← Chapters

မိုးမှောင်ကျလာပြီ

Vol. 7 Ch. 65

မိုးမှောင်ကျလာပြီ

Vol. 7 Ch. 65

လျိုယုံးကျိုးရဲ့ မျက်လုံးထဲမှာတော့ မိန်းကလေးကျုံးက သူမြင်ဖူးသမျှ အပြည့်စုံဆုံး အမျိုးသမီး ဖြစ်သည်။ သူက နူးညံ့ပြီး ဆွဲဆောင်မှု ရှိသလို အပြောအဆို အမူအရာတိုင်းမှာ သာမန်မဟုတ်တဲ့ အရှိန်အဝါ တစ်မျိုး ပါဝင်နေသည်။

သူ ဘယ်မျိုးနွယ်စုက လာတယ်ဆိုတာ ထုတ်မပြောပေမယ့် သူ့ရဲ့ အမူအရာကို ကြည့်ရင် သေချာပေါက် ဂုဏ်သရေရှိ မျိုးနွယ်စုကြီး တစ်ခုခုက ဖြစ်လိမ့်မည်။

သူတို့ လျိုမျိုးနွယ်စုရဲ့ သမီးအကြီးဆုံးက ပုံမှန်အချိန်ဆိုရင် အတော်လေး ထူးခြားတယ်လို့ ထင်ရပြီး မျိုးနွယ်စု နှစ်ခုကတောင် လာရောက် ကမ်းလှမ်းခံထားရသူ ဖြစ်သည်။ ဒါပေမဲ့ မိန်းကလေး ကျုံးလော်ရှန်းနဲ့ ယှဉ်လိုက်တဲ့အခါ သူ့အစ်မက တောထဲမှာ ကြက်မွေး၊ ဘဲမွေးနေတဲ့ ရွာသူမလေး တစ်ယောက်လို ဖြစ်သွားသည်။

လော်ရှန်း...

ဘယ်လောက်တောင် လှပပြီး နတ်သမီးဆန်တဲ့ နာမည်လေးလဲ။ သူက တကယ်ပဲ ကောင်းကင်ဘုံကနေ လူ့ပြည်ကို အမှားပါပြီး ပြုတ်ကျလာတဲ့ နတ်သမီးလေး တစ်ပါးလိုပင် ဖြစ်၏။

သူက ဝိညာဉ်ငါး စားတဲ့အခါမှာတောင် အသိစိတ်မကပ်ဘဲ ဗိုက်သားတို့၊ ပါးမို့တို့လို အနူးညံ့ဆုံး အစိတ်အပိုင်းတွေကိုပဲ ရွေးစားတတ်ပြီး အရသာခံရုံ သက်သက်သာ စားတတ်သည်။

လျိုယုံးကျိုးက ပုံမှန်အချိန်ဆိုရင် ရတနာလို တန်ဖိုးထားတဲ့ ကျောက်စိမ်းဖြူ ဝိညာဉ်ဆန်ဝိုင်ဆိုတာမျိုးကို အခုချိန်မှာ ထုတ်တောင် မပြရဲပေ။ မိန်းကလေးရဲ့ မျက်လုံးထဲက အထင်သေး ရွံရှာတဲ့ အကြည့်တွေကို သူ အခုထိ မှတ်မိနေသေးသည်။

သူ့ကို အကြီးအကျယ် ဒေါသထွက်စေပြီး နောင်တရစေတာက အဲဒီနေ့တုန်းက သင်္ဘောပေါ်မှာ သောက်ကျိုးနည်း ကျောက်တင့်ထျန်းနဲ့ အတူ သောက်စားမိတာ ဖြစ်သည်။ မဟုတ်ရင် ဒုက္ခရောက်နေတဲ့ မိန်းကလေး ကျုံးလော်ရှန်းကို သူတစ်ယောက်တည်း ကယ်တင်ခွင့် ရမှာ ဖြစ်သည်။

သောက်ကျိုးနည်း ကျောက်တင့်ထျန်း... လော်ရှန်းက မင်းကို ကြိုက်တောင် မကြိုက်ဘဲနဲ့ နေ့တိုင်း လာပြီး နှောင့်ယှက်နေရဲသေးတယ်။

ဒါပေမဲ့ သူနဲ့ လော်ရှန်း အတူနေရမယ့် ရက်တွေ သိပ်မကျန်တော့ပေ။ လော်ရှန်းရဲ့ မိသားစု အစောင့်တွေက သူ့ကို ပြန်ခေါ်ဖို့ ရောက်လာကြပြီ။

ဒါပေမဲ့ ဒီကိစ္စက သူ့အတွက် သတင်းကောင်း တစ်ခုတော့ ရလိုက်သည်။ ကျုံးမျိုးနွယ်စုက ရိက္ခာ လိုအပ်ချက် ရှိနေပြီး အရှေ့ပင်လယ် အစောင့်တပ်စခန်းက မျိုးနွယ်စုကြီး တစ်ခုဆီကနေ ရိက္ခာတွေ ဝယ်ယူနေတယ် ဆိုတဲ့ သတင်းပင် ဖြစ်သည်။ နှစ်ဖက် ဆက်ဆံရေးကလည်း အတော်လေး ရင်းနှီးပုံရပြီး အပိုဆောင်း အကြောင်းအချက်တွေလည်း သိပ်မများလှပေ။

"ယုံးကျိုး... အခြေအနေ ပြောပြစမ်း"

လျိုရှန်းယဲ့ မျက်မှောင်ကြုတ်ရင်း သူ့အတွေးတွေကို ဖြတ်တောက်လိုက်သည်။

လျိုယုံးကျိုး စိတ်ကို ငြိမ်အောင် ထားလိုက်ပြီး အခြေအနေကို အကြမ်းဖျင်း ရှင်းပြလိုက်သည်။

"လိမ်ဆင်များ ဖြစ်မနေဘူးလား"

အသက်ကြီးတဲ့ မျိုးနွယ်စုဝင် တစ်ယောက်က သံသယ ဝင်လာသည်။

"ဒီလောကကြီးမှာ ဒုက္ခရောက်နေတဲ့ သူဌေးသမီးတွေက အဲဒီလောက် ပေါလို့လား"

"တတိယဦးလေး..."

လျိုယုံးကျိုး စိတ်နည်းနည်း တိုသွားသည်။

"အကြောင်းမဲ့သက်သက် မိန်းကလေးကျုံးကို မစွပ်စွဲပါနဲ့။ ကျွန်တော်က တိုက်ဆိုင်လို့ ကြားခဲ့ရတာပါ။ မိန်းကလေးကျုံးက ဒီကိစ္စကို ထုတ်တောင် မပြောဘူး။ ကျွန်တော်ကသာ ဆွန်းမျိုးနွယ်စုက ယုတ်မာလွန်းလို့ မနေနိုင်ဘဲ မိန်းကလေးကျုံးကို အကူအညီတောင်းပြီး ရိက္ခာဝယ်လို့ ရမလား မေးကြည့်ချင်တာ"

ကျုံးမျိုးနွယ်စု ဟုတ်လား... ချန်နင်နယ်မြေ ဘယ်နေရာမှာ ကျုံးမျိုးနွယ်စု ရှိလို့လဲ။ တခြားနေရာကများ ဖြစ်မလား...

"ယုံးကျိုး... သူတို့ ရောင်းချင်တယ် ဆိုရင်တောင် ငါတို့မှာ ဝယ်ဖို့ ငွေအလုံအလောက် မရှိဘူး" လျိုရှန်းယဲ့ နေရခက်သွားသည်။

"အကြွေးနဲ့ ဝယ်ပြီး ဆောင်းဦး ရိတ်သိမ်းချိန်ကျမှ နှစ်ဆ ပြန်ပေးမယ်ဆိုရင် ရမလား မသိဘူး"

"ခေါင်းဆောင်... ကျွန်တော်တို့ မျိုးနွယ်စုက ရွှေတာရာ တစ်ထောင်၊ နှစ်ထောင်လောက်တောင် ထုတ်မပေးနိုင်ဘူးလားဗျာ။ ကျွန်တော်တော့ မပြောရဲဘူး"

ဒီတစ်ခါတော့ လျိုယုံးကျိုး အလှည့် နေရခက်ပြီး ရှက်ရွံ့သွားရသည်။ ပုံမှန်ဆိုရင် လော်ရှန်း အထင်ကြီးအောင် သူဌေးသား ပုံစံ ဖမ်းနေပြီး အခုကျမှ ကိုယ်ကြိုက်တဲ့ ကောင်မလေးဆီမှာ အကြွေးသွားဝယ်ရမယ်ဆိုတော့ ဘယ်လိုလုပ် ပါးစပ်ဟရဲမှာလဲ။

"အင်း..." လျိုရှန်းယဲ့ တွန့်ဆုတ်နေပြီး စကားမပြောပေ။

ခဏလောက် စဉ်းစားပြီးတဲ့နောက် လျိုယုံးကျိုး အံ့ဩတကြီး မေးလိုက်သည်။

"ဒါဆို... ဦးလေး..."

သူ့ဦးလေး လျိုရှန်းဟောက်က လျိုမျိုးနွယ်စုရဲ့ ဝိညာဉ်အဆင့် လမ်းကြောင်းအတွက် ပထမဆုံး ဦးစားပေး ပြုစုပျိုးထောင်ခြင်း ခံထားရသူ ဖြစ်သည်။ မျိုးနွယ်စုက သူ့အတွက် ငွေကြေးနဲ့ အရင်းအမြစ် အမြောက်အမြား သုံးစွဲထားသည်။

ကံကောင်းတာက လျိုမျိုးနွယ်စုရဲ့ အထွေထွေ အခြေအနေက ဝမ်မျိုးနွယ်စုထက် သာလွန်တာကြောင့် ဝိညာဉ်အဆင့် လမ်းကြောင်းအတွက် ပြုစုပျိုးထောင်ရာမှာ တခြား မျိုးနွယ်စုဝင်တွေရဲ့ အရင်းအမြစ်တွေကို အရမ်းကြီး ညှစ်ထုတ်စရာ မလိုခဲ့ပေ။ ဒါကြောင့် လျိုယုံးကျိုးအနေနဲ့ ကောင်းကောင်းမွန်မွန် နေနိုင်ခဲ့ပြီး လူငယ် မျိုးဆက်သစ်တွေကြားမှာ ထူးချွန်သူ တစ်ယောက် ဖြစ်လာခဲ့သည်။

သူ့ဦးလေးသာ ဝိညာဉ်အဆင့်ကို ရောက်သွားရင် မျိုးနွယ်စုက နယ်မြေချဲ့ထွင်တော့မှာ ဖြစ်ပြီး ယုံးမျိုးဆက်ရဲ့ ထူးချွန်တဲ့ လူငယ်တစ်ယောက် အနေနဲ့ သူ့အတွက် အခွင့်အရေး ရလာနိုင်မလား။

သူ ဝမ်းသာသွားသည်။

လျိုရှန်းယဲ့က လေးလေးနက်နက် ပြောသည်။

"မင်းလည်း အကြမ်းဖျင်း ရိပ်မိပြီ ဆိုတော့... ပြီးတော့ မင်းက ယုံးမျိုးဆက်ရဲ့ အဓိက အဖွဲ့ဝင်လည်း ဖြစ်နေတော့ ငါ မဖုံးကွယ်ထားတော့ပါဘူး။ ဒါပေမဲ့ မင်း လျှို့ဝှက်ထားရမယ်။ ဟုတ်တယ်... မင်းဦးလေးက နောက်ဆုံး ပြင်ဆင်မှုတွေ လုပ်ပြီးသွားပြီ။ အရေးကြီးဆုံး 'ကောင်းကင်ဝိညာဉ် ဆေးလုံး' ကို ဝယ်ပြီးသွားပြီ။ ဒါပေမဲ့ အမှားအယွင်း မရှိအောင် သေချာစေဖို့ အထောက်အကူပြု ဆေးဝါး နှစ်မျိုး လိုနေသေးတယ်။ မင်းသာ အောင်မြင်အောင် လုပ်နိုင်ရင်... ငါ ဘာပြောချင်လဲ မင်း သဘောပေါက်မှာပါ"

"ကောင်းပါပြီ... ကောင်းပါပြီ..." လျိုယုံးကျိုး ရုတ်တရက် တက်ကြွလာသည်။

"နည်းနည်း ခက်ခဲမယ် ဆိုရင်တောင် ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"

မျိုးနွယ်စုက ဘိုးဘေးတစ်ပါး မွေးထုတ်ပေးတော့မှာမို့ အရင်းအမြစ် နည်းနည်း ပြတ်လပ်နေတာက ပုံမှန်ကိစ္စပဲ... အရမ်းကြီး ရှက်စရာ မဟုတ်ပါဘူး။

ပြီးတော့ မျိုးနွယ်စုမှာ ဝိညာဉ်အဆင့် ဘိုးဘေးတွေ များလာရင် အရှိန်အဝါ ပိုကြီးလာမယ်။ အရင်းအမြစ်တွေ ပိုရလာမယ်။ မျိုးနွယ်စုခေါင်းဆောင် စကားအရဆိုရင် လျိုယုံးကျိုးက နောက်ထပ် ပြုစုပျိုးထောင်ခံရမယ့်သူ ဖြစ်လာနိုင်တယ်။

မျိုးနွယ်စုတစ်ခု ကြီးပွားလာပြီဆိုရင် အတိုးနဲ့ အရင်း ပေါင်းသလို အရှိန်အဟုန်နဲ့ ဆက်လက် တိုးတက်နေနိုင်သည်။ ပြောင်းပြန်အားဖြင့် မျိုးနွယ်စုတစ်ခု ကျဆင်းသွားပြီ ဆိုရင်တော့ ကံဆိုးမိုးမှောင်ကျပြီး နေရာတိုင်းမှာ အတားအဆီးတွေနဲ့ ကြုံတွေ့ရတတ်သည်။

လျိုယုံးကျိုး မျက်လုံးထဲမှာတော့ လျိုမျိုးနွယ်စုက အရှိန်အဟုန် ကောင်းနေတဲ့ မျိုးနွယ်စု ဖြစ်ပြီး ဝမ်မျိုးနွယ်စုကတော့ နွံထဲ တဖြည်းဖြည်း နစ်ဝင်နေတဲ့ မျိုးနွယ်စု ဖြစ်သည်။

သူ ယုံကြည်မှု ပြည့်ဝနေသည်။ ဒီတစ်ခါ အောင်မြင်သွားရင် သူ့ရဲ့ အနာဂတ် အောင်မြင်မှုက အတိုင်းအဆ ရှိမှာ မဟုတ်တော့ပေ။

...

နှစ်ရက် ကြာသောအခါ….

ဝမ်မျိုးနွယ်စု အိမ်တော်ရှိ ဝမ်ရှိုကျဲ့ရဲ့ စာကြည့်ခန်းထဲမှာ….

သတင်းတချို့ ကြားပြီးတဲ့နောက် ဝမ်ရှိုကျဲ့ ရယ်မောလိုက်မိပြီး လက်ထဲက လျှို့ဝှက်စာကို ချလိုက်သည်။ ပြီးတော့ ဧည့်သည်ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

"အစ်ကိုချန်... ပင်ပန်းသွားပါပြီ"

"ခေါင်းဆောင်ဝမ်..." တစ်ဖက်လူက အလျင်အမြန် ပြန်လည် ဂါရဝပြုရင်း တောင်းပန်တဲ့ မျက်နှာထားနဲ့ ပြောသည်။

"လွန်ခဲ့တဲ့ တစ်ခေါက် ကျွန်းတစ်ရာ အစောင့်တပ်စခန်းကို သွားတုန်းက ခေါင်းဆောင်ဝမ်မှန်း မသိခဲ့လို့ ရိုင်းပြမိတာ ခွင့်လွှတ်ပေးပါ"

ဒီလူကတော့ ချန်ဖန်ဟွာ ဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ခေါက် ကျွန်းတစ်ရာ အစောင့်တပ်စခန်း ခရီးစဉ်မှာ ဧည့်ခံလမ်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ချန်မျိုးနွယ်စုရဲ့ အထက်တန်းစား အဖွဲ့ဝင် ဖြစ်သည်။ သူက ရေကြောင်းခရီး အတွေ့အကြုံ ရှိသလို လူမှုဆက်ဆံရေး ပြေပြစ်ညက်ညောပြီး ပါးနပ်သူ ဖြစ်တာကြောင့် အလွန် အရည်အချင်းရှိသူ တစ်ယောက် ဖြစ်သည်။

ဒီတစ်ခါ လျိုနဲ့ ကျောက် မျိုးနွယ်စုကို ပစ်မှတ်ထားဖို့အတွက် ဝမ်မေကလွဲရင် တခြား မျိုးနွယ်စုဝင်တွေကို သုံးလို့ မရပေ။

ကံကောင်းတာက အစီအစဉ်အတွက် ချန်မျိုးနွယ်စုရဲ့ အင်အားကို အသုံးပြုဖို့ လိုအပ်နေသည်။ အသေအချာ စဉ်းစားပြီးတဲ့နောက် သူက ချန်ဖန်ကျယ်ဆီ စာရေးပြီး ကူညီဖို့ တောင်းဆိုခဲ့သည်။ ကိစ္စအောင်မြင်ရင် အကျိုးအမြတ် ခွဲဝေပေးမည် ဆိုတဲ့ အကြောင်းလည်း ပါသည်။

ချန်ဖန်ကျယ်ရဲ့ စိတ်နေသဘောထားအရ ဝမ်ရှိုကျဲ့နဲ့ ပူးပေါင်းဖို့ ငြင်းဆန်မှာ မဟုတ်ပေ။

ဒီကိစ္စ ပေါက်ကြားသွားရင်တောင် တုန်ကန်ချန်မျိုးနွယ်စုရဲ့ အရှိန်အဝါနဲ့ တမူထူးခြားပြီး အနည်းငယ် ဝေးလံတဲ့ ပထဝီဝင် အနေအထားကြောင့် လျိုနဲ့ ကျောက် မျိုးနွယ်စုကို ရန်စမိမှာ မကြောက်ပေ။

ချန်ဖန်ဟွာ ရောက်လာတာနဲ့ ဝမ်ကျုံးအန်းက သူ့ကို အစီအစဉ်ထဲ ထည့်သွင်း စီစဉ်ပေးလိုက်သည်။ သူနဲ့ လူသိပ်မခံတဲ့ နောက်ထပ် ချန်မျိုးနွယ်စုဝင် တစ်ယောက်က ကျုံးလော်ရှန်းရဲ့ မိသားစုဝင်တွေအဖြစ် ဟန်ဆောင်ပြီး ဒုက္ခရောက်နေတဲ့ သခင်မလေးကို လာရှာကြသည်။

အစီအစဉ်က အလွန် အောင်မြင်ခဲ့ပြီး အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ကြတဲ့ လျိုမျိုးနွယ်စုက လျိုယုံးကျိုးနဲ့ ကျောက်မျိုးနွယ်စုက ကျောက်တင့်ထျန်းတို့ ငါးစာမိနေကြပြီ ဖြစ်သည်။ ချုံခိုတိုက်ခိုက်ရေး အစီအစဉ်က ဒုတိယ အဆင့်ကို ရောက်ရှိနေပြီ။

"အစ်ကိုချန်... ယဉ်ကျေးနေစရာ မလိုပါဘူး" ဝမ်ရှိုကျဲ့က ပြုံးပြီး ပြောလိုက်သည်။

"ပြီးခဲ့တဲ့ တစ်ခေါက် ခရီးစဉ်တုန်းက အစ်ကိုချန်ရဲ့ စောင့်ရှောက်မှုတွေကို အများကြီး ရခဲ့တာပါ။ တကယ်တမ်း တောင်းပန်ရမှာက ကိုယ့်ဘယ်သူဘယ်ဝါမှန်း ဖုံးကွယ်ထားခဲ့တဲ့ ကျွန်တော်လေ ထားလိုက်ပါတော့လေ... ဒီအစီအစဉ်မှာ အစ်ကို့ လုံခြုံရေးကို သတိထားပါ။ တခုခု လွဲချော်ခဲ့ရင် အစီအစဉ်ကို ရပ်ပစ်လိုက်ပါ။ အစ်ကို့ကို ထိခိုက်မခံနိုင်ပါဘူး"

"ဒီအစီအစဉ်က တကယ့်ကို ပညာသားပါတယ်။ ကျွန်တော်တို့ဘက်က လုပ်ရမယ့် အပိုင်းကလည်း ရိုးရှင်းလွန်းတော့ အမှားအယွင်း မရှိနိုင်ပါဘူး" ချန်ဖန်ဟွာက လေးစားအားကျတဲ့ အကြည့်နဲ့ ပြောသည်။

"ခေါင်းဆောင်ဝမ်က တကယ် အစွမ်းထက်တာပဲ။ ဒီလောက် နတ်သမီးလေးလို လှတဲ့ မဟာမိတ်ကို ဘယ်ကများ ရှာတွေ့ခဲ့တာလဲ မသိဘူး။ တော်သေးတာက ကျွန်တော် အိမ်ထောင်ကျပြီးလို့... ပြီးတော့ သူက ခေါင်းဆောင်ရဲ့ လူမှန်း သိနေလို့... မဟုတ်ရင် ကျွန်တော်လည်း ကြွေသွားမိမှာ"

နတ်သမီးလေး ဟုတ်လား... ဟဲဟဲ...

ဝမ်ရှိုကျဲ့ စိတ်ထဲကနေ ရယ်လိုက်မိသည်။ ခင်ဗျားသာ သူ့ရဲ့ မျက်နှာအစစ်ကို မြင်ဖူးရင် လန့်သေသွားလိမ့်မယ်။

ဟင်...

နေပါဦး... ဝမ်ရှိုကျဲ့က ဝမ်မေရဲ့ ရုပ်ရည် ဘယ်လိုလဲဆိုတာ အသည်းအသန် ပြန်စဉ်းစားကြည့်ပေမယ့် ချက်ချင်း ပြန်မမှတ်မိတော့ပေ။ သူ့ပါးစပ် ထောင့်စွန်းတွေ လှုပ်ရမ်းသွားသည်။ တကယ်ပဲ... သာမန် မျိုးနွယ်စုဝင် ဝမ်မေရဲ့ တည်ရှိမှုက သေးငယ်လွန်းပြီး သာမန်လူထက်တောင် ပိုမှိန်ဖျော့နေတာပဲ။

ချန်ဖန်ဟွာ ထွက်သွားပြီးတဲ့နောက် ဝမ်ရှိုကျဲ့က ဝမ်မေ ရေးပေးလိုက်တဲ့ လျှို့ဝှက်စာကို ဖွင့်ကြည့်လိုက်သည်။ ထိပ်က ချိပ်ပိတ်ကို သူ ဖွင့်ထားပြီးသား ဖြစ်ပေမယ့် ခုနက မြင်လိုက်ရတဲ့ သတင်းက ထိတ်လန့်စရာ ကောင်းလွန်းတာကြောင့် ခေတ္တ ချထားလိုက်ခြင်း ဖြစ်သည်။

အခု သေချာ ပြန်ဖတ်ကြည့်လိုက်တဲ့အခါ ဝမ်ရှိုကျဲ့ မျက်မှောင်တွေ တင်းတင်းကြပ်ကြပ် ကြုတ်သွားပြီး အခြေအနေ မကောင်းဘူးလို့ တိတ်တဆိတ် တွေးလိုက်မိသည်။

လျိုမျိုးနွယ်စုရဲ့ ဝိညာဉ်အဆင့် လမ်းကြောင်းမှာ လျိုရှန်းဟောက် ပါဝင်နေတယ် ဆိုတာက လျှို့ဝှက်ချက် မဟုတ်ပေ။ ဒါပေမဲ့ ဒီလူက အမြဲတမ်း လူမသိအောင် နေတတ်ပြီး သူ့ရဲ့ တည်ရှိမှုကို မေ့လျော့နေတတ်ကြသည်။ ပြီးတော့ မကြာခင်တုန်းကမှ သူက ချီသန့်စင်ခြင်း ကိုးဆင့်ကို အခုလေးတင် ရောက်ရှိတာလို့ ထုတ်ပြောထားသေးသည်။

မျက်တောင် တစ်ခတ် အတွင်းမှာပဲ သူက ကိုးဆင့် ထိပ်ဆုံးကို တိတ်တဆိတ် ရောက်ရှိသွားပြီး နောက်ဆုံး အဆင့်တက်ဖို့ ပြင်ဆင်နေပြီ ဖြစ်သည်။ ကောင်းကင်ဝိညာဉ် ဆေးလုံးတောင် ရထားပြီးပြီ။

မူလက ဝမ်မျိုးနွယ်စု ခန့်မှန်းထားတာက လျိုရှန်းဟောက် နောက်ဆုံးအဆင့် တက်ဖို့ အနည်းဆုံး ၅ နှစ် လိုသေးတယ်လို့ တွက်ထားခဲ့တာ။

လျိုမျိုးနွယ်စုက လွတ်လပ်စွာ ရပ်တည်နိုင်ခဲ့တာ နှစ် ၅၀ သာ ရှိသေးပြီး အင်အားက တိုးပွားလာနေသည်။ မိသားစု ဖွံ့ဖြိုးတိုးတက်မှုကို ဖြည့်ဆည်းပေးရင်းနဲ့ ကောင်းကင်ဝိညာဉ် ဆေးလုံး တစ်လုံးစာ အမြန် စုဆောင်းနိုင်ခဲ့တာက တကယ့်ကို လျှော့တွက်လို့ မရတဲ့ အချက်ပင် ဖြစ်သည်။

လျိုမျိုးနွယ်စု ခေါင်းဆောင် လျိုရှန်းယဲ့ရဲ့ ပါရမီနဲ့ ခွန်အားက သာမန် အဆင့်လောက်သာ ရှိပေမယ့် ငွေရှာနိုင်တဲ့ စွမ်းရည်ကတော့ မသေးလှပေ။

ဝမ်မေရဲ့ သတင်းက မှားယွင်းနိုင်စရာ မရှိပေ။ ဘာကြောင့်လဲဆိုတော့ လျိုယုံးကျိုး မူးပြီး အမှန်တိုင်း ဖွင့်ပြောလိုက်တဲ့ စကားမို့လို့ပင် ဖြစ်၏။

ဒါက ယောက်ျားအများစုရဲ့ အကျင့်ပါပဲ။ ကိုယ်ကြိုက်တဲ့ နတ်သမီးလေး ရှေ့မှာ ကိုယ့်အဆင့်အတန်း နိမ့်ကျနေတယ်လို့ ခံစားရတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာအောင်၊ တန်ဖိုးတက်လာအောင် ကြွားလုံးထုတ်တတ်ကြသည်။

လျိုမျိုးနွယ်စုက အချိန်မရွေး နောက်ထပ် ဝိညာဉ်အဆင့် ဘိုးဘေးတစ်ပါး ပိုင်ဆိုင်လာနိုင်တယ် ဆိုရင်... ကျောက်မျိုးနွယ်စုကရော...

ကျောက်မျိုးနွယ်စုက လျိုမျိုးနွယ်စုထက် ပိုပြီးတော့တောင် လျှို့ဝှက်တတ်သေးသည်။ ဒီအချိန်လောက်ဆိုရင် သူတို့ရဲ့ ဝိညာဉ်အဆင့် လမ်းကြောင်း အဆင့်သတ်မှတ်ချက်က နောက်ဆုံးအဆင့်ကို ရောက်နေလောက်ပြီ။

ဝမ်ရှိုကျဲ့ မျက်နှာက တည်ကြည်လေးနက်နေပြီး စားပွဲခုံကို လက်ချောင်းနဲ့ ခေါက်ကာ အကြာကြီး စဉ်းစားနေမိသည်။ ခဏကြာတော့ သူ လျှို့ဝှက် အမိန့်စာ တစ်စောင် ရေးလိုက်ပြီး မီးချိပ် ပိတ်ကာ ဝမ်မေဆီ တိတ်တဆိတ် ပို့လိုက်သည်။

ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားလို့ မဖြစ်ပေ။ သေချာ မကိုင်တွယ်နိုင်ရင် ဝမ်မျိုးနွယ်စု ပျက်စီးသွားနိုင်သည်။ ဒါပေမဲ့ ကောင်းကောင်း စီမံနိုင်ရင်တော့ ရန်သူကို အသေအလဲ ထိုးနှက်ချက် ပေးနိုင်လိမ့်မည်။

All Chapters