ထပါတော့... အဘိုးလေး ငါးဆားနယ်ရေ
Vol. 7 Ch. 67
ကျူဝေရေကန်ကို အကျယ်အဝန်း တွက်ချက်ကြည့်လိုက်တော့ ရေကန်ကြီးတစ်ကန် မဟုတ်ပေမယ့် ဧက သောင်းဂဏန်းလောက်တော့ ရှိသည်။ ကန်အောက်ခြေက နုန်းတွေကို တစ်မီတာလောက် ဆယ်ထုတ်မယ်ဆိုရင် နုန်းမြေ ကုဗမီတာ ခြောက်သန်း၊ ခုနစ်သန်းလောက် ရရှိနိုင်သည်။
ဝမ်ရှိုကျဲ့က ဒီကမ္ဘာက နုန်းဆယ် သင်္ဘောတွေကို မြင်ဖူးသည်။
သူတို့က နုန်းဆယ် ကိရိယာတွေနဲ့ လက်နဲ့ လှော်ပြီး ဆယ်ယူရတာ ဖြစ်ပြီး နုန်းဆယ်သင်္ဘော တစ်စီးကို နုန်းမြေ ၁၀ ကုဗမီတာလောက်ပဲ တင်ဆောင်နိုင်သည်။
ပုံမှန် ဆယ်ယူရရှိတဲ့ နုန်းမြေတွေက သဘာဝမြေသြဇာ ဓာတ်ပါဝင်မှု များပြားသည်။ တခြား မြေသြဇာတွေနဲ့ ရောစပ်ပြီး အချဉ်ဖောက်လိုက်ရင် လယ်မြေတွေအတွက် အကောင်းဆုံး မြေသြဇာ ဖြစ်လာပြီး မြေဆီလွှာ အားဖြည့်ပေးနိုင်သည်။
ဘာပဲပြောပြော ဒီခေတ်က မြစ်ချောင်း၊ အင်းအိုင်တွေရဲ့ အောက်ခြေက နုန်းမြေတွေမှာ ဟဲဗီးမက်တယ်လ် ညစ်ညမ်းမှုတွေ မရှိသေးပေ။
ဒါပေမဲ့ ပြဿနာက ကုဗမီတာ ခြောက်သန်း၊ ခုနစ်သန်း ဆိုတာ သင်္ဘော အစီးရေ ခြောက်သောင်း၊ ခုနစ်သောင်းစာလောက် ရှိသည်။ နုန်းဆယ်သင်္ဘော ၁၀ စီးက တစ်နှစ်ပတ်လုံး မနားမနေ အလုပ်လုပ်မယ်၊ တစ်စီးကို တစ်နေ့ ၃ ခေါက် ဆယ်မယ် ဆိုရင်တောင် ရက်ပေါင်း ၂၀,၀၀၀ ကျော် ကြာမည် ဖြစ်ပြီး မနားမနေ လုပ်ရင်တောင် နှစ် ၆၀၊ ၇၀ လောက် ကြာမြင့်မည်။
ပြီးတော့ အဲဒီ နုန်းမြေတွေက ခြောက်သွားရင် ပမာဏ အများကြီး ကျုံ့သွားသည်။ စိမ့်မြေကြီး ကိုယ်တိုင်ကလည်း ရွှံ့နွံတွေ ဖြစ်နေတာကြောင့် အများဆုံး လယ်မြေကောင်း ၂,၀၀၀၊ ၃,၀၀၀ ဧက လောက်ပဲ ဖို့လို့ ရမည်။ စီမံကိန်း တစ်ခုလုံးအတွက် ကုန်ကျစရိတ်က ရွှေတာရာ တစ်သောင်းကျော်လောက် ရှိနိုင်သည်။
လူအင်အား၊ အရင်းအမြစ်၊ စွမ်းအင်နဲ့ အချိန်တွေ အများကြီး သုံးစွဲပြီးမှ လယ်မြေ တစ်ဧကကို ရွှေတာရာ ၃, ၄ ပြားလောက်ပဲ တန်ဖိုးရှိအောင် လုပ်နိုင်တာက တွက်ခြေမကိုက်လှပေ။
ကျူဝေရေကန်ကို ၂ မီတာလောက် အနက်ရအောင် တူးမယ်ဆိုရင် ကုန်ကျစရိတ်က နှစ်ဆ ဖြစ်သွားမယ့်အပြင် ပိုနက်လေ တူးရ ပိုခက်လေ ဖြစ်မည်။ လယ်မြေကောင်းတွေ ဝယ်ရင်တောင် တစ်ဧကကို ရွှေတာရာ ၂, ၃ ပြားလောက်ပဲ ပေးရသည်။
ဒါပေမဲ့ တွက်နည်းက ဒီလောက် ရိုးရှင်းတာ မဟုတ်ပေ။ ကျူဝေရေကန်ကို အကြီးစား နုန်းဆယ်ယူပြီး ရေလှောင်ပမာဏ တိုးလာရင် ငါးကြီးတွေ မွေးမြူနိုင်မယ့်အပြင် ဝိညာဉ်ငါးတွေပါ မွေးမြူလာနိုင်မည်။ မျိုးနွယ်စုရဲ့ ရေရှည် အကျိုးစီးပွားကို ကြည့်ရင် သဘာဝအတိုင်း ငါးဖမ်းတာကိုပဲ မှီခိုနေတာက ရေရှည် အစီအစဉ် မဟုတ်သလို ဝင်ငွေလည်း မတည်ငြိမ်ပေ။
စီးပွားဖြစ် ငါးမျိုးစိတ်တွေ (သို့) ဝိညာဉ်ငါး မျိုးစိတ်တွေကိုပါ အကြီးစား မွေးမြူနိုင်ပြီ ဆိုရင်တော့ ဒါက မျိုးနွယ်စုရဲ့ အခြေခံ စီးပွားရေး လုပ်ငန်းတစ်ခုကို ဖွင့်လှစ်နိုင်မယ့် နည်းလမ်းမှန်ပင်။ ရင်းနှီးမြှုပ်နှံမှု ကြီးမားပြီး အချိန်ကုန်ပေမယ့် အောင်မြင်သွားရင်တော့ မျိုးနွယ်စုအတွက် ဝင်ငွေ အဆက်မပြတ် ရရှိစေမယ့် ရွှေတွင်းကြီး ဖြစ်လာလိမ့်မည်။
ဒါ့အပြင် အစိုးရက သိုင်းမျိုးနွယ်စုတွေကို မြေရိုင်း ဖော်ထုတ်ဖို့ အားပေးတဲ့ အနေနဲ့ အသစ် ဖော်ထုတ်ထားတဲ့ လယ်မြေတွေအတွက် ပထမ ၁၀ နှစ် ရိက္ခာခွန် ကင်းလွတ်ခွင့် ပေးထားသည်။ ဒါကလည်း မက်လောက်စရာ သက်သာခွင့် တစ်ခုပင် ဖြစ်သည်။
ဒါပေမဲ့ ဝမ်ရှိုကျဲ့ရဲ့ စရိုက်အရ ဒီလောက် ကြီးမားတဲ့ နုန်းဆယ်၊ မြေဖို့၊ လယ်တည် စီမံကိန်းကြီးကို လုပ်ချင်ရင်တောင် နှစ် ၆၀၊ ၇၀ လောက် အချိန်မပေးနိုင်ပေ။ တကယ်လို့ အဲဒီလောက် ကြာမယ် ဆိုရင် မြစ်တွေ၊ မြေးတွေတောင် ထွက်လာတော့မည်။
ဒီစီမံကိန်းက သူ့ခေါင်းထဲမှာ အကြာကြီး ကိန်းအောင်းနေခဲ့တာ ဖြစ်သည်။
မူလက သူ စီစဉ်ထားတာက နောက်နှစ်ကျမှ အသေးစား အကောင်အထည် ဖော်မယ်၊ ပြီးမှ တဖြည်းဖြည်းချင်း စီမံကိန်း အတိုင်းအတာကို ချဲ့ထွင်မယ်။ ၁၀ နှစ်အတွင်း ကျူဝေရေကန်ကို ၂ မီတာလောက် နက်အောင် တူးပြီး စိမ့်မြေတွေကို လယ်မြေကောင်း ၄,၀၀၀၊ ၅,၀၀၀ ဧကလောက် ဖြစ်အောင် ဖို့မယ်။ ပြီးရင် ရေဧက သောင်းချီရှိတဲ့ ငါးမွေးကန်တွေနဲ့ လယ်မြေကောင်း ထောင်ချီ ပါဝင်တဲ့ မျိုးနွယ်စုရဲ့ ဒုတိယမြောက် လယ်ယာကြီး တစ်ခု တည်ထောင်မယ်လို့ စိတ်ကူးထားခဲ့သည်။
နှစ်စဉ် ထွက်ကုန် တန်ဖိုးက မနည်းလောက်သလို စုစုပေါင်း ကုန်ကျစရိတ်ကိုလည်း ရွှေတာရာ ၃၀,၀၀၀ အတွင်း ထိန်းထားနိုင်လောက်သည်။
'ဒါပေမဲ့ အခုတော့ အစီအစဉ် နည်းနည်း ပြောင်းသွားပြီ'
ဝမ်ရှိုကျဲ့က ရွက်မည်းလှေပေါ်မှာ လက်နောက်ပစ်ပြီး ရပ်နေသည်။ မြစ်ကမ်း တစ်ဖက်တစ်ချက်က ခြောက်သွေ့နေတဲ့ မြေရိုင်းတွေကို လှမ်းကြည့်နေရင်း မျိုးနွယ်စုရဲ့ နှစ်တစ်ထောင် သက်တမ်းရှိမယ့် အုတ်မြစ်ကို ကြီးကြပ်နေတဲ့ ပုံစံမျိုး ပေါက်နေသည်။
ဝမ်မျိုးနွယ်စုရဲ့ သတ္တမမျိုးဆက်သစ် ဝမ်ရှိုယဲ့က လှေအခန်းထဲမှာ ထိုင်နေသည်။ မူလက စိုးရိမ်ပူပန်နေတဲ့ သူ့စိတ်တွေက စတုတ္ထအစ်ကိုကြီး လက်နောက်ပစ်ပြီး မတ်မတ်ရပ်နေတာကို ကြည့်ရင်း တဖြည်းဖြည်း တည်ငြိမ်သွားသည်။ သူ့ရင်ထဲမှာ လေးစားအားကျစိတ်တွေ ဖြစ်ပေါ်လာသည်။
'ငါ ဝမ်ရှိုယဲ့'
'အနာဂတ်ကျရင် ကိုကိုလေးလို မတ်မတ်ရပ်ပြီး ဂုဏ်ယူဝင့်ကြွားနိုင်တဲ့ ယောကျ်ားကောင်း တစ်ယောက် ဖြစ်ရမယ်'
...
ရွက်မည်းလှေက ရှင်းရှန်းလယ်ယာရဲ့ ဆိပ်ခံတံတားမှာ ဆိုက်ကပ်လိုက်သည်။ မျိုးနွယ်စုရဲ့ တာဝန်ရှိသူက ဦးဆောင်ပြီး ဝမ်ရှိုကျဲ့နဲ့ ဝမ်ရှိုယဲ့တို့ ဝမ်ရှောင်ဟန်ကို သွားရှာကြသည်။
ဒီအချိန်မှာ ဝမ်ရှောင်ဟန်က တန်ဖိုးကြီးလှတဲ့ ဝိညာဉ်လယ်မြေ ၂၀ ဧက ကို သေချာ ဂရုစိုက်နေပြီး ပေါင်းပင်တွေကို ဖယ်ရှားပေးနေသည်။ အဲဒီပေါင်းပင်တွေက ပျိုးပင်တွေကြားကနေ အခုလေးတင် ထွက်လာတာ ဖြစ်ပေမယ့် ချက်ချင်းပဲ အနှုတ်ခံလိုက်ရသည်။ အာဟာရတွေနဲ့ ဝိညာဉ်စွမ်းအင်တွေကို ပိုစုပ်ယူခွင့် မပြုတော့ပေ။
ဧရိယာတူ ဝိညာဉ်လယ်မြေချင်း အတူတူ သေချာ ဂရုစိုက် စိုက်ပျိုးရင် အထွက်နှုန်း တစ်ဝက်လောက်ပဲ ထွက်ရင်တောင် အတော်လေး များပြားတဲ့ အရင်းအမြစ် တစ်ခု ဖြစ်နေပြီ။
ဝမ်ရှိုကျဲ့က သူ့ကို အနှောင့်အယှက် မပေးဘဲ စိတ်ရှည်လက်ရှည် စောင့်နေလိုက်သည်။
ဒီရှင်းရှန်းလယ်ယာက ဘိုးဘေးကျိုးရွှမ် ဒုတိယမြောက် ဖော်ထုတ်ခဲ့တဲ့ လယ်ယာ ဖြစ်သည်။ လယ်မြေကောင်း ဧက ၂,၀၀၀၊ မွေးမြူရေးခြံ အသေးစား တစ်ခုနဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးဖို့ သီးသန့် မြေကွက်ငယ် တစ်ခု ပါဝင်သည်။ အရေးအကြီးဆုံး အချက်ကတော့ ရှင်းရှန်းလယ်ယာမှာ ဝိညာဉ်လယ်မြေ ၂၀ ဧက ဖော်ထုတ်ထားခြင်းပင်။
ဒီနေရာက ယွီမိုင်တောင်တန်းရဲ့ အခွဲလေး တစ်ခုနဲ့ ဝန်းရံထားပြီး မူလမြေနေရာမှာ ကျောက်တုံးကျောက်ခဲတွေ အများကြီး ရှိသည်။ သီအိုရီအရတော့ စိုက်ပျိုးရေး လုပ်ဖို့ သိပ်မသင့်တော်တဲ့ မြေနေရာ ဖြစ်သည်။
ဒါပေမဲ့ ဘိုးဘေးကျိုးရွှမ်က ဒီနေရာကို ရွေးချယ်ပြီး တူးမြောင်းဖောက်ကာ ရေသွယ်ခဲ့သည်။ အကြောင်းရင်းကတော့ တောင်ကြားထဲမှာ ဝိညာဉ်သွေးကြော အသေးစားလေး တစ်ခု ရှိနေလို့ ဖြစ်သည်။
ဝိညာဉ်သွေးကြော ရှိရင် အဲဒီအပေါ်မှာ ဝိညာဉ်စုစည်းမှု အစီအရင် တည်ဆောက်ပြီး စွမ်းအင်တွေ မလွင့်ပါးအောင် ထိန်းသိမ်းထားလို့ ရသည်။ ပြီးတော့ ဝိညာဉ်စမ်းရေကို အသုံးပြုပြီး စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ခြင်းဖြင့် ဒီမြေနေရာကို ဝိညာဉ်သီးနှံတွေ စိုက်ပျိုးလို့ ရတဲ့ နေရာအဖြစ် တဖြည်းဖြည်း ပြောင်းလဲပစ်နိုင်သည်။
ကိုယ်ပိုင် ဝိညာဉ်လယ်မြေ ရှိမှ ကိုယ်ပိုင် ဝိညာဉ်ဆန် ထုတ်လုပ်နိုင်မှာ ဖြစ်ပြီး ဒါမှသာ သိုင်းမျိုးနွယ်စု တစ်ခုရဲ့ စစ်မှန်တဲ့ အုတ်မြစ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သည်။
ဒါကြောင့် ဘိုးဘေးကျိုးရွှမ်က မျိုးနွယ်စု စည်ပင်ဝပြောပါစေ ဆိုတဲ့ ဆန္ဒနဲ့ ဒီလယ်ယာကို ရှင်းရှန်း (စည်ပင်ဝပြောခြင်း) လို့ နာမည်ပေးခဲ့တာ ဖြစ်သည်။
ဒီဝိညာဉ်သွေးကြော အသေးစားနဲ့ ဝိညာဉ်စမ်းရေက အများဆုံး ဝိညာဉ်လယ်မြေ ဧက ၆၀ လောက်ထိ ထောက်ပံ့ပေးနိုင်သည်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဝမ်မျိုးနွယ်စုရဲ့ ဝိညာဉ်ဆန် စိုက်ပျိုးတဲ့ နည်းပညာက မကျွမ်းကျင်သေးတာကြောင့် ဝိညာဉ်စုစည်းမှု အစီအရင် တစ်ခုပဲ တည်ဆောက်ပြီး ဝိညာဉ်လယ်မြေ ၂၀ ဧက ကိုပဲ ယာယီ ဖော်ထုတ်ခဲ့ကြသည်။
မူလကတော့ ဝိညာဉ်ဆန် စိုက်ပျိုးနည်းပညာ ရင့်ကျက်လာမှ ကျန်တဲ့ ဧက ၄၀ ကို ဆက်လက် ဖော်ထုတ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အစီအစဉ် မစခင်မှာပဲ ဝမ်မျိုးနွယ်စု ကပ်ဘေးကြီးနဲ့ ကြုံတွေ့ခဲ့ရသည်။
နောက်ပိုင်းမှာ မျိုးနွယ်စုက စိတ်ဓာတ်တွေ ကျဆင်းပြီး အရင်းအမြစ်တွေ ရှားပါးလာခဲ့သည်။
ဝိညာဉ်လယ်မြေမှာ ရင်းနှီးမြှုပ်နှံတာက အရင်းအနှီး များပြီး အကျိုးအမြတ်ရဖို့ ကြာတာကြောင့် သူတို့က ဝိညာဉ်အဆင့် ဘိုးဘေးတစ်ပါး အရင်ဆုံး မွေးထုတ်ဖို့ကိုပဲ အာရုံစိုက်ခဲ့ကြသည်။
ဒါပေမဲ့ ပထမဆုံး ပြုစုပျိုးထောင်ခံရတဲ့ ဒုတိယအကြီးအကဲ ဝမ်တင့်ထျန်းက အသက် ၅ နှစ်အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့်ပဲ ဖြစ်ဖြစ်၊ လူကြီးတွေရဲ့ ဖိအားပေးမှုကြောင့်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် သူကိုယ်တိုင် စိတ်လောကြီးလို့ပဲ ဖြစ်ဖြစ်... အသက် ၂၀ အရွယ်မှာ လမ်းမှားလိုက်မိပြီး သေဆုံးခဲ့ရသည်။
ဝမ်မျိုးနွယ်စုရဲ့ "ရွှမ်ယွမ်ကျင့်စဉ်" က မျှတပြီး တည်ငြိမ်တာကြောင့် လမ်းမှားရောက်ဖို့ ခဲယဉ်းပါလျက်နဲ့ ဒီလို ဖြစ်ခဲ့ရတာ ဖြစ်သည်။
မျိုးနွယ်စုက ဝမ်းနည်းပူဆွေးပြီးတဲ့နောက် ဒုတိယသား ဝမ်တင့်ယွဲ့နဲ့ ဆဋ္ဌမသား ဝမ်ရှောင်ဟန်ကို အာရုံစိုက်လာခဲ့သည်။ သင်ခန်းစာ ရထားတဲ့ လူကြီးတွေက ဝမ်တင့်ယွဲ့ကို ဖိအား အရမ်းမပေးဘဲ စနစ်တကျ ပြုစုပျိုးထောင်ခဲ့သည်။
တကယ်တမ်း ဖိအားတွေ ပုံကျလာတာက ပါရမီထူးတဲ့ တိုက်ရိုက်သွေးသား ဆဋ္ဌမသား ဝမ်ရှောင်ဟန်ဆီကို ဖြစ်သည်။ ဒါပေမဲ့ သူ ဝိညာဉ်အဆင့် လမ်းကြောင်းကို စတင် လျှောက်လှမ်းတဲ့ အချိန်က နည်းနည်း နောက်ကျသွားခဲ့သည်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ဝမ်ရှောင်ဟန်က မိသားစု ပိုင်ဆိုင်မှု အများအပြားကို တိတ်တဆိတ် ရောင်းချပြီး "ကောင်းကင်ဝိညာဉ် ဆေးလုံး" ဝယ်ယူခဲ့ပေမယ့် အဆင့်တက်ဖို့ ကျရှုံးခဲ့သည်။
နောက်ပိုင်းမှာ ဝမ်တင့်ယွဲ့ ပြင်ပနယ်မြေမှာ သေဆုံးခဲ့ရသည်။
ဒီကိစ္စက ထူးဆန်းနေသည်။ မူလက ဝမ်ရှိုကျဲ့ ထင်ခဲ့တာက မျိုးနွယ်စုက မတတ်နိုင်တော့လို့ ဝမ်တင့်ယွဲ့အတွက် ကောင်းကင်ဝိညာဉ် ဆေးလုံး မဝယ်ပေးနိုင်ခဲ့ဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ သေချာ ပြန်စဉ်းစားကြည့်တော့ တစ်ခုခု လွဲနေသလိုပဲ။
ဘာလို့ ဘိုးဘေးလုံယန်က သူ့ရဲ့ ကိုယ်ပိုင် ဝိညာဉ်ရတနာ "လိပ်ခွံ ရတနာဒိုင်း" ကို ရောင်းပြီး ဝမ်ရှိုကျဲ့အတွက် အရင်းအမြစ် ရှာပေးခဲ့သလဲ။ ဘာလို့ ကွယ်လွန်သွားတဲ့ ဖခင် ဝမ်တင့်ယွဲ့အတွက်ကျတော့ မဝယ်ပေးခဲ့တာလဲ။
ပြီးတော့ ခေါင်းဆောင်ဟောင်း သေဆုံးပြီးနောက်ပိုင်း ဘိုးဘေးလုံယန်က ပေါ်မလာခဲ့ဘူး။ တခုခု မှားယွင်းလုပ်မိလို့ ဖမ်းခံရမှာ ကြောက်နေတာလား။ ဒီကာလအတွင်းမှာ ဘိုးဘေး ကိုယ်တိုင် လှုပ်ရှားခဲ့ဖို့ အခွင့်အလမ်း များနေသည်။
တကယ်လို့ ဘိုးဘေး လှုပ်ရှားခဲ့တယ် ဆိုရင် ဘယ်သူ့ကို ရင်ဆိုင်ခဲ့တာလဲ။ ဝမ်တင့်ယွဲ့ ပြင်ပနယ်မြေကို သွားတုန်းက တစ်ယောက်တည်း မဟုတ်ဘဲ ဘိုးဘေးပါ ပါသွားခဲ့တာများလား။
ဒီထင်ကြေးသာ မှန်တယ်ဆိုရင် ဘာလို့ အရေးကြီးတဲ့ အချိန်မှာ ဘိုးဘေးနဲ့ အကြီးအကဲတွေ ပြင်ပနယ်မြေကို သွားခဲ့ကြတာလဲ။ အခွင့်အလမ်း ရှာဖို့ သက်သက်ပဲလား။
မဖြစ်နိုင်ဘူး။
ဝမ်ရှိုကျဲ့ ယုံကြည်တာက ဘိုးဘေးနဲ့ အကြီးအကဲတွေက သူ့ကို လျှို့ဝှက်ချက် ကြီးတစ်ခု ဖုံးကွယ်ထားကြတယ်။ အဲဒီ လျှို့ဝှက်ချက်က ဝမ်မျိုးနွယ်စုအတွက် အရမ်း အရေးကြီးတဲ့ ကိစ္စ ဖြစ်ရမယ်။ ဝမ်တင့်ယွဲ့ ကျရှုံးခဲ့လို့များ ပြင်ပနယ်မြေမှာ ဝိညာဉ်အဆင့် တက်နိုင်မယ့် အခွင့်အလမ်း ရှိနေတာများလား။
စဉ်းစားလေ ပိုပြီး ဟုတ်နိုင်လေလို့ ခံစားမိလေပဲ။ မဟုတ်ရင် ဘိုးဘေးလုံယန်က အန္တရာယ်များတဲ့ ပြင်ပနယ်မြေမှာ သာမန် အခွင့်အလမ်းလေးတစ်ခု ရှာဖို့ စွန့်စားမယ့်အစား ရတနာဒိုင်းကို ရောင်းပြီး ကွယ်လွန်သူဖခင် ဝမ်တင့်ယွဲ့အတွက် ကောင်းကင်ဝိညာဉ် ဆေးလုံး ဝယ်ပေးခဲ့မှာပေါ့။
အခွင့်အရေး ရရင် ဘိုးဘေးဆီကနေ စကားနှိုက်ရမယ်။
ဝမ်ရှိုကျဲ့ စဉ်းစားခန်း ဖွင့်နေတုန်းမှာပဲ ဆဋ္ဌမအကြီးအကဲက ပေါင်းသင်လို့ ပြီးသွားပြီး တောအုပ်ထဲက ထွက်လာသည်။ အပြင်မှာ စောင့်နေတဲ့ ဝမ်ရှိုကျဲ့နဲ့ ဝမ်ရှိုယဲ့ကို မြင်တော့ သူက ပြုံးပြီး မေးလိုက်သည်။
"ရှိုကျဲ့ ဘယ်လိုလုပ် ရောက်လာတာလဲ ကြာပြီလား ဘာလို့ အဘိုးကို မခေါ်တာလဲ"
ဝမ်ရှိုကျဲ့က သူ့ကျင့်ကြံဆင့်ကို အကဲမခတ်နိုင်ပေမယ့် သူ့စိတ်ဝိညာဉ်ထဲက စိတ်ဓာတ်ကျဆင်းမှုနဲ့ ဆည်းဆာချိန် ရောက်နေတဲ့ အငွေ့အသက်ကို ခံစားမိသည်။ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အကုန်အကျများခံပြီး ဝိညာဉ်အဆင့် တက်ဖို့ ကြိုးစားရာမှာ ကျရှုံးခဲ့တဲ့ ဒဏ်ရာက အခုထိ မသက်သာသေးတာ သိသာသည်။ အသက် ၆၅ နှစ်သာ ရှိသေးပေမယ့် စတုတ္ထအကြီးအကဲ ဝမ်ရှောင်ကျီထက် ပိုအိုစာနေပြီး တကယ့် လယ်သမားအိုကြီး တစ်ယောက်လို ဖြစ်နေသည်။
"အဘိုးလေးခြောက် နေကောင်းပါသလား"
"အဘိုး"
ဝမ်ရှိုယဲ့က ဝမ်ရှောင်ဟန်ဆီ ပြေးသွားသည်။
"ဟေ ကောင်စုတ်လေး မင်းက ကိုကိုလေးနဲ့အတူ အဘိုးဆီ လာလည်တာလား"
ဝမ်ရှောင်ဟန်က ဝမ်ရှိုယဲ့ကို ပွေ့ချီလိုက်ပြီး ခဏလောက် စနောက်ကာ ဘေးနားက တာဝန်ခံကို ခေါ်သွားပြီး ဆော့ခိုင်းလိုက်သည်။
ပြီးနောက် ဝမ်ရှောင်ဟန်က ဝမ်ရှိုကျဲ့ကို သူ့ရဲ့ တဲအိမ်လေးရှေ့မှာ ထိုင်ခိုင်းပြီး ရိုးရိုးလက်ဖက်ရည် တည်ခင်းဧည့်ခံသည်။
"ရှိုကျဲ့ မင်း ဒီကို လာတာ ငါ့ကို ဝိညာဉ်အဆင့် လမ်းကြောင်း ပြန်လျှောက်ဖို့ လာပြောတာလား"
အရင်တုန်းက ဝမ်ရှိုကျဲ့က အစေခံ လွှတ်ပြီး ဖေယွမ်ဆေးလုံးနဲ့ ဝိညာဉ်ကျောက်တုံးတွေ ပို့ပေးခဲ့သလို သူ့အစီအစဉ်အကြောင်း စာရေးပြောပြခဲ့သည်။ ဒါပေမဲ့ ဝမ်ရှောင်ဟန်က ငြင်းပယ်ခဲ့ပြီး သူ့ရည်မှန်းချက်တွေ အိုဟောင်းသွားပြီမို့ ဝိညာဉ်လယ်မြေရှေ့မှာ တဲထိုးပြီး တစ်သက်လုံး စောင့်ရှောက်သွားချင်တော့တယ်လို့ ပြန်ပြောခဲ့သည်။
ဝမ်ရှိုကျဲ့က သူ့ရဲ့ ငါးဆားနယ် စိတ်ဓာတ်ကို အပြစ်မတင်ပေ။
သူက ရိုးရိုးလက်ဖက်ရည်ကို တစ်ငုံသောက်၊ ပတ်ဝန်းကျင်ကို ကြည့်၊ နွမ်းပါးတဲ့ တဲအိမ်လေးကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။
"မဟုတ်ပါဘူး ရှိုကျဲ့က အဘိုးလေးခြောက်ကို လာနှုတ်ဆက်တာပါ ဘိုးဘေးကျိုးရွှမ် ထားရစ်ခဲ့တဲ့ ဝိညာဉ်လယ်မြေကို နောက်ဆုံးအနေနဲ့ လာကြည့်တာပါ ဘာပဲပြောပြော ရှိုကျဲ့က သေလူ ဖြစ်နေပြီပဲ"
"ဘာ"
ဝမ်ရှောင်ဟန်က လက်ထဲက ခွက်ကို ချေမွပစ်မတတ် ဖြစ်သွားပြီး ဒေါသတကြီး အော်မေးလိုက်သည်။
"ဝမ်ရှိုကျဲ့ မင်း ဘာတွေ ပေါက်ကရ ပြောနေတာလဲ"
သူ့ခန္ဓာကိုယ်ကနေ အံ့မခန်း အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်လာသည်။