← Chapters

ဆရာ... ဆရာ ကျွန်မကမလိမ်ခဲ့ဘူးပဲ

Vol. 1 Ch. 2

ဆရာ... ဆရာ ကျွန်မကမလိမ်ခဲ့ဘူးပဲ

Vol. 1 Ch. 2

"ကျားလဲ့! ကျားလဲ့ရေ!!!"

ခြံဝင်းအပြင်ဘက်ကနေ ဆရာတော် ယိရှိုး က ဆရာတော် စစ်မု၏ ဝါးအိမ်ဖက်ကို လှမ်းပြီး အကြိမ်ကြိမ် အော်ခေါ်လိုက်သည်။

ဘေးနားမှာ ရပ်နေတဲ့ ချင်းချင်း ကတော့ အော်ခေါ်နေတာတွေကို စိတ်မဝင်စားဘဲ ခြံထဲက ကြက်မအိုကြီးကိုသာ စိတ်ဝင်တစား ကြည့်နေမိသည်။

"ကျွီ!!!"

ထိုစဉ်မှာပင် ဝါးအိမ်တံခါးမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့ကာ ဆရာ ယိရှိုးရဲ့ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားခဲ့သည်။ တံခါးဖွင့်ပေးတဲ့သူဟာ ကျားလဲ့ပဲ ဖြစ်ရမယ်လို့ သူတွေးလိုက်မိသည်။ အကြောင်းကတော့ ဆရာ စစ်မုသာဆိုရင် သူ့အသံကြားတာနဲ့တင် ဘယ်တော့မှ တံခါးထွက်ဖွင့်ပေးမှာ မဟုတ်ပေ။

ဒါပေမဲ့ နောက်တစ်စက္ကန့်မှာပဲ သူ ကြောင်အသွားရတော့သည်။ ဝတ်စုံဖြူရှည်ကို ဝတ်ဆင်ထားတဲ့ အလွန်ချောမောတဲ့ လူငယ်တစ်ယောက် အိမ်ထဲက ထွက်လာတာကို သူမြင်လိုက်ရသည်။

ချင်းချင်းလည်း ထိုလူငယ်ကို မြင်လိုက်ရတဲ့ ခဏမှာတင် မှင်တက်သွားခဲ့ရသည်။ ဒီလောက်အထိ ချောတဲ့သူမျိုး သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

"ဆရာ ပြောတဲ့အတိုင်းပါပဲလား... ကျားလဲ့က တကယ်ကို ချောတာပဲ"

ဒီအချိန်မှာတော့ ချင်းချင်းတစ်ယောက် သူမရဲ့ ဆရာက ကျားလဲ့ကို ဘာလို့ ဒီလောက်တောင် ချီးကျူးနေရလဲဆိုတာ နားလည်သွားချေပြီ။

'ဆရာ ကျွန်မကို တကယ်မလိမ်ခဲ့ဘူးပဲ' လို့လည်း စိတ်ထဲက ရေရွတ်လိုက်မိသည်။

ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ နောက်တစ်စက္ကန့်မှာတော့ လင်းယန်ယန် ရဲ့ စကားသံက သူမရဲ့ စိတ်ကူးယဉ်မှုတွေကို ရိုက်ချိုးလိုက်တော့သည်။

"ဆရာကြီး... ဆရာကြီးက ဆရာ ယိရှိုး ဖြစ်ရမယ်။ ကျွန်တော်ကတော့ လင်းယန်ယန် ပါ၊ ဆရာတော် စစ်မု ရဲ့ ဆရာတူညီငယ် ပါ။ ဒီမှာ ရက်အနည်းငယ်လောက် ခဏလာနားနေတာပါဗျ!!"

ဆရာတော် ယိရှိုးနဲ့ ချင်းချင်းကို မြင်လိုက်ရတဲ့အခါ လင်းယန်ယန်က အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။

ဝါးအိမ်နှစ်လုံးနှင့် ဆရာတော် စစ်မုကို မြင်လိုက်ကတည်းက သူဟာသရဲဖမ်းတဲ့ ဆရာကြီးများဇာတ်လမ်းထဲကို ရောက်နေပြီဆိုတာ သူသိလိုက်ရသည်။ ဆရာတော် ယိရှိုးကတော့ မူရင်းဇာတ်လမ်းထဲကအတိုင်းပဲဖြစ်သည်။

ချင်းချင်းကတော့ ရုပ်ရှင်ထဲကထက် ပိုပြီးတော့ အပြစ်ကင်းစင် လှပနေသည်။ အရင်ဘဝက သူကြည့်ခဲ့ရတဲ့ ရုပ်ရှင်ရဲ့ အရည်အသွေးကတော့ ပြောမထွက်နိုင်အောင် ညံ့ခံခြင်းကြောင့်လည်းပါနိုင်သည်။ အခုတော့ သူမကို အပြင်မှာ တိုက်ရိုက်မြင်နေရပြီဖြစ်ပြီး မိတ်ကပ်မပါတာတောင်မှ အလွန်ကို ချစ်စရာကောင်းပြီး နုနယ်လွန်းလှပါသည်။ သေချာသာ ပြင်ဆင်လိုက်ရင် ရန်ထင်ထင် ထက်တောင် သာသွားလောက်ပေသည်။

"အောမိသော်ဖော်... ဒါဆိုရင် ဆရာတော် လင်း ပေါ့။ တွေ့ရတာ ဝမ်းသာပါတယ်။ ဒါကတော့ ကျွန်တော့်တပည့် ချင်းချင်း ပါ။ ကျားလဲ့လေးကော ရှိလားဗျ"

လင်းယန်ယန်ဟာ ဆရာတော် စစ်မုရဲ့ ဂိုဏ်းတူညီငယ်ဆိုတာ ကြားလိုက်ရတဲ့အခါ ဆရာတော် ယိရှိုး အနည်းငယ် အံ့သြသွားသည်။ ဒါပေမဲ့ မော်ရှန်းဂိုဏ်းက မျိုးဆက်တူ တပည့်တွေဟာ တစ်ယောက်နဲ့တစ်ယောက် အစ်ကိုကြီး၊ ညီလေး ခေါ်တတ်ကြတာမို့ သူ သိပ်တော့ ထူးစမ်းမနေတော့ပါဘူး။

"အော်... သူက ကျားလဲ့ မဟုတ်ဘူးလား။ ဒါပေမဲ့ ဆရာတော် လင်း က ဒီလောက်ချောတာဆိုတော့ ကျားလဲ့လည်း သိပ်ကွာမှာ မဟုတ်ပါဘူးလေ။ သူတို့က ဦးလေးနဲ့ တူ မဟုတ်လား"

ချင်းချင်းကတော့ ဇဝေဇဝါ ဖြစ်နေမိသည်။ အရင်က သူမ ဒီမှာ ဆရာတော် စစ်မုနဲ့ ကျားလဲ့ပဲ ရှိနေမယ်လို့ ထင်ထားခဲ့ခြင်းဖြစ်သည်။ လူတစ်ယောက်ထပ် ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

"ဪ... ကျားလဲ့လား။ အဲဒီကောင်လေးက သူ့ဆရာနဲ့ ကျွန်တော့်ကို အာဟာရဖြစ်အောင် တောကောင်လေး ဘာလေး ရမလားဆိုပြီး အမဲလိုက် ထွက်သွားတယ်ဗျ၊ ဆရာကြီး... ဟိုဖက် အရပ်ကို သွားကြည့်ရင် တွေ့နိုင်ပါတယ်"

လင်းယန်ယန်က ပြောရင်းနဲ့ ဆရာတော် ယိရှိုးကို ကြည့်ကာ သူ့ရဲ့ 'နတ်မျက်စိ'စွမ်းရည်ကို အသာလေး အသုံးပြုပြီး တစ်ဖက်လူရဲ့ ကျင့်ကြံမှုကို စစ်ဆေးလိုက်သည်။

ဆရာတော် ယိရှိုးရဲ့အဆင့်က ကောင်းကင်မြေဆရာ အဆင့်ငါး ဖြစ်ပြီး စစ်မှန်တဲ့ကျင့်စဉ်တွေကို ကျင့်ကြံထားတာ ဖြစ်ပြီး သူ့ရဲ့ အစွမ်းက တော်တော်လေးကို မြင့်မားသည်။

"ကျေးဇူးတင်ပါတယ် ဆရာတော် လင်း။ ချင်းချင်း... မင်း အိမ်ထဲဝင်ပြီး အရင် သန့်ရှင်းရေးလုပ်ထားဦး၊ ဆရာ အခုချက်ချင်း ပြန်လာခဲ့မယ်"

ဆရာတော် ယိရှိုးက ပြုံးပြီး ပြောလိုက်ကာ ချင်းချင်းကို ထားခဲ့ပြီး နောက်ဖက်တောင်ကုန်းဆီကို ထွက်သွားတော့သည်။

"ဆရာကတော့ တကယ်ပဲ... ကျားလဲ့ကို သူ့မြေးရင်းထက်တောင် ပိုပြီး ကောင်းကောင်း ဆက်ဆံနေသေးတယ်!"

ထွက်သွားတဲ့ ဆရာ့ကျောပြင်ကို ကြည့်ရင်း ချင်းချင်းတစ်ယောက် မနာလိုသလိုနဲ့ ရေရွတ်လိုက်မိတော့သည်။

"ဟားဟား... မမလေး ချင်းချင်းရာ၊ အဲလိုမျိုးတော့ မပြောသင့်ဘူးလေ။ မင်းရဲ့ဆရာက ဘုန်းကြီးပဲဥစ္စာ၊ ဘယ်လိုလုပ် မြေးရှိနိုင်မှာလဲ"

ချင်းချင်းရဲ့ တိုးတိုးလေး ရေရွတ်သံကို ကြားလိုက်ရတဲ့အခါ လင်းယန်ယန် က ချက်ချင်းပဲ ရယ်မောလိုက်တော့သည်။

တကယ်တော့ ချင်းချင်း ပြောတာလည်း မမှားပေ။ ကျားလဲ့ဟာ ဆရာတော်ယိရှိုးရဲ့ မြေးအရင်း မဟုတ်ပေမဲ့ မြေးအရင်းထက်တောင် ပိုပြီး အလိုလိုက် အလေးပေးခံရသည်။

လင်းယန်ယန် စကားပြောလိုက်တဲ့ ခဏမှာပဲ ချင်းချင်းရဲ့ မျက်နှာလေးဟာ ရှက်သွေးဖြန်းပြီး နီမြန်းသွားတော့သည်။

'ငါ တိုးတိုးလေး ပြောတာကို သူကြားသွားတာလား.. သူက ကျင့်ကြံသူတစ်ယောက်မို့လို့လား'

သူမရဲ့ ဆရာကတော့ သူမမှာ ပညာအလင်းပွင့်နိုင်တဲ့ 'ဉာဏ်အခြေခံ' မရှိလို့ ဗုဒ္ဓကျင့်စဉ်တွေကို မကျင့်နိုင်ဘူးလို့ ပြောခဲ့ဖူးတာကို သူမ နှမြောတသ သတိရသွားသည်။

"ဆရာတော်လင်း... ကျွန်မက နောက်လိုက်တာပါ။ ဟို... ကျွန်မ အိမ်သွားသန့်ရှင်းရေး လုပ်လိုက်ဦးမယ်။"

ချင်းချင်းက ရှက်ကိုးရှက်ကန်းနဲ့ လျှာလေးထုတ်ပြပြီး ထွက်ပြေးဖို့ ပြင်လိုက်သည်။

"သန့်ရှင်းရေးလား၊ ငါပဲ လုပ်ပေးလိုက်ပါ့မယ်။ ဒီဝါးအိမ်ကို ကျားလဲ့က တစ်ခါတလေ သန့်ရှင်းရေး လုပ်တတ်ပေမဲ့ ချောင်ကြိုချောင်ကြားတွေမှာ မြွေတွေ၊ ပိုးမွှားတွေ၊ ကြွက်တွေနဲ့ ပုရွက်ဆိတ်တွေ အများကြီး ရှိနေနိုင်တယ်"

ချင်းချင်း ဘာမှပြန်မပြောနိုင်ခင်မှာပဲ လင်းယန်ယန်က သူ့ရဲ့ ညာဘက်လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

"ဝူးးးး"

ရုတ်တရက်ဆိုသလို ဟင်းလင်းပြင်ထဲကနေ ရေစီးသံတွေ ထွက်ပေါ်လာတော့သည်။

နောက်တစ်စက္ကန့်မှာတော့ ချင်းချင်းရဲ့ အံ့သြမှင်တက်နေတဲ့ မျက်လုံးတွေရှေ့မှာတင် မြေပြင်အောက်ကနေ ကြီးမားတဲ့ စမ်းရေပန်းကြီးတစ်ခု ပေါက်ထွက်လာခဲ့သည်။ အဲဒီစမ်းရေတွေဟာ ချက်ချင်းဆိုသလို ရေကွန်ရက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝါးအိမ်နှစ်လုံးစလုံးကို တိုက်ရိုက် လွှမ်းခြုံသွားတော့သည်။

ရေတွေ ရောက်သွားတဲ့နေရာတိုင်းမှာ ရှိနေတဲ့ ဖုန်မှုန့်တွေ၊ ရွှံ့တွေနဲ့ မြွေ၊ ပိုးမွှား၊ ကြွက်၊ ပုရွက်ဆိတ် အားလုံးဟာ ရေစီးနဲ့အတူ မျောပါသွားကြသည်။

"ဒါ... ဒါ... ဒါက ဘာတွေ ဖြစ်ကုန်တာလဲ?"

ဒီလို လက်လေးကစားလိုက်ရုံနဲ့ ဖြစ်သွားတဲ့ အစွမ်းက ချင်းချင်းကို လုံးဝ အံ့အားသင့်သွားစေပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။

သူမရဲ့ ဆရာဟာလည်း အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူမ ဆရာ့နောက် လိုက်လာတဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ မိစ္ဆာတွေ၊ သတ္တဝါဆန်းတွေကို နှိမ်နင်းတာကို တစ်ခါမက မြင်ဖူးခဲ့သည်။ သို့သော် သူမ မြင်ဖူးသမျှ အရာအားလုံးကို ပေါင်းလိုက်ရင်တောင် အခု လင်းယန်ယန် အမှတ်မထင် လုပ်ပြလိုက်တဲ့ အစွမ်းလောက် မတုန်လှုပ်ခဲ့ရပေ။

ထိုစဉ်မှာပင် ဝါးအိမ်တွေကို သန့်ရှင်းရေးလုပ်ပြီးနောက် အလွန်နောက်ကျိသွားတဲ့ ရေလုံးကြီးကို လင်းယန်ယန်က လက်ဝါးတစ်ချက်နဲ့ ရိုက်ထုတ်လိုက်သည်။

"ဒိုင်းးး!"

ချက်ချင်းဆိုသလိုပဲ အဲဒီရေလုံးကြီးဟာ ဒုံးကျည်တစ်စင်းလိုမျိုး ချိုင့်ဝှမ်းအနက်ပိုင်းဆီကို အရှိန်နဲ့ ပြေးထွက်သွားခဲ့သည်။

"ဝုန်းးး!"

နောက်တစ်ခဏမှာတော့ အသံအကျယ်ကြီးနဲ့အတူ ကိုက်ရာပေါင်းများစွာ ဝေးတဲ့နေရာမှာ ရေလုံးကြီး ပေါက်ကွဲသွားသည်။ အထဲမှာ ပါသွားတဲ့ မြွေတွေ၊ ပိုးမွှားတွေ အားလုံးဟာလည်း သွေးမြူမှုန်တွေအဖြစ် ပေါက်ကွဲသွားပြီး မြေကြီးထဲ စိမ့်ဝင် ပျောက်ကွယ်သွားတော့သည်။

"သန့်ရှင်းလို့ ပြီးသွားပြီ မမလေး ချင်းချင်း"

အရာအားလုံး ပြီးသွားတဲ့အခါ လင်းယန်ယန်က ချင်းချင်းကို ပြုံးပြီး လှမ်းပြောလိုက်သည်။

ဒါပေမဲ့ ဒီမြင်ကွင်းကြောင့် ချင်းချင်းကတော့ အခုထိ ကြောင်အအဖြင့် စကားသံမထွက်နိုင်သေးပေ။

"ကျေးဇူးတင်ပါတယ် ဆရာတော်လင်း။ ဆရာတော်လင်းက တကယ်ကို အစွမ်းထက်တာပဲ၊ ကြည့်ရတာ ကျွန်မထက် တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ကြီးမယ့်ပုံစံကို ဘယ်လိုလုပ် ဒီလောက်တောင် အစွမ်းထက်နေရတာလဲ"

ချင်းချင်းဟာ လင်းယန်ယန်ကို ကြည့်ရင်း နာမည်ကြီး တစ်ယောက်ကို အားကျနေတဲ့ ပရိတ်သတ် မလေးတစ်ယောက်လို ဖြစ်သွားတော့သည်။

ငယ်ရွယ်တယ်၊ ချောမောတယ်၊ အစွမ်းထက်ပြီး ထူးခြားတဲ့ အရှိန်အဝါရှိတဲ့ လူငယ်တစ်ယောက်ဟာ ချင်းချင်းလို မိန်းကလေးငယ်မျိုးအတွက်တော့ အလွန်ကို ဆွဲဆောင်မှုရှိလွန်းလှသည်။ အထူးသဖြင့် ကျင့်ကြံချင်ပေမဲ့ ကျင့်ခွင့်မရခဲ့တဲ့ ချင်းချင်းအတွက် ပိုလို့တောင် အားကျစရာ ဖြစ်နေတော့သည်။

"ငါ အသက် တစ်ဆယ့်ရှစ်နှစ်ပါ၊ မင်းနဲ့ သိပ်မကွာလောက်ပါဘူး။ မင်းသာ ဝီရိယရှိရှိ ကျင့်ကြံမယ်ဆိုရင် အလိုလိုနေရင်း အစွမ်းထက်လာမှာပါ!"

လင်းယန်ယန်က အသာအယာ ပြုံးရင်း ပြန်ပြောလိုက်သည်။

တကယ်တော့ လင်းယန်ယန် လို အရေထူတဲ့သူမျိုးမှသာ 'ဝီရိယရှိရှိ ကျင့်ကြံခြင်း' အကြောင်းကို အေးအေးဆေးဆေး ပြောနိုင်သည်။

တကယ်ဆို သူက စနစ် နဲ့ ခိုးချနေတာ ဘဲဖြစ်ကာ ထိုသို့ပြောခြင်းက ကိုယ့်ကိုယ်ကိုယ် ပြန်လည် လိမ်ညာနေခြင်းဘဲဖြစ်သည်။

ဒါပေမဲ့ စိတ်မကောင်းစရာကတော့ ချင်းချင်း က သူ့စကားကို အဟုတ်မှတ်ပြီး အပြည့်အဝ ထောက်ခံနေခဲ့သည်။ သူမရဲ့ ဆရာကလည်း သူမကို ဒီအတိုင်းပဲ အမြဲသင်ပေးခဲ့ဟန်ရသည်။

"နှမြောစရာပဲ၊ ကျွန်မက ဆရာ့ရဲ့ ကျင့်စဉ်တွေကို ကျင့်လို့မရဘူး ဖြစ်နေတယ်။ မဟုတ်ရင်တော့ ကျွန်မလည်း တကယ်ကို ဝီရိယရှိရှိ ကျင့်မှာပါ!"

လင်းယန်ယန်ရဲ့ စကားကို ကြားပြီးနောက် ချင်းချင်းက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်ရှာသည်။

"ဪ... ဒါနဲ့ ဆရာတော်လင်း၊ ဆရာတော် မနက်စာ မစားရသေးဘူး မဟုတ်လား၊ ကျွန်မ တစ်ခုခု ချက်ပေးပါရစေ။ မဟုတ်ရင် ဆရာတော် ကူညီပေးတာကို ဘယ်လို ကျေးဇူးဆပ်ရမလဲ မသိလို့ပါ!"

ချင်းချင်းက ရုတ်တရက် သတိရသွားပြီး လင်းယန်ယန်ကို ပြုံးလျက် မေးလိုက်သည်။

"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့! ကျားလဲ့ရဲ့ လက်ရာကတော့ တကယ်ကို ဆိုးလွန်းတယ်။ မနေ့ညက စားလိုက်ရတာ အန်တောင် ထွက်ချင်တယ်!"

ချင်းချင်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ လင်းယန်ယန်ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားပြီး ချက်ချင်းပဲ လက်ခံလိုက်တော့သည်။ မနေ့ညက စားခဲ့ရတဲ့ ထမင်းဟာ သူ ဒီကမ္ဘာကို ရောက်လာကတည်းက စားဖူးသမျှထဲမှာ အဆိုးဆုံးပဲဖြစ်သည်။

ထိုအချိန်မှာ သူ တစ်ခု သံသယဝင်မိတာက “ကျားလဲ့ တစ်ယောက် အာဟာရချို့တဲ့နေတဲ့ ပုံစံပေါက်နေတာက သူ့လက်ရာ သူပြန်မစားနိုင်လို့များလား”

"ကောင်းပါပြီ၊ ဒါဆို ကျွန်မ တောဟင်းသီးဟင်းရွက်လေးတွေ သွားခူးလိုက်ဦးမယ်။ မကြာခင် အဆင်သင့် ဖြစ်မှာပါ!"

လင်းယန်ယန် ခွင့်ပြုတာနဲ့ ချင်းချင်းလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပစ္စည်းလေးတွေ ယူပြီး ချိုင့်ဝှမ်းဖက်ကို ထွက်သွားတော့သည်။

"ဟားဟားဟား... ဆရာကြီးရေ၊ ကျွန်တော် ဆရာကြီးထက် အရင် အိမ်ပြန်ရောက်ပြီဗျ!!"

ထိုစဉ်မှာပင် တခြားတစ်ဖက်ကနေ အောင်နိုင်သူတစ်ယောက်လို ရယ်မောသံ ထွက်ပေါ်လာခဲ့၏။ လင်းယန်ယန် လှမ်းကြည့်လိုက်တော့ ကျားလဲ့ တစ်ယောက် ရေနှစ်ပုံးကို ပုခုံးပေါ်ထမ်းပြီး ဝါးအိမ်ဆီကို အပြင်းပြေးလာတာကို တွေ့လိုက်ရသည်။ ဆရာတော် ယိရှိုး ကတော့ သူ့နောက်ကနေ ကြင်နာတဲ့ အပြုံးနဲ့ လိုက်ပါလာတော့သည်။

"အားးး!!"

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျားလဲ့ဟာ ခြေချော်ပြီး မြေပြင်ပေါ် မှောက်ရက်သား လဲကျသွားသည်။

"ဟာ... ကျွန်တော့်ရေတွေ"

ကျားလဲ့မှာ စကားသံတောင် မထွက်နိုင်တော့ချေ။

"အမြန်ပြေးနိုင်တိုင်း အနိုင်ရတာ မဟုတ်ဘူးကွ၊ တည်တည်ငြိမ်ငြိမ် လျှောက်နိုင်မှ အစစ်အမှန်ပဲ!"

ဆရာတော် ယိရှိုးက ရယ်မောရင်း ကျားလဲ့ကို ကျော်ခွကာ ခြံထဲကို အရင်ဆုံး ရောက်ရှိသွားတော့သည်။

'ကျားလဲ့ရာ... မင်းက တကယ်ပဲ ဆရာတော် ယိရှိုးနဲ့ အပြေးပြိုင်နေတာလား'

ဒီမြင်ကွင်းကို ကြည့်ပြီး လင်းယန်ယန် စိတ်ထဲကနေ ကြိတ်ပြီး ဝေဖန်မိသွားသည်။ “လူသားဆရာအဆင့် ၄ ရှိတဲ့သူကမြေဆရာ အဆင့် ၅ ရှိတဲ့သူကို အပြေးပြိုင်တယ်တဲ့လား။ ဒီကောင်လေး တကယ်ပဲ ဒီလောက်အထိ ထုံအတာလား”

"မဟုတ်ဘူး ဦးလေး လေးရဲ့၊ အရင်တုန်းက ကျွန်တော် ဆရာကြီးနဲ့ ပြိုင်တိုင်း အမြဲတမ်း နိုင်ခါနီးလေးတွေချည်းပဲ! အခုလည်း နိုင်တော့မှာကို၊ တောက်... ဘာလို့ ခြေချော်သွားရတာလဲ မသိဘူး!"

တကယ်ကို ထုံအရှာတဲ့ ကျားလဲ့ကတော့ မကျေမနပ်နဲ့ ညည်းညူနေသဖြင့် လင်းယန်ယန်ရဲ့ နှုတ်ခမ်းတွေ တုန်သွားရတော့သည်။

“ဒီကောင်လေးရဲ့ အိုင်ကျူ ကတော့ တကယ်ကို မမြင့်တာ သေချာသွားပြီ။ ဆရာတော် ယိရှိုးက သူ့ကို အလျှော့ပေးထားမှန်းတောင် သူ မသိဘူး။”

"ကျွီ!!!"

ထိုစဉ်မှာပင် ဆရာတော် စစ်မု ရဲ့ ဝါးအိမ်တံခါးက ပွင့်လာကာ ဆရာတော် စစ်မုက မကျေမနပ် မျက်နှာပေးနဲ့ ထွက်လာတော့သည်။

"ဆရာတော် စစ်မု၊ မတွေ့ရတာ ကြာပြီနော်! အမိတာဘ!"

ဆရာတော် ယိရှိုးက ပြုံးရွှင်လျက် လက်အုပ်ချီပြီး နှုတ်ဆက်လိုက်သည်။

"ဟိတ်ကောင် ငတုံး... မင်း တောကောင် သွားရှာမယ်ဆို၊ ဘာမှလည်း ပါမလာဘူး။ ပြီးတော့ ဘာလို့ ဒီ 'ကတုံးကြီး' နဲ့ ရောနေရတာလဲ"

ဆရာတော် စစ်မုက ဆရာတော် ယိရှိုးကို အဖတ်တောင် မလုပ်ဘဲ ကျားလဲ့ကို လှမ်းအော်လိုက်သည်။

"ကျွန်တော် ငါးကြီးအချို့နဲ့ ယုန်နှစ်ကောင် မိခဲ့သားပဲ။ ဒါပေမဲ့ ဆရာကြီးက မြင်သွားပြီး သတ္တဝါတွေကို သတ်တာ မကောင်းဘူးဆိုလို့ ကျွန်တော် ပြန်လွှတ်ပေးလိုက်တာပါ"

ကျားလဲ့က ခေါင်းလေးကုပ်ရင်း ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်တော့သည်။

"ဘာ? ပြန်လွှတ်လိုက်တယ်? ဒါဆို မင်း ဦးလေး လေးနဲ့ မင်းဆရာက မနက်စာ ဘာစားရမှာလဲ? မြေကြီးစားရမှာလား?! မင်းကလည်း ဘယ်သူပြောပြော နားယောင်နေတာပဲ။ လာစမ်း... ငါ မင်းကို သေအောင် ရိုက်မယ်!"

ရုတ်တရက် အရိပ်တစ်ခု ဝင်းခနဲ ဖြစ်သွားပြီး ဆရာတော် စစ်မု ဟာ ကျားလဲ့ရဲ့ ရှေ့တည့်တည့်ကို ရောက်ရှိလာတော့သည်။ နောက်တစ်စက္ကန့်မှာပဲ သူ့လက်ထဲက တုတ်ဟာ လေထဲမှာ ဝေဝါးသွားပြီး အရှိန်နဲ့ ကျလာတော့သည်။

"ဖုန်း! ဖုန်း! ဖုန်း!!"

"အားးး! ဆရာ... ကျွန်တော် နောက်ခါ မလုပ်တော့ပါဘူး! မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့ဗျာ"

ကျားလဲ့က သူ့ရဲ့ ဖင်ကို လက်နဲ့အုပ်ပြီး အတင်း ထွက်ပြေးရတော့သည်။ တစ်ကိုယ်လုံးမှာလည်း ရွှံ့တွေ ပေပွနေကာ အတော်လေး သနားဖို့ကောင်းတဲ့ မြင်ကွင်းပဲဖြစ်သည်။

ဘေးနားကနေ ကြည့်နေတဲ့ ဆရာတော် ယိရှိုး မှာတော့ စိတ်မကောင်းဖြစ်တဲ့ မျက်နှာပေးနဲ့ရှိ‌နေကာ ကြည့်ရသည်မှာ အဲဒီတုတ်ချက်တွေဟာ သူ့ကိုယ်ပေါ် ကျလာတာထက်တောင် ပိုပြီး နာကျင်ရသလို ခံစားနေရဟန်ပေါ်သည်။

"ဟင်... ဆရာ၊ သူတို့ ဘာလုပ်နေကြတာလဲ၊ အဲဒီနှစ်ယောက်က ဘယ်သူတွေလဲဟင်"

ထိုစဉ်မှာပင် တောဟင်းသီးဟင်းရွက်တွေ ခူးပြီး ပြန်လာတဲ့ ချင်းချင်း က ရောက်လာပြီး တစ်ယောက်ကိုတစ်ယောက် လိုက်ရိုက်နေတဲ့ ဆရာတပည့်နှစ်ယောက်ကို ကြည့်ကာ စူးစမ်းမေးမြန်းလိုက်တော့သည်။

"အငယ်လေးက ကျားလဲ့၊ သူ့ကို ရိုက်နေတဲ့သူကတော့ သူ့ရဲ့ဆရာ၊ ဆရာတော် စစ်မု ပေါ့!"

ဆရာတော် ယိရှိုးက မိတ်ဆက်ပေးလိုက်တော့သည်။

"ဟင်? အဲဒါ ကျားလဲ့လား၊ ဆရာပြောတော့ ကျားလဲ့က ချောမောပြေပြစ်ပါတယ်ဆို၊ အခုတော့ ကွာခြားချက်က ကြီးမားလွန်းလှချည်လား"

ချင်းချင်းမှာတော့ ကြောင်အသွားတော့သည်။ မျှော်လင့်ချက် ကြီးမားခဲ့သလောက် စိတ်ပျက်မှုကလည်း အဆမတန် ဖြစ်သွားခဲ့ရသည်။

All Chapters