တတိယတန်းစား အင်အားစု
Vol. 31 Ch. 464
~"အစ်ကိုဖုန်း... အောင်မြင်သွားပြီ..."
ကြီးမားခမ်းနားပြီး ကြောက်မက်ဖွယ်ကောင်းသော အခင်းအကျင်းကြီးကို မြင်လိုက်ရသည့်အခါ လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ဦးဆုံး အော်ဟစ်လိုက်သည်။
"ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်း... နာမည်နဲ့လိုက်အောင် စွမ်းအားကြီးမားလှပါလား..."
ယီထျန်းချင်း၏ အသံများပင် တုန်ရီနေသည်။
"ဒီခံစစ်စွမ်းအားနဲ့ဆိုရင် လာတိုက်တဲ့သူတွေ တုန်ခါပြီး သေသွားလောက်တယ်..."
ယဲ့ကူချန်ကလည်း အံ့ဩတကြီး မှတ်ချက်ချလိုက်သည်။
"နန်းတော်သခင်... ဒီလောက် စွမ်းအားကြီးတဲ့ အခင်းအကျင်းက ထျန်းကျီဘုံ စွမ်းအားရှင်တွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပါ့မလား..."
ပေတိုယန်က စိုးရိမ်တကြီး မေးလိုက်သည်။
"မရဘူး..."
ဖုန်းဝူချန်က ပြတ်သားစွာ ခေါင်းခါလိုက်သည်။
ဖုန်းဝူချန်၏ အဖြေကြောင့် စိတ်လှုပ်ရှားနေကြသူများ အားလုံး ကြက်သေသေသွားကြသည်။
ဒီလောက် ကြောက်စရာကောင်းတဲ့ ခံစစ်အခင်းအကျင်းက ထျန်းကျီဘုံ စွမ်းအားရှင်တွေကို မတားနိုင်ဘူးတဲ့လား။
"ထျန်းကျီဘုံ စွမ်းအားရှင်တွေရဲ့ စွမ်းအားက သိပ်ကြောက်စရာ ကောင်းလွန်းတယ်... အခင်းအကျင်းကတော့ တကယ်ပဲ အစွမ်းထက်ပါတယ်... ဒါပေမဲ့ ငါတို့ရဲ့ စွမ်းအားက နည်းနေသေးတော့ အခင်းအကျင်းရဲ့ စွမ်းအားအစစ်အမှန်ကို ထုတ်မသုံးနိုင်သေးတာ... တကယ်လို့သာ ဝိညာဉ်လက်နက် အခုငါးရာ မထည့်ထားရင် ဒီလောက် ခံစစ်စွမ်းအားတောင် ရမှာမဟုတ်ဘူး... ဒါပေမဲ့ ထျန်းကျီဘုံ အောက်က လူတွေ ဘယ်သူမှတော့ ဒီအခင်းအကျင်းကို ဖြိုခွဲလို့ရမှာ မဟုတ်ဘူး..."
ဖုန်းဝူချန်က ရှင်းပြလိုက်သည်။
ဖုန်းဝူချန်၏ လက်ရှိစွမ်းအားသည် ဝူကျိနယ်မြေအတွက် အားနည်းလွန်းနေသေးသည်။ ထို့ကြောင့် သူ တည်ဆောက်လိုက်သော အခင်းအကျင်း၏ စွမ်းအားသည်လည်း ကန့်သတ်ချက် ရှိနေမည်မှာ အမှန်ပင်။
သို့သော် ထျန်းကျီဘုံအောက် မည်သူ့ကိုမဆို ကာကွယ်နိုင်သည် ဆိုသော အချက်ကပင် လုံလောက်စွာ ကြောက်မက်ဖွယ် ကောင်းနေပြီ မဟုတ်ပါလော။
ဖုန်းဝူချန်က အပြုံးနုနုလေးဖြင့် ဆက်ပြောလိုက်သည်။
"ကိုးထပ် ချန်ခွင်း နတ်ဘုရားသတ် အခင်းအကျင်းက ခံစစ်တင် မဟုတ်ဘူး... တိုက်စစ်စွမ်းရည်လည်း ပါတယ်... ပြီးတော့ ကိုးထပ် ချန်ခွင်း မျှော်စင်နဲ့ ပေါင်းစပ်ထားတာဆိုတော့ စွမ်းအားတွေကို စုပ်ယူနိုင်သေးတယ်... အတိုချုပ်ပြောရရင် ခင်ဗျားတို့ ထင်ထားတာထက် အများကြီး ပိုစွမ်းပါတယ်..."
"အလို…တိုက်စစ်စွမ်းရည်လည်း ပါတယ် ဟုတ်လား..."
လျိုချင်းယန်နှင့် အခြားသူများ အံ့အားသင့်သွားကြပြန်သည်။
"ကဲ... အားလုံးပဲ လဝက်လောက် ပင်ပန်းခဲ့ကြပြီ... သွားပြီး ကောင်းကောင်း အနားယူ ကျင့်ကြံကြတော့..."
ဖုန်းဝူချန်က အသေးစိတ် ဆက်မရှင်းပြတော့ဘဲ အခင်းအကျင်းကို ပြန်ပိတ်လိုက်လေသည်။
နဂါးနတ်ဘုရား နန်းတော် ပေါ်ထွန်းလာပြီ ဆိုသော်လည်း လောလောဆယ်တွင် ပြင်ပလောကမှ မည်သူမျှ မသိကြသေးပေ။
သို့သော် ဖုန်းဝူချန် အခင်းအကျင်းကို ဖွင့်လိုက်စဉ်က ထွက်ပေါ်လာသော တုန်ခါမှုနှင့် ကြီးမားသော စွမ်းအားများသည် အနီးအနားရှိ အင်အားစု အကြီးအငယ်များကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
"ခုနက စွမ်းအားက ဘာကြီးလဲ... ကျိုကုန်းတောင်ဘက်ဆီက လာသလိုပဲ..."
"အခင်းအကျင်းလား... ဘယ်အခင်းအကျင်းက ဒီလောက် ခံစစ်စွမ်းအား ကောင်းရတာလဲ..."
"ကျိုကုန်းတောင်ပေါ်မှာ နန်းတော်ကြီးတစ်ခု ဆောက်နေတာတော့ တွေ့တယ်... ဘယ်သူပိုင်လဲတော့ မသိဘူး... ဒါပေမဲ့ ဒီလောက် အစွမ်းထက်တဲ့ အခင်းအကျင်းကို တည်ဆောက်နိုင်တယ်ဆိုတော့ သာမန်လူတော့ မဟုတ်လောက်ဘူး..."
နဂါးနတ်ဘုရား နန်းတော် ပတ်ဝန်းကျင်ရှိ အင်အားစုများမှ ကျင့်ကြံသူများသည် အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြသည်။
စပ်စုချင်ကြသဖြင့် လူအများအပြားသည် အဖြစ်မှန်ကို သိရှိရန် ထွက်လာကြတော့သည်။
ကျိုကုန်းတောင်ပေါ်တွင် နန်းတော်တည်ဆောက်ခြင်းသည် လျှို့ဝှက်ချက် မဟုတ်သော်လည်း ပိုင်ရှင်ကား မည်သူဆိုသည်ကို မည်သူမျှ မသိကြပေ။
နဂါးနတ်ဘုရား နန်းတော် အတွင်း၌ လျိုချင်းယန်နှင့် အခြားသူများ လူစုခွဲရန် ပြင်နေစဉ်မှာပင်... ကျင့်ကြံသူ အများအပြား ပျံသန်းလာနေသည်ကို အာရုံခံမိလိုက်ကြသည်။
"နန်းတော်သခင်... လူတွေ လာနေကြတယ်..."
ယီထျန်းချင်းက သတိပေးလိုက်သည်။
ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။ သူလည်း သိပြီးသား ဖြစ်သည်။
"နန်းတော်သခင် အခင်းအကျင်း ဖွင့်လိုက်တုန်းက အနီးအနားက အင်အားစုတွေ သတိထားမိသွားကြပုံရတယ်..."
ပေတိုယန်က သုံးသပ်ပြသည်။
"ကိစ္စမရှိပါဘူး... နဂါးနတ်ဘုရား နန်းတော် ပေါ်ထွန်းလာမှတော့ လူသိရှင်ကြား ဖြစ်လာမှာပဲလေ..."
ဖုန်းဝူချန်က ဂရုမစိုက်သလို ပြောလိုက်သည်။
"အစ်ကိုဖုန်း ပြောတာ မှန်တယ်... ဝူကျိနယ်မြေ တစ်ခုလုံး နဂါးနတ်ဘုရား နန်းတော် အကြောင်း သိလာမယ့်နေ့က မဝေးတော့ပါဘူး..."
မြောင်ချင်းချင်းက ထောက်ခံလိုက်သည်။
"ဘုန်း..ဘုန်း ..ဘုန်း"
မကြာမီမှာပင် ဒါဇင်ပေါင်းများစွာသော လူရိပ်များသည် နဂါးနတ်ဘုရား နန်းတော် အနီးသို့ ပျံသန်း ရောက်ရှိလာကြသည်။
"အခင်းအကျင်း စွမ်းအား ပျောက်သွားပြီ... ပြန်ပိတ်လိုက်ကြပြီ ထင်တယ်..."
"ဆေးဧကရာဇ် တောင် ဟုတ်လား... ဒါ ကျိုကုန်းတောင် မဟုတ်ဘူးလား... နာမည်ကတော့ တော်တော် မိုက်တယ်ဟ..."
"လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ကျိုကုန်းတောင်က ဆေးဧကရာဇ် တောင် ဖြစ်သွားတာ... ဒါပေမဲ့ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ ဘယ်သူမှ မသိဘူး... နန်းတော်ပိုင်ရှင်က ဘယ်သူလဲ ဆိုတာလည်း မသိရဘူး..."
"နန်းတော်ကတော့ တော်တော် ခမ်းနားထည်ဝါတာပဲ... ပိုင်ရှင်က သေချာပေါက် နောက်ခံတောင့်တဲ့လူ ဖြစ်ရမယ်..."
ကျင့်ကြံသူများသည် တီးတိုးပြောဆိုရင်း နန်းတော်ရှိရာသို့ စပ်စုလိုစိတ်ဖြင့် တိုးကပ်လာကြသည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် ရင်ပြင်တော်ပေါ်ရှိ လူရာပေါင်းများစွာနှင့် "နဂါးနတ်ဘုရား နန်းတော်" ဟူသော ရွှေရောင် စာလုံးကြီး သုံးလုံးကို ထင်ရှားစွာ တွေ့မြင်ရလေသည်။
"နဂါးနတ်ဘုရား နန်းတော်..."
"အင်အားစုသစ်လား... ဒီလူတွေက ဘယ်သူတွေလဲ... အကုန်လုံးက အသက်ငယ်ငယ်လေးတွေဟ..."
"အပျိုတော်တွေကလွဲရင် ကျန်တဲ့သူတွေ အကုန်လုံးက ထျန်းယွမ်ဘုံ အဆင့်တွေချည်းပဲ... မရိုးရှင်းဘူးဟ..."
နဂါးနတ်ဘုရား နန်းတော် အပေါ်သို့ ရောက်ရှိလာသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
သို့သော် သူတို့ကို ပို၍ အံ့ဩစေသည်မှာ... ဖုန်းဝူချန်၏ ကျင့်ကြံဆင့်ကို မည်သူမျှ ခန့်မှန်း၍ မရခြင်းပင်။ ကောင်းကင်ဘုံလူသား အဆင့် စွမ်းအားရှင်များပင်လျှင် ဖုန်းဝူချန်၏ အနက်ရှိုင်းကို မမြင်နိုင်ကြပေ။
ဖုန်းဝူချန်သည် သူ၏ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားပြီး သာမန်လူ တစ်ယောက်အလား ရပ်နေသည်။
သို့သော် နန်းတော်သခင် နေရာတွင် ရပ်နေသော လူတစ်ယောက်ကို သာမန်လူပါဟု ယုံကြည်လောက်အောင် မည်သူမျှ မအကြပေ။
"နဂါးနတ်ဘုရား နန်းတော်ကနေ အားလုံးကို ကြိုဆိုပါတယ်..."
ဖုန်းဝူချန်က ကောင်းကင်ပေါ်မှ ဧည့်သည်များကို ကြည့်ရင်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
"ကျုပ်က ရွှေတိမ်တိုက် နန်းတော်က ဖူဟိုင်ရှန်း ပါ... မိတ်ဆွေရဲ့ နာမည်ကို မေးမြန်းခွင့် ပြုပါ..."
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လက်သီးဆုပ်ကာ မေးမြန်းလိုက်သည်။
"ကျုပ်က ဖုန်းဝူချန်... နဂါးနတ်ဘုရား နန်းတော်ရဲ့ သခင်ပါ... ဒီလူတွေ အားလုံးက ကျုပ်ရဲ့ မိတ်ဆွေတွေ၊ ညီအစ်ကိုတွေပါ..."
ဖုန်းဝူချန်က ပြန်လည် မိတ်ဆက်လိုက်သည်။
"ဪ... နန်းတော်သခင်ဖုန်း ကိုး... ဂုဏ်ပြုပါတယ်ဗျာ... ဂုဏ်ပြုပါတယ်..."
"နဂါးနတ်ဘုရား နန်းတော် တည်ထောင်တဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ... နာမည်က တော်တော် ခန့်ညားတာပဲ..."
"နန်းတော်သခင်ဖုန်း... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင် အင်အားစု တည်ထောင်နိုင်တာ တကယ် လေးစားဖို့ ကောင်းပါတယ်..."
လူအများအပြားက ယဉ်ကျေးစွာ ဂုဏ်ပြုစကား ဆိုကြသည်။
"ကျေးဇူးတင်ပါတယ်ဗျာ... ဒီနေ့ နဂါးနတ်ဘုရား နန်းတော်ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ... နောင်ရှေ့ဆက်ပြီး ခင်ဗျားတို့ရဲ့ သည်းခံခွင့်လွှတ်မှုတွေကို မျှော်လင့်ပါတယ်..."
ဖုန်းဝူချန်က နှိမ့်ချစွာ ပြောလိုက်သည်။
"အားနာစရာကြီးဗျာ... နန်းတော်သခင်ဖုန်း..."
လူအများက ဖော်ရွေစွာ တုံ့ပြန်ကြသည်။
သို့သော်... အကောင်းရှိလျှင် အဆိုးရှိစမြဲ။
လောကကြီးတွင် လူကောင်းများ ရှိသလို၊ ဘုရားသခင်က လူဆိုးများကိုလည်း ဖန်တီးထားတတ်သည် မဟုတ်ပါလော။
"ဟေ့ကောင်လေး... အင်အားစု တစ်ခု တည်ထောင်တယ် ဆိုတာ မင်းထင်သလောက် မလွယ်ဘူးကွ... မင်းတို့ရဲ့ စွမ်းအားလေးနဲ့ကတော့ တစ်နေ့ကျရင် တခြားအင်အားစုတွေရဲ့ ဝါးမြိုတာ ခံလိုက်ရပြီး ဘာဖြစ်သွားမှန်းတောင် သိလိုက်ရမှာ မဟုတ်ဘူး... မင်းတို့လို တတိယတန်းစား အင်အားစုလေးက ဒီလောကမှာ ရပ်တည်ဖို့ မဖြစ်နိုင်ပါဘူးကွာ... ဒီလောက် ခမ်းနားတဲ့ နန်းတော်ကြီးက သူများလက်ထဲ ရောက်သွားဖို့ စောင့်နေသလို ဖြစ်နေပြီ..."
ထိုသို့ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက မထီမဲ့မြင် လှောင်ပြောင်လိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာထား မည်းမှောင်သွားကြသည်။ ဒီနေ့မှ နန်းတော် စဖွင့်တာကို ဂုဏ်မပြုသည့်အပြင် လာပြီး ကျက်သရေတုံးအောင် ပြောဆိုနေသည် မဟုတ်ပါလော။
ဖုန်းဝူချန်က ထိုလူကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး အပြုံးနုနုဖြင့် တုံ့ပြန်လိုက်သည်။
"နဂါးနတ်ဘုရား နန်းတော်ရဲ့ အနာဂတ်က သတ်မှတ်ပြီးသားပါ... ခင်ဗျားရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ လာပြောနေစရာ မလိုပါဘူး..."
"ဘာကွ... မင်းက ငါပြောတာကို အဓိပ္ပာယ်မရှိဘူးလို့ ပြောလိုက်တာလား..."
ထိုလူ၏ မျက်နှာထား ပြောင်းလဲသွားပြီး ရက်စက်သော အလင်းရောင်များ မျက်လုံးထဲတွင် လက်ခနဲ ဖြစ်သွားသည်။
"နဂါးနတ်ဘုရား နန်းတော်က သေချာပေါက် ရှင်သန်ရပ်တည်သွားမှာပါ... စောင့်သာ ကြည့်နေလိုက်..."
ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
"လူငယ်လေး... မင်းတို့ကို အထင်သေးတာတော့ မဟုတ်ဘူး... ဒါပေမဲ့ နဂါးနတ်ဘုရား နန်းတော်ရဲ့ အင်အားက တကယ်ပဲ နည်းလွန်းနေတယ်... ကောင်းကင်ဘုံလူသား အဆင့် နှစ်ယောက် သုံးယောက်လောက်နဲ့ ဘာမှ လုပ်လို့မရဘူးကွ..."
နောက်တစ်ယောက်ကလည်း ခေါင်းခါရင်း ဝင်ပြောသည်။ နဂါးနတ်ဘုရား နန်းတော်ကို အထင်မကြီးကြောင်း ပေါ်လွင်နေ၏။
"နဂါးနတ်ဘုရား နန်းတော်က သေချာပေါက် စွမ်းအားကြီးလာမှာပါ... ခင်ဗျားတို့ စောင့်ကြည့်နေလိုက်..."
လျိုချင်းယန်က မခံချင်စိတ်ဖြင့် အော်ဟစ်လိုက်သည်။
"ငါတို့က စောင့်မကြည့်ချင်လို့ မဟုတ်ပါဘူး... မင်းတို့ အဲ့ဒီနေ့ ရောက်လာတာကို မြင်ခွင့်ရပါ့မလားလို့ စိုးရိမ်လို့ပါ..."
ထိုလူက ခေါင်းခါရင်း လျိုချင်းယန်တို့ကို လူအများအလား ကြည့်ကာ ပြောလိုက်ပြန်သည်။
"အဲ့လိုတော့လည်း မဟုတ်သေးပါဘူးဗျာ... နဂါးနတ်ဘုရား နန်းတော်က လူငယ်တွေက ပါရမီ ရှိကြပါတယ်... သူတို့ စွမ်းအားကြီးလာဖို့ အလားအလာ ရှိပါတယ်..."
ဖူဟိုင်ရှန်း ကတော့ အကောင်းဘက်က မြင်ပေးရှာသည်။
"နန်းတော်သခင်ဖုန်း... နဂါးနတ်ဘုရား နန်းတော် တိုးတက်ကြီးပွားပါစေလို့ ဆုတောင်းပေးပါတယ်..."
လူအများစုကတော့ ဆုတောင်းစကား ဆိုကြသည်။
"ခင်ဗျားတို့ရဲ့ စေတနာစကားတွေကို ကျွန်တော် မှတ်သားထားပါ့မယ်..."
ဖုန်းဝူချန်က ကျေးဇူးတင်စွာ ပြောလိုက်သည်။
"နားမလည် ပါးမလည် ကောင်လေးတွေ..."
စောစောက လှောင်ပြောင်သော လူလတ်ပိုင်းကတော့ ပို၍ပင် အထင်သေးစွာ ရေရွတ်နေသည်။
သို့သော် ဖုန်းဝူချန်က သူ့ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။ ဒီနေ့သည် နဂါးနတ်ဘုရား နန်းတော် စတင် တည်ထောင်သော နေ့ထူးနေ့မြတ် ဖြစ်သဖြင့် ပြဿနာ မဖြစ်ချင်ပေ။
နဂါးနတ်ဘုရား နန်းတော်သည် ယခုမှ စတင် ပေါ်ထွန်းလာခြင်း ဖြစ်ရာ အလွန်အကျွံ မောက်မာဝံ့ကြွား၍ မဖြစ်သေးသည် မဟုတ်ပါလော။