← Chapters

ဘိုးဘေးရဲ့ ဒဏ်ရာက သိသိသာသာ သက်သာလာပြီ

Vol. 7 Ch. 70

ဘိုးဘေးရဲ့ ဒဏ်ရာက သိသိသာသာ သက်သာလာပြီ

Vol. 7 Ch. 70

ဆဋ္ဌမအကြီးအကဲ ဝမ်ရှောင်ဟန်က အနည်းငယ် မသေချာ မရေရာ ဖြစ်နေပေမယ့် နောက်ဆုံးမှာတော့ ဝမ်ရှိုကျဲ့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်သည်။

သူက အခု မျိုးနွယ်စုရဲ့ ခေါင်းဆောင်၊ မိသားစုရဲ့ ခေါင်းဆောင် ဖြစ်နေပြီ ဖြစ်သည်။ သူသာ သက်တမ်းမပြည့်သေးတဲ့ အနှစ် ၅၀၀ သက်တမ်းရှိ ကိုးရွက် ဝိညာဉ်ဂျင်ဆင်းကို မရောင်းရဘူးလို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရင် ဘယ်သူမှ ရောင်းရဲမှာ မဟုတ်ပေ။

ဆက်လက်ပြီး ဝမ်ရှိုကျဲ့က ကျန်ရှိနေတဲ့ ဝိညာဉ်လယ်မြေ ၆ ကွက်၊ ၇ ကွက်လောက် အကြောင်းကို စုံစမ်း မေးမြန်းလိုက်သည်။

အဲဒီအကွက်တွေမှာလည်း ကိုးရွက် ဝိညာဉ်ဂျင်ဆင်းတွေကို အနိမ့်ဆုံး ၁၀ နှစ်ကနေ အမြင့်ဆုံး နှစ် ၇၀ အထိ သက်တမ်း အသီးသီး ခွဲပြီး စိုက်ပျိုးထားသည်။

"ငါတို့က ကိုးရွက် ဝိညာဉ်ဂျင်ဆင်းကို အပြင်လူတွေကို မရောင်းဘူး။ မိသားစုရဲ့ အုတ်မြစ်အဖြစ် ဖြည်းဖြည်းချင်း စုဆောင်းထားတာ"

ဝမ်ရှောင်ဟန်က ရှင်းပြသည်။

"ဒါကြောင့် ဒီအလယ်အလတ်အဆင့် ဝိညာဉ်လယ်မြေ ၂ ဧကကနေ ထွက်ကုန်တန်ဖိုး အများကြီး ရပေမယ့် အနည်းဆုံး အကျိုးအမြတ် တစ်ဝက်လောက်ကို ကိုးရွက် ဝိညာဉ်ဂျင်ဆင်း စိုက်ပျိုးမှု တိုးမြှင့်ဖို့အတွက် ပြန်လည် ရင်းနှီးမြှုပ်နှံထားတယ်"

"မှန်တယ်"

ဝမ်ရှိုကျဲ့က သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။

"မိသားစုတစ်ခု ကြီးပွားချင်ရင် ရေတို အကျိုးအမြတ်ကို ကြည့်လို့ မရဘူး။ ရေရှည် ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးအမြတ်ကို ကြည့်ရမယ်။ ဒီလိုမှသာ မိသားစုရဲ့ အုတ်မြစ်က တဖြည်းဖြည်း ခိုင်မာလာပြီး အခြေအနေ ကောင်းတဲ့ နှစ်တွေမှာ ထိုးတက်နိုင်မယ်။ အကျပ်အတည်း ကြုံရင်လည်း အုတ်မြစ်ကို မှီခိုပြီး တောင့်ခံထားနိုင်မယ်"

ဒီအလယ်အလတ်အဆင့် ဝိညာဉ်လယ်မြေ ၂ ဧကကို မျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှု စာရင်းအပြင်ဘက်မှာ တိတ်တဆိတ် လည်ပတ်နေခြင်းက သီအိုရီအရတော့ သိုင်းမျိုးနွယ်စုရဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ရာ ရောက်နေသည်။

ဒါပေမဲ့ ဒါက မျိုးနွယ်စုဝင် တစ်ယောက်က ကိုယ်ကျိုးအတွက် သီးသန့် ပိုင်ဆိုင်မှု ခွဲထွက် လုပ်ကိုင်တာမျိုး မဟုတ်ပေ။ ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုရင် ဒါကလည်း မျိုးနွယ်စုရဲ့ ပိုင်ဆိုင်မှု တစ်ခုပါပဲ။ မိသားစုရဲ့ အုတ်မြစ်ကို စုဆောင်းပေးနေသလို တခါတလေကျရင် မိသားစုရဲ့ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ပေးနေတာ ဖြစ်သည်။

ကိုယ်ကျိုးအတွက် သီးသန့် ပိုင်ဆိုင်မှု လုပ်ကိုင်ခြင်းက သိုင်းမျိုးနွယ်စုရဲ့ အကြီးမားဆုံး တားမြစ်ချက် ဖြစ်သည်။ ဒီလို အလေ့အထမျိုး ရှိလာရင် ပြည်တွင်းစစ် ဖြစ်လာပြီး နောက်ဆုံးမှာ ပြိုကွဲသွားတတ်သည်။

မျိုးနွယ်စုဝင် တစ်ယောက်က တကယ်ပဲ ကိုယ့်စီးပွားရေး ကိုယ် သီးသန့် လုပ်ချင်တယ် ဆိုရင်တော့ မျိုးနွယ်စုနဲ့ သဘောတူညီချက် ရယူပြီး ကိုယ့်မိသားစု ကိုယ် သီးခြား ထူထောင်ခွင့် ရှိသည်။

ဒါကို မိသားစု ခွဲထွက်ခြင်းလို့ ခေါ်သည်။

အဲဒီအချိန်ကျရင် အဲဒီအဖွဲ့ခွဲကို ဖင်းအန်းဝမ်မျိုးနွယ်စုရဲ့ အဖွဲ့ခွဲ (သွေးရင်း မဟုတ်တော့သော အဖွဲ့ခွဲ) အဖြစ် မှတ်တမ်းတင်ထားလိမ့်မည်။

ဥပမာ - ဂျင်ရှာရွှီမျိုးနွယ်စု ဆိုရင် ချန်နင်ရွှီမျိုးနွယ်စုရဲ့ အဖွဲ့ခွဲ တစ်ခု ဖြစ်သည်။ နှစ်ခုစလုံးက ရွှီမျိုးနွယ်စု ဖြစ်ပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက သီးခြား အဖွဲ့အစည်း နှစ်ခုအဖြစ် ကွဲထွက်သွားခဲ့ကြသည်။

ဖင်းအန်းဝမ်မျိုးနွယ်စု ဆိုရင်လည်း လုံကျိုးဝမ်မျိုးနွယ်စုရဲ့ အဖွဲ့ခွဲ တစ်ခု ဖြစ်သည်။ လုံကျိုးဝမ်မျိုးနွယ်စုရဲ့ ဘိုးဘေးခန်းမ ဆွေစဉ်မျိုးဆက် မှတ်တမ်းထဲမှာ ဘိုးဘေးကျိုးရွှမ် ခွဲထွက်ပြီး တည်ထောင်ခဲ့တဲ့ အကြောင်း သေချာပေါက် ပါဝင်လိမ့်မည်။

ဒါပေမဲ့ ဘယ်နှစ်ဆက် ရှိသွားပြီလဲ ဘယ်သူတွေ ဆက်ခံနေလဲ ဆိုတာကိုတော့ ဆွေစဉ်မျိုးဆက် မှတ်တမ်းထဲမှာ ထည့်သွင်း မှတ်တမ်းတင်ထားမှာ မဟုတ်ပေ။ အများဆုံး ဒီဘက်က ထူးချွန်ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ ပေါ်ထွက်လာရင်တော့ မှတ်တမ်းတင်ကောင်း တင်လိမ့်မည်။

ကဲ... လေကန်တာတွေ ခဏ ရပ်လိုက်ကြစို့။

မျိုးနွယ်စုရဲ့ လျှို့ဝှက် အုတ်မြစ်ကို သွားကြည့်ပြီးနောက် ဝမ်ရှိုကျဲ့ရဲ့ စိတ်ခံစားချက်က အတော်လေး ကောင်းမွန်နေသည်။ ဒီအုတ်မြစ်တွေ ရှိနေတာကြောင့် သူ့ရဲ့ ယုံကြည်မှုတွေ ပိုမို ပြည့်ဝလာသည်။

ဝမ်ရှောင်ဟန်က ဝမ်ရှိုကျဲ့ကို ရှင်းရှန်းလယ်ယာ တစ်ဝိုက် လိုက်ပြပြီး နေရာစုံကို လေ့လာစေခဲ့သည်။ ဒါက ရှင်းရှန်းလယ်ယာအပေါ် ဝမ်ရှိုကျဲ့ရဲ့ နားလည်မှုကို ပိုမို ခိုင်မာစေသည်။

ရည်မှန်းချက် ပြည့်ဝသွားတဲ့နောက် ဝမ်ရှိုကျဲ့က ထမင်းစားပြီး သတ္တမဦးလေး ဝမ်ရှိုယဲ့နဲ့အတူ လှေစီးပြီး အိမ်ပြန်လာခဲ့သည်။ လမ်းမှာ ဝမ်ရှိုကျဲ့က စာရွက်နဲ့ စုတ်တံကို ထုတ်ပြီး တခါတလေ တွေးလိုက် တခါတလေ ချရေးလိုက် လုပ်နေသည်။ ဘေးက ဝမ်ရှိုယဲ့က စူးစမ်းချင်စိတ်နဲ့ မေးလိုက်သည်။

"ကိုကိုလေး ဘာတွေ ရေးနေတာလဲ"

"စနစ် ဇယားကွက်လေ"

"အော်"

ဝမ်ရှိုယဲ့က စနစ် ဇယားကွက် ဆိုတာ ဘာမှန်း နားမလည်ပေမယ့် ကိုကိုလေးက အရမ်း တော်တယ်လို့ ခံစားရပြီး ပိုလေးစားသွားသည်။

တကယ်တော့ ဝမ်ရှိုကျဲ့က သူ့ရဲ့ စနစ် ဇယားကွက်ကို တဖြည်းဖြည်း တည်ဆောက်ပြီး မွမ်းမံဖို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပေ။

လှေလေးက ယိမ်းထိုးရင်း အိမ်ပြန်ရောက်လာသည်။ ဝမ်ရှိုကျဲ့က ဝမ်ရှိုယဲ့ကို အားပေးစကား တချို့ ပြောပြီး မှာကြားစရာ ရှိတာ မှာကြားကာ အစေခံ ဝမ်ကွေကို အိမ်ပြန်ပို့ခိုင်းလိုက်သည်။ ပြီးတော့ သူက လတ်ဆတ်တဲ့ သစ်သီး အိတ်တစ်လုံးကို ဆွဲပြီး ဘိုးဘေးလုံယန်ရဲ့ အိမ်တော်ဘက် ထွက်လာခဲ့သည်။

ဘိုးဘေးလုံယန်ရဲ့ အိမ်တော် အပြင်ဘက် ရောက်တော့ တူမကြီး ဝမ်လိချီက အပြင်ကနေ ခိုးကြောင်ခိုးဝှက် ချောင်းကြည့်နေတာ တွေ့လိုက်ရသည်။ သူ ချက်ချင်း တည်ကြည်သွားပြီး မေးလိုက်သည်။

"တူမကြီး ဘာတွေ ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ"

"ဟာ ဦးလေးလေး..."

ဝမ်လိချီ ကြောက်လွန်းလို့ ခြေထောက်တွေ ပျော့ခွေသွားသည်။ သူ ရိုးရိုးသားသား ဝန်ခံလိုက်သည်။

"သမီး... သမီး ဘိုးဘေးကို လာရှာတာပါ"

"ပေါက်ကရတွေ"

ဝမ်ရှိုကျဲ့ မျက်မှောင်ကြုတ်ပြီး ဆူလိုက်သည်။

"လုံယန်အိမ်တော်က တားမြစ်နယ်မြေလေ ဘိုးဘေး မခေါ်ဘဲနဲ့ ဘယ်လိုလုပ် ဘိုးဘေးရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်ရဲတာလဲ"

"သမီး... သမီးက... သမီးက ဘိုးဘေးဆီမှာ ကိုယ်ဖော့ပညာနဲ့ တိုက်ခိုက်ရေး စွမ်းရည် လာသင်မလို့ပါ"

"ကိုယ်ဖော့ပညာနဲ့ တိုက်ခိုက်ရေး စွမ်းရည် ဟုတ်လား"

ဝမ်ရှိုကျဲ့ သူ့ကို သံသယ မျက်လုံးနဲ့ ကြည့်လိုက်သည်။

"နင် ဘိုးဘေးဆီ မုန့်လာတောင်းတာ မဟုတ်ဘူးလား သေချာရဲ့လား"

"ဦးလေးလေး သမီးကို ဘယ်လိုများ အဲဒီလို ပြောရက်ရတာလဲ"

ဝမ်လိချီ ဒေါသထွက်လွန်းလို့ မျက်နှာတွေ နီရဲသွားသည်။ သူက အားငယ်သံလေးနဲ့ ပြန်ပြောသည်။

"ဦးလေးလေးမှာပဲ ရည်မှန်းချက် ရှိတာ မဟုတ်ပါဘူး သမီးလည်း သန်မာချင်တာပါပဲ"

ဒါကို ကြားတော့ ဝမ်ရှိုကျဲ့ရဲ့ တင်းမာနေတဲ့ မျက်နှာထား လျော့ကျသွားသည်။ သူက တောင်းပန်တဲ့ အနေနဲ့ ကလေးမလေး ခေါင်းကို ပွတ်ပေးရင်း ပြောလိုက်သည်။

"သြော်... ငါ့တူမကြီး လိချီမှာလည်း ရည်မှန်းချက် ရှိတာကိုး ဦးလေးလေးက အထင်လွဲသွားတာ တောင်းပန်ပါတယ်ကွာ"

'ဟွန်း စိတ်ပျက်စရာကောင်းလိုက်တာ စကားမပြောချင်တော့ပါဘူး'

ဝမ်လိချီက ခေါင်းလှည့်သွားပြီး နှုတ်ခမ်းဆူကာ မျက်ရည်တွေ ဝဲလာသည်။

"စကားမစပ် ခုနက ရှင်းရှန်းလယ်ယာကို သွားခဲ့တယ်"

ဝမ်ရှိုကျဲ့က ပြုံးပြီး ပြောလိုက်သည်။

"သခွားမွှေး သစ်သီး လတ်လတ်ဆတ်ဆတ်တွေ ခူးလာတယ် ဒီနှစ် ရာသီဥတု ကောင်းတော့ အသီးတွေက အရည်ရွှမ်းပြီး ချိုနေတာပဲ စားမလား"

"စားမယ် စားမယ် စားမယ်"

ဝမ်လိချီ မျက်လုံးတွေ အရောင်တောက်သွားပြီး အိတ်ထဲက အသီးစိမ်းစိမ်းလေးကို ယူကာ သုတ်ပြီး အားရပါးရ ကိုက်စားလိုက်သည်။ သူ့မျက်လုံးလေးတွေ ကျဉ်းမြောင်းသွားပြီး ကျေနပ်အားရစွာ ချီးကျူးလိုက်သည်။

"ဒီအသီးက ချိုလိုက်တာ အရမ်း စားကောင်းတာပဲ ကျေးဇူးပါ ဦးလေး လေး"

"လိချီ ရည်မှန်းချက် ရှိတာ ကောင်းပါတယ် ဒါပေမဲ့ ဘိုးဘေးက နေသိပ်မကောင်းဘူး လိုအပ်မှပဲ သွားနှောင့်ယှက်နော်"

ဝမ်ရှိုကျဲ့က စိတ်သက်သာရာ ရသွားပြီး ပြောလိုက်သည်။

"နင့်ရဲ့ လက်ရှိ အဆင့်နဲ့ဆိုရင် ဦးလေး လေး သင်ပေးတာနဲ့ လုံလောက်ပါတယ် မနက်ဖြန်ကစပြီး မော်နာရီ (နံနက် ၅ နာရီ - ၇ နာရီ) ကျရင် ဦးလေးလေးရဲ့ သိုင်းကွင်းမှာ လာစောင့်နေ ဦးလေး လေး ကိုယ်တိုင် သင်ပေးမယ် ဖြည်းဖြည်းစား ရော့ နောက်တစ်လုံး ယူဦး"

လိချီက ပထမ ဝါကျတုန်းက နားထောင်လို့ ကောင်းနေသေးပေမယ့် ဒုတိယ ဝါကျ ကြားရော တစ်ကိုယ်လုံး တုန်သွားသည်။ ကြောက်လွန်းလို့ အသီးတောင် ဆက်မစားနိုင်တော့ပေ။ သူက အသီးကို အလိုအလျောက် လှမ်းယူလိုက်ပြီး တုန်တုန်ယင်ယင်နဲ့ မေးလိုက်သည်။

"ဦး... ဦးလေးလေး မော်နာရီ ဆိုတာ မစောလွန်းဘူးလား"

"မစောပါဘူး အခု နွေရာသီ ရောက်နေပြီ မော်နာရီဆိုတာ မိုးလင်းကာစပဲ ရှိသေးတယ်"

ဝမ်ရှိုကျဲ့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။

"အဲဒီအချိန်က သိုင်းပညာနဲ့ ကိုယ်ဖော့ပညာ လေ့ကျင့်ဖို့ အကောင်းဆုံး အချိန်ပဲ ဘာပြဿနာ ရှိလို့လဲ"

"သမီး... သမီး ဆိုလိုတာက... လေ့ကျင့်စရာ မလိုဘဲ နေ့တိုင်း စားလိုက် သောက်လိုက်နဲ့ သန်မာလာမယ့် သိုင်းပညာမျိုး မရှိဘူးလား ဟင်"

လိချီက မျက်တောင် ပုတ်ခတ်ပုတ်ခတ်နဲ့ စူးစမ်းချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။

"ဦးလေး လေး ဘိုးဘေးကို ကူမေးပေးပါလား"

ဟာ...

ဝမ်ရှိုကျဲ့ မျက်နှာထား ပျက်သွားသည်။ ဒါက လိချီရဲ့ ရည်မှန်းချက် ဆိုပါလား။ ငါက တကယ်လို့ ယုံလိုက်မိသေးတယ်...

ဝမ်ရှိုကျဲ့... အော် ဝမ်ရှိုကျဲ့... မင်း နုသေးပါလား...

သူ ဘာမှ မပြောတော့ဘဲ ကလေးမလေး လက်ထဲက အသီးကို ပြန်ဆွဲယူပြီး အိတ်ထဲ ပြန်ထည့်ကာ လုံယန်အိမ်တော်ထဲ လှည့်မကြည့်ဘဲ ဝင်သွားတော့သည်။

"ဟာ ဦးလေးလေး အဲဒါ သမီးအသီးလေ ဘယ်လိုလုပ် ပြန်ယူသွားတာလဲ"

လိချီက အမှီလိုက်ရင်း ပြောသည်။

"ဦးလေးလေး... လောကကြီးက ကျယ်ပြန့်ပါတယ် အဲဒီလို သိုင်းပညာမျိုး ရှိချင်ရှိမှာပေါ့"

ဝမ်ရှိုကျဲ့က အေးစက်စက် နှစ်ချက် ရယ်လိုက်သည်။ ငါ့ကို ဗဟုသုတ နည်းတယ်လို့ အပြစ်တင်နေတာလား။

"ဝင်ခဲ့ကြ အပြင်မှာ ဆူညံမနေနဲ့"

ဒီအချိန်မှာ အိမ်တော်ထဲကနေ ဘိုးဘေးလုံယန်ရဲ့ အသံ ထွက်ပေါ်လာသည်။

ဝမ်ရှိုကျဲ့က ထူးလိုက်ပြီး ဝင်သွားသည်။ လိချီက အနောက်က ကပ်လိုက်လာပြီး ဦးလေး လေးရဲ့ မုန်းတီးတဲ့ အကြည့်ကို မြင်တော့ ခေါင်းပုဝင်သွားပြီး ပြောသည်။

"ဘိုးဘေးက ဝင်ခဲ့တဲ့"

သူက "ခဲ့" ဆိုတဲ့ စကားလုံးကို အလေးပေး ပြောလိုက်သည်။

"ဟဲဟဲ..."

ဝမ်ရှိုကျဲ့ သူ့ကို မျက်စောင်းထိုးလိုက်ပြီး ဘိုးဘေးလုံယန်ကို ဂါရဝပြုဖို့ ဝင်သွားသည်။

ဒီအချိန်မှာ ဘိုးဘေးလုံယန်က ဇရပ်ဆောင်ကို ရွှေ့ပြောင်း ထိုင်နေပြီး သူတို့ကို စောင့်နေသည်။

"ဝမ်ရှိုကျဲ့ ဘိုးဘေးကို ဂါရဝပြုပါတယ်"

ဝမ်ရှိုကျဲ့ ဂါရဝပြုလိုက်ပြီး ဘိုးဘေးလုံယန်ရဲ့ အသက်ရှူသံတွေက အရင်ကထက် အများကြီး ပိုကောင်းလာတာ သတိထားမိလိုက်သည်။ ရှည်လျားတဲ့ ဆံပင်ဖြူကြီးတွေတောင် မမြင်ရတဲ့ အရောင်တောက်တောက်လေးတွေ စွဲနေသလိုပဲ။ သူ ဝမ်းသာအားရ ပြောလိုက်သည်။

"ဂုဏ်ယူပါတယ် ဘိုးဘေး ကျန်းမာရေး ပြန်ကောင်းလာပြီပဲ"

သူ့စိတ်ထဲမှာလည်း ကြည်နူးနေသည်။ ဘိုးဘေး ကျန်းမာလေ ဝမ်မျိုးနွယ်စု လုံခြုံလေပဲ။ သူ့ရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေလည်း လျော့ကျသွားသည်။

"လိချီ ဘိုးဘေးကို ဂါရဝပြုပါတယ် ဂုဏ်ယူပါတယ် ဘိုးဘေး ကျန်းမာရေး ပြန်ကောင်းလာပြီပဲ"

လိချီလည်း အပြေးအလွှား ဂါရဝပြုပြီး ဝမ်ရှိုကျဲ့ ပြောတဲ့ ဂုဏ်ပြုစကားကို အတိအကျ ကူးချလိုက်တာမို့ ဝမ်ရှိုကျဲ့ မျက်လုံးတွေ လှုပ်ရမ်းသွားသည်။

ဒါပေမဲ့ ဘိုးဘေးလုံယန်ကတော့ သူ့စကားကို သဘောကျပုံရသည်။ ကျန်းမာရေး ကောင်းလာတော့ စိတ်လည်း ကြည်လင်နေပြီး ဝမ်လိချီကို လက်ယပ်ခေါ်လိုက်သည်။

"ကလေးမလေး ဘာလို့ ဘိုးဘေးဆီ ရံဖန်ရံခါ လာမလည်တာလဲ"

ဒီမြင်ကွင်းက ဝမ်ရှိုကျဲ့ကို အနည်းငယ် ကြောင်အသွားစေသည်။ ဒီကောင်မလေး ဘိုးဘေးကို ဘာဆေးကျွေးထားလို့ ဒီလောက် ချစ်နေရတာလဲ။

ပြီးတော့ ဝမ်လိချီက ဘိုးဘေးဘေးနားမှာ တရစ်ဝဲဝဲနဲ့ ပခုံးနှိပ်ပေး လက်နှိပ်ပေး လုပ်ရင်း ပြန်ဖြေသည်။

"ဦးလေးလေးက ပြောတယ် လုံယန်အိမ်တော်က တားမြစ်နယ်မြေတဲ့ သမီး ဘိုးဘေးရဲ့ ကျင့်ကြံခြင်းကို မနှောင့်ယှက်ရဘူးတဲ့ ဒါပေမဲ့ ဘိုးဘေးရယ် သမီး ဘိုးဘေးကို လွမ်းလွန်းလို့ ထမင်းလည်း မစားနိုင် အိပ်လည်း မပျော်ဘူး ကြည့်ပါဦး သမီး ပိန်တောင် ပိန်သွားပြီ"

ဝမ်ရှိုကျဲ့ မျက်နှာထား အေးစက်သွားသည်။ ဒီကောင်မလေး ဘိုးဘေးရှေ့မှာ ငါ့ကို တိုင်ရဲတယ်ပေါ့...

"ကြည့်ရတာ နည်းနည်း ပိန်သွားသလိုပဲ"

ဘိုးဘေးလုံယန်က သူ့ကို တစ်ချက်ကြည့်ပြီး ဝမ်ရှိုကျဲ့ဘက် လှည့်ပြောသည်။

"ရှိုကျဲ့... လာချင်ရင် လာခိုင်းလိုက်ပါ"

ဒါကို ကြားတော့ ဘိုးဘေး နောက်ကျောမှာ ပုန်းနေတဲ့ ဝမ်လိချီက ဝမ်ရှိုကျဲ့ကို နိုင်စားတဲ့ ပုံစံ လုပ်ပြသည်။

"သူ ဆူညံပြီး ဘိုးဘေးရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်မှာ စိုးလို့ပါ"

ဝမ်ရှိုကျဲ့ ပြောလိုက်သည်။

"ရပါတယ်"

ဘိုးဘေးလုံယန်ရဲ့ စိတ်အခြေအနေက ကျန်းမာရေး ကောင်းလာတာနဲ့အမျှ ပိုကောင်းလာပုံရသည်။

"လိချီက သဘောကောင်းပြီး အလိုက်သိတဲ့ ကလေးပါ ငါ့ကို ကောင်းကောင်း ပြုစုတယ် သူရှိတော့ ငါ့ဒဏ်ရာတွေတောင် ပိုမြန်မြန် သက်သာလာသလိုပဲ"

ဝမ်ရှိုကျဲ့လည်း ဝမ်လိချီရဲ့ လူကြီးတွေကို ဖားတတ်တဲ့ စွမ်းရည်ကို အသိအမှတ် ပြုလိုက်ရသည်။

"ဒီအသီးတွေက လယ်ယာကနေ ခုလေးတင် ခူးလာတာ ဘိုးဘေး မြည်းကြည့်ပါဦး"

"ဦးလေး လေး သမီး လုပ်ပေးမယ်"

ဝမ်လိချီက အိတ်ကို ယူပြီး သခွားမွှေးသီး နှစ်လုံး ဆေးကြောကာ တစ်လုံးကို ဘိုးဘေး ပေးပြီး တစ်လုံးကို သူယူလိုက်သည်။

"ဘိုးဘေး ဒီအသီး စားကြည့်ပါ ကြွပ်ပြီး ချိုနေတာပဲ သမီး မြည်းကြည့်ပြီးပြီ"

သူက ပျော်ပျော်ပါးပါး စားနေသည်။ ဝမ်ရှိုကျဲ့လည်း သူ့ရဲ့ မျက်နှာပြောင်တိုက်နိုင်မှု အပေါ် အံ့ဩသွားသည်။

ဘိုးဘေး အသီးစားနေတာ ကြည့်ပြီး ဝမ်ရှိုကျဲ့ စိတ်သက်သာရာ ရသွားသည်။ ခုတလော ဘိုးဘေးက ဒဏ်ရာ ကုသဖို့ ဝိညာဉ်အစားအစာတွေ ကောင်းကောင်း စားသောက်နေရပြီး အရင်က ပိန်လှီနေတဲ့ ခန္ဓာကိုယ်က ပြည့်ဖြိုး ကျန်းမာလာကာ တက်ကြွ လန်းဆန်းလာသည်။

ဒဏ်ရာ သက်သာလာတာနဲ့အမျှ သူ့ကိုယ်သူရော မျိုးနွယ်စုရဲ့ အနာဂတ်အတွက်ပါ မျှော်လင့်ချက်တွေ ပြည့်ဝလာမှန်း သိသာသည်။

ဒါက ဝမ်မျိုးနွယ်စုရဲ့ နှစ် ၅၀ ကြာ ကံဆိုးမိုးမှောင်ကျမှုတွေ နိဂုံးချုပ်တော့မယ် ဆိုတဲ့ သဘောပင် ဖြစ်သည်။ စာရင်းရှင်းပြီး ပြန်လည် ထကြွရမယ့် အချိန် ရောက်ပြီ။

ဝမ်ရှိုကျဲ့ စိတ်ခံစားချက်လည်း အများကြီး ကောင်းမွန်လာသည်။ ဒါပေမဲ့ အဲဒီမတိုင်ခင် သူ ဝမ်လိချီရဲ့ အနာဂတ်ကို စီစဉ်ပေးရဦးမည်။

ဒီကလေးက ရည်မှန်းချက် ကြီးတယ် အစားကောင်း ကြိုက်တယ် ဘဝအတွက် စိတ်ကူးယဉ်မှုတွေနဲ့ ပြည့်နှက်နေတယ်။ ပြီးတော့ လူကြီးတွေ သဘောကျအောင် ဘယ်လိုနေရမလဲ ဆိုတာလည်း သိတယ်။

ဒီလောက် ထူးချွန်တဲ့ ကလေး...

သူ့ကို အဘိုးလေး ခြောက်နဲ့အတူ ဝိညာဉ်လယ်မြေ စိုက်ပျိုးဖို့ စီစဉ်ပေးလိုက်တာ အသင့်တော်ဆုံး ဖြစ်လိမ့်မယ်။

ပြီးတော့ ဒီကလေးက စာဖတ်ရတာ ကြိုက်ပြီး ဝိညာဉ် သဘာဝလည်း ရှိတယ်။ ရှေးဟောင်း စာအုပ်တွေ၊ ကျမ်းစာအုပ်တွေနဲ့ မဝေးကွာစေသင့်ဘူး။ ဝမ်မျိုးနွယ်စုက ဆင်းရဲချင် ဆင်းရဲပါစေ ဘယ်လောက်ပဲ ဆင်းရဲပါစေ ကလေးတွေရဲ့ ပညာရေးကိုတော့ လစ်ဟင်းခံလို့ မဖြစ်ဘူး။

နေ့ဘက်မှာ လယ်ထဲဆင်းပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်၊ ညဘက်ကျတော့ တဲအိမ်လေးထဲမှာ မီးခွက်ထွန်းပြီး စာကျက်နေမယ့် ကောင်မလေးရဲ့ ပုံရိပ်ကို တွေးမိပြီး ဝမ်ရှိုကျဲ့ နှုတ်ခမ်းတွေက ကျေနပ်ပီတိဖြစ်တဲ့ အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသည်။

မိသားစု ကြီးပွားတိုးတက်ရေး မျှော်လင့်ချက်က အဆုံးသတ်မှာတော့ ဒီထူးချွန်တဲ့ မျိုးဆက်သစ်တွေအပေါ် မူတည်နေတာပဲ။

သူတို့ရဲ့ လူကြီးတွေ အနေနဲ့ သူတို့ရဲ့ အရေးကြီးတဲ့ ကြီးထွားနှုန်း ကာလမှာ ပံ့ပိုးပေးရမယ်။

"ဟင်"

ပျော်ပျော်ပါးပါး တတိယမြောက် အသီးကို စားနေတဲ့ ဝမ်လိချီ တစ်ယောက် တစ်ခုခု လွဲနေသလို ခံစားလိုက်ရပြီး ကျောချမ်းသွားတော့သည်။

All Chapters