ကျွန်ုပ်တို့နှင့်တန်းတူသောအဆင့်အတန်း
Vol. 1 Ch. 6
"ဒီကိစ္စက အရမ်း အရေးကြီးတယ်။ မင်းအနေနဲ့ ဘာမှမသိသလိုမျိုးပဲ နေလိုက်ပါ။ ငါကိုယ်တိုင် ယမမင်းတရားကြီး ထံကို သွားရောက်တင်ပြပြီးရင် အရှင်မင်းကြီးကပဲ အဆုံးအဖြတ် ပေးလိမ့်မယ်"
ဝိညာဉ်ကူးတို့ဌာန တရားသူကြီးက လေးလေးနက်နက် ပြောလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်တော့သည်။
"ဝုန်းးးး!!!!"
ဟင်းလင်းပြင် ပုံရိပ်ယောင်တွေ လှုပ်ခတ်သွားပြီးနောက် သူ့ရဲ့ ပုံရိပ်ဟာ တရားသူကြီးရဲ့ နတ်နန်းဆောင်ထဲကနေ ပျောက်ကွယ်သွားပြီး ဟေးဝူးချန်ကတော့ မူလနေရာမှာပဲ ရိုရိုသေသေ စောင့်ဆိုင်းနေခဲ့သည်။
မကြာခင်မှာပဲ အမွှေးတိုင်တစ်တိုင်စာလောက် အချိန်ကုန်ဆုံးသွားခဲ့တော့၏။
"ဝုန်း!!!!"
ဟင်းလင်းပြင် လှုပ်ခတ်မှုနဲ့အတူ ဝိညာဉ်ကူးတို့ဌာန တရားသူကြီး ပြန်လည်ပေါ်ပေါက်လာသည်။ အဲဒီအချိန်မှာတော့ သူ့ရဲ့ မျက်နှာအမူအရာဟာ ထူးထူးခြားခြား တည်ကြည်လေးနက်နေပြီး အံ့သြတုန်လှုပ်နေပုံ ရ၏။
"ဟေးဝူးချန်!!!"
ဝိညာဉ်ကူးတို့ဌာန တရားသူကြီးက အသံနိမ့်နိမ့်နဲ့ ခေါ်လိုက်တော့သည်။
"အကျွန်ုပ် ရှိပါတယ် ဘုရား!!"
ဟေးဝူးချန် က ရိုရိုသေသေ ပြန်လျှောက်တင်လိုက်သည်။
"အခုချက်ချင်း လူ့ပြည်ကိုသွားပြီး မင်းတွေ့ခဲ့တဲ့ 'မွေးရာပါ ကုသိုလ်ကံ' ပိုင်ရှင်ကို ငရဲပြည်ကို ကြွလှမ်းဖို့ ဖိတ်ကြားလိုက်စမ်း"
တရားသူကြီးက လေးလေးနက်နက် မိန့်ကြားလိုက်တော့သည်။ ဒါပေမဲ့ အဲဒီစကားကို ကြားလိုက်ရတဲ့အခါ ဟေးဝူးချန် တစ်ယောက် လုံးဝ ဆွံ့အမှင်တက်သွားရပါတော့သည်။
'အဲဒီလူကိုလား? ငရဲပြည်ကို ဖိတ်ခေါ်ရမယ် ဟုတ်လား?'
ဒါပေမဲ့ 'မွေးရာပါ ကုသိုလ်ကံ' ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ သဘောသဘာဝကို ပြန်သတိရလိုက်တာကြောင့် သူ အနည်းငယ်မျှတောင် တွန့်ဆုတ်မနေတော့ပေ။
"အမိန့်တော်အတိုင်းပါ ဘုရား!!"
ဟေးဝူးချန်ဟာ မဆိုင်းမတွဘဲ အသံကျယ်ကျယ်နဲ့ ပြန်လျှောက်တင်ပြီးနောက် ချက်ချင်း ထရပ်လိုက်သည်။ ဝိညာဉ်ကူးတို့ဌာနရဲ့ စွမ်းပကားကို သုံးပြီး ဟင်းလင်းပြင်ကို ချက်ချင်း ဆွဲဖြဲကာ ငရဲပြည်ကနေ ပျောက်ကွယ်သွားတော့သည်။
လူ့ပြည်လောက! ကောင်းကင်ဘုံ အင်ပါယာရဲ့ အထက်ယံကောင်းကင်မှာ... “ဝုန်းးးးး”
ဟင်းလင်းပြင် လှုပ်ခတ်သွားပြီးနောက် ကောင်းကင်နဲ့ နေမင်းကြီးကိုပါ ဖုံးလွှမ်းသွားနိုင်လောက်တဲ့ အမည်းရောင် နတ်ဘုရားအရိပ်သဏ္ဌာန် ကြီးတစ်ခုဟာ ကောင်းကင်ယံမှာ ချက်ချင်းဆိုသလို ပေါ်ထွက်လာပါတော့သည်။
"ဝုန်း ဝုန်း ဝုန်း"
သို့သော် ဤ နတ်ဘုရားအရိပ်သဏ္ဌာန် ကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာမြေတစ်ခုလုံး သိမ့်သိမ့်တုန်သွားတော့သည်။
ကမ္ဘာပေါ်ရှိ ရေတွက်မရနိုင်သော ဝိညာဉ်ကျင့်ကြံသူ များသာမက အစွမ်းထက်သော ဝိညာဉ်စွမ်းအား ရှိသည့် ကျင့်ကြံသူများအားလုံးသည်လည်း သူတို့၏ ဝိညာဉ်နက်ရှိုင်းရာအရပ်မှ မြစ်ဖျားခံလာသော ကြောက်ရွံ့မှုနှင့် ဖိအားကို ခံစားလိုက်ကြရသည်။
"ကမ္ဘာမြေ... လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီကထက်စာရင် ဝိညာဉ်စွမ်းအင် တွေ ဒီလောက်တောင် ယုတ်လျော့သွားလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ဟေးဝူးချန်၏ တောင်တစ်လုံးခန့် ကြီးမားသော နတ်မျက်စိကြီးများက ကမ္ဘာမြေကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်မိသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူသည် ယခုလာရသည့် ရည်ရွယ်ချက်ကို သတိရသွားသည်။
"ဝုန်းးးးး"
လှိုင်းတုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီးနောက် သူ၏ပုံရိပ်သည် လင်းယန်ယန် ရှိရာအရပ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားပါတော့သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ဟေးဝူးချန် သည် ကီလိုမီတာ ထောင်ပေါင်းများစွာကို ဖြတ်ကျော်ကာ လင်းယန်ယန်ရှိရာ တောင်ကြားချိုင့်ဝှမ်းအထက်သို့ ရောက်ရှိလာသည်။
ထိုအချိန်တွင် အိပ်ပျော်နေသည်မှာ ကြာပြီဖြစ်သော လင်းယန်ယန်က ရုတ်တရက် မျက်လုံးများ ပွင့်လာခဲ့သည်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ ဝိညာဉ်လှုပ်ခတ်မှုမျိုးက ဘယ်သူလဲ!?"
လင်းယန်ယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် ရင်ပြင်ထဲသို့ အမြန်ပြေးထွက်လာခဲ့သည်။ သို့သော် သူ မော့ကြည့်လိုက်သောအခါတွင်မူ လုံးဝ ဆွံ့အမှင်တက်သွားရတော့သည်။
သူ၏ ဝါးအိမ်ကလေးရှေ့တွင် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်သော ကြောက်မက်ဖွယ်ကောင်းသည့် အမည်းရောင်အရိပ်ကြီး မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ ဘေးပတ်ပတ်လည်ရှိ တောင်ကြီးများသည်ပင်လျှင် ထိုအရိပ်ကြီး၏ ခြေဖဝါးအောက်ရှိ မြေပုံလေးများလောက်ပင် မကြီးမားတော့ပေ။
"ဟင်... ဟေးဝူးချန် ပါလား၊ ဒီနတ်ဘုရားကြီးကို ငါဘယ်လိုလုပ်ပြီး ပင့်ဖိတ်မိသွားတာလဲ!"
လင်းယန်ယန် အံ့အားသင့်သွားသည်။ သူ၏ ခြေဖျားလက်ဖျားများပင် အေးစက်သွားရပြီး သူ ပြဿနာကြီးကြီးမားမား တက်နေပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။
"အကျွန်ုပ် ဟေးဝူးချန် က 'ယင်အရာရှိဌာန တရားသူကြီး' ၏ အမိန့်အရ အရှင်မြတ်ကို ငရဲပြည်သို့ ကြွရောက်ပါရန် ရိုသေသေဖြင့် ဖိတ်ကြားအပ်ပါသည်"
သို့သော် လင်းယန်ယန်ကို ပို၍ပင် ဝေခွဲမရဖြစ်သွားစေသည်မှာ ဟေးဝူးချန်က သူ့ကိုမြင်လျှင်မြင်ချင်း အလွန်ရိုသေစွာဖြင့် စကားပြောလာခြင်းပင် ဖြစ်သည်။ သူ၏လေသံမှာ အလွန်အေးစက်လှသဖြင့် လင်းယန်ယန်၏ ဝိညာဉ်မှာပင် ခဲသွားတော့မလို ခံစားလိုက်ရသော်လည်း၊ ၎င်းမှာ တစ်ဖက်လူ၏ သဘာဝအရသာဖြစ်ကြောင်း ရှင်းလင်းလှပါသည်။
"ငရဲပြည်ကို လိုက်ခဲ့ရမယ်၊ အဲဒါ... ကျွန်တော့်ကို ငရဲချဖို့တော့ မဟုတ်ပါဘူးနော်"
လင်းယန်ယန်၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူက ပုံမှန်အတိုင်း လူပြန်ဝင်စားလာခြင်းမဟုတ်ဘဲ ဤကမ္ဘာထဲသို့ ကူးပြောင်းရောက်ရှိလာသူဖြစ်ကြောင်းကို ငရဲပြည်ကများ သိသွားလေသလားဟု သူ တွေးပူမိသွားတော့သည်။
“ဒါပေမဲ့ အခြေအနေက ငါထင်သလို ဟုတ်ပုံမရဘူး၊ တစ်ဖက်လူက ငါ့ကို “အရှင်မြတ်” လို့တောင် လေးလေးစားစား ခေါ်နေတာဆိုတော့ အတော်လေးကို ယဉ်ကျေးလွန်းနေတယ် မဟုတ်လား။”
“အဟမ်း... အဟမ်း... ဒါဆိုရင်လည်း ယင်စစ်သူကြီး လမ်းပြပေးတာကို အနှောင့်အယှက် ပေးရတော့မှာပေါ့!”
ဘာပဲဖြစ်ဖြစ် သူ့ရဲ့ လက်ရှိစွမ်းအားနဲ့ ခုခံလို့ရမှာ မဟုတ်တာကြောင့် သွားကြည့်တာကပဲ အကောင်းဆုံး ဖြစ်လိမ့်မည်။
“အရှင်မြတ်က အားနာတတ်လွန်းနေပါပီ”
ဟေးဝူချန်က အေးစက်စက်နဲ့ ခေါင်းညိတ်ပြလိုက်သည်။ အဲဒီနောက်မှာတော့ သူက သူ့ရဲ့ လက်ကြီးကို ဝေ့ယမ်းလိုက်တဲ့အခါ— “ဝုန်းးးး!!!!”
လင်းယန်ယန်ဟာ သူ့ပတ်ဝန်းကျင်က ဟင်းလင်းပြင်ကြီး တစ်ခုလုံး လိမ်ဖည်သွားတာကို ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်မှာတော့ သူဟာ တောင်ကြားထဲကနေ ပျောက်ကွယ်သွားပြီး ကောင်းကင်အထိ မြင့်မားတဲ့ ကြီးမားကျယ်ပြန့်တဲ့ နတ်နန်းဆောင်ကြီးတစ်ခုထဲကို ရောက်သွားတော့သည်။
နန်းဆောင်ကြီးရဲ့ အနက်ရှိုင်းဆုံးနေရာမှာတော့ ခန့်ညားထည်ဝါပြီး တည်ကြည်လှတဲ့ နတ်မင်းကြီးတစ်ပါးက လင်းယန်ယန်ရဲ့ ရှေ့မှောက်မှာ ပေါ်ထွက်လာသည်။
“တရားသူကြီးမင်း! လူကို ခေါ်ဆောင်လာခဲ့ပါပြီ”
ဟေးဝူးချန် က ရိုသေသေနဲ့ ဒူးထောက်လိုက်သည်။
“မင်း သွားလို့ရပြီ”
တရားသူကြီးက အသာအယာ ခေါင်းညိတ်ပြီး လက်ဝေ့ယမ်းလိုက်တဲ့အခါ ဟေးဝူချန်က မူလနေရာကနေ ပျောက်ကွယ်သွားသည်။
“လူ့ပြည်လောကက တာအိုတပည့် လင်းယန်ယန်က တရားသူကြီးမင်းကို ဂါရဝပြုပါတယ်!”
လင်းယန်ယန်လည်း အမြန်ပဲ အလေးပြုပြီး ဒူးထောက်ဖို့ ပြင်လိုက်ပါတော့သည်။
“ဝုန်းးးး!!!!”
ဒါပေမဲ့ သူ မလှုပ်ရှားရသေးခင်မှာပဲ မမြင်ရတဲ့ စွမ်းအားတစ်ခုက လင်းယန်ယန်ကို ညင်သာစွာ မလိုက်၏။
“လူမှုရေးအရ လုပ်ဆောင်ရမယ့် ဝတ်ပြုမှုတွေ မလိုအပ်ပါဘူး။ အခုလို ငရဲပြည်ကို ဖိတ်ကြားရတာက ယမမင်းတရားကြီးရဲ့ အမိန့်တော်အရပါ! ငါ့နောက်ကို လိုက်ခဲ့ပါ!”
ဝိညာဉ်ကူးတို့ဌာန တရားသူကြီးဟာ ယမမင်းတရားကြီးရဲ့ တုံ့ပြန်ပုံနဲ့ အမိန့်ကို ပြန်သတိရပြီး လင်းယန်ယန်ကို ဒူးထောက်ခွင့် မပြုရဲဘဲ ပြုံးပြုံးလေး ပြောလိုက်သည််။
“ဗျာ၊ ကျွန်တော့်ကို တွေ့ချင်တဲ့သူက ယမမင်းတရားကြီး ဟုတ်လား၊”
လင်းယန်ယန်တစ်ယောက် ဆွံ့အသွားရသည်။ သူဟာ ‘နန်းတော်ဆယ်ခုရဲ့ ယမမင်းများ’ ဆိုတဲ့ အမည်ကို ကြားဖူးထားပြီး၊ ယမမင်းတရားကြီးကတော့ အဲဒီ ဆယ်ပါးထဲမှာ အကြီးအကဲ ဖြစ်သည်။
အဲဒီလို အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်မျိုးက သူ့ကို တွေ့ချင်နေတယ်ဆိုတော့...။
ဒါဟာ သူ့ရဲ့ ခန္ဓာကိုယ်ကူးပြောင်းမှု ကို သူတို့ သိသွားပြီဆိုတာ လင်းယန်ယန် ပိုပြီးတော့ သေချာသွားခဲ့သည်။
“သွားပြီ... ‘နတ်ပင့်ဖိတ်ခြင်း အတတ်ပညာ’ ကို မသင်ခဲ့သင့်ဘူး”
လင်းယန်ယန်တစ်ယောက် အခုတော့ တကယ်ကို စိတ်လှုပ်ရှား တုန်လှုပ်နေခဲ့ပြီဖြစ်သည်။
“ဝုမ်းးးး!!!!”
ကံမကောင်းစွာနှင့် လင်းယန်ယန် ထပ်ပြီး မစဉ်းစားနိုင်သေးခင်မှာပဲ ဝိညာဉ်ကူးတို့ဌာန တရားသူကြီးက သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ပြီး လင်းယန်ယန်ကို ခေါ်ဆောင်ကာ ထိုနေရာကနေ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
လင်းယန်ယန် သတိပြန်ဝင်လာတဲ့အချိန်မှာတော့ အတိုင်းအဆမရှိ ကျယ်ပြောပြီး ဟာလာဟင်းလင်းဖြစ်နေတဲ့ နန်းတော်ကြီးတစ်ခုထဲကို ရောက်နေတာကို တွေ့လိုက်ရ၏။
ဒီတစ်ကြိမ်မှာတော့ သူ့ဘေးနားမှာရှိနေတဲ့ ဧရာမ ဝိညာဉ်ကူးတို့ဌာန တရားသူကြီးက ဖုန်မှုန့်တစ်စက်စာလောက်ထိ သေးငယ်သွားတော့သည်။
'ဘုရားရေ... ဟေးဝူးချန် ရဲ့ နတ်ဘုရားကိုယ်ထည် က အနည်းဆုံး မီတာသောင်းချီ မြင့်တယ်၊ ဒီဝိညာဉ်ကူးတို့ဌာန တရားသူကြီးရဲ့ ကိုယ်ထည်ကတော့ ကီလိုမီတာ သောင်းချီရှိပြီး ကမ္ဘာမြေထက်တောင် ကြီးသေးတယ်။ အခု ဒီနတ်နန်းဆောင်ထဲမှာတော့ သူက ဖုန်မှုန့်လေးလို သေးငယ်နေပါလား။ ဒါဆို ဒီနန်းတော်ကြီးက ဘယ်လောက်တောင် ကြောက်စရာကောင်းလောက်အောင် ကြီးမားနေမလဲ'
လင်းယန်ယန် တစ်ယောက် ဒီတစ်ကြိမ်မှာတော့ လုံးဝကို အံ့အားသင့်သွားရသည်။ဘာလို့လဲဆိုတော့ ဒီနတ်နန်းဆောင်ရဲ့ အတိုင်းအတာကို သူ သာမန်မျက်စိနဲ့ မခန့်မှန်းနိုင်တော့ဘဲ ဘေးနားကလူတွေနဲ့ နှိုင်းယှဉ်ကြည့်ရုံပဲ တတ်နိုင်တော့သည်။
“ဝုန်းးးး!!!!”
ဒါပေမဲ့ လင်းယန်ယန်ကို ပို့ဆောင်ပေးပြီးနောက်မှာတော့ သူ့ဘေးက ဝိညာဉ်ကူးတို့ဌာန တရားသူကြီးဟာ ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဝုန်း ဝုန်း ဝုန်း ဝုန်း ဝုန်း...”
အဲဒီအချိန်မှာပဲ လင်းယန်ယန်ရဲ့ ပတ်ပတ်လည်မှာ ဟင်းလင်းပြင် လှုပ်ခတ်မှုလှိုင်းတွေ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး... တစ်ပါးပြီးတစ်ပါး ကောင်းကင်ယံကို ဖုံးလွှမ်းနိုင်လောက်တဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဘုရားအရိပ်သဏ္ဌာန်ကြီးတွေ ပေါ်ထွက်လာတော့သည်။
လင်းယန်ယန် အကြမ်းဖျင်း ရေတွက်ကြည့်လိုက်တော့ သူ့ကို ဝိုင်းထားတာ အတိအကျ ဆယ်ပါးတောင် ရှိနေ၏။ ဒီအချိန်မှာ ဤပုဂ္ဂိုလ်တွေဟာ "နန်းတော်ဆယ်ခုရဲ့ ယမမင်းများ" ဆိုတာကို မသိဘူးဆိုရင် သူဟာ တကယ့်ကို လူအပဲ ဖြစ်သွားလိမ့်မည်။
“လူ့ပြည်လောကက တာအိုတပည့် လင်းယန်ယန်က ယမမင်းတရားကြီးကို ဂါရဝပြုပါတယ်၊ ကျွမ်းလွန်မင်းတရားကြီး ကို ဂါရဝပြုပါတယ်၊ ချင်ကွမ်းမင်းတရားကြီး ကို ဂါရဝပြုပါတယ်...”
ဘာမှမတတ်နိုင်တော့တဲ့အတွက် သူဟာ သူ့ပတ်ပတ်လည်က ယမမင်းတရားကြီး ဆယ်ပါးလုံးကို တစ်ပါးချင်း လိုက်လံ ဦးညွှတ်နှုတ်ဆက်လိုက်သည်။ အရေအတွက်က များလွန်းလို့ မှားတောင်မှားတော့မလို့ပါပဲ။ ကံကောင်းတာက ယမမင်းတရားကြီး တစ်ပါးစီရဲ့ အထက်မှာ "ယမ" တို့ "ချင်ကွမ်း" တို့ဆိုတဲ့ သူတို့ရဲ့ နတ်ဘုရားဘွဲ့အမည် စာလုံးကြီးနှစ်လုံးစီ လွင့်ပျံနေခဲ့သည်။
သူတို့ရှေ့မှာ ရှိနေတဲ့ လင်းယန်ယန်ကို ကြည့်ပြီး ယမမင်းတရားကြီး ဆယ်ပါးဟာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာမှာ အားလုံးရဲ့ မျက်လုံးထဲမှာ အံ့သြတုန်လှုပ်မှုနဲ့ ဝေခွဲမရဖြစ်မှုတွေကို အသီးသီး တွေ့လိုက်ရသည်။
လင်းယန်ယန်လည်း တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်မိပြီး ဒီနတ်ဘုရားကြီးတွေက သူ့ကိုဘာလုပ်ချင်လို့ ဒီလို အမူအရာမျိုးတွေနဲ့ ကြည့်နေတာလဲဆိုတာ တွေးပူနေမိသည်။ ဒါပေမဲ့ နောက်တစ်စက္ကန့်မှာတော့ လင်းယန်ယန် တစ်ယောက် ဆွံ့အသွားပါတော့သည်။
“ငရဲပြည်ရဲ့ ယမမင်းတရားကြီးက တာအိုမိတ်ဆွေ လင်းယန်ယန်ကို ဂါရဝပြုပါတယ်!!”
ရှေ့ဆုံးမှာရှိနေတဲ့ ယမမင်းတရားကြီးဟာ ရုတ်တရက် လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး အလယ်မှာရှိတဲ့ သူ့ကို ဖြည်းဖြည်းချင်း ဦးညွှတ်လိုက်တာကို သူတွေ့လိုက်ရသည်။
“ကျွန်ုပ်တို့က တာအိုမိတ်ဆွေ လင်းယန်ယန်ကို ဂါရဝပြုပါတယ်!”
“ကျွန်ုပ်တို့က တာအိုမိတ်ဆွေ လင်းယန်ယန်ကို ဂါရဝပြုပါတယ်!”
“ကျွန်ုပ်တို့က တာအိုမိတ်ဆွေ လင်းယန်ယန်ကို ဂါရဝပြုပါတယ်!”
ယမမင်းတရားကြီးအားလုံးက သူ့ကို တာအိုမိတ်ဆွေလို့ ခေါ်ပြီး ဦးညွှတ်နှုတ်ဆက်နေကြတာပဲ ဖြစ်သည်။
ငရဲပြည်ရဲ့ အကြီးအကဲဆုံး ယမမင်းဆယ်ပါး
နောက်တစ်ခဏတွင် ကျန်ရှိနေသော နန်းတော်ကိုးခု၏ ယမမင်းတရားကြီးများအားလုံးက လင်းယန်ယန်ကို ဖြည်းဖြည်းချင်း ဦးညွှတ်လိုက်ကြသည်။
ဤသည်မှာ လင်းယန်ယန်ကို လုံးဝ တုန်လှုပ်ချောက်ချားသွားစေသည်။"အရှင်... အရှင်မင်းတို့၊ ဒါက ဘာသဘောလဲဆိုတာ ကျွန်တော်မျိုးကို ရှင်းပြပေးလို့ ရမလားခင်ဗျာ။"
လင်းယန်ယန်သည် ယမမင်းတရားကြီး (၁၀) ပါးကို အူကြောင်ကြောင်ဖြင့် ကြည့်ကာ လုံးဝ ဝေခွဲမရ ဖြစ်နေသည်။
"တာအိုမိတ်ဆွေအနေနဲ့ မိမိကိုယ်တိုင်မှာ မွေးရာပါ ကုသိုလ်ကံ တွေ ရှိနေတယ်ဆိုတာကို မသိသေးဘူး ထင်တယ်?"
လင်းယန်ယန် ဘာမှမသိသေးသည်ကို မြင်သောအခါ ယမမင်းတရားကြီးမှာ မအံ့သြတော့ပေ။ ကံတရားကို မြင်နိုင်သော 'ကံမျက်စိ'ကျင့်စဉ်မှာ လူ့ပြည်လောကတွင် ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး၊ 'မွေးရာပါ ကုသိုလ်ကံ' ကို ခွဲခြားသိမြင်နိုင်သူမှာလည်း အလွန်ပင် ရှားပါးလှသည်။
ထို့ကြောင့် လင်းယန်ယန် ကိုယ်တိုင် မသိခြင်းမှာ လုံးဝ ပုံမှန်ပင် ဖြစ်သည်။
"မွေးရာပါ ကုသိုလ်ကံ? ကျွန်တော့်မှာ ရှိနေတာလား၊ အဲဒါက ကုသိုလ်တော် ရွှေရောင်အလင်းတန်း ကို ပြောတာလား"
လင်းယန်ယန်၏ မျက်လုံးများ ချက်ချင်း ကျဉ်းမြောင်းသွားပြီး နောက်တစ်ခဏတွင် တစ်ခုခုကို ခန့်မှန်းမိသွားသည်။
စနစ်က သူ၏ ကုသိုလ်ကံမှာ သာမန်လူများထက် ပမာဏ ၅၀,၀၀၀ ဆ ပိုများရုံတင်မကဘဲ ခြားနားမှုရှိသည်ဟု အစောပိုင်းက ပြောခဲ့ဖူးသည်။ စနစ်က ဘာတွေ ခြားနားသည်ကို အတိအကျ မပြောခဲ့သော်လည်း ယခုအခါတွင် သူ၏ ကုသိုလ်ကံမှာ 'မွေးရာပါ ကုသိုလ်ကံ' ဖြစ်နေကြောင်း သိလိုက်ရပြီဖြစ်သည်။
သို့သော် 'မွေးရာပါ ကုသိုလ်ကံ' နှင့် 'နောက်မှရရှိသော ကုသိုလ်' တို့က အတော်လေးကွာခြားလေသည်။
“မွေးရာပါ ကုသိုလ်ကံ ဆိုတာ မူလက ကမ္ဘာဦးအစ ကောင်းကင်နဲ့ မြေကြီးကို စတင် ဖန်တီးခဲ့သူတွေရဲ့ မျိုးဆက်တွေကို ကောင်းကင်က ပေးသနားခဲ့တဲ့ ကုသိုလ်မျိုးပဲ၊ တစ်နည်းအားဖြင့် ပြောရရင် အဲဒီ ပုဂ္ဂိုလ်တွေကလွဲလို့ တခြားဘယ်သူမှ မပိုင်ဆိုင်ခဲ့ဘူး၊ မွေးရာပါ ကုသိုလ်ကံ ပိုင်ဆိုင်ထားသူတိုင်းကို ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံက စောင့်ရှောက်ထားတယ် အကယ်၍ အဲဒီလို လူမျိုးကို ဘယ်အရာကပဲ ဖြစ်ဖြစ် ရန်မူဖို့ ကြိုးစားခဲ့မယ်ဆိုရင် ကောင်းကင်နဲ့ မြေကြီးက အဲဒီအရာကို ပယ်ထုတ် (အပြစ်ပေး) လိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ 'မယ်တော် ဟောက်ထု' က 'သံသရာ ခြောက်ပါး' ကို တည်ထောင်ခဲ့သလို 'မယ်တော် နွီဝါး' ကလည်း 'လူသားမျိုးနွယ်' ကို ဖန်တီးခဲ့တာကြောင့် သူတို့နှစ်ဦးစလုံးဟာ မွေးရာပါ ကုသိုလ်ကံ အမြောက်အမြားကို ရရှိခဲ့ကြတယ်။ ဒါကြောင့် 'မွေးရာပါ ကုသိုလ်ကံ' ကိုလည်း ကြိုးစားအားထုတ်ရင် ရနိုင်တယ်ဆိုတာကို ကမ္ဘာက သိသွားခဲ့တယ်..
အခု တာအိုမိတ်ဆွေဆီမှာ မွေးရာပါ ကုသိုလ်ကံတွေ ရှိနေတာကတော့... တာအိုမိတ်ဆွေဟာ ရှေးဟောင်း အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဦးရဲ့ ပြန်လည်ဝင်စားလာသူ ဖြစ်နိုင်တယ်လို့ ကျွန်ုပ်တို့ ယူဆထားတယ်။ ဒါကြောင့် တာအိုမိတ်ဆွေ နေထိုင်တဲ့ စွမ်းအားတွေ ခန်းခြောက်နေတဲ့ ဒီမြေရိုင်းအရပ်မှာ ဝိညာဉ်ခန္ဓာ အမျိုးမျိုးကို ပိုင်ဆိုင်ထားတဲ့ တာအိုမိတ်ဆွေလို ပါရမီရှင်မျိုး ပေါ်ထွန်းလာနိုင်တာပေါ့"
ယမမင်းတရားကြီးက လင်းယန်ယန်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
ဤစကားများက လင်းယန်ယန်ကို ဆွံ့အသွားစေသည်။ သူတို့၏ ခန့်မှန်းချက်မှာ လုံးဝ လွဲမှားနေသော်လည်း သူကတော့ ပြန်လည် မချေပနိုင်တော့ပေ။
ဒါပေမဲ့ ဒီလိုဖြစ်သွားတာကလည်း ကောင်းသည်။ ဒီလိုဆိုရင်တော့ သူရဲ့စွမ်းအားတွေ ဘာလို့ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာရသလဲဆိုတဲ့ အကြောင်းအရင်းကို ငရဲပြည်မှာရှိတဲ့ ဘယ်သူကမှ သံသယဝင်တော့မည် မဟုတ်ပေ။
"ယမမင်းတရားကြီးတို့ရဲ့ ရှင်းပြချက်အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ဒီကို ဖိတ်ခေါ်တာက ဒီအကြောင်းအရင်း တစ်ခုတည်းကြောင့်တော့ မဟုတ်ဘူးမလား?"
လင်းယန်ယန်ဟာ 'မွေးရာပါ ကုသိုလ်ကံ' က ဒီလောက်အထိ အစွမ်းထက်မှန်း သိသွားပြီဖြစ်လို့ သိပ်ပြီးမစိုးရိမ်ေတာ့ပေ။ ဘာပဲဖြစ်ဖြစ် 'မွေးရာပါ ကုသိုလ်ကံ' ရှိတဲ့သူကို ရန်မူတဲ့သူဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ ပယ်ထုတ်ခြင်းကို ခံရမယ်လို့ သူတို့ကိုယ်တိုင် ပြောထားတာပဲလေ။
ကျင့်စဉ် ဆက်မတိုးတက်တော့တာက အသေးအဖွဲဖြစ်ပေမဲ့ အကြောင်းရင်းမရှိဘဲ ဘေးဒုက္ခအမျိုးမျိုးနဲ့ ကြုံတွေ့ပြီး ပျက်စီးသွားတာမျိုးအထိ ဖြစ်နိုင်တာမို့ ဒီယမမင်းကြီးတွေက သူ့ကို ရန်မူမှာ မဟုတ်ဘူးဆိုတာ သူ သိလိုက်ရသည်။
"မှန်တယ်။ အခုလက်ရှိ ကောင်းကင်နဲ့ မြေကြီးရဲ့ အပြောင်းအလဲတွေကြောင့် 'အထက်ဘုံ' နဲ့ 'လူ့ပြည်လောက' တိုက အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီ။ ငရဲပြည်နဲ့ လူ့ပြည်လောကရဲ့ ဆက်သွယ်မှုဟာလည်း နှစ်တွေကြာလာတာနဲ့အမျှ ပိုပြီး အားနည်းလာခဲ့တယ်
တာအိုမိတ်ဆွေ အခုလိုအချိန်မှာ လူပြန်ဝင်စားလာတာက ဒီဘေးဒုက္ခဆိုးကြီးကို ရင်ဆိုင်ဖို့အတွက် မွေးဖွားလာသူတစ်ယောက် ဖြစ်ဖို့ အလားအလာ အလွန်များလွန်းတယ်.
တကယ်လို့ အဲဒီလို မဟုတ်ခဲ့ရင်တောင် တာအိုမိတ်ဆွေရဲ့ ပါရမီအရဆိုရင် 'တရားတော်များ ဆုတ်ယုတ်သောခေတ်' ရောက်လာတဲ့အခါမှာ လူ့ပြည်လောကရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်လာနိုင်တယ် 'ကောင်းကင်နတ်မင်း' အဆင့်ကိုတောင် ကျော်လွန်သွားနိုင်ပါတယ်။ အဲဒီအချိန်ကျရင် တာအိုမိတ်ဆွေဟာ လူ့ပြည်လောကမှာ ဘာကြောင့် တရားတော်တွေ ဆုတ်ယုတ်သွားရသလဲဆိုတဲ့ အကြောင်းအရင်းကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်!
ဒါကြောင့် ကျွန်ုပ်တို့ ငရဲပြည်ကို ကိုယ်စားပြုပြီး အရှင်မြတ်ကို ဒီငရဲပြည်ရဲ့ 'အရှင်သခင်' အဖြစ် တာဝန်ယူပေးပါရန် ဖိတ်ကြားအပ်ပါတယ်!! 'ယမမင်းကြီး လေးပါး' ကို အမိန့်ပေးစေခိုင်းခွင့်ရှိပြီး ငရဲပြည်ရဲ့ 'ဌာန ၁၈ ခု' ကိုလည်း အုပ်ချုပ်ခွင့် ရပါလိမ့်မယ်!! အရှင်မြတ်ရဲ့ အဆင့်အတန်းက ကျွန်ုပ်တို့နဲ့ တန်းတူ ဖြစ်ပါလိမ့်မယ်"