← Chapters

အခင်းအကျင်း တည်ဆောက်ခြင်း

Vol. 31 Ch. 463

အခင်းအကျင်း တည်ဆောက်ခြင်း

Vol. 31 Ch. 463

~နဂါးနတ်ဘုရား နန်းတော် ပေါ်ထွန်းလာခြင်းသည် ပြည်မကြီး တစ်ခုလုံး တုန်လှုပ်ချောက်ခြားသွားစေမည့် နိဒါန်းပျိုးလိုက်ခြင်းပင်။

ဖုန်းဝူချန် ပိုင်ဆိုင်သော အင်အားစု အစစ်အမှန်သည် နောက်ဆုံးတွင် မွေးဖွားလာခဲ့ချေ၏။

"နန်းတော်သခင်ကို ဂါရဝပြုပါတယ်..."

ချီဟွမ်နှင့် နောက်လိုက်အပေါင်းတို့သည် တညီတညွတ်တည်း ဒူးတစ်ဖက်ထောက်ကာ ကြွေးကြော်လိုက်ကြသည်။

သူတို့၏ အသံလှိုင်းကြီးများသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေပြီး ပဲ့တင်ထပ်သွားခဲ့သည်။ ခမ်းနားထည်ဝါလိုက်သည့် မြင်ကွင်း၊ ကြက်သီးထဖွယ်ရာ အခိုက်အတန့်ပါတကား။

ဖုန်းဝူချန်၏ ခရီးလမ်းတစ်လျှောက်တွင် အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ဖြတ်ခဲ့ရသည်။ အသက်နှင့်ရင်းရသော တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ရသည်။

တစ်ကိုယ်ရေတစ်ကာယ ဘဝမှစတင်ခဲ့ရာ ယခုအခါ သူ့အတွက် အသက်ပေးရဲသော ညီအစ်ကို ရာပေါင်းများစွာကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။ ဖုန်းဝူချန် ပေးဆပ်ခဲ့ရသည်များကား မနည်းလှပေ။

မှန်ပေသည်။ ပေးဆပ်မှု ရှိမှ ရယူမှု ရှိစမြဲ။ ယခုအခါ နဂါးနတ်ဘုရား နန်းတော်ကြီးကို တည်ထောင်နိုင်ခဲ့ပြီ မဟုတ်ပါလော။

ဖုန်းဝူချန်သည် ကျိုကျိုးနယ်မြေ၊ ကောင်းကင်ဘုံနယ်မြေနှင့် အင်မော်တယ် လက်နက် စံအိမ်တို့ကို အောင်နိုင်ခဲ့သော်လည်း၊ ကိုယ်ပိုင် နဂါးနတ်ဘုရား နန်းတော်ကို တည်ထောင်နိုင်သည့် ပီတိနှင့် ယှဉ်လျှင် ထိုအောင်မြင်မှုများက ဘာမှမဟုတ်တော့ပေ။

လျိုချင်းယန်၊ မြောင်ချင်းချင်း၊ မူလ ကောင်းကင်အရိပ် တပ်ဖွဲ့နှင့် အလံနက် တပ်ဖွဲ့ဝင်များ အားလုံး စိတ်လှုပ်ရှားလွန်း၍ မျက်ရည်များပင် ဝဲနေကြရှာသည်။

ဟွမ်ယန်က ကျောက်စိမ်းပြားကို ဖုန်းဝူချန်၏ လက်ထဲသို့ ရိုသေစွာ ပေးအပ်လိုက်သည်။

"နန်းတော်သခင်... ဒါ ကျန်းမိသားစုရဲ့ ကျောက်စိမ်းပြားပါ…”

ဟွမ်ယန်တို့ ညီအစ်ကိုများသည် ဤကျောက်စိမ်းပြားကြောင့်သာ ဝူကျိနယ်မြေသို့ ချောမွေ့စွာ ရောက်ရှိခဲ့ပြီး ကျန်းမိသားစု၏ အကူအညီကို အပြည့်အဝ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းမိသားစု၏ ကျောက်စိမ်းပြားကို ကြည့်ရင်း ဖုန်းဝူချန် ရင်တွင်း တစ်ချက် နွေးထွေးသွားရ၏။

ဖုန်းဝူချန်သည် ကျန်းမိသားစုကို ဘေးဒုက္ခမှ ကယ်တင်ခဲ့ဖူးသည် မှန်သော်လည်း ကျန်းမိသားစု၏ ပြန်လည်ကူညီမှုက သူမျှော်လင့်ထားသည်ထက် များစွာ သာလွန်နေသည်။ သူ၏ အခက်အခဲပေါင်းများစွာကို ဖြေရှင်းပေးခဲ့သည် မဟုတ်ပါလော။

"ချီဟွမ်...ခင်ဗျားက လက်မှုပညာသည်တွေကို အခုချက်ချင်း ခေါ်ပြီး နဂါးနတ်ဘုရား နန်းတော် ဆိုင်းဘုတ်ကို ပြင်ဆင်ခိုင်းလိုက်ပါ... ပြီးတော့ ဆေးနန်းတော်၊ လက်နက်နန်းတော်၊ သွန်းလုပ်ရေးနန်းတော်၊ အင်းကွက်နန်းတော်... အကုန်လုံးကို အပိုင်းလိုက် ခွဲပြီး တည်ထောင်မယ်..."

ဖုန်းဝူချန်က အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့ပါ... နန်းတော်သခင်..."

ချီဟွမ်က လေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။

နဂါးနတ်ဘုရား နန်းတော်သည် အလွန်ကျယ်ဝန်းလှပြီး နန်းဆောင်ပေါင်း ဒါဇင်များစွာ ပါဝင်သဖြင့် တစ်ခုချင်းစီ စနစ်တကျ ဖွဲ့စည်းရမည် ဖြစ်သည်။

"ဟွမ်ယန်... ရွှယ်ဖုန်း... နျဲ့ကျုံး... ခင်ဗျားတို့က ညီအစ်ကို တချို့ကို ခေါ်ပြီး အပျိုတော်တွေ သွားရှာချေပါ... ရွှေဒင်္ဂါးတွေ၊ ကျင့်ကြံရေး အရင်းအမြစ်တွေ ရက်ရက်ရောရော ပေးပြီး ခေါ်ခဲ့ပါ..."

"ဟုတ်ကဲ့... နန်းတော်သခင်..."

"နန်းကုန်းကျန့်... ပိုင်မိ...ခင်ဗျားတို့က ကြယ်တာရာ လေလံရုံကို သွားပြီး 'ဝိညာဉ်စုစည်းမှု အခင်းအကျင်း' နဲ့ တခြား အခင်းအကျင်းတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ သွားဝယ်ပါ... များလေ ကောင်းလေပဲ... ဥက္ကာခဲ သံတုံးတွေပါ ဝယ်ခဲ့နော်... မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ဒီကျောက်စိမ်းပြားကို ယူသွားပေါ့..."

"ဟုတ်ကဲ့..."

"ချင်းယန်... ပေတိုယန်... တောက်ဟွမ်... ခင်ဗျားတို့က ညီအစ်ကိုတွေကို ဦးဆောင်ပြီး ဆေးဧကရာဇ်တောင် ပတ်လည်က မြေအနေအထားကို သွားလေ့လာကြပါ..."

"ဟုတ်ကဲ့..."

အမိန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး တိကျသော တာဝန်ခွဲဝေမှုများဖြင့် လူတိုင်း လှုပ်ရှားလိုက်ကြသည်။

နဂါးနတ်ဘုရား နန်းတော် ပေါ်ထွန်းလာသည်နှင့်အမျှ ဖုန်းဝူချန်သည် အရာရာကို ပြင်ဆင်ထားလိုသည်။ ဤနန်းတော်ကြီးကို ဘယ်သူမှ မဖျက်ဆီးနိုင်သော ခံတပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်ရန် သူ ဆုံးဖြတ်ထားသည်။

နန်းတော်ကြီး၏ အဓိက သော့ချက်မှာ 'ကာကွယ်ရေး' ဖြစ်ပြီး 'တိုက်ခိုက်ရေး' က ဒုတိယ ဖြစ်လေ၏။

ခံစစ်ကောင်းမှသာ ထိခိုက်မှု နည်းပါးမည် ဖြစ်ပြီး၊ မည်မျှ အစွမ်းထက်သော ရန်သူ လာပါစေ အလွယ်တကူ မဖောက်ဖျက်နိုင်မည် မဟုတ်ပါလော။

သို့သော် အစပိုင်းတွင် အခက်အခဲများ ရှိစမြဲ။

နန်းတော်ကြီးက တောင်ထိပ်တစ်ခုလုံးကို နေရာယူထားပြီး ဘေးပတ်ဝန်းကျင် တောင်ထိပ်များပါ ပါဝင်နေသဖြင့် အခင်းအကျင်း တည်ဆောက်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။

လိုအပ်သော ပစ္စည်းပစ္စယ ပမာဏမှာလည်း မိုးထိအောင် များပြားလှသည်။

ထို့အပြင် ဖုန်းဝူချန်သည် ဝိညာဉ်လက်နက်များကို အခင်းအကျင်းထဲတွင် ထည့်သွင်းရန် ရည်ရွယ်ထားသော်လည်း နန်းတော်၏ ကြီးမားမှုကြောင့် ဝိညာဉ်လက်နက် ရာပေါင်းများစွာ လိုအပ်မည် ဖြစ်သည်။

ဝိညာဉ်လက်နက် ရာပေါင်းများစွာ... ကြားလိုက်ရုံနှင့်ပင် ခေါင်းမူးသွားနိုင်သော အရေအတွက်ပင်။

ဖုန်းဝူချန်သည် လက်နက်ပညာရှင် ဖြစ်ပြီး 'စိတ်အာရုံဖြင့် လက်နက်သွန်းလုပ်ခြင်း'ကို တတ်မြောက်ထားသဖြင့် လက်နက်လုပ်ရန် မခက်ခဲသော်လည်း အရင်းအမြစ် ရှာဖွေရန်က အဓိက ပြဿနာ ဖြစ်နေသည်။

တခြား ပစ္စည်းများ ထားလိုက်ဦး၊ ဥက္ကာခဲ သံတုံး တစ်မျိုးတည်းနှင့်တင် ခေါင်းကိုက်စရာ ဖြစ်နေ၏။

ကြယ်တာရာ လေလံရုံကတောင် အချိန်တိုအတွင်း သည်လောက် များသည့် ပမာဏကို ရှာပေးနိုင်ပါ့မလား မသေချာပါ။

သို့သော်... နဂါးနတ်ဘုရား နန်းတော်ကို သံမဏိခံတပ်ကြီး ဖြစ်စေချင်လျှင်တော့ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား လုပ်ရပေလိမ့်မည်။

"ဝိညာဉ်လက်နက်တွေနဲ့ အခင်းအကျင်း တည်ဆောက်မယ် ဟုတ်လား... အဲ့ဒါ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ..."

လျိုချင်းယန် တွေးကြည့်ရုံနှင့်ပင် ကြက်သီးထသွားမိသည်။

"အချိန်ဘယ်လောက်ကြာမလဲ မသိဘူး... ဒီလောက်ကြီးတဲ့ နန်းတော်ကြီးအတွက် ဆိုရင် နန်းတော်သခင် ဘယ်လောက်ပဲ တော်နေပါစေ.. ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားနိုင်ပါတယ်..."

ဟု ပေတိုယန်က စိုးရိမ်တကြီး ပြောလိုက်သည်။

"ငါတို့မှာ ရှိတာ အချိန်ပဲ... ပစ္စည်းမလောက်ရင် ကျန်းမိသားစုဆီက အကူအညီ တောင်းရမှာပေါ့..."

ဖုန်းဝူချန်က အေးဆေးပင် ပြောလိုက်သည်။ ခက်ခဲမှန်း သိသော်လည်း လက်လျှော့မည့် အစီအစဉ် သူ့ခေါင်းထဲတွင် မရှိပေ။

ကျန်းမိသားစုသည် လက်နက်သွန်းလုပ်ခြင်း မိသားစု ဖြစ်သဖြင့် ကုန်ကြမ်းပစ္စည်းများ ပေါများလှသည် မဟုတ်ပါလော။

ပစ္စည်းလုံလောက်ပြီ ဆိုလျှင်တော့ အခင်းအကျင်း တည်ဆောက်ခြင်းက ဖုန်းဝူချန်အတွက် ထမင်းစားရေသောက်လောက်သာ ရှိတော့သည်။

အချိန်များ ကုန်ဆုံးသွားသည်နှင့်အမျှ... ဖုန်းဝူချန်သည် နန်းတော်ကြီး၏ နေရာအနှံ့အပြားတွင် ပစ္စည်းအမြောက်အမြားကို ပြင်ဆင်ထားလိုက်သည်။ ကျန်းမိသားစုမှ ရရှိသော ဥက္ကာခဲ သံတုံးများဖြင့် ဝိညာဉ်လက်နက် အခုငါးရာကို သွန်းလုပ်ပြီး သင့်တော်ရာ နေရာများတွင် ချထားလိုက်သည်။

နန်းတော်ဆောင် အသီးသီးတွင် ဆိုင်းဘုတ်များ ချိတ်ဆွဲပြီးပြီ ဖြစ်ရာ နဂါးနတ်ဘုရား နန်းတော်၏ ကျက်သရေမှာ ပို၍ တောက်ပြောင်လာခဲ့ချေ၏။

လဝက်ခန့် ကြာပြီးနောက်... ဖုန်းဝူချန် ပြင်ဆင်မှု အားလုံး ပြီးစီးသွားခဲ့ပါ၏။

နဂါးနတ်ဘုရား နန်းတော် ရင်ပြင်တွင် လူတိုင်း ရင်တမမနှင့် စောင့်ကြည့်နေကြသည်။

"ကိုးထပ် ချန်ခွင်း မျှော်စင်..."

ဖုန်းဝူချန် စိတ်အာရုံကို လှုပ်ရှားလိုက်သည်နှင့် ရတနာမျှော်စင်ကြီး ထွက်ပေါ်လာသည်။

ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးသည် ကောင်းကင်ယံသို့ ထိုးတက်သွားကာ ပေ (၅၀)၊ (၆၀) ခန့် မြင့်မားသော မျှော်စင်ကြီးအဖြစ် ပြောင်းလဲသွားသည်။ ရွှေရောင် အလင်းတန်းများသည် နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးကို လွှမ်းခြုံထားလေသည်။

ဖုန်းဝူချန်သည် ကိုးထပ် ချန်ခွင်း မျှော်စင်ကို အခင်းအကျင်းထဲတွင် ထည့်သွင်းပြီး ၎င်း၏ ကြောက်မက်ဖွယ် ကာကွယ်ရေးနှင့် စုပ်ယူရေး စွမ်းအားများကို အသုံးပြုကာ အခင်းအကျင်းကို အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

"ထိုက်ရွှီ ဝိညာဉ်စုစည်း အခင်းအကျင်း အသက်သွင်းစေ.."

ဖုန်းဝူချန်သည် သူ၏ အစစ်အမှန်ယွမ်စွမ်းအားများကို လှုံ့ဆော်လိုက်ပြီး ရှုပ်ထွေးနက်နဲသော လက်ဟန်များကို ပြုလုပ်ကာ အော်ဟစ်လိုက်သည်။

"ဝီ... ဝီ..."

ကြီးမားလှသော နဂါးနတ်ဘုရား နန်းတော်ကြီး ရုတ်တရက် တုန်ခါလာပြီး လူတိုင်း ကောင်းကင်ကို မော့ကြည့်လိုက်မိကြသည်။

နန်းတော်အထက် ကောင်းကင်ယံတွင် ကြည်လင်သော အလင်းတန်းတစ်ခု ပေါ်လာပြီး၊ နန်းတော်၏ အရပ်မျက်နှာ အသီးသီးတွင် ချထားသော အခင်းအကျင်း မျက်လုံးများမှ မျက်စိကျိန်းမတတ် အလင်းဖြူများ ပေါက်ကွဲထွက်လာကာ ကောင်းကင်ယံသို့ အလင်းတိုင်ကြီးများအဖြစ် ထိုးတက်သွားကြသည်။

အပေါ်စီးမှ ကြည့်လိုက်လျှင် နဂါးနတ်ဘုရား နန်းတော်၏ ကျယ်ပြောလှသော မြေပြင်ပေါ်၌ အလင်းဖြူတန်းများ တစ်ခုနှင့်တစ်ခု ယှက်နွယ်ကာ ကြီးမားနက်နဲသော အခင်းအကျင်း ပုံစံတစ်ခုအဖြစ် ပေါ်ထွက်လာသည်ကို တွေ့မြင်ရပေမည်။

ထိုအခိုက်အတန့်တွင် နဂါးနတ်ဘုရား နန်းတော် အတွင်းရှိ ဝိညာဉ်စွမ်းအင်များ အဆမတန် တိုးပွားလာသည်ကို လူတိုင်း ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များ အားလုံး နန်းတော်ဆီသို့ စုပြုံ ဝင်ရောက်လာကြခြင်း ဖြစ်သည်။

"မျက်တောင်တစ်ခတ် အတွင်းမှာတင် ဝိညာဉ်စွမ်းအင်တွေ အဆများစွာ တိုးလာပါလား..."

"ကောင်းကင်စံအိမ်က အခင်းအကျင်းထက်တောင် ပိုစွမ်းနေသေးတယ်..."

"နန်းတော်သခင်က တကယ်ကို မယုံနိုင်စရာပဲ... ဒီ ထိုက်ရွှီ အခင်းအကျင်းက သောက်ရမ်း မိုက်တယ်ကွာ..."

ပေတိုယန်နှင့် အခြားသူများ စိတ်လှုပ်ရှားလွန်း၍ ကခုန်ချင်စိတ်များပင် ပေါက်လာကြသည်။

"ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်း .. အသက်သွင်းစေ..."

ဖုန်းဝူချန်သည် အားကုန်ထုတ်ကာ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ သူ၏ လက်ဟန်များက ပို၍ လျင်မြန်လာပြီး နက်နဲလာသည်။

"ဝူး.. ဝူး..."

နဂါးနတ်ဘုရား နန်းတော်ကြီး ထပ်မံ တုန်ခါသွားပြန်သည်။ နန်းတော် ပတ်လည်ရှိ အခင်းအကျင်း မျက်လုံးများမှ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး၊ ရွှေရောင် အလင်းတန်းများ ကောင်းကင်သို့ ထိုးဖောက်တက်သွားကြသည်။

"နတ်ဘုရားသတ် အခင်းအကျင်းက ခင်ဗျားတို့ရဲ့ စွမ်းအားတွေ လိုတယ်... အကုန် ပေးလိုက်ကြပါ..."

ဖုန်းဝူချန် အော်ဟစ်လိုက်သည်နှင့် လျိုချင်းယန်နှင့် ညီအစ်ကို ရာပေါင်းများစွာသည် သူတို့၏ စွမ်းအားများကို ဖုန်းဝူချန်ဆီသို့ ပို့လွှတ်လိုက်ကြသည်။ ဖုန်းဝူချန်က ထိုစွမ်းအားများကို အခင်းအကျင်းထဲသို့ တစ်ဆင့် စီးဝင်စေလိုက်၏။

ကြီးမားခမ်းနားသော ရွှေရောင် အခင်းအကျင်း ပုံရိပ်ကြီးတစ်ခု နန်းတော် မြေပြင်ပေါ်တွင် ပေါ်ထွန်းလာသည်။ ရွှေရောင် အလင်းတန်းများက အဆောက်အအုံ တစ်ခုလုံးကို လွှမ်းခြုံထားပြီး၊ ကောင်းကင်ယံသို့ ထိုးတက်သွားသော ရွှေရောင် အလင်းတိုင်များသည် နန်းတော်အထက်တွင် တစ်ခုနှင့်တစ်ခု ယှက်နွယ်ကာ ကိုးထပ် ချန်ခွင်း မျှော်စင်ကြီးနှင့် ပြီးပြည့်စုံစွာ ချိတ်ဆက်မိသွားကြ၏။

"ဝီ... ဝီ..."

ကြောက်ခမန်းလိလိ စွမ်းအားကြီးတစ်ခု အခင်းအကျင်းထဲမှ ထွက်ပေါ်လာသည်။ ထိုစွမ်းအား အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ရွှေရောင် အကာအကွယ် အလွှာကြီးတစ်ခု ဖြစ်ပေါ်လာပြီး နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးကို လုံခြုံစွာ အုပ်မိုးထားလိုက်လေတော့သည်။

ထိုခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ရင်း လျိုချင်းယန်နှင့် ညီအစ်ကို ရာပေါင်းများစွာ၏ မျက်ဝန်းထဲတွင် ထိတ်လန့်အံ့ဩခြင်းများ ပြည့်နှက်နေလေသည်။

ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်း... တရားဝင် ဖြစ်တည်လာခဲ့ချေပြီတကား။

All Chapters