← Chapters

ကိုယ့်သေတွင်း ကိုယ်တူးသူ

Vol. 31 Ch. 465

ကိုယ့်သေတွင်း ကိုယ်တူးသူ

Vol. 31 Ch. 465

~"ခင်ဗျား..."

ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ ထပ်ခါတလဲလဲ စော်ကားမှုများသည် လျိုချင်းယန်၏ ဒေါသအိုးကို ပေါက်ကွဲစေခဲ့ပြီ ဖြစ်သည်။

ပေတိုယန်က လျိုချင်းယန်ကို အလျင်အမြန် တားဆီးလိုက်သည်။

"သည်းခံလိုက်..."

ဖုန်းဝူချန်လည်း လျိုချင်းယန်ကို ကြည့်ရင်း ခေါင်းခါပြလိုက်သည်။

ဝူကျိနယ်မြေ၏ အင်အားကြီးများနှင့် ယှဉ်လျှင် နဂါးနတ်ဘုရား နန်းတော်သည် တတိယတန်းစား အင်အားစု၊ သို့မဟုတ် ထိုထက် နိမ့်ကျသော အဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလော။

အခုမှ စတင် တည်ထောင်ကာစ ဖြစ်သောကြောင့် သည်းခံခြင်း တရားကို လက်ကိုင်ထားပြီး မလိုအပ်သော ပြဿနာများကို ရှောင်ရှားကာ ကိုယ့်အင်အားကို တိုးတက်အောင် လုပ်ရန် အချိန်ယူရပေမည်။

သို့သော်... ရန်စသူများက လွန်လွန်းလာလျှင်တော့ သည်းခံနေစရာ အကြောင်း မရှိပေ။

"ဟွန်း... ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ... မသေချင်ရင် အခုချက်ချင်း ထွက်သွားကြစမ်း..."

"နဂါးနတ်ဘုရား နန်းတော် တဲ့... သုံးရက် ခံရင်တောင် ကံကောင်းတယ် ပြောရမယ်... သတင်းသာ ပြန့်သွားရင် တခြားအင်အားစုတွေက မင်းတို့ကို ဝါးမြိုပစ်လိုက်မှာ..."

"သွားကြစို့ကွာ... နောက်ရက်နည်းနည်းနေရင် ပြန်လာကြည့်ကြတာပေါ့... အဲ့ဒီအချိန်ကျရင် နဂါးနတ်ဘုရား နန်းတော် ဘယ်လို ပျက်စီးသွားမလဲ ဆိုတာ မြင်ရမှာပါ..."

လူတစ်စုက လှောင်ပြောင်သရော်ရင်း ထွက်ခွာသွားကြသည်။ သူတို့၏ စကားလုံးများက ရိုင်းစိုင်းလွန်းလှပေသည်။

ဖုန်းဝူချန် ကိုယ်တိုင်ပင် ဒေါသထွက်မိသော်လည်း အံကြိတ်ကာ သည်းခံလိုက်ရသည်။

"ဒီကောင်တွေ တော်တော်လွန်တာပဲ…”

ဟု လျိုချင်းယန်က အံကြိတ်ရင်း ဒေါသတကြီး ရေရွတ်လိုက်မိသည်။

ထိုစဉ်၊ ဖုန်းဝူချန်က အမိန့်ပေးလိုက်သည်။

"ဟွမ်ယန်... လွမ်ရှန်း.. ခင်ဗျားက ညီအစ်ကို တချို့ကို ခေါ်ပြီး ပတ်ဝန်းကျင်က အင်အားစုတွေရဲ့ အခြေအနေကို သွားစုံစမ်းချေ... ကျန်တဲ့သူတွေ အကုန်လုံး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားကြ... ပိုင်မိ... လေ့ထျန်းကျွယ်... နန်းကုန်းကျန့်... မင်းတို့သုံးယောက် ကောင်းကင်ဘုံလူသား အဆင့်ကို အမြန်ဆုံး အဆင့်ချိုးဖြတ်တက်လှမ်းနိုင်အောင် ကြိုးစားကြ... မကြာခင် တိုက်ပွဲကြီး ဖြစ်လာနိုင်တယ်..."

ပိုင်မိက ယုံကြည်မှု အပြည့်ဖြင့် ကတိပေးလိုက်သည်။

"နန်းတော်သခင် စိတ်ချပါ... လဝက်ပဲ အချိန်ပေးပါ... ကျွန်တော် ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်အောင် လုပ်ပြပါ့မယ်..."

"ဟုတ်ကဲ့ နန်းတော်သခင်..."

ဟွမ်ယန်နှင့် လွမ်ရှန်တို့လည်း ချက်ချင်းပင် တောင်အောက်သို့ ဆင်းသွားကြတော့သည်။

နဂါးနတ်ဘုရား နန်းတော် တည်ထောင်လိုက်သည့် သတင်းသည် တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။

သို့သော် ပျံ့နှံ့သွားသော သတင်းများက နဂါးနတ်ဘုရား နန်းတော်ကို အပုပ်ချထားသော သတင်းများသာ ဖြစ်သည်။

အင်အားမရှိဘဲ ခမ်းနားထည်ဝါသော နန်းတော်ကြီး တည်ဆောက်ထားကြောင်း၊ နန်းတော်ထဲတွင် လူငယ်နောက်လိုက် ရာပေါင်းများစွာ ရှိနေကြောင်း၊ အချို့ကဆိုလျှင် နဂါးနတ်ဘုရား နန်းတော်သည် အသုံးမကျသော အမှိုက်ပုံကြီးသာ ဖြစ်ကြောင်း ပိုမို ချဲ့ကား ပြောဆိုကြသည်။

သတင်းပြန့်သွားသည်နှင့် တပြိုင်နက် အနီးအနားရှိ အင်အားစုများသည် နဂါးနတ်ဘုရား နန်းတော်ကို မျက်စိကျလာကြတော့သည်။

ဒီလောက် ခမ်းနားထည်ဝါသော နန်းတော်ကြီးကို ဘယ်သူက မလိုချင်ဘဲ နေပါမည်နည်း။

ပြည်မကြီး ဆိုသည်မှာ အားနည်းသူက အားကြီးသူ၏ ဝါးမြိုခြင်းကို ခံရစမြဲ ဖြစ်သော နေရာမျိုး ဖြစ်သည်။ အင်အားစု အချင်းချင်း တိုက်ခိုက်သိမ်းပိုက်ခြင်းများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပျက်နေကျ ကိစ္စရပ်များပင်။

အကျိုးစီးပွားအတွက် ဆိုလျှင် ဘာမဆို ဖြစ်နိုင်သော ကမ္ဘာကြီး မဟုတ်ပါလော။

...

ကျန်းမိသားစု ပင်မခန်းမဆောင်...

"မိသားစုခေါင်းဆောင်... ဆေးဧကရာဇ်ရဲ့ နဂါးနတ်ဘုရား နန်းတော် တည်ထောင်လိုက်ပြီလို့ သတင်းရပါတယ်... ကြယ်တာရာနယ်မြေက အင်အားကြီးတွေကို သတိပေးထားလိုက်ရမလား..."

အကြီးအကဲတစ်ဦးက မေးမြန်းလိုက်သည်။

ကျန်းထျန်းယွမ်က အေးဆေးပင် ပြန်ဖြေသည်။

"မလိုပါဘူး... ငါတို့က ဘေးကနေ စောင့်ကြည့်နေရုံပဲ... ဒါပေမဲ့ ငါတို့ လက်အောက်ခံ အင်အားစုတွေကိုတော့ ဆေးဧကရာဇ်ကို သွားမထိဖို့ သတိပေးထားလိုက်..."

"ဆေးဧကရာဇ်က ကိုယ်ပိုင်အင်အားစု တည်ထောင်တာ ငါတို့ကို အသိမပေးဘူး ဆိုကတည်းက ငါတို့ကို ဝင်မပါစေချင်လို့ပဲ... ဒါပေမဲ့ လိုအပ်ရင်တော့ သူတို့ကို သတိပေးမှု တချို့ လုပ်ပေးရမယ်..."

အကြီးအကဲကြီး ကျန်းဝူဖုန်းက လေးနက်စွာ ပြောကြားလိုက်သည်။

ကျန်းမိသားစု အပြင်... ဝူကျိနယ်မြေ၏ အရှင်သခင် ဖြစ်သော အင်မော်တယ် လက်နက် စံအိမ်ကြီး ကလည်း သတင်းရရှိထားပြီး ဖြစ်သည်။

ဖုန်းဝူချန် ဝူကျိနယ်မြေသို့ ရောက်ရှိလာပြီး နဂါးနတ်ဘုရား နန်းတော် တည်ထောင်လိုက်သည့် သတင်းသည် သူတို့ကို အံ့အားသင့်စေခဲ့သည်။

သို့သော် အင်မော်တယ် လက်နက် စံအိမ်သည်လည်း ကျန်းမိသားစု ကဲ့သို့ပင် ဝင်မပါဘဲ စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းသည်။ နဂါးနတ်ဘုရား နန်းတော်ကို သူ့ဘာသာသူ ကြီးထွားလာစေချင်ခြင်းပင်။

သို့သော် ဖုန်းဝူချန် ကြယ်တာရာ နယ်မြေသို့ ရောက်နေမှတော့ အင်မော်တယ် လက်နက် စံအိမ် အနေဖြင့် လူလွှတ်ပြီး ဂါရဝပြုရမည် မဟုတ်ပါလော။ မဟုတ်လျှင် သူတို့၏ ဘိုးဘေးဆရာသခင်ကို မလေးစားရာ ရောက်ပေလိမ့်မည်။

ရက်အနည်းငယ် အတွင်းမှာပင်... နဂါးနတ်ဘုရား နန်းတော်သို့ လူအမျိုးမျိုး လာရောက် လေ့လာကြသည်။ မျက်စိကျနေသော အင်အားစုများသည်လည်း တိတ်တဆိတ် စုံစမ်းထောက်လှမ်းနေကြသည်။

နဂါးနတ်ဘုရား နန်းတော်၏ အင်အား နည်းပါးကြောင်း သတင်းရထားသော်လည်း၊ ခမ်းနားထည်ဝါသော နန်းတော်ကြီးကို မြင်လိုက်ရသည့်အခါ သူတို့၏ ရင်ထဲတွင် မသိမသာ လေးစားစိတ်များ ဖြစ်ပေါ်လာကြသည်။

"နဂါးနတ်ဘုရား နန်းတော်မှာ ဆေးနန်းတော်၊ လက်နက်နန်းတော်၊ သွန်းလုပ်ရေးနန်းတော်၊ အင်းကွက်နန်းတော် တွေပါ ရှိတယ်တဲ့လား... ဆေးပညာရှင်နဲ့ လက်နက်ပညာရှင် ရှိတာ မဆန်းပေမယ့်... သွန်းလုပ်ရေး ပညာရှင်နဲ့ အင်းကွက်ပညာရှင်ပါ ရှိတယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး ထင်တယ်..."

"တကယ်သာ ရှိရင်တော့ နဂါးနတ်ဘုရား နန်းတော်က မရိုးရှင်းဘူးနော်..."

"ဟာ.. ဒါ လူတွေကို ခြောက်ချင်လို့ ဟန်ရေးပြထားတာ နေမှာပါကွ... ဘယ်သွန်းလုပ်ရေး ပညာရှင်က ဒီလောက် အားနည်းတဲ့ အင်အားစုမှာ လာနေချင်မှာလဲ..."

"ဟန်ပြတာ ဟုတ်မဟုတ်၊ မကြာခင် သိရမှာပါ... နဂါးနတ်ဘုရား နန်းတော်ကို မျက်စိကျနေတဲ့ လူတွေ အများကြီးပဲ..."

လာရောက် လေ့လာသူများအကြား ဝေဖန်သံများ ဆူညံနေသည်။

နဂါးနတ်ဘုရား နန်းတော်က သူတို့ ပြောသလောက်ရော အားနည်းပါမည်လား။

"ဟွန်း... မဆိုးဘူးပဲ... နဂါးနတ်ဘုရား နန်းတော်က ဒီလောက်ရက်ကြာတာတောင် မပျက်စီးသေးပါလား... ကံကောင်းလှချည်လား..."

လူအများ ဆွေးနွေးနေကြစဉ်မှာပင် လှောင်ပြောင်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခြင်းပါ။

ထိုအသံကြောင့် လူတိုင်း ငြိမ်သက်သွားကြသည်။

"ဒီလူ ထပ်ရောက်လာပြန်ပြီ..."

ချီဟွမ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ဒေါသတကြီး ရေရွတ်လိုက်မိသည်။

"စိတ်လိုက်မာန်ပါ မလုပ်နဲ့... ဒီကောင်က ကောင်းကင်ဘုံလူသား တတိယအလွှာ ရောက်နေတာ... ခဏ သည်းခံလိုက်... သူ့နာမည်က ကျိုးယီ.. သူ့နောက်ကွယ်မှာ မီးတိမ်တိုက် နန်းတော် ရှိတယ်... အဲ့ဒီနန်းတော်က တော်တော်စွမ်းတယ်... နန်းတော်သခင်က ကောင်းကင်ဘုံလူသား ပဉ္စမအလွှာ ရောက်နေသလို၊ ဒီကောင်ကလည်း အဲ့ဒီမှာ ဆရာတစ်ဆူပဲ... မီးတိမ်တိုက် နန်းတော်မှာ ကောင်းကင်ဘုံလူသား အဆင့် ( ၇ ) ယောက်တောင် ရှိတယ်..."

ဟွမ်ယန်က မျက်မှောင်ကြုတ်ရင်း သတိပေးလိုက်သည်။

လျိုချင်းယန်နှင့် အခြားသူများ ဒေါသထွက်နေသည်ကို မြင်သောအခါ ကျိုးယီက ပို၍ လှောင်ပြောင်လာသည်။

"ဘာလဲ... ဒေါသထွက်နေပေမယ့် ဘာမှမလုပ်ရဲကြဘူးလား... ရင်နာစရာ ကောင်းလိုက်တာနော်... နဂါးနတ်ဘုရား နန်းတော်က လူတွေ အကုန်လုံးက မင်းတို့လို လိပ်ခေါင်းတိုတွေချည်းပဲလားကွ..."

ရုတ်တရက် ခန်းမဆောင်ထဲမှ ဖုန်းဝူချန်၏ အေးစက်သော အသံ ထွက်ပေါ်လာသည်။

"လောကကြီးမှာ မောက်မာတဲ့လူတွေ အများကြီး ရှိပေမယ့်... ခင်ဗျားလို သေလမ်းရှာနေတဲ့ ငတုံးမျိုး တွေ့ရခဲတယ်..."

"သေလမ်းရှာတယ် ဟုတ်လား... ဟား ဟား... ဟေ့ကောင်လေး... ငါတစ်ယောက်တည်းနဲ့တင် မင်းတို့ နဂါးနတ်ဘုရား နန်းတော် တစ်ခုလုံးကို ပြာချပစ်လိုက်လို့ ရတယ်ကွ..."

ကျိုးယီက မထီမဲ့မြင် ပြောလိုက်သည်။ သူ့မျက်လုံးထဲတွင် ရက်စက်သော သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။

"ဟုတ်လို့လား..."

ဖုန်းဝူချန်က လှောင်ပြောင်သလို ရယ်မောလိုက်သည်။ နောက်တစ်စက္ကန့်တွင် သူသည် ရင်ပြင်တော်ပေါ်သို့ ဘွားခနဲ ရောက်ရှိလာလေသည်။

"ခင်ဗျားက နဂါးနတ်ဘုရား နန်းတော်ရဲ့ အင်အားကို စမ်းသပ်ချင်လို့ တမင်သက်သက် လာပြီး ရန်စနေတာပဲ... ကောင်းပြီလေ... ဒါဆိုရင်လည်း ခင်ဗျား သိချင်တာ သိရအောင် ကျွန်တော် ပြပေးရတာပေါ့... ဒါပေမဲ့ ခင်ဗျား ပေးဆပ်ရမယ့် တန်ကြေးကတော့ ကြီးလိမ့်မယ်နော်..."

ဖုန်းဝူချန်၏ အသံသည် ရေခဲတမျှ အေးစက်နေပြီး၊ သူ့မျက်ဝန်းထဲမှ အကြည့်များက ကျိုးယီကို ထိုးဖောက်သွားမတတ် စူးရှလှသည်။

ဖုန်းဝူချန်၏ အကြည့်ကို ခံစားလိုက်ရသောအခါ ကျိုးယီ၏ ခန္ဓာကိုယ်သည် အဆိပ်ပြင်း မြွေတစ်ကောင်၏ စိုက်ကြည့်ခြင်းကို ခံရသကဲ့သို့ တုန်လှုပ်သွားမိသည်။

ဖုန်းဝူချန်၏ အေးစက်သော အကြည့်သည် တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

"မင်းလို နန်းတော်သခင်ပေါက်စလေးက ဘာများတတ်နိုင်မလဲဆိုတာ ငါ သိချင်စမ်းပါဘိကွာ... လေကြီးမနေနဲ့..."

ကျိုးယီက အံကြိတ်ရင်း ပြောလိုက်စဥ်၊ သူ့မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များ ပို၍ ပြင်းထန်လာသည်။

"ခင်ဗျားကို သတ်ရတာ... လက်ဖဝါး တစ်ဖက်လှန်လိုက်သလောက်ပဲ လွယ်တယ်..."

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ စွမ်းအားများကို အကုန်ထုတ်ဖော်လိုက်ရာ ရွှေရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာတော့သည်။

"ဝုန်း..."

ဖုန်းဝူချန်သည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ရွှေရောင် လျှပ်စီးတစ်စင်းအလား ပြောင်းလဲသွားသည်။

"ကောင်းကင်ဘုံလူသား ပထမအလွှာလေးနဲ့များ... သေချင်နေတာက မင်းပါကွ..."

ဖုန်းဝူချန်၏ ကျင့်ကြံဆင့်ကို သိလိုက်ရသောအခါ ကျိုးယီက ပို၍ အထင်သေးသွားပြီး စိတ်သက်သာရာ ရသွားသည်။

ကျိုးယီသည် သူ၏ စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ဖုန်းဝူချန်ရှိရာသို့ အရူးအမူး ထိုးဆင်းလာသည်။

ထိုစဉ် ဖုန်းဝူချန်၏ လက်တွင် အနက်ရောင် လက်အိတ်ကြီး ပေါ်လာပြီး သူ၏ အရှိန်အဝါသည် ရုတ်ချည်းဆိုသလို မိုးထိအောင် မြင့်တက်သွားတော့သည်။

ကောင်းကင်ဘုံလူသား ဒုတိယအလွှာ အထွတ်အထိပ်...။

နှစ်ယောက်သား အရှိန်ပြင်းပြင်းဖြင့် ဝင်ဆောင့်မိကြပြီး ပြင်းထန်သော လက်သီးချင်း ယှဉ်ထိုးလိုက်ကြတော့သည်။

"ဘုန်း..."

ကောင်းကင်ယံထက်တွင် ပေါက်ကွဲသံ တစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာလေတော့သတည်း။

All Chapters