← Chapters

ညအချိန် မြို့ငယ်လေး

Vol. 95 Ch. 1314

ညအချိန် မြို့ငယ်လေး

Vol. 95 Ch. 1314

ယန်ကျန့်နှင့် လျိုချီတို့သည် ဝမ်ရှန်းရှန်း၏ အဖွားနေအိမ်မှ ထွက်ခွာလာပြီးနောက် ထိုမြို့နယ်လေးကို တစ်ဖန်ပြန်လည် အကဲခတ်ကြည့်ရှုလိုက်ကြသည်။

လက်တွေ့ဘဝနှင့် သဘာဝလွန်အရာများ ရောထွေးနေသည်။ သက်ရှိနှင့် သက်မဲ့များ အတူယှဉ်တွဲ တည်ရှိနေကြပေသည်။

ကြည့်လိုက်လျှင် ပုံမှန်ဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ နေရာတိုင်းတွင် ခြောက်ခြားဖွယ်ရာများ ပြည့်နှက်နေသည်။ အန္တရာယ်က ချက်ချင်း လက်ငင်းကြီး ပေါ်မလာသေးသော်လည်း ယန်ကျန့်စိတ်ထဲတွင် မရေရာသော စိုးရိမ်မှုမျိုး ခံစားနေရသည်။

သူ့၏ လက်ရှိစွမ်းရည်နှင့်ဆိုလျှင် အငြိုးကြီးတစ္ဆေများ အပါအဝင် သဘာဝလွန်အရာ အတော်များများကို ယှဉ်နိုင်စွမ်း ရှိပေသည်။ သို့သော် သဘာဝလွန်ဖြစ်ရပ်တစ်ခုလုံးကို အလွယ်တကူ ဖြတ်ကျော်နိုင်မည်ဟု အာမခံနိုင်ခြင်းတော့ မရှိပေ။ ဘယ်အချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော တစ္ဆေတစ်ကောင် ရုတ်တရက် ထွက်လာမည်ကို မည်သူက သိနိုင်မည်နည်း။

"မြို့နယ်က ဒီလောက်ကျယ်တာ ဝမ်ရှန်းရှန်းတို့ကို ဘယ်နားသွားရှာရမလဲ"

လျိုချီတစ်ယောက် ယခုအချိန်တွင် အနည်းငယ် မျက်စိလည်နေချေပြီ။ ဘယ်နေရာက စတင်ရမည်ကို မရေရာတော့ပေ။ စုံစမ်းထောက်လှမ်းခြင်းနှင့် လူရှာခြင်းသည် သူ့အားသာချက် မဟုတ်ပေ။

"ကြည့်ရတာ ပုံမှန်မဟုတ်ဘူးလို့ ထင်ရတဲ့ နေရာတွေကို လိုက်ရှာမယ်၊ ဒီမြို့က အရင်ကထက် ပိုကျယ်လာတယ် ဆိုပေမဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာအတွင်းမှာပါပဲ၊ အချိန်နည်းနည်း ပိုပေးလိုက်ရုံပေါ့"

ယန်ကျန့်က ပြောဆိုလိုက်ပြီး လမ်းမအတိုင်း မြို့ထဲသို့ ပိုပြီးနက်နက်ရှိုင်းရှိုင်း လျှောက်သွားလိုက်သည်။

သူ လျှောက်ခဲ့သော လမ်းတစ်လျှောက်တွင် အန္တရာယ်မရှိဟု အတည်ပြုနိုင်သဖြင့် မြို့ထဲသို့သာ ဇောက်ချဝင်ရပေမည်။ လောလောဆယ် လမ်းပေါ်တွင် ကားတစ်စီးမျှ မရှိချေ။

လမ်းသွားလမ်းလာများလည်း ကျဲပါးနေသည်။ ရံဖန်ရံခါ ဖြတ်သွားသည့် လူတစ်ယောက်စ နှစ်ယောက်စ ရှိသော်လည်း ပုံမှန်လူများနှင့် မတူပေ။ မျက်နှာများက ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။ တစ္ဆေမိုးရေများ စိုရွှဲနေပြီး လူလော သူလော၊ အသေလော အရှင်လောပင် ခွဲခြားရခက်နေသည်။

"ကျွန်တော် တစ်ယောက်ယောက်ကို တားပြီး အခြေအနေ မေးကြည့်လိုက်မယ်"

လျိုချီက ပြောလိုက်သည်။

ထိုအချိန်မှာပင်...မိုးကာအင်္ကျီ၊ မိုးကာဖိနပ် ဝတ်ဆင်ထားသည့် လူလတ်ပိုင်းတစ်ယောက် လျှောက်လာသည်။ မိုးမိထားသကဲ့သို့ တစ်ကိုယ်လုံး ရွှဲစိုနေပြီး မျက်နှာက ဖြူလျော်လျော် ဖြစ်နေသည်။ မျက်လုံးများက တွေဝေငေးငိုင်နေ၏။

ယန်ကျန့်သည် လျိုချီ၏ အကြံကို မငြင်းဆန်ခဲ့ပေ။

"ခွင့်ပြုပါ အစ်ကိုကြီး ဒီက အခြေအနေလေး မေးလို့ရမလား"

လျိုချီက ယဉ်ယဉ်ကျေးကျေး မေးမြန်းလိုက်သည်။

သို့သော် မိုးကာဝတ်ထားသည့် လူလတ်ပိုင်းအမျိုးသားက မကြားသလိုပင် သူ့ဘာသာ ရှေ့သို့ဆက်လျှောက်သွားခဲ့သည်။ ဖြူလျော်လျော် မျက်နှာထက်တွင် မည်သည့်ပြောင်းလဲမှုမျှ မရှိပေ။

ယန်ကျန့်က ထိုလူ၏မျက်လုံးကို သေချာစိုက်ကြည့်လိုက်ရာ မျက်လုံးပေါ်တွင် ရေငွေ့ပါးပါးလေး အုပ်နေသည်ကို တွေ့လိုက်ရသည်။ မှန်ပေါ်က မြူနှင်းများကဲ့သို့ပင် ထိုရေငွေ့က အလင်းကို ကွယ်ထားသဖြင့် လူ့မျက်လုံးအိမ်က မည်းနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် သေချာကြည့်မှ မြင်ရသော မသိသာသည့် အပြောင်းအလဲလေး ဖြစ်သည်။

"နေပါဦး"

လျိုချီက လက်လှမ်းပြီး တားလိုက်သည်။

ထိုလူလတ်ပိုင်းအမျိုးသားကတော့ လျိုချီ တားဆီးသည်ကို ဂရုမစိုက်ဘဲ ရှေ့ဆက်တိုးနေဆဲပင် ဖြစ်သည်။ လျိုချီနှင့် ထိခါနီးကျမှ လျိုချီက မျက်မှောင်ကြုတ်ပြီး လက်ပြန်ရုတ်လိုက်သည်။ သူ့ကြောင့် ထိုလူ ဒုက္ခရောက်သွားမည် စိုးသောကြောင့် ဖြစ်သည်။

"ဒီလူ့မျက်လုံးတွေကို ရေငွေ့တစ်လွှာ ဖုံးအုပ်ထားတယ်၊ သဘာဝလွန် အစွမ်းတစ်ခုခုရဲ့ လှည့်စားမှုကို ခံထားရပြီး ကယောင်ကတမ်း ဖြစ်နေတာ နေမှာ သေချာ မကြည့်ရင် ငါတောင် သတိမထားမိဘူး၊ အခုကြည့်ရတာ ဒီလူတင် မကဘူး၊ ဒီမြို့ငယ်လေးထဲက လူတိုင်း ဒီလိုဖြစ်နေလောက်တယ်"

ယန်ကျန့်က သုံးသပ်ပြောကြားလိုက်သည်။

"ဩော်... ဒါကြောင့်ကိုး မြို့က ဒီလောက် ပြောင်းလဲသွားတာတောင် လမ်းပေါ်မှာ လူတွေ ပုံမှန် သွားလာနေကြတုန်းပဲ တကယ်တော့ အားလုံးက လှည့်စားခံထားရတာပဲ"

လျိုချီ သဘောပေါက်သွားသည်။

ထိုအချိန်တွင် ယန်ကျန့် ရှေ့တိုးသွားပြီး ထိုလူကို လှမ်းဖမ်းဆွဲလိုက်သည်။

'မီးလောင်ကျွမ်းထားသော တစ္ဆေလက်' တွင် တစ္ဆေများကို ဖိနှိပ်နိုင်သည့် စွမ်းအင်ရှိပေသည်။

ထိလိုက်သည်နှင့် ထိုလူ့ထံတွင် ကပ်ငြိနေသော သဘာဝလွန် အငွေ့အသက်များ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်လုံးထဲမှ ရေငွေ့များလည်း ကင်းစင်သွားလေသည်။

မကြာခင်မှာပင်...

ထိုလူလတ်ပိုင်းအမျိုးသားသည် တွေဝေငေးငိုင်နေသည့် အခြေအနေမှ သတိပြန်ဝင်လာသည်။

သို့သော် သတိဝင်လာသည်နှင့် ချက်ချင်းဆိုသလို သူ့မျက်လုံးများ အကြောက်တရားတို့ဖြင့် ပြည့်နှက်သွားပြီး တစ်ကိုယ်လုံး တုန်ရီ ရုန်းကန်လေတော့သည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ပင် ဖြစ်သည်။

"အား"

ထိုလူသည် ယန်ကျန့်လက်ထဲမှ မရုန်းနိုင်သဖြင့် အားကုန်အော်ဟစ်လိုက်သည်။

"လူကောင်အကြီးကြီးနဲ့ ဒီလောက် ကြောက်နေရတယ်လို့ တော်တော် အရှက်မရှိတဲ့လူပဲ"

ယန်ကျန့်က သူ့ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်သည်။

ထိုလူ ကြမ်းပြင်ပေါ် ဘုန်းခနဲ ပြုတ်ကျသွားသည်။ နာသွား၍ပင်လော၊ ယန်ကျန့်စကားကြောင့်ပင်လော မသိ အနည်းငယ် ငြိမ်ကျသွားပြီး အသိစိတ် ပြန်ဝင်လာသည်။

"သေကုန်ပြီ... သေကုန်ပြီ၊ အကုန်သေကုန်ပြီ... ဒီက မြန်မြန်ထွက်သွားကြ၊ ဒီက မြန်မြန်ထွက်သွားကြ၊ ဒီမှာ တစ္ဆေတွေ ရှိတယ် နေလို့မရဘူး နေရာတိုင်းမှာ တစ္ဆေတွေချည်းပဲ လူတွေအများကြီး သေကုန်ပြီ"

ထိုလူသည် ကြမ်းပြင်ပေါ်တွင် ဖင်ထိုင်လျက်သားဖြင့် အော်ဟစ်နေလေသည်။ ပုံစံမှာ ကြောက်စရာတစ်ခုခုကို ပြန်မြင်ယောင်နေသကဲ့သို့ စိတ်လွတ်နေပုံရသည်။

လျိုချီက လက်အိတ်စွပ်ထားသည့် လက်ဖြင့် ထိုလူ့ပါးကို 'ဖြောင်း' ခနဲ ရိုက်ထည့်လိုက်သည်။

"အော်မနေနဲ့တော့၊ ငါတို့က တစ္ဆေမဟုတ်ဘူး၊ ခင်ဗျားကို လာကယ်တာ"

"တကယ့် ဒုက္ခပဲကွာ"

ယန်ကျန့်ကတော့ မေးမြန်းနေရသည်မှာ အချိန်ကုန်သည်ဟုဆိုကာ ထိုလူ့မှတ်ဉာဏ်ကို ဆွဲထုတ်ကြည့်ချင်စိတ် ပေါက်လာသည်။

လျိုချီ၏ ပါးရိုက်ချက်ကြောင့် ထိုလူ လုံးဝ ငြိမ်ကျသွားသည်။ သို့သော် ကြောက်မသွားဘဲ ဒေါသထွက်လာပုံ ရသည်။

"မင်းက ငါ့ကို ရိုက်ရဲတယ်ပေါ့၊ ငါဘယ်သူလဲဆိုတာ သိရဲ့လား"

လျိုချီက မျက်နှာသေဖြင့် နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။

"ငါတို့က ဌာနချုပ်က လာတဲ့ သဘာဝလွန်ဖြစ်ရပ် စုံစမ်းရေးမှူးတွေကွ၊ ခင်ဗျား ဘယ်သူပဲဖြစ်ဖြစ် ငါတို့နဲ့ သေချာ မပူးပေါင်းရင် ဒီနေရာမှာတင် ပစ်သတ်သွားလို့ ရတယ်ဆိုတာ မှတ်ထား"

ပြောပြောဆိုဆိုနှင့် သေနတ်ထုတ်ကာ ထိုလူ၏ နဖူးကို တေ့လိုက်သည်။

"အစ်... အစ်ကိုကြီး၊ တောင်းပန်ပါတယ်ဗျာ"

နဖူးပေါ် လာထိနေသော အေးစက်စက် သေနတ်ပြောင်းဝကြောင့် ထိုလူ ကြောက်လန့်တကြား တောင်းပန်ရှာသည်။ လက်ရှိ အန္တရာယ်က သဘာဝလွန် အကြောက်တရားထက် ပိုဆိုးနေပြီ မဟုတ်ပါလား။

"ငါမေးတာ ဖြေ၊ ဘာမှ မချန်ထားနဲ့"

လျိုချီက သေနတ်ပြန်ရုပ်ပြီး အေးစက်စက် ပြောလိုက်သည်။

"ဟုတ်... ဟုတ်ကဲ့ပါ"

ထိုလူ ခေါင်းညိတ်ရှာသည်။

လျိုချီက ဆက်လက်မေးမြန်းသည်။

ထိုလူ၏ အမည်မှာ ကျန်းရှောင်ရုံ ဖြစ်သည်။ ဘိုင်ရွှေမြို့နယ် ဇာတိဖြစ်ပြီး မြို့နယ်ထဲတွင် စားသောက်ဆိုင် ဖွင့်ထားသော အလတ်စား စီးပွားရေးသမား တစ်ယောက်ပင်။

"ခင်ဗျားက မြို့ထဲမှာ သရဲခြောက်တယ်လို့ ပြောတယ်နော်၊ ဘယ်နားမှာ ခြောက်တာလဲ"

လျိုချီ မေးလိုက်သည်။

"ညဘက်ဆိုရင် မြို့ထဲမှာ တစ္ဆေတွေ လျှောက်သွားနေကြတာ အများကြီးပဲ အရမ်းကြောက်စရာကောင်းတယ် အစကတော့ လူတွေ ကျွန်တော့်ကို လာနောက်နေတယ် ထင်တာ နောက်မှ ကိုယ်တိုင် မျက်စိနဲ့ မြင်လိုက်ရတော့မှ... လူတွေ ဆက်တိုက် သေကုန်ကြတယ်၊ ပြီးတော့ ဘိုင်ရွှေမြို့နယ်မှာ မိုးတွေ စရွာလာရော လူတွေအများကြီး ဒီက ထွက်ပြေးဖို့ ကြိုးစားပေမဲ့ ထွက်မရဘူး အားလုံး မြို့ထဲမှာ ပိတ်မိနေကြတာ"

ကျန်းရှောင်ရုံဆိုသူက မြို့နယ်လေးတွင် ကြုံတွေ့ခဲ့ရသည့် ကြောက်မက်ဖွယ်ရာများကို တုန်တုန်ရီရီဖြင့် ပြန်ပြောပြသည်။

"ဒါ ရှောင်ယန် ရဲ့ လက်ချက်ပဲ၊ သူ့ရဲ့ တစ္ဆေမိုး က မြို့တစ်မြို့လုံးကို လွှမ်းခြုံထားတာ၊ မိုးရေက သဘာဝလွန် စွမ်းအင်တွေ ပါနေပြီး အငွေ့ပျံသွားတဲ့အခါ လူတွေကို မျက်စိပိတ်၊ အာရုံမှားစေပြီး မြို့ထဲမှာပဲ အဆုံးအစမရှိ လှည့်ပတ်နေအောင် လုပ်ထားတာ"

ယန်ကျန့်က အေးဆေးပင် ပြောလိုက်သည်။

လျိုချီ ခေါင်းညိတ်ပြီး ဆက်မေးသည်။

"မိုးစရွာပြီးတော့ ဘာတွေ ထပ်မြင်ရသေးလဲ"

"သိပ်... သိပ်မရှင်းတော့ဘူး၊ မိုးရွာတာ ပုံမှန်မဟုတ်ဘူးလို့ ထင်လို့ မိုးကာဝတ်ပြီး ဘိုင်ရွှေမြို့နယ်ကနေ ထွက်ပြေးဖို့ ကြိုးစားတာပဲ မှတ်မိတယ်၊ မိုးထဲမှာ လမ်းလျှောက်ရင်း သတိလစ်သွားသလိုပဲ၊ အိပ်မက်လိုလို ဘာလိုလိုနဲ့ လျှောက်သွားနေတာ ဘယ်လောက်ကြာသွားလဲ မသိဘူး၊ ဒီနေ့မှ ရုတ်တရက် ပြန်နိုးလာတာ"

ကျန်းရှောင်ရုံက ပြောသည်။

"ဩော်... ဟုတ်ပြီ ဘိုင်ရွှေမြို့နယ်က မထွက်ခင်တုန်းက မိုးထဲမှာ လူတွေ အများကြီး ပေါ်လာတာ တွေ့ခဲ့တယ် အဲဒီလူတွေက ထီးမဆောင်းဘူး မိုးကာမဝတ်ဘူး ညဘက်ကျမှပဲ ပေါ်လာတတ်တာ မိုးရွာထဲ ထီးမဆောင်းတဲ့ကောင်တွေက လူမဟုတ်ဘူးဗျ အကုန်လုံးက တစ္ဆေတွေ ဒီနေရာက အရမ်းကြောက်ဖို့ကောင်းတာ၊ နေရာတိုင်းမှာ တစ္ဆေတွေချည်းပဲ၊ လူတွေကြားထဲ ရောနေတော့ ခွဲလို့တောင် မရဘူး"

သူ တစ်ခုခုကို သတိရသွားပြီး ကပျာကယာ ထပ်ပြောသည်။

"ညဘက်ကျမှ တစ္ဆေတွေ ပေါ်လာတာလား၊ ဒါမှမဟုတ် တစ္ဆေမိုးရေကြောင့် မြို့ထဲက တစ္ဆေတွေ ပေါ်လာတာများလား"

ယန်ကျန့် စဉ်းစားလိုက်သည်။

"ဒါဆို ငါတို့ ညရောက်တဲ့အထိ စောင့်ရမလား"

လျိုချီက မေးသည်။

ယန်ကျန့်က ပြန်ဖြေသည်။

"ညအချိန်က သဘာဝလွန်နဲ့ လက်တွေ့ဘဝ ထပ်တူကျတဲ့ အချိန် ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါဆိုရင်တော့ နာရီပိုင်းလောက် စောင့်လိုက်တာ ပြဿနာမရှိဘူး၊ ခင်ဗျား နာမည် ကျန်းရှောင်ရုံ ဟုတ်တယ်မလား၊ မမှောင်သေးခင် ဘိုင်ရွှေမြို့နယ်ကနေ အခုပဲ ထွက်သွားတော့၊ ဒီလမ်းအတိုင်း တည့်တည့်သွားရင် အဆင်ပြေပြေ ထွက်သွားနိုင်လိမ့်မယ်"

သူက လမ်းတစ်ခုကို ညွှန်ပြပြီး ထွက်သွားရန် ပြောလိုက်သည်။

ဒါကိုကြားတော့ ကျန်းရှောင်ရုံက ကပျာကယာ ထထွက်ပြေးသည်။ သို့သော် ခြေလှမ်းအနည်းငယ်အရောက်တွင် ရုတ်တရက် ပြန်လှည့်ပြေးလာပြီး 'ဘုန်း' ခနဲ ဒူးထောက်ချလိုက်သည်။

"ကျွန်တော့်မိန်းမ ဘိုင်ရွှေမြို့နယ်ထဲမှာ ကျန်ခဲ့သေးတယ်ဗျာ၊ ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါဦး၊ ကျွန်တော့်ကို သူ့နဲ့အတူ ခေါ်သွားပေးပါ"

"ခင်ဗျားမှာ မိန်းမရှိတယ်လို့ စောစောက မပြောပါလား"

ယန်ကျန့်က ပြောလိုက်သည်။

"ကြောက်လွန်းလို့ မေ့နေတာဗျာ"

ကျန်းရှောင်ရုံက ရှက်ကိုးရှက်ကန်း ပြောသည်။

"မြို့ထဲမှာ ဖြစ်ပျက်နေတာတွေက ခင်ဗျားမိန်းမ တစ်ယောက်တည်း ကိစ္စမဟုတ်ဘူး၊ ကယ်ချင်ရင် ကိုယ်တိုင် သွားကယ်၊ ခင်ဗျားမိန်းမ ကိစ္စအတွက်နဲ့တော့ ကျုပ် မြို့ထဲ လှည့်မသွားနိုင်ဘူး၊ ညမရောက်ခင် ၃ နာရီလောက် အချိန်ရသေးတယ်၊ မှောင်သွားရင်တော့ ရွေးချယ်ခွင့် ရှိမှာမဟုတ်တော့ဘူး"

ယန်ကျန့်က အေးစက်စက်ပင် ပြောလိုက်သည်။

ကျန်းရှောင်ရုံ မျက်နှာပျက်သွားခဲ့သည်။ ခဏမျှ စဉ်းစားပြီးနောက် အံကြိတ်ကာ မတ်တတ်ရပ်ပြီး ဘိုင်ရွှေမြို့နယ် အစွန်ဘက်သို့ တစ်ခေါက် ပြန်ပြေးသွားလေတော့သည်။

လျိုချီကတော့ ဘာမှ ဝင်မပြောဘဲ ကြည့်နေလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ကျန်းရှောင်ရုံလို လူများ ထွက်ခွာသွားသည်ကို သူ မြင်ဖူးနေကျ ဖြစ်သောကြောင့်ပင် ဖြစ်သည်။

သဘာဝလွန်ဖြစ်ရပ်များတွင် ဤသို့သောကိစ္စများက မဆန်းတော့ပေ။

သူကိုယ်တိုင်လည်း ကြုံဖူးသလို လူ့သဘာဝ၏ မှောင်မိုက်သော အခြမ်းများကိုလည်း အများကြီး မြင်ဖူးခဲ့ပြီ ဖြစ်သည်။

ယန်ကျန့်နှင့် လျိုချီတို့သည် မြို့ထဲမှ ထူးခြားမှုများကို ဆက်မစုံစမ်းတော့ဘဲ ညရောက်မှ လှုပ်ရှားရန် ဆုံးဖြတ်လိုက်ကြသည်။

ဒီအတောအတွင်း...

ယန်ကျန့်၏ တစ္ဆေမီးတောက် အရှိန်မရှိတော့သဖြင့် စောစောက ကွဲပြယ်သွားသော မိုးတိမ်မည်းများ ပြန်စုဝေးလာပြီး အေးစက်စက် မိုးဖွဲလေးများ တဖွဲဖွဲ ပြန်ရွာလာသည်။ နေရောင် ခဏတာ ရခဲ့သော မြို့လေးသည် မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားခဲ့လေသည်။

ရာသီဥတု ဆိုးရွားလာသည်နှင့်အမျှ မြို့လေးဆီသို့ ညအချိန်က အလျင်အမြန် ရောက်ရှိလာသကဲ့သို့ ရှိသည်။

ညနေ ၅ နာရီလောက်သာ ရှိသေးသော်လည်း ညဘက်ရောက်နေသကဲ့သို့ မှောင်ရီနေပြီ ဖြစ်သည်။

"၆ နာရီဆိုရင် တရားဝင် ညရောက်ပြီ"

အိမ်အမိုးစွန်းအောက်တွင် မိုးခိုနေရင်း ယန်ကျန့်က နာရီကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။

"၆ နာရီလား၊ တစ္ဆေစာပို့တိုက် ရဲ့ အချိန်နဲ့ အတူတူပဲပေါ့"

လျိုချီက မှတ်ချက်ချသည်။

သူ တစ္ဆေစာပို့တိုက်ကို မရောက်ဖူးသော်လည်း ယန်ကျန့်နှင့် ပတ်သက်သည့် သဘာဝလွန် အမှုတွဲဖိုင်များကို ဖတ်ဖူးပြီး အထူးဂရုစိုက် လေ့လာထားခဲ့ခြင်းကြောင့် ဖြစ်သည်။

ယန်ကျန့်က ပြောသည်။

"သဘာဝလွန် ဖြစ်ရပ်အများစုမှာ ညဆိုတာ သန်းခေါင်ယံမှ စတာမဟုတ်ဘူး၊ ညနေ ၆ နာရီဆို စပြီ၊ ဒါကြောင့် ဘိုင်ရွှေမြို့နယ်ကလည်း ၆ နာရီဆို ညဘက် ရောက်လောက်တယ်"

"နေ့နဲ့ည ပြောင်းပြန်ဖြစ်ပြီး လက်တွေ့ဘဝနဲ့ သဘာဝလွန်တွေ ရောထွေးကုန်ပြီ၊ မတော်တဆ သေမသွားအောင် သတိထားဦး၊ နောင်တရတယ် ဆိုရင်လည်း မင်းကို ဘိုင်ရွှေမြို့နယ်ကနေ အခု ပြန်ပို့ပေးလို့ ရသေးတယ်နော်၊ မိုက်ရူးရဲ မဆန်နဲ့"

လျိုချီက ပြန်ပြောသည်။

"ကိုယ့်အကြောင်းကိုယ် သိပါတယ် စိတ်မပူပါနဲ့"

ယန်ကျန့် ခေါင်းညိတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။

ဒီလိုနှင့် ၆ နာရီ တိတိ ရောက်လာသည်။

စောစောက အဆောက်အအုံများကို ဝါးတားတား မြင်ရလောက်အောင် အလင်းရောင် ရှိသေးသော်လည်း ၆ နာရီ ထိုးလိုက်သည်နှင့် အလင်းရောင်အားလုံး ပျောက်ကွယ်ပြီး လုံးဝ အမှောင်ကျသွားလေတော့သည်။

တစ်ပြိုင်နက်တည်းမှာပင်...

"ဘစ် ဘစ်"

လျှပ်စစ်စီးသံလိုလို အသံများ ထွက်ပေါ်လာပြီး အနီးနား အဆောက်အအုံများမှ နီယွန်မီးဆိုင်းဘုတ်များ ရုတ်တရက် လင်းလာသည်။ အမှောင်ထုထဲတွင် ထင်းခနဲပင် ဖြစ်သွားသည်။

ရောင်စုံမီးအလင်းများ ဖြာထွက်လာပြီး အမှောင်ထုကို အနည်းငယ် ဖယ်ရှားလိုက်နိုင်သဖြင့် ဘိုင်ရွှေမြို့နယ်လေးသည် လုံးဝကြီး မှောင်မည်းမနေတော့ပေ။

ကောင်းကင်မှ မိုးများကတော့ ရွာနေဆဲ ဖြစ်သည်။

မိုးရေစိုနေသော လမ်းမများပေါ်တွင် အရိပ်မည်းများသည် ဝါးတားတား အခြေအနေမှ တကယ့်အရာဝတ္ထုများအဖြစ် ပြောင်းလဲလာပြီး မျက်စိရှေ့မှာပင် ပေါ်လာကြသည်။

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်... အရိပ်မည်းများ လမ်းမပေါ် ပြည့်နှက်လာသည်။ မိုးရေထဲတွင် မတ်တတ်ရပ်ရင်း ခေါင်းငိုက်စိုက်နှင့် လမ်းအတိုင်း လျှောက်သွားနေကြသည်။

တိတ်ဆိတ်ပြီး အရိပ်တွေလွှမ်းနေသော ပတ်ဝန်းကျင်တွင် ရှုပ်ထွေးနေသည့် ခြေသံများကို ကြားလာရသည်။

"ဘုရား... ဘုရား"

လျိုချီတစ်ယောက် အံ့သြလွန်းသဖြင့် မျက်လုံးပြူးသွားသည်။

မိုးရေထဲတွင် လျှောက်သွားနေသည့် အရိပ်တွေက အများကြီးပင်။ ဒါတွေက လူတွေလား၊ သို့တည်းမဟုတ် မကောင်းဆိုးဝါး တစ္ဆေတွေလား။

တကယ့်ကို ဂနာမငြိမ်ဖွယ် မြင်ကွင်းပါပေ။

"ကျွီ..."

ရုတ်တရက်...ဘေးနားရှိ လမ်းဘေးဆိုင်ခန်းတစ်ခု၏ တံခါး ဖြည်းဖြည်းချင်း ပွင့်လာသည်။ ဆိုင်ထဲတွင် မှောင်မည်းနေသော်လည်း ထူးဆန်းသည့် အသံသဲ့သဲ့ကို ကြားနေရသည်။

ဆိုင်ခန်းတစ်ခုတည်း ပွင့်ခြင်း မဟုတ်ပေ။

လမ်းမတန်းရှိ ဆိုင်ခန်း ထက်ဝက်ကျော်ခန့် တံခါးများ ပွင့်လာပြီး တချို့ပြတင်းပေါက်များမှ အဝါရောင် မီးလင်းလာသည်။

ခြောက်ကပ်နေသော ဘိုင်ရွှေမြို့နယ်လေးသည် ညရောက်သည်နှင့် ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ရှိလေသည်။

"ကြောက်စရာကောင်းတဲ့ မြို့နယ်ပဲ"

ယန်ကျန့်က မျက်လုံးမှေးကြည့်လိုက်သည်။ သူ့၏ တစ္ဆေမျက်လုံး အမြင်မှာတော့ သဘာဝလွန် နှောင့်ယှက်မှုများကလွဲပြီး ဘာမှ မမြင်ရပေ။

မြို့တစ်ခုလုံးကို သဘာဝလွန် စွမ်းအင်များနှင့် တည်ဆောက်ထားသကဲ့သို့ပင် ပုံမှန်ဖြစ်နေသည့် အစိတ်အပိုင်းဆိုသည်မှာ မရှိသလောက်ပါပေ။

သာမန်လူတစ်ယောက်များ မှားယွင်းပြီး ဤနေရာ ရောက်လာပါက အရှင်ပြန်ထွက်နိုင်ဖို့ လမ်းမမြင်ပေ။

ထိုအချိန်တွင် လျိုချီ တစ်ခုခုကို သတိထားမိလိုက်ပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။

ရေမြောင်းဖုံး သံတိုင်ကြားမှနေ၍ သွေးကြောများ ယှက်သန်းနေသော မျက်လုံးတစ်စုံက သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည် မဟုတ်ပါလော။ မျက်လုံးများ ပြူးကျယ်လွန်းသဖြင့် ကွဲထွက်တော့မတတ် ရှိလေသည်။

လျိုချီ မျက်နှာ ပျက်သွားပြီး အလိုလို နောက်ဆုတ်မိလိုက်သည်။

"ဒုန်း!"

တစ်ခုခုက တွန်းဖွင့်လိုက်သကဲ့သို့ ရေမြောင်းဖုံး ပွင့်သွားပြီး ပုပ်ပွနေသော လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာသည်။

ထိုလက်ကြီးက ရှည်ထွက်လာပြီး ကြမ်းပြင်ကို ထောက်ကာ လျိုချီဆီသို့ လှမ်းလာခြင်း ဖြစ်သည်။

ယန်ကျန့် ဒါကို မြင်တော့ တစ္ဆေမျက်လုံး ဖွင့်လိုက်သည်။ တဖျပ်ဖျပ် လောင်ကျွမ်းနေသော တစ္ဆေမီးတောက် က ထိုလက်ပုပ်ကြီးကို လှမ်းဟပ်လိုက်သည်။

တစ္ဆေမီးတောက်ကြောင့် တစ္ဆေလက်ကြီး ပြန်လိပ်ဝင်သွားသည်။ သို့သော် ရေမြောင်းအမှောင်ထဲမှ သွေးရောင်လွှမ်းနေသော မျက်လုံးများကတော့ ပျောက်မသွားဘဲ လျိုချီကို အငြိုးတကြီး စိုက်ကြည့်နေဆဲပင်။

"ရေမြောင်းထဲမှာ ခိုကပ်နေတဲ့ တစ္ဆေပဲ၊ ဒါပေမဲ့ ရေမြောင်းနဲ့ ဝေးတဲ့လူကိုတော့ တိုက်ခိုက်နိုင်ပုံ မရဘူး"

တစ္ဆေက ထပ်မလှုပ်ရှားတော့သည်ကို မြင်မှ ယန်ကျန့်က ပြောလိုက်သည်။

လျိုချီက လေးလေးနက်နက် ပြောသည်။

"ကြည့်ရတာ ဒီနေရာက ခြေလှမ်းတိုင်းမှာ အန္တရာယ်တွေ ချည်းပါပဲလား၊ တကယ့် တစ္ဆေမြို့တော်ကြီး ဖြစ်နေပြီ၊ ဝမ်ရှန်းရှန်း ဒီကိုရောက်ပြီး အဆက်အသွယ် ပြတ်သွားတာ မဆန်းပါဘူး၊ ဘိုင်ရွှေမြို့နယ်က ဒေသခံတွေလည်း အဲဒီလိုပဲ ဖြစ်သွားကြတာ နေမှာ"

"ဒီလိုအခြေအနေမျိုးမှာ ဝမ်ရှန်းရှန်းတို့ တကယ်ရော အသက်ရှင်နိုင်ပါ့မလား"

"ဝမ်ရှန်းရှန်းဘေးမှာ တစ္ဆေကလေး ရှိနေတာကို လျှော့မတွက်နဲ့၊ သူ သေချာပေါက် အသက်ရှင်နေမှာပါ၊ ဘိုင်ရွှေမြို့နယ်က လူတော်တော်များများလည်း အသက်ရှင်ကျန်ရစ်နေမယ်လို့ ငါထင်တယ်"

ယန်ကျန့်က လမ်းမပေါ် လျှောက်သွားနေသည့် လူများကို ကြည့်ရင်း ပြောလိုက်သည်။

ထိုလူအများစုက အသက်ရှင်နေကြခြင်း ဖြစ်သည်။

သို့သော် သူတို့က ထူးဆန်းသော အခြေအနေ တစ်ခုတွင် ရောက်နေကြသည်။ စောစောက ကျန်းရှောင်ရုံတို့၊ ဝမ်ရှန်းရှန်း အဖွားတို့လိုပင် သတိလစ်မေ့မြောနေသည့် အခြေအနေမျိုး ဖြစ်သည်။ အသက်ရှိသည့် လက္ခဏာ မပြသော်လည်း သဘာဝလွန် စွမ်းအင်တစ်ခုခုက သူတို့ကို အသက်ဆက်ပေးထားပေသည်။

ဤသို့သော တစ္ဆေမြို့တော်ကြီးထဲတွင် ထိုအခြေအနေက အကာအကွယ် တစ်ခုလို ဖြစ်နေခြင်း ဖြစ်သည်။

သူ ထင်သည်မှာ မမှားပါက ဒါ တာရှန်းမြို့ တာဝန်ခံ၏ လက်ချက်ပင် ဖြစ်ပေလိမ့်မည်။

တစ္ဆေမိုးရေက သက်ရှိတွေကို ဒုက္ခပေးနေသည် မဟုတ်ဘဲ ကာကွယ်ပေးနေခြင်းသာ ဖြစ်ပေသည်။

All Chapters