← Chapters

လော်မြောင်... လာလေ... တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးကြည့်ကြတာပေါ့

Vol. 7 Ch. 62

လော်မြောင်... လာလေ... တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးကြည့်ကြတာပေါ့

Vol. 7 Ch. 62

အခန်း (၆၂) - လော်မြောင်... လာလေ... တစ်ယောက်နဲ့တစ်ယောက် ဒုက္ခပေးကြည့်ကြတာပေါ့

ဝမ်လော်ရီရော မိထွေးကုန်းစွန်းဟွေးပါ စိတ်ဝင်တစားနဲ့ ကြည့်နေကြသည်။ ဝမ်ရှိုကျဲ့လိုလူမျိုး လက်မှိုင်ချနေရတာ မြင်ရခဲသလို ဒီမြင်ကွင်းက တကယ်လည်း စိတ်ဝင်စားဖို့ ကောင်းနေသည်။

"ကဲ... ဒီနေ့တော့ ရန်မဖြစ်ကြနဲ့တော့။ စားကြရအောင်" ဝမ်လော်မြောင်က လက်ကာပြရင်း သက်ပြင်းချကာ စားပွဲမှာ ဝင်ထိုင်လိုက်သည်။

"နောက်မှ အားရင် မိန်းကလေးတစ်ယောက်ကို ဘယ်လို ပျော်ရွှင်အောင် ထားရမလဲဆိုတာ သင်ပေးမယ်။ ဒါက နက်နဲတဲ့ ပညာရပ်တစ်ခုပဲ... ဝမ်ရှိုကျဲ့ရေ... နင် ဖြည်းဖြည်းချင်း နားလည်သွားမှာပါ"

"မယ်မယ်... သူ ဒီစကားတွေ ဘယ်က တတ်လာတာလဲဗျာ" ဝမ်ရှိုကျဲ့လည်း အားမရှိတော့သလို စားပွဲမှာ ဝင်ထိုင်ရင်း မေးလိုက်သည်။

ကုန်းစွန်းဟွေးက မျက်စောင်းထိုးရင်း ပြုံးကာ ပြောသည်။

"မင်းက ညီမလေး စိတ်ကျေနပ်အောင် မထားလို့ ဖြစ်ရတာပေါ့"

"သင်ခန်းစာ ယူထား... သင်ခန်းစာ ယူထား... နောက်တစ်ခါကျရင် မိန်းကလေးတွေ ပျော်အောင်ထားတဲ့ စွမ်းရည်ကို အဆင့်မြှင့်ထားဦး"

ဝမ်ရှိုကျဲ့ သူ့နဖူးက ချွေးစတွေကို သုတ်လိုက်မိသည်။ ဒီကောင်မလေးတွေကို လျှော့တွက်လို့ မရပေ။ အကုန်လုံးက ဉာဏ်ကောင်းကြသည်။ လူရှောင်ရှောင်၊ ဝမ်လော်ကျင်း၊ ဝမ်လော်ချိုး၊ ဝမ်လိချီ... နောက်ဆုံး အငယ်ဆုံးလေး ဝမ်လော်မြောင်တောင် အတော်လေး အစွမ်းထက်နေပြီ။

ညီလေးတွေလည်း အရမ်းကြီးတော့ နုံအ မနေလောက်ပါဘူး။ ဒါပေမဲ့ အစ်ကိုကြီးရှေ့မို့လို့ အားနာပြီး စကားသိပ်မပြောရဲကြတာ ဖြစ်မည်။ မဟုတ်ရင်တော့ အခုထက်တောင် ပိုပြီး အရှက်ကွဲနေရလောက်ပြီ။

ဝမ်မျိုးနွယ်စုက ယောက်ျားလေးတွေကို ဆုံးမရာမှာ မိန်းကလေးတွေလောက် မတင်းကျပ်ပေ။

"စားကြရအောင်... လော်မြောင်လေး ဗိုက်ဆာနေပြီ"

ဝမ်လော်ရီက ပြုံးပြီး ပြောလိုက်ရင်း ဝမ်ရှောင်ယွီကို ဟင်းပွဲတွေ ချခိုင်းလိုက်သည်။ သူ ဘယ်က ရှာလာမှန်းမသိတဲ့ ဝိညာဉ်ဝိုင်တစ်အိုးလည်း ပါလာသည်။ ကျောက်စိမ်းဖြူ ဝိညာဉ်ဆန်ဝိုင်တော့ မဟုတ်ဘဲ အစိမ်းရောင် ဝိညာဉ်သစ်သီးဝိုင် ဖြစ်သည်။

ဝိညာဉ်သစ်သီးက ကျောက်စိမ်းဖြူ ဝိညာဉ်ဆန်ထက် ပိုရှားပါးပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးသလို အသားအရေကိုလည်း လှပစေတာကြောင့် သိုင်းမျိုးနွယ်စုက အမျိုးသမီးတွေကြားမှာ ရေပန်းစားသည်။

ဟင်းပွဲတွေကတော့ ရှုပ်ရှုပ်ထွေးထွေး မဟုတ်ဘဲ ကျေးလက်ဒေသထွက် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေမို့ ပေါ့ပေါ့ပါးပါးနှင့် လတ်ဆတ်လန်းဆန်းနေသည်။ သွေးအားပြန်ဖြည့်ဖို့ လိုအပ်နေတဲ့ ဝမ်ရှိုကျဲ့အတွက် ဝက်သားနှပ် ပန်းကန်ကြီး တစ်ပွဲနှင့် အသားဟင်းအချို့လည်း ပြင်ဆင်ထားပေးသည်။

"ဟင်... ဒါ ဝိညာဉ်ဦးချိုနွားရဲ့ အသား မဟုတ်လား"

ဝမ်ရှိုကျဲ့က အသားပန်းကန်ကို မြင်တော့ အံ့ဩသွားသည်။

ချန်နင်နယ်မြေမှာ အင်အားကြီး သိုင်းမျိုးနွယ်စု နှစ်ခု ရှိသည်။ ချန်နင်ဟွမ်ဖူ မျိုးနွယ်စုက ကြီးမားတဲ့ မွေးမြူရေးခြံကြီး ပိုင်ဆိုင်ပြီး သာမန် နွား၊ မြင်း၊ ဝက်၊ သိုးတွေ အပြင် နာမည်ကျော်ကြားတဲ့ ဝိညာဉ်ဦးချိုနွားတွေကိုပါ မွေးမြူကြသည်။

မျိုးနွယ်စု အသီးသီးရဲ့ အဓိက အသား လိုအပ်ချက်ကို ဟွမ်ဖူမျိုးနွယ်စုဆီကနေ ဝယ်ယူကြသည်။ အထူးသဖြင့် ဝိညာဉ်ဦးချိုနွားအသားက မျိုးနွယ်စုကြီးတွေအတွက် အဓိက ဝိညာဉ်အသား အရင်းအမြစ် ဖြစ်သည်။

ဒီမွေးမြူရေးခြံကြောင့် ဟွမ်ဖူမျိုးနွယ်စုက ငွေတွေ အများကြီး ရှာနိုင်ခဲ့သလို သူတို့ရဲ့ စုစုပေါင်း အင်အားကလည်း ကြောက်စရာကောင်းလောက်အောင် ကြီးမားလာခဲ့သည်။

"ဒါ ဒုတိယအဆင့် ထိပ်ဆုံး သားရဲဖြစ်တဲ့ သံကျောရိုင်းဝက်ရဲ့ အသားလေ" ဝမ်လော်ရီက ပြောသည်။

"သူ့အသားထဲမှာ ပါတဲ့ သွေးစွမ်းအင်က မွေးမြူရေး ဝိညာဉ်ဦးချိုနွားထက် အများကြီး သာတယ်။ နင်လည်း ခုတလော ပင်ပန်းနေတာဆိုတော့ သွေးအားပြန်ဖြည့်လိုက်ဦး"

ဟာ... ဒုတိယအဆင့် ထိပ်ဆုံး သားရဲဆိုတာ လူသားတွေရဲ့ ချီသန့်စင်ခြင်းအဆင့် ထိပ်ဆုံးနဲ့ ညီမျှသည်။ ဒါပေမဲ့ ပုံမှန် အခြေအနေမှာဆိုရင် ချီသန့်စင်ခြင်းအဆင့် ထိပ်ဆုံး ရောက်နေတဲ့ လူတစ်ယောက်က အဆင့်တူ တောရိုင်းသားရဲ တစ်ကောင်ကို တစ်ယောက်ချင်း ယှဉ်တိုက်ဖို့ ခက်ခဲသည်။

တနည်းအားဖြင့် တစ်ကိုယ်တော် ရင်ဆိုင်ဖို့ မဖြစ်နိုင်သလောက်ပင် ရှုံးရင် သေမည်။ နိုင်ရင်တောင် တစ်ပိုင်းတစ်စ မသေကောင်း မပျောက်ကောင်း ဖြစ်ကျန်ရစ်ခဲ့နိုင်သည်။

ကုန်းနေ သားရဲတွေက တောထဲမှာ တိုက်ခိုက်ရတာ ကျွမ်းကျင်ပြီး ကြောက်စရာကောင်းတဲ့ ခွန်အား ရှိကြသည်။ သံကျောရိုင်းဝက်ဆိုတာ ကမ္ဘာမြေက စကားနဲ့ ပြောရရင် တင့်ကားတစ်စီး တည့်တည့် ဝင်တိုက်သလိုမျိုး ဖြစ်ပြီး အသားအရေကလည်း မာကျောလွန်းတာကြောင့် ကိုင်တွယ်ရ အလွန်ခက်ခဲသည်။

ဒီလို သားရဲမျိုးကို ဖမ်းဆီးဖို့ဆိုရင် လူတွေအနေနဲ့ လိုအပ်တဲ့ အင်အားအပြင် မဟာဗျူဟာတွေ၊ ထောင်ချောက်တွေပါ သုံးရသည်။ ဝမ်မျိုးနွယ်စုရဲ့ ငါးဖမ်းအဖွဲ့ဆိုရင်လည်း မြစ်ထဲက ဝိညာဉ်ငါးတွေကို ဖမ်းဖို့အတွက် နည်းဗျူဟာနဲ့ ကျွမ်းကျင်မှုကို ပေါင်းစပ် အသုံးပြုရသည်။

"မမကြီး... ဝိညာဉ်သစ်သီးဝိုင်နဲ့ ဒုတိယအဆင့် ထိပ်ဆုံး သားရဲအသားပါဆိုတော့..." ဝမ်ရှိုကျဲ့က လေသံထူးထူးဆန်းဆန်းနဲ့ မေးလိုက်သည်။

"ဒါတွေ ဘယ်က ရတာလဲ။ ထီပေါက်လာတာလား"

ဝမ်လော်ရီ မျက်နှာလေး ရဲသွားပြီး တိုးတိုးလေး ပြောသည်။

"ချန်ဖန်ကျယ်က သူ့လူကို လွှတ်ပြီး လာပို့ခိုင်းတာ။ တို့တွေကို မြည်းကြည့်ပါတဲ့။ သူတို့ ရေယာဉ်စုက မြစ်ကမ်းပါးတစ်ဖက် တောရိုင်းထဲမှာ သံကျောရိုင်းဝက် တစ်ကောင်တည်း ရှိနေတာ တွေ့လို့ ချန်မျိုးနွယ်စုရဲ့ ဘိုးဘေးကျွင်းယောင်က ဝင်တိုက်ပြီး သတ်လိုက်တာတဲ့"

တစ်ကောင်တည်း ကျန်ခဲ့တဲ့ သံကျောရိုင်းဝက်လား...

ဝမ်ရှိုကျဲ့ အားကျသွားမိသည်။ သွေးနဲ့ စွမ်းအင် ဖြည့်ဖို့အတွက် ဒါက အကောင်းဆုံးပဲ။ ဒီသံကျောရိုင်းဝက်က သူဖမ်းခဲ့တဲ့ အရှေ့ပင်လယ် မြှားသွားငါးထက် တန်ဖိုးအများကြီး ပိုမြင့်သည်။ ဟိုငါးက ဒုတိယအဆင့် ဆိုပေမယ့် ထိပ်ဆုံးအဆင့်ထိ ရောက်ဖို့ အဝေးကြီး လိုသေးသည်။

ဒါပေမဲ့ ဒုတိယအဆင့် ထိပ်ဆုံး သားရဲတစ်ကောင်သာ အနီးအနားမှာ တကယ် ပေါ်လာရင် ဝမ်မျိုးနွယ်စုအတွက် ကပ်ဘေးတစ်ခု ဖြစ်လာနိုင်သည်။ ဘိုးဘေးသာ ဝင်မပါနိုင်ရင် အဲဒီကောင်ကို သတ်ဖို့အတွက် အသေအပျောက် အများကြီး ရှိနိုင်သည်။

သူများတွေမှာ တောထဲသွားရင် ဦးဆောင်ပေးမယ့် ဘိုးဘေး ရှိနေတာကတော့ တကယ် အားကျစရာပဲ။

တော်သေးတာက သူတို့ရဲ့ ဘိုးဘေးလုံယန်လည်း အခုဆိုရင် ယင်မိစ္ဆာချီတွေကို ဖြေဖျောက်ပြီး ဒဏ်ရာကို ကုသနေပြီ ဖြစ်သည်။ သူသာ ပြန်ကောင်းလာရင် တိုက်ခိုက်ရေး စွမ်းရည်က ဘိုးဘေးကျွင်းယောင် ယှဉ်နိုင်မယ့် အနေအထား မဟုတ်ပေ။

"ဒေါက်... ဒေါက်..."

ခေါက်သံ ပြတ်ပြတ်သားသား နှစ်ချက်က ဝမ်ရှိုကျဲ့ရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်သည်။

"ဝမ်ရှိုကျဲ့... ကိုကိုရေ..." ဝမ်လော်မြောင်က ပန်းကန်လုံးကို တူနဲ့ ခေါက်ရင်း ပြောလိုက်သည်။

"ကြားလား... ချန်ဖန်ကျယ်က လက်မထပ်ရသေးခင်တည်းက သူ့မယားလောင်းကို ဘယ်လို အလိုလိုက်လဲဆိုတာ။ ပြောပြမယ်... ဒီလို ခံစားချက်မျိုးက မင်္ဂလာမဆောင်ခင်ကတည်းက ပျိုးထောင်ထားရတာ။ နောင်ကျရင် ရလာမယ့် မရီးရွှီလန်ကို ပစ်မထားနဲ့နော်"

ဝမ်ရှိုကျဲ့က ခပ်မဲ့မဲ့ ပြုံးရင်း သူ့ပါးလေးကို ဆွဲညှစ်လိုက်သည်။

"နင်က ဘာသိလို့လဲ... လျိုမျိုးနွယ်စုက ငါတို့ထက် အများကြီး အင်အားကြီးတယ်။ သူတို့မှာ ဘာမရှိလို့လဲ။ ပြီးတော့ ထမင်းစားရင် ပန်းကန်ကို မခေါက်ရဘူး"

ချန်ဖန်ကျယ်က သူ့အစ်မကို လက်ဆောင်ပေးတာပဲ ရှိသေးတယ်... ဒီကောင်မလေးက မနာလိုဖြစ်ပြီး သူ့ကို လာရစ်နေတယ်။

"မြောင်မြောင်... နင့်ကိုကို ပြောတာ မှန်တယ်။ ပန်းကန် မခေါက်နဲ့။ ဒါပေမဲ့ ရှိုကျဲ့... မြောင်မြောင် ပြောတာလည်း အမှန်တရား တစ်စိတ်တစ်ပိုင်းတော့ ပါတယ်"

ကုန်းစွန်းဟွေးက စကားလုံး ရွေးပြီး ပြောလိုက်သည်။

"မင်းနဲ့ လျိုမျိုးနွယ်စု သမီးလေးက လက်မထပ်ရသေးဘဲ တိတ်တိတ်ပုန်း စာတွေ ပေးပို့နေတာက သိပ်တော့ မသင့်တော်ဘူး။ ဒါပေမဲ့ ရွှီလန်က ငါတို့ ဝမ်မျိုးနွယ်စုရဲ့ ချွေးမ ဖြစ်လာမယ့်သူပဲဆိုတော့ ကြိုပြီး ဂရုစိုက်ပြတာ ကောင်းပါတယ်။ ရှိုကျဲ့... မင်း ခုနက ဒုတိယအဆင့် ဝိညာဉ်ငါး ဖမ်းလာတယ်မလား။ အကောင်းဆုံး အစိတ်အပိုင်းကို ရွေးပြီး အမျိုးသမီး အစေခံ တစ်ယောက်ယောက်နဲ့ ရွှီလန်ဆီ ပို့ခိုင်းလိုက်လေ"

"ဟုတ်ကဲ့ပါ မယ်မယ်..." ဝမ်ရှိုကျဲ့က မလိုအပ်ဘူးလို့ ထင်ပေမယ့် လက်ခံလိုက်သည်။

"စာရေးပြီး ကိုကိုကိုယ်တိုင် ထည့်ပေးလိုက်ရင် ပိုကောင်းမယ်" ဝမ်လော်မြောင်က မျက်လုံးလေးတွေ အရောင်တောက်သွားပြီး အကြံပေးသည်။

"အဲဒါက မရီးရွှီလန်ကို ခံစားချက် ဖွင့်ပြဖို့ နည်းလမ်းကောင်းတစ်ခုပဲ"

"လျှောက်မပြောစမ်းနဲ့။ ပြီးတော့ အိမ်ထောင်ကျတာလည်း မဟုတ်သေးဘဲနဲ့ မရီးလို့ မခေါ်နဲ့ဦး"

ဝမ်ရှိုကျဲ့က ဆူလိုက်သည်။

"နင် ခုတလော ဘယ်လို ဝတ္ထုတွေ လျှောက်ဖတ်နေတာလဲ။ ပြောလိုက်မယ်... နင့်အရွယ်က ကျန်းမာရေး ဂရုစိုက်ပြီး အခြေခံ သိုင်းပညာ လေ့ကျင့်ရမယ့်အရွယ်... ဂဏန်းသင်္ချာ တွက်ရမယ့် အရွယ်"

မိသားစုထဲက မိန်းကလေးတွေက အချစ်ဝတ္ထု ဖတ်ရတာ ကြိုက်ပြီး ယောက်ျားလေးတွေကတော့ တိုက်ခိုက် သတ်ဖြတ်တဲ့ စွန့်စားခန်း ဝတ္ထုတွေကို ပိုကြိုက်ကြမှန်း ဝမ်ရှိုကျဲ့ သိသည်။

ဒါတွေက မျိုးနွယ်စု အသီးသီးက မောင်နှမတွေကြားထဲမှာ တိတ်တဆိတ် လက်သိပ်ထိုး ဖြန့်ဝေနေကြတဲ့ စာအုပ်အသေးစားလေးတွေ ဖြစ်သည်။ ဝမ်လော်မြောင်က ၈ နှစ်ပဲ ရှိသေးပေမယ့် သိုင်းမျိုးနွယ်စု ကလေးတွေကို ငယ်ငယ်ကတည်းက စာသင်ပေးထားတာကြောင့် ဉာဏ်ကောင်းတဲ့ ကလေးတွေက ၈ နှစ်လောက်ဆိုရင် စာတော်တော်များများ ဖတ်တတ်နေပြီ ဖြစ်သည်။

"ဝါး..." ဝမ်လော်မြောင်က ရုတ်တရက် ထငိုတော့သည်။

"မေမေရေ... ကိုကို သမီးကို အနိုင်ကျင့်နေတယ်"

"နင့်ကိုကို ဆုံးမတာ မှန်ပါတယ်" ကုန်းစွန်းဟွေးက လေးလေးနက်နက် ပြောသည်။

"နင့်အရွယ်က ဒီလို အပေါက်အလမ်းမတည့်တဲ့ စာတွေ မဖတ်သင့်ဘူး။ ပြန်ရောက်ရင် အဲဒီစာအုပ်တွေ မေမေ့ကို လာအပ်။ ပြီးတော့ ဒီမိသားစုရဲ့ အလေ့အထကို ပြုပြင်ရဦးမယ်"

"တောင်းပန်ပါတယ် မေမေရယ်..." ဝမ်လော်မြောင်က တောင်းပန်ရင်း ဝမ်ရှိုကျဲ့ကို တိတ်တိတ်လေး မျက်စောင်းထိုး ကြည့်လိုက်ကာ အံကြိတ်ထားပုံရသည်။

"မယ်မယ်... ဒီခေတ် ကောင်မလေးတွေက အရမ်းဉာဏ်များတယ်။ လျှော့တွက်လို့ မရဘူး။ မြောင်မြောင်ကလည်း ပါးနပ်တဲ့ ကလေးဆိုတော့ သေချာပေါက် ကောင်းကောင်း ဝှက်ထားမှာပဲ"

ဝမ်ရှိုကျဲ့က အတည်ပေါက်နဲ့ ပြောလိုက်သည်။

"အဲဒါကြောင့် နေရာအနှံ့ ရှာဖို့ လိုလိမ့်မယ်။ ကုတင်အောက်၊ ထုပ်တန်းပေါ်၊ စားပွဲအောက်... ပြီးတော့ သူ့ကို ပြုစုတဲ့ အစေခံမလေး အခန်းကိုပါ ရှာမှ ဖြစ်မယ်"

"ရှိုကျဲ့ ပြောတာ မှန်တယ်" ကုန်းစွန်းဟွေးက ထောက်ခံလိုက်သည်။

"ဝါး..."

ဝမ်လော်မြောင် တစ်ယောက် အသည်းနှလုံး ထိခိုက်သွားပြီး အော်ငိုလေတော့သည်။

"ကိုကို လူဆိုးကြီး... သမီးကိုပဲ အမြဲ အနိုင်ကျင့်တယ်။ ဒါကြောင့်လည်း အမကြီးက ကိုကို့ကို လူဆိုးကြီး... ကြောက်စရာကောင်းတဲ့ မဟာမိစ္ဆာဘုရင်ကြီးလို့ ပြောတာကိုး"

ဟဲဟဲ...

ဒီကောင်မလေးက သူ့နာမည်ဖျက်ဖို့ဆိုရင် ဘာမှ ချန်ထားမယ့်ပုံ မပေါ်ပေ။ အမကြီးရဲ့ ပါးစပ်သတင်းကြောင့် သူ့ရဲ့ "နာမည်ဆိုး" က နေရာအနှံ့ ပျံ့နှံ့နေပြီ ဖြစ်သည်။

ဝမ်ရှိုကျဲ့က ဝိညာဉ်သစ်သီးဝိုင်ကို သောက်၊ ဝိညာဉ်အသားကို စားရင်း တည်ငြိမ်စွာပဲ ပြောလိုက်သည်။

"မယ်မယ်... ဒီအလေ့အထကို ပြုပြင်ချင်ရင် အရင်းအမြစ်ကို နှိမ်နင်းပြီး ပျံ့နှံ့မယ့် လမ်းကြောင်းကို ဖြတ်တောက်ရမယ်။ တချိန်တည်းမှာပဲ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ ရှေးဟောင်း ဂန္ထဝင် စာပေတွေကို များများ ရှာဖွေထားသင့်တယ်။ ဒါမှ ကလေးတွေက ရှေးပညာရှိတွေရဲ့ လက်ရာမွန်တွေနဲ့ ထိတွေ့ပြီး ပညာအလင်း ရနိုင်ကြမှာ။ ကျွန်တော့်အမြင်တော့ ရှေးဟောင်း လက်ရာမွန် 'တုန်းကျန် ကောင်းကင်သီချင်း မှတ်တမ်း' က အတော်လေး ကောင်းတယ်။ ဘာသာစကား အသုံးအနှုန်းက ခန့်ညားပြီး တောင်တွေကို မျို၊ မြစ်တွေကို သောက်သုံးမယ့် အရှိန်အဝါမျိုး ပါတယ်။ ညီမလေး လော်မြောင် ရွတ်ဖတ်ပြီး ကူးရေးဖို့ အကောင်းဆုံးပဲ။ ယဉ်ကျေးမှု ဗဟုသုတလည်း တိုးပွားစေတာပေါ့"

"ဟင်..." ဝမ်လော်မြောင် အငိုရပ်သွားပြီး မျက်လုံးပြူးသွားသည်။ ဘာသရဲစာအုပ်ကြီးလဲ။ သူ တစ်ခါမှ မကြားဖူးဘူး... ဝမ်ရှိုကျဲ့... နင် ငါ့ကို ကလဲ့စားချေတာလား။

ကုန်းစွန်းဟွေးက ခဏလောက် တွန့်ဆုတ်သွားသည်။

"ဒီစာအုပ်က ကောင်းတော့ ကောင်းပါတယ်။ ဒါပေမဲ့ ရှေးဆန်လွန်းပြီး စာသားတွေက နက်နဲခက်ခဲတယ်။ မေမေ ဖတ်ရင်တောင် နားလည်ဖို့ ခက်တယ်။ သမီးလေး လော်မြောင် လုပ်နိုင်ပါ့မလား"

"အဟင့်….အဟင့်... မေမေက အကောင်းဆုံးပဲ။ သမီးကို ချစ်မှန်း သိတယ်"

ဝမ်လော်မြောင်က ဝမ်းသာအားရ ပြုံးလိုက်သည်။ ဘာ တုန်းကျန် ကောင်းကင်သီချင်း မှတ်တမ်းလဲ... စိတ်မဝင်စားပါဘူး။

ခုတလော ခေတ်စားနေတဲ့ "ဗိုလ်ကျတတ်တဲ့ စီနီယာအစ်ကိုကြီးနဲ့ ချစ်စရာ ဂျူနီယာညီမလေး" ဆိုတဲ့ စာအုပ်လေးက ဇာတ်လမ်း အလှည့်အပြောင်းတွေနဲ့ ဖတ်လို့ ပိုကောင်းသေးတယ်။

"ပြဿနာ မရှိပါဘူး။ ညီမလေး လော်မြောင်က ငယ်ငယ်ကတည်းက ဉာဏ်ကောင်းတာပဲ။ သာမန် မိန်းကလေးမှ မဟုတ်တာ" ဝမ်ရှိုကျဲ့က ညီမလေးကို အလိုလိုက်တဲ့ အပြုံးမျိုးနဲ့ ပြုံးပြလိုက်သည်။

"အစပိုင်းမှာ ကူးရေးရတာ၊ ရွတ်ဖတ်ရတာ နည်းနည်း ခက်ကောင်း ခက်လိမ့်မယ်။ ဒါပေမဲ့ ဆိုရိုးစကား ရှိတယ်လေ... သံတူရွင်းကို ကြိုးစားသွေးရင် အပ်ဖြစ်တယ်တဲ့။ တစ်ခါမရ နှစ်ခါလုပ်၊ မရသေးရင် အခါတစ်ရာ လုပ်။ ခဏလောက် ကူးရေးကြည့်ရင် ရှင်းသွားပါလိမ့်မယ်"

"ဟမ်..."

အခါတစ်ရာ ကူးရေးရမယ် ဟုတ်လား။ ခဏလောက် ကူးရေးကြည့်ရင် ရှင်းသွားလိမ့်မယ် ဆိုတာ ဘာသဘောလဲ။

ဝမ်လော်မြောင် တုန်လှုပ်သွားပြီး နူးညံ့လှပတဲ့ မေမေကို မော့ကြည့်လိုက်သည်။ ထိတ်လန့်နေတဲ့ စိတ်လေး ပြန်ငြိမ်သွားသည်။ ဟုတ်ပါတယ်... သမီးက ဒီလောက် လိမ္မာတာ... မေမေက သမီးကို ဒီလောက် ချစ်တာ... သေချာပေါက် လုပ်ခိုင်းမှာ မဟုတ်...

"ရှိုကျဲ့ ပြောတာ အတော်လေး အဓိပ္ပာယ် ရှိတယ်။ နင့်ညီမလေး လော်မြောင်က ဉာဏ်ကောင်းပေမယ့် စာလုပ်ရင် စိတ်ရှည်သည်းခံမှု မရှိဘူး။ ခဏလေးနဲ့ လက်လျှော့တတ်တယ်"

ကုန်းစွန်းဟွေးရဲ့ မျက်နှာထားက အလွန်အမင်း တည်ကြည် လေးနက်သွားသည်။

"သံတူရွင်းကို သွေးရင် အပ်ဖြစ်တယ်၊ ရေတစ်စက်ချင်း ကျရင် ကျောက်တုံးတောင် ပေါက်တယ် ဆိုတဲ့ သဘောတရားကို နားလည်အောင် သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးဖို့ လိုအပ်နေပြီ"

"ဝါး..." ဝမ်လော်မြောင် ထပ်ငိုပြန်ပြီ။ ဒီတစ်ခါ မျက်ရည်တွေကတော့ ဝမ်းနည်းကြေကွဲမှုတွေ အပြည့်ပါပဲ။

ဘေးနားက ဝမ်လော်ရီက ဝမ်လော်မြောင်ကို တစ်ချက်ကြည့်၊ ပြီးတော့ ညီမလေး လော်မြောင်အပေါ် မေတ္တာတွေ ပိုလျှံနေတဲ့ မျက်နှာထားနဲ့ ဝမ်ရှိုကျဲ့ကို တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲမှာ စူးခနဲ နာကျင်သွားမိသည်။

အံ့ဩစရာ မဟုတ်တော့ပါဘူး... အမကြီးက စတုတ္ထဦးလေးအကြောင်း ပြောတိုင်း မျက်နှာတွေ ဖြူဖျော့ပြီး တစ်ကိုယ်လုံး တုန်ရီကာ မတ်တပ်တောင် မရပ်နိုင် ဖြစ်ရတာလေ။

ဒီအချိန်မှာတော့ သူက ဝမ်ရှိုကျဲ့ရဲ့ ညီမအရင်း (သို့) တူမ မဟုတ်ဘဲ အစ်မ ဖြစ်နေတာကိုပဲ ကျေးဇူးတင်ရတော့မည်။ မဟုတ်ရင် သူလည်း အမှောင်ထုနဲ့ ကြောက်ရွံ့မှုအောက်မှာ ကျရောက်နေရမှာ သေချာသည်။

...

All Chapters