← Chapters

နဂါးနတ်ဘုရား နန်းတော် ပေါ်ထွန်းခြင်း

Vol. 31 Ch. 462

နဂါးနတ်ဘုရား နန်းတော် ပေါ်ထွန်းခြင်း

Vol. 31 Ch. 462

~"စံအိမ်သခင်က အားနာစရာ ကောင်းလိုက်တာ..."

ဖုန်းဝူချန်က အပြုံးနုနုလေးဖြင့် တုံ့ပြန်လိုက်ပြီး ကြီးကျယ်ခမ်းနားသော ရင်ပြင်တော်ပေါ်သို့ ဖြည်းညှင်းစွာ သက်ဆင်းလိုက်သည်။ သူ၏ အမူအရာသည် ကျန်းမိသားစုကို လေးစားမှုရှိသော်လည်း မိမိကိုယ်ကို နှိမ့်ချခြင်းမရှိ၊ သိက္ခာရှိရှိနှင့် ကျက်သရေရှိလှပေသည်။

"ဆရာ..."

ကျန်းကျွင့်လန်နှင့် ယန်ရန်တို့က ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

"စံအိမ်သခင်... ခင်ဗျားရဲ့ လက်နက်သွန်းလုပ်ခြင်း အဆင့်က တော်တော်လေး တိုးတက်လာပုံရတယ်..."

ဖုန်းဝူချန်က မိတ်ဆွေချင်း ပြောသကဲ့သို့ ရင်းရင်းနှီးနှီး မေးမြန်းလိုက်သည်။

"မိသားစု ခေါင်းဆောင်နဲ့ အကြီးအကဲ သုံးယောက်ကို ဂါရဝပြုပါတယ်..."

ယီထျန်းချင်း၊ ပေတိုယန်နှင့် အခြားသူများလည်း ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

ကျန်းဝူဟန်နှင့် အကြီးအကဲများ အလျင်အမြန် လျှောက်လာကြပြီး၊ ကျန်းဝူဟန်က ဝမ်းသာအားရ ပြောလိုက်သည်။

"ဒါတွေအားလုံး ဆေးဧကရာဇ်ရဲ့ ကျေးဇူးတွေပါဗျာ... ဆေးဧကရာဇ် ကူညီပေးလို့သာ ကျွန်တော် ဒီလောက် အများကြီး တိုးတက်လာရတာပါ..."

ဖုန်းဝူချန် သင်ပေးလိုက်သော 'လက်နက်သွန်းလုပ်ခြင်း လျှို့ဝှက်ကျမ်း' သည် ကျန်းဝူဟန်နှင့် အခြားသူများကို တစ်ခေတ်ဆန်းစေခဲ့သည် မဟုတ်ပါလော။

ကျန်းဝူဟန်၏ စကားကို ကြားလိုက်ရသောအခါ ယီထျန်းချင်းနှင့် အခြားသူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရရှာသည်။ မျက်လုံးများ ပြူးကျယ်လျက် ဖုန်းဝူချန်ကို လှမ်းကြည့်လိုက်မိကြသည်။

‘ကျန်းဝူဟန် ဆိုတာ ဘယ်သူလဲ...

အဌမအဆင့် လက်နက်ပညာရှင်... ပြည်မကြီး တစ်ခုလုံးက လေးစားရတဲ့ လက်နက်သွန်းလုပ်ခြင်း ဘုရင်တစ်ဆူလေ။

အဲ့ဒီလို ပုဂ္ဂိုလ်ကြီးက ဖုန်းဝူချန် ကူညီပေးလို့ တိုးတက်လာတာပါ ဆိုပြီး ဝန်ခံနေတယ် ဆိုတော့... ဒါဆို ဖုန်းဝူချန်ရဲ့ လက်နက်သွန်းလုပ်ခြင်း အဆင့်က ကျန်းဝူဟန်ထက်တောင် မြင့်နေတာလား။

ဒါ ဖြစ်နိုင်ပါ့မလား... ဟာသပဲ။

ကောင်းကင်ဘုံနယ်မြေမှာ လူတိုင်းသိထားတာက ဖုန်းဝူချန်သည် အဆင့်ငါး လက်နက်ပညာရှင် မျှသာလေ။’

‘ဖုန်းဝူချန် ဘယ်လောက်ပဲ တော်ပါစေ၊ ကျန်းဝူဟန်ကိုတော့ ကျော်တက်နိုင်စရာ အကြောင်းမရှိဘူး’ ဟု သူတို့ ထင်မှတ်နေကြသည်။

သို့သော် သူတို့ မသိသည်က... ဖုန်းဝူချန် သွန်းလုပ်ခဲ့သော အဆင့်မြင့် အင်မော်တယ် လက်နက်များသည် အင်မော်တယ် လက်နက် စံအိမ်ကြီး တစ်ခုလုံးကို ခြေဖဝါးအောက် ရောက်သွားစေခဲ့သည် ဆိုသောအချက်ပင်။

ယီထျန်းချင်းနှင့် ပေတိုယန်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မျက်လုံးချင်း စကားပြောနေမိကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် 'မယုံကြည်နိုင်ခြင်း' များ အပြည့်။

ကျန်းထျန်းယွမ်က ဆက်ပြောလိုက်၏။

"ဆေးဧကရာဇ်... ဆေးဧကရာဇ် မှာကြားထားတဲ့အတိုင်း ဟွမ်ယန်နဲ့ တခြားသူတွေကို ဆေးဧကရာဇ်ရဲ့ နန်းတော်သစ်မှာ နေရာချပေးထားပါတယ်... သူတို့ တံခါးပိတ်ကျင့်ကြံနေတာ တော်တော်ကြာပြီဆိုတော့ အများကြီး တိုးတက်လာကြပါပြီ..."

ထိုစကားကို ကြားလိုက်ရသောအခါ ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် ပီတိအပြုံးကြီးတစ်ခု ပေါ်လာပြီး လက်သီးဆုပ်ကာ အရိုအသေ ပြုလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မိသားစု ခေါင်းဆောင်..."

ဟွမ်ယန်နှင့် ညီအစ်ကို ရာပေါင်းများစွာအတွက် ကျန်းမိသားစုက ကျင့်ကြံခြင်း အရင်းအမြစ်များကို ရက်ရက်ရောရော ထောက်ပံ့ပေးခဲ့သည် မဟုတ်ပါလော။ ဖုန်းဝူချန် အလွန် ကျေးဇူးတင်မိပါသည်။

"ဆေးဧကရာဇ်က သိပ်အားနာတတ်တာပဲဗျာ..."

ဖုန်းဝူချန်က အရိုအသေ ပြုသည်ကို မြင်သောအခါ ကျန်းထျန်းယွမ်မှာ ထိတ်လန့်သွားပြီး အလျင်အမြန် တားဆီးလိုက်ရသည်။

"ကျွင့်လန်... ဆေးဧကရာဇ်ကို နန်းတော်သစ်ဆီ ခေါ်သွားလိုက်ပါ..."

ဖုန်းဝူချန် စိတ်မရှည်တော့မှန်း သိသဖြင့် ကျန်းထျန်းယွမ်က စကားအရှည်ကြီး ပြောမနေတော့ဘဲ သားဖြစ်သူကို ချက်ချင်း အမိန့်ပေးလိုက်သည်။

ကျန်းကျွင့်လန်က ဖုန်းဝူချန်နှင့် အဖွဲ့သားများကို ဦးဆောင်ကာ နန်းတော်သစ်ဆီသို့ ထွက်ခွာခဲ့ကြသည်။

"ကောင်းကင်ဘုံလူသား ပထမအလွှာ... ဆေးဧကရာဇ်ရဲ့ တိုးတက်နှုန်းက တကယ်ပဲ ကြောက်စရာ ကောင်းတာပဲ..."

ဖုန်းဝူချန် ထွက်ခွာသွားသည်ကို ကြည့်ရင်း ကျန်းဝူဟန်က အားကျစွာ ရေရွတ်လိုက်မိသည်။

ကျန်းဝူဟန်က ပြုံးရင်း ဆက်ပြောလိုက်သည်။

"ဒါ ငါတို့ ကျန်းမိသားစုအတွက် ကံကောင်းခြင်း တစ်မျိုးပါပဲ…”

...

အသစ်ဆောက်လုပ်ထားသော နန်းတော်သည် ကျန်းမိသားစုနှင့် သိပ်မဝေးလှသော နေရာတွင် ရှိသည်။ ကြယ်တာရာနယ်မြေ၏ အလယ်ဗဟိုရှိ အမြင့်ဆုံး တောင်ထိပ်ပေါ်တွင် တည်ရှိသည်။

တောင်ထိပ်သည် မိုးထိအောင် မြင့်မားပြီး တိမ်တိုက်များအကြားတွင် ခမ်းနားစွာ တည်ရှိနေသည်။ တစ်နှစ်ပတ်လုံး မြူခိုးများ လွှမ်းခြုံနေပြီး ဝိညာဉ်စွမ်းအင်များ ပေါကြွယ်ဝလှသဖြင့် နတ်ဘုံနတ်နန်း တစ်ခုအလား ထင်မှတ်ရသည်။

ကြယ်တာရာနယ်မြေ၏ အချက်အချာကျသော နေရာ ဖြစ်သည့်အတွက် အင်အားကြီး မိသားစုများနှင့် ဂိုဏ်းပေါင်းစုံ အသီးသီး တည်ရှိနေကြ၏။

ယခုအချိန်တွင်... ဟွမ်ယန်နှင့် ညီအစ်ကို ရာပေါင်းများစွာသည် နန်းတော်သစ်ကြီး အတွင်း၌ စောင့်ဆိုင်းနေကြသည်။ သူတို့အားလုံး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အထင်းသား။ ဖုန်းဝူချန်ကို သူတို့၏ တိုးတက်မှုများ ပြသချင်လွန်း၍ ရင်ခုန်နေကြသည်။

"ဆရာ... ရှေ့မှာ မြင်နေရတဲ့ တောင်က 'ဆေးဧကရာဇ် တောင်' ပါ... နန်းတော်သစ်က အဲ့ဒီမှာ ရှိတာ..."

ကျန်းကျွင့်လန်က အမြင့်ဆုံး တောင်ထိပ်ကို လက်ညှိုးထိုးပြရင်း ပြုံး၍ ပြောလိုက်သည်။

"ဆေးဧကရာဇ် တောင် ဟုတ်လား..."

ဖုန်းဝူချန် အနည်းငယ် အံ့အားသင့်သွားသည်။ သူ့နာမည်ကို အစွဲပြုပြီး တောင်နာမည် ပေးထားလိမ့်မည်ဟု ထင်မထားခဲ့မိပေ။ အဝေးက လှမ်းကြည့်လိုက်လျှင် တောင်ထိပ်ပေါ်တွင် "ဆေးဧကရာဇ် တောင်" ဟူသော စာလုံးကြီးများကို ခမ်းနားထည်ဝါစွာ ရေးထိုးထားသည်ကို တွေ့မြင်ရလေသည်။

"ဟီးဟီး၊ ဆေးဧကရာဇ် တောင်... နာမည်က မိုက်တယ်ဟ..."

လျိုချင်းယန်က သဘောကျစွာ ရယ်မောလိုက်၏။

"ဆရာ... ကျွန်တော် အထဲထိ လိုက်မပို့တော့ဘူးနော်... ဆေးဖက်ဝင် ပစ္စည်းတွေ သွားရှာရဦးမယ်... ယန်ရန်ရဲ့ သွေးကြောတွေကို အမြန်ဆုံး ကုပေးချင်လို့ပါ..."

ကျန်းကျွင့်လန်က ခွင့်တောင်းလိုက်သည်။

ဖုန်းဝူချန် ရေးပေးလိုက်သော ဆေးစာရင်းထဲက ပစ္စည်းများမှာ အလွန်တရာ ရှားပါးလှသည် ဖြစ်ရာ ဝူကျိနယ်မြေထဲတွင်ပင် ရှာဖွေရ ခက်ခဲလှပေသည်။

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။ ကျန်းကျွင့်လန်၏ စေတနာနှင့် မေတ္တာကို သူ ကောင်းကောင်း နားလည်ပါသည်။

"ဆရာ... ကျွန်တော့်ကို သွားခွင့်ပြုပါဦး..."

ကျန်းကျွင့်လန်က ရိုသေစွာ နှုတ်ဆက်ပြီးနောက် ကျန်းမိသားစုဆီသို့ အလျင်အမြန် ပြန်လှည့်သွားလေ၏။

"တကယ့် ချစ်တတ်သူကြီးပဲ... အားကျစရာ ကောင်းလိုက်တာကွာ..."

ဟု ပိုင်မိက ရယ်မောရင်း ပြောလိုက်ကာ သူ့အသံထဲတွင် အားကျမှုများ ပါဝင်နေလေသည်။

"အားကျရင် မင်းလည်း တစ်ယောက်လောက် အမြန်ရှာလေကွာ..."

လျိုချင်းယန်က လှောင်ပြောင်လိုက်ပြီး မြောင်ချင်းချင်း၏ ဘေးသို့ ခပ်တည်တည် တိုးကပ်သွားသည်။

"ဟွန်း…ကျွန်မ အနားကို မကပ်နဲ့နော်..."

မြောင်ချင်းချင်းက မျက်စောင်းထိုးရင်း ဟန့်တားလိုက်သည်။

"ဟား... ဟား... ဟား..."

လူတိုင်း ပွဲကျသွားပြီး တဟားဟား ရယ်မောလိုက်ကြတော့သည်။

နန်းတော်သစ်ကြီးက မျက်စိရှေ့မှောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ဖုန်းဝူချန်နှင့် အဖွဲ့သားများသည် အရှိန်မြှင့်ကာ တောင်ထိပ်ပေါ်သို့ ပျံသန်းဆင်းသက်လိုက်ကြသည်။

"နန်းတော်သခင် ရောက်လာပြီပဲ..."

ဖုန်းဝူချန်၏ အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် ဟွမ်ယန်နှင့် ညီအစ်ကိုများ အားလုံး ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

"နန်းတော်သခင်ကို ကြိုဆိုပါတယ်..."

ဖုန်းဝူချန် ခြေမချရသေးခင်မှာပင် ကျယ်ဝန်းလှသော ရင်ပြင်တော်ကြီးပေါ်တွင် ဟွမ်ယန်နှင့် ညီအစ်ကို ရာပေါင်းများစွာသည် တညီတညွတ်တည်း ဒူးထောက်ကာ ကြိုဆိုလိုက်ကြသည်။ သူတို့၏ ဟိန်းဟောက်သံကြီးများသည် ကောင်းကင်ယံအထိ ထိုးဖောက်သွားပြီး တောင်ကြားတစ်ခုလုံး ပဲ့တင်ထပ်သွားစေ၏။

"ဘုန်း..ဘုန်း ..ဘုန်း"

ထိုအသံကြီးများနှင့်အတူ ဖုန်းဝူချန်နှင့် အဖွဲ့သားများ နန်းတော်အထက်တွင် ပေါ်လာကြသည်။

"ဟွမ်ယန်... လွမ်ရှန်း.."

ချီဟွမ်၊ လိန်မူချန်နှင့် အခြားသူများလည်း ဝမ်းသာအားရ အောက်သို့ ခုန်ဆင်းသွားကြသည်။

"ချီဟွမ်...တောက်ဟွမ်... ရွှယ်ဖုန်း..."

ဟွမ်ယန်တို့ ညီအစ်ကိုများလည်း ပျော်ရွှင်စွာ ဆီးကြိုကြသည်။

လပေါင်းများစွာ ခွဲခွာနေပြီးနောက် ပြန်လည်ဆုံတွေ့ရခြင်း ဖြစ်သဖြင့် အလွမ်းသယ်မဆုံး ဖြစ်နေကြရှာသည်။ သူတို့သည် သေဖော်ရှင်ဖက် ညီအစ်ကိုများ မဟုတ်ပါလော။

"မိုက်လိုက်တဲ့ နန်းတော်ကြီး…”

ခမ်းနားထည်ဝါသော နန်းတော်ကြီးကို ကြည့်ရင်း ပိုင်မိ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ကျန်းမိသားစု နန်းတော်ထက်တောင် ပိုပြီး ခမ်းနားနေသလိုပဲ... ဒါ ငါတို့ ကျင့်ကြံရမယ့် နေရာသစ်ပေါ့..."

လေ့ထျန်းကျွယ်၏ မျက်နှာပေါ်တွင်လည်း ပီတိအပြုံးများ ဝေဆာနေသည်။

ပေတိုထျန်းယဲ့မှာလည်း အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားပင်။

“ဒီလောက် ခမ်းနားတဲ့ နန်းတော်မျိုး ငါ ပထမဆုံး မြင်ဖူးတာပဲ…”

တောင်ထိပ် တစ်ခုလုံးကို နေရာယူထားသော နန်းတော်ကြီး... အဆောက်အအုံပေါင်း ဒါဇင်များစွာဖြင့် ဖွဲ့စည်းထားပြီး အရှိန်အဝါ ကြီးမားလှပေသည်။

ဘေးပတ်ဝန်းကျင်ရှိ တောင်ထိပ်များပေါ်တွင်လည်း နန်းတော်ငယ်လေးများ ရှိနေသေး၏။

ကျန်းမိသားစု တည်ဆောက်ပေးလိုက်သော ဤနန်းတော်ကို ဖုန်းဝူချန် အလွန် သဘောကျသွားမိသည်။

"အိုးဟိုး... ဟွမ်ယန်က ထျန်းယွမ်ဘုံ ဆဋ္ဌမအလွှာကို ရောက်နေပြီ... လွမ်ရှန်းလည်း အတူတူပဲ..."

လျိုချင်းယန် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

"ကျန်းမိသားစုက တကယ်ကောင်းတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ ပေးထားပုံရတယ်နော်..."

မြောင်ချင်းချင်းလည်း အံ့ဩမဆုံး ဖြစ်နေရှာသည်။

"ထျန်းယွမ်ဘုံ အဆင့်တွေ အများကြီးပါလား... အားလုံးက ကောင်းကင်ဘုံလူသား အဆင့်တွေ ဖြစ်ကုန်ကြပြီ... အားအနည်းဆုံး လူတောင် ထျန်းယွမ်ဘုံ တတိယအလွှာ အထွတ်အထိပ် ရောက်နေကြတယ်..."

"ကြောက်စရာကောင်းတဲ့ အရှိန်အဝါပဲ... သူတို့က စစ်သားတွေလား... ဒီလို သံမဏိလို မာကျောတဲ့ စိတ်ဓာတ်မျိုးက စစ်သားတွေဆီကပဲ ထွက်လာနိုင်တာ..."

"ဆေးဧကရာဇ်ရဲ့ လက်အောက်မှာ ထျန်းယွမ်ဘုံ အဆင့်တွေ ဒီလောက်များတာလား..."

ကောင်းကင်ဘုံနယ်မြေမှ ပါရမီရှင် လူငယ်လေးများ အားလုံး ရင်သပ်ရှု‌မော ဖြစ်နေကြသည်။

"ငါထင်ထားတာထက်တောင် ပိုကောင်းနေသေးတယ်... အရမ်းကောင်းတယ်..."

ဖုန်းဝူချန်က ကျေနပ်အားရစွာ ပြုံးလိုက်၏။ ကျန်းမိသားစုကို ပို၍ပင် ကျေးဇူးတင်မိသွားသည်။

စစ်သား ရာပေါင်းများစွာ၏ ကျင့်ကြံဆင့်များ တိုးတက်လာမှုနှင့် ဖုန်းဝူချန် ခေါ်ဆောင်လာသော ပါရမီရှင် လူငယ်များ ပေါင်းစပ်လိုက်သောအခါ... အင်အားစုသစ် တစ်ခု မွေးဖွားလာခဲ့ချေ၏။

ဟွမ်ယန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"နန်းတော်သခင်... ကျွန်တော်တို့ တံခါးပိတ်ကျင့်ကြံနေတဲ့ အချိန်တုန်းက ကျန်းမိသားစုက ကောင်းကင်နဲ့ မြေကြီး ရတနာတွေ၊ ဆေးလုံးတွေ အများကြီး ထောက်ပံ့ပေးခဲ့ပါတယ်... ပြီးတော့ ကျွန်တော်တို့ကို တိတ်တဆိတ် စောင့်ရှောက်ပေးမယ့် လူတွေပါ လွှတ်ပေးထားတော့ စိတ်အေးလက်အေး ကျင့်ကြံနိုင်ခဲ့ကြတာပါ..."

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး...

"ကျန်းမိသားစုရဲ့ ကျေးဇူးကို ကျွန်တော်တို့ မမေ့သင့်ဘူး..."

ထို့နောက် ခမ်းနားထည်ဝါသော နန်းတော်ကြီးကို မော့ကြည့်ရင်း ဖုန်းဝူချန် ဆက်ပြောလိုက်သည်။

"နန်းတော်ကြီးက တော်တော်ကောင်းတယ်... အခွင့်အရေးရတုန်း ဝိညာဉ်စုစည်းမှု အခင်းအကျင်းနဲ့ ကာကွယ်ရေး အခင်းအကျင်းတွေ ဆောက်လုပ်ထားမှ ဖြစ်မယ်..."

ထိုစဥ်၊ လွမ်ရှန်းက ဝင်ပြောလိုက်သည်။

"နန်းတော်သခင်... နန်းတော်ကို နာမည်မပေးရသေးဘူး... မဟာအကြီးအကဲ ကျန်းက ပြောတယ်... နန်းတော်သခင် ကိုယ်တိုင် နာမည်ပေးဖို့ စောင့်နေတာတဲ့..."

"နဂါးနတ်ဘုရား နန်းတော်လို့ နာမည်ပေးလိုက်မယ်..."

ဖုန်းဝူချန်က အပြုံးနုနုလေးဖြင့် ဆုံးဖြတ်လိုက်သည်။ သူသည် နဂါးအသွင် အပြည့်အဝ ပြောင်းလဲနိုင်ပြီး နဂါးသွေးကြောကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ၊ ဒီနာမည်သည် အသင့်တော်ဆုံးပင် ဖြစ်ပေသည်။

"နဂါးနတ်ဘုရား နန်းတော်... တော်တော် မိုက်တယ်ဟ... ကြားရတာနဲ့တင် ကြက်သီးထချင်စရာ ကောင်းနေပြီ၊ ဟဲဟဲ..."

လျိုချင်းယန်က သဘောကျစွာ ရယ်မောလိုက်သည်။

ယနေ့၊ ယခု အချိန်က စပြီး... ဝူကျိနယ်မြေ၌ "နဂါးနတ်ဘုရား နန်းတော်" ဟူသော အင်အားစုသစ် တစ်ခု တရားဝင် ပေါ်ထွန်းလာခဲ့လေပြီတကား။

All Chapters