခေါ်ဝေါ်ရမည် မဟုတ်ပါလော။
"ဆေးဧကရာဇ် ကြွလာပြီ..."
မဟာအကြီးအကဲ ကျန်းဝူဟန်သည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး လေးနက်စွာ ပြောကြားလိုက်သည်။ ဖုန်းဝူချန်၏ အရှိန်အဝါကို သူ အာရုံခံမိလိုက်ပြီ ဖြစ်သည်။
ကျန်းဝူဟန်၏ စကားဆုံးသည်နှင့် ကျန်းမိသားစုဝင် အားလုံး စိတ်လှုပ်ရှား တက်ကြွသွားကြသည်။
"ဘုန်း..ဘုန်း ..ဘုန်း"
မကြာမီမှာပင် အဝေးတစ်နေရာ ကောင်းကင်ယံထက်မှ လေတိုးသံများ ထွက်ပေါ်လာတော့သည်။
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ ရောက်ရှိလာခြင်းပင်။
"ဆရာ လာပြီ..."
တုံကျန့်ထျန်းက ဖုန်းဝူချန်ကို လှမ်းမြင်လိုက်သည်နှင့် ဝမ်းသာအားရ ပြုံးလိုက်မိသည်။
နောက်တစ်ခဏတွင် ဖုန်းဝူချန်နှင့် ဒါဇင်ပေါင်းများစွာသော လူငယ်အဖွဲ့သည် ကျန်းမိသားစု နန်းတော်အထက်သို့ ဆိုက်ရောက်လာကြ၏။
"ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်..."
ကျန်းဝူဟန် ဦးဆောင်သော ကျန်းမိသားစုဝင် အားလုံးသည် တညီတညွတ်တည်း ဒူးတစ်ဖက်ထောက်ကာ ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်ကြလေသည်။ သူတို့၏ ညီညာသော အသံကြီးများသည် ကျန်းမိသားစု နန်းတော်ကြီး တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည်။
ကျန်းမိသားစုကို မရောက်ခင်ကတည်းက ပေတိုယန်နှင့် အခြားလူငယ်များသည် ကျန်းမိသားစု၏ ကြီးမားခမ်းနားမှုနှင့် ကြောက်မက်ဖွယ် အင်အားများကို တွေးရင်း ကျောချမ်းနေခဲ့ကြသည်။ ဧရာမ သားရဲကြီး တစ်ကောင်၏ အရှိန်အဝါမျိုးကို ခံစားနေခဲ့ရ၏။
သို့သော်...
ထိုကဲ့သို့ အင်အားကြီးမားလှသော ကျန်းမိသားစုကြီး တစ်ခုလုံးက ဖုန်းဝူချန်ကို ဘုရားသခင်တစ်ပါးအလား ရိုသေလေးစားစွာ ဒူးထောက် ဂါရဝပြုနေသည်ကို မြင်လိုက်ရသောအခါ...
ပေတိုယန်တို့ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြရရှာသည်။
အစကတော့ ဖုန်းဝူချန်သည် ကျန်းကျွင့်လန်၏ ဆရာဖြစ်ရုံလောက်သာဟု ထင်မှတ်ခဲ့ကြသော်လည်း၊ ယခုကဲ့သို့ ကျန်းမိသားစု အကြီးအကဲများ ကိုယ်တိုင် ဒူးထောက်ရသည် အထိ ဖုန်းဝူချန်၏ သြဇာအာဏာ ကြီးမားလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထင်မထားခဲ့မိကြပေ။
ဒါက လေးစားမှု သက်သက် မဟုတ်တော့ဘူး... ဒါ ကိုးကွယ်မှု တစ်မျိုးပဲ...
ဖုန်းဝူချန်၏ ကြောက်စရာကောင်းပုံက သူတို့၏ စိတ်ကူးဉာဏ်များကို ကျော်လွန်သွားခဲ့ချေ၏။
"ဒီ... ဒီလောက် အင်အားကြီးတဲ့ ကျန်းမိသားစုက ဆေးဧကရာဇ်ကို ဒီလောက်ထိ လေးစားရတာလား..."
ပိုင်မိမှာ ထိတ်လန့်လွန်း၍ တံတွေးကို "ဂလု" ခနဲ မြိုချလိုက်မိ၏။
"ဒါ တကယ်ကြီးလားဟ..."
"ကျန်းမိသားစု တစ်ခုလုံး ဆေးဧကရာဇ်ကို ဒူးထောက်နေကြတာလား..."
"ကျန်းမိသားစု ဆိုတာ ဝူကျိနယ်မြေရဲ့ ထိပ်သီး အင်အားကြီးလေ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ပါရမီရှင် လူငယ်လေးများ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ အထင်းသား ပေါ်လွင်နေလေသည်။
အကယ်၍များ အင်မော်တယ် လက်နက် စံအိမ်ကြီး တစ်ခုလုံး ဖုန်းဝူချန်၏ လက်အောက်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းသာ သူတို့ သိလိုက်ရလျှင်... မျက်လုံးများ ပြူးထွက်ပြီး မေးရိုးများ ပြုတ်ကျကုန်ကြမည်မှာ မလွဲဧကန်ပင်။