မော်ရှန်းဘိုးဘေးကြီး၏ Heart attack
Vol. 3 Ch. 23
မိနစ်အနည်းငယ် ကြာပြီးနောက် မော်ရှန်းဂိုဏ်းချုပ်၏ ခံ့ညားထည်ဝါလှသော ခန်းမဆောင်ကြီးအတွင်း၌ -
“တပည့် လင်းရန်ယန် ၊ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်”
လင်းရန်ယန်က ခန်းမအတွင်းသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း၍ ဝင်ရောက်လာတော့သည်။ ခန်းမ၏ အတွင်းပိုင်း၌ ခရမ်းရွှေရောင် ဝတ်စုံကို ဆင်ယင်ထားသော ဂိုဏ်းချုပ် ရွှမ်ထျန်းဇီက တရားထိုင်လျက် ကျင့်ကြံနေလေသည်။ လင်းရန်ယန် ရောက်ရှိလာကြောင်း ကြားသိရသောအခါ ရွှမ်ထျန်းဇီသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“ဪ... လင်းရန်ယန် ပါလား ၊ မင်း ပြန်လာတာ မြန်လှချေလား ၊ တာဝန်က ကျရှုံးသွားလို့လား”
ရွှမ်ထျန်းဇီ၏ စူးရှသော မျက်ဝန်းများက လင်းရန်ယန်ကို တစ်ချက် ကြည့်လိုက်ရုံနှင့်ပင် သူ၏ ကျင့်ကြံမှု အဆင့်အတန်းကို ဖောက်ထွင်းမြင်လိုက်ရတော့သည်။
“မြေကမ္ဘာအရှင်သခင် အဆင့်သုံး ဟုတ်လား ၊ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ရွှမ်ထျန်းဇီ၏ မျက်ဝန်းများမှာ ထိတ်လန့်မှုကြောင့် ကျဉ်းမြောင်းသွားခဲ့ပြီး အသက်ရှူသံများပင် မြန်ဆန်လာတော့သည်။
“ကျွန်တော် မိစ္ဆာကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ခဲ့လို့ တာဝန်က ကျရှုံးသွားတာပါ ဂိုဏ်းချုပ်၊ ဂိုဏ်းတူအစ်ကို ချန်းဟော်နဲ့ စစ်မုတို့သာ အသက်နဲ့လဲပြီး မတိုက်ခိုက်ခဲ့ရင် ကျွန်တော် ပြန်ရောက်လာနိုင်မှာတောင် မဟုတ်ပါဘူး”
လင်းရန်ယန်က အခြေအနေအရ အဖြစ်အပျက်ကို အနည်းငယ် ချဲ့ကားကာ ရှင်းပြလိုက်တော့သည်။ သူက စစ်မုနှင့် ချန်းဟော်တို့ အသက်ဘေးမှ လွတ်မြောက်ခဲ့ရသည်မှာ သူ၏ ‘သစ်သားဓာတ်ခန္ဓာ’ စွမ်းအားကြောင့် ဖြစ်ကြောင်း ထည့်သွင်းပြောဆိုလိုက်ချိန်တွင်…..
“ဘာ... သစ်သားဓာတ်ခန္ဓာ ဟုတ်လား၊ အဲ့ဒါက အသက်အန္တရာယ်နား ရောက်နေတဲ့သူတွေကိုတောင် ကယ်နိုင်တာလား၊ ဒါဆိုရင် ဒုတိယအဆင့်ကို ရောက်နေပြီပေါ့”
ရွှမ်ထျန်းဇီက ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်တော့သည်။
“ဟုတ်ပါတယ် ၊ ဒုတိယအဆင့် သစ်သားဓာတ်ခန္ဓာပါ၊ ပြီးတော့ ကျွန်တော့်မှာ ဒုတိယအဆင့် မြေဓာတ်ခန္ဓာလည်း ရှိပါသေးတယ်”
လင်းရန်ယန်က ပြောပြောဆိုဆိုဖြင့် သူ၏ ဓာတ်ခန္ဓာစွမ်းအား နှစ်ခုလုံးကို ထုတ်ဖော်ပြလိုက်တော့သည်။
“ဝုန်း”
ရွှမ်ထျန်းဇီ၏ စိတ်အာရုံမှာ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး နောက်သို့ပင် တစ်ချက် ယိုင်သွားခဲ့တော့သည်။ ဓာတ်ခန္ဓာ သုံးမျိုးလုံးမှာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ဤသည်မှာ မယုံနိုင်စရာ ကောင်းလှသော ကိစ္စတစ်ခုပင် ဖြစ်နေတော့သည်။
“ငါနဲ့ လိုက်ခဲ့စမ်း”
ရွှမ်ထျန်းဇီသည် လင်းရန်ယန်၏ လက်ကို ဆွဲကာ အလျင်အမြန်ပင် အဓိကတောင်ထိပ်၏ အမြင့်ဆုံးနေရာသို့ ခေါ်ဆောင်သွားတော့သည်။
“ဂိုဏ်းချုပ်... ကျွန်တော့်ကို ဘယ်ခေါ်သွားတာလဲဗျ”
“ဘိုးဘေးကြီးဆီကို သွားတွေ့မလို့လေ”
ခဏချင်းမှာပင် သူတို့နှစ်ဦးက ကျမ်းစာဂိုဒေါင် သို့ ရောက်ရှိသွား၏။ လင်းရန်ယန်က ထိုနေရာ၏ စတုတ္ထထပ်သို့ ရောက်သောအခါ သေလုမျောပါး ဖြစ်နေသော အဘိုးအို တစ်ဦးကို တွေ့လိုက်ရတော့သည်။
“ရွှမ်ထျန်း... မင်း ဘာလို့ လင်းရန်ယန်ကို ဒီခေါ်လာတာလဲ”
အဘိုးအိုက ဖြည်းညှင်းစွာ မေးလိုက်၏။ သူ၏ မျက်ဝန်းများက လင်းရန်ယန်ကို စေ့စေ့ကြည့်လိုက်ရာ ထိုမျက်ဝန်းများမှာ ရုတ်တရက် အံ့ဩမှုကြောင့် ပြူးကျယ်သွားခဲ့ရတော့သည်။
“ပြည့်စုံခြင်းအဆင့်... ၊ ပြင်းထန်သော မီးလျှံတိုက်ကွက် ကျွမ်းကျင်မှုက ပြည့်စုံခြင်း အဆင့်တဲ့လား၊ မီးဓာတ်ခန္ဓာကလဲ တတိယအဆင့် ဖြစ်နေပြီတဲ့၊ ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ထိုသတင်းမှာ အဘိုးအို၏ အားနည်းနေသော နှလုံးသားကို ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။ အဘိုးအို၏ မျက်နှာမှာ ဖြူလျော့သွားပြီး သူ၏ အသက်ဓာတ်မှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားခဲ့တော့သည်။ သူသည် ကျေနပ်စွာ ပြုံးလျက် ခေါင်းငိုက်စိုက်ကျကာ ကွယ်လွန်သွားခဲ့တော့သည်။
“ဘိုးဘေးကြီး... အခြေအနေက ဒီလိုပါ...”
ရွှမ်ထျန်းဇီမှာ ခေါင်းငုံ့ထားသဖြင့် ထိုမြင်ကွင်းကို မမြင်လိုက်ပေ။
“ဒုက္ခပဲ... ဘိုးဘေးကြီး တစ်ခုခု ဖြစ်သွားပြီ ထင်တယ်”
လင်းရန်ယန်က အလန့်တကြား အော်ဟစ်လိုက်သဖြင့် ရွှမ်ထျန်းဇီလည်း မော့ကြည့်လိုက်ရာ ဘိုးဘေးကြီးမှာ ပြုံးလျက်ပင် အသက်ပျောက်နေသည်ကို တွေ့လိုက်ရတော့သည်။
“ဘိုးဘေးကြီး... ဘာဖြစ်တာလဲ”
ရွှမ်ထျန်းဇီက ငိုယိုကာ ပြေးသွားသော်လည်း အဘိုးအို၏ ကိုယ်တွင်း၌ အသက်ဓာတ် မရှိတော့ပေ။ လင်းရန်ယန်လည်း စိတ်မကောင်း ဖြစ်သွားရသည်။ သူ၏ ပါရမီမှာ အလွန်ပင် ထူးခြားလွန်းသဖြင့် အဘိုးအိုမှာ အံ့အားသင့်လွန်းသွား၍ ထိတ်လန့်ကာ သေဆုံးသွားခြင်း ဖြစ်သည်။
လင်းရန်ယန်က အားနာစိတ်ဖြင့် အဘိုးအို၏ ကိုယ်တွင်းသို့ သစ်သားဓာတ်စွမ်းအားများကို အသည်းအသန် ထည့်သွင်းပေးလိုက်နေသည်။ အစိမ်းနုရောင် အလင်းတန်းများက အဘိုးအို၏ ကိုယ်ကို ဝန်းရံသွားသော်လည်း -
“ဟူး... အသက်ဓာတ် ပြတ်တောက်သွားပြီဆိုမှတော့ နတ်ဘုရားတွေတောင် ကယ်နိုင်တော့မှာမဟုတ်ဘူး”
လင်းရန်ယန်က သက်ပြင်းချလျက် စိတ်မကောင်းစွာပြောလိုက်သည်။ ရွှမ်ထျန်းဇီမှာမူ မိမိကိုယ်ကိုယ် အပြစ်တင်လျက် ကိုယ့်ပါးကို ရိုက်နေလေတော့သည်။ သို့သော် ထိုစဉ်မှာပင် ဝိညာဉ်လှိုင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ရွှမ်ထျန်း...”
အေးဆေးတည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာရာ ရွှမ်ထျန်းဇီက အမြန် မော့ကြည့်လိုက်တော့သည်။ ဘိုးဘေးကြီး၏ ဝိညာဉ်မှာ သူ့ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။
“ဘိုးဘေးကြီး... ကျွန်တော် တပည့်မိုက်က ဘိုးဘေးကြီးကို ဒုက္ခပေးမိပါပြီ။ ကျွန်တော့်ကို အပြစ်ပေးပါ”
“တုံးလိုက်တဲ့ကလေး ၊ ငါက အသက်ရှင်နေတာ ကြာပါပြီ ၊ မင်း အပြစ်မဟုတ်ပါဘူး၊ အခုချိန်ကစပြီး မော်ရှန်းဂိုဏ်းက မင်းရဲ့ လက်ထဲမှာပဲ ရှိတော့တယ်”
ဘိုးဘေးကြီးက ပြုံးလျက် ရွှမ်ထျန်းဇီကို ထူပေးလိုက်သည်။ ထို့နောက် လင်းရန်ယန်ဘက်သို့ လှည့်ကြည့်ကာ……..
“ကလေးလေး... မင်းရဲ့ ပါရမီက တကယ်ကို ကြောက်စရာကောင်းတယ်၊ ဒါက မော်ရှန်းဂိုဏ်းအတွက် ကောင်းကင်က ပေးတဲ့ အကောင်းဆုံး လက်ဆောင်ပဲ၊ ငါ မင်းကို တပည့်အဖြစ် လက်ခံပြီး သင်ကြားပေးချင်ပေမဲ့ ကံမပါခဲ့ဘူး၊ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိတဲ့ ကျင့်စဉ်တွေ ၊ ပစ္စည်းတွေ အားလုံးကို မင်းကိုပဲ ပေးခဲ့မယ်”
“ကျေးဇူးတင်ပါတယ် ဘိုးဘေးကြီး၊ ကျွန်တော် တစ်ခုလောက် မေးပါရစေ ၊ ‘ပြင်းထန်သော မီးလျှံတိုက်ကွက်’ ရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေက ဘယ်မှာ ရှိနိုင်မလဲဗျ”
“အဲ့ဒီ ကျင့်စဉ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါ ‘ဝိညာဉ်ငါးပါး လျှို့ဝှက်နယ်မြေ’ ထဲကို မှားပြီး ဝင်မိတုန်းက ရခဲ့တာ၊ အဲ့ဒီနေရာက ဟိမဝန္တာ တောင်တန်းကြီးထဲမှာ ရှိပြီး ၊ အတိအကျကိုတော့ ငါ့ရဲ့ သိုလှောင်လက်စွပ်ထဲက မြေပုံမှာ ကြည့်လိုက်၊ ဒါပေမဲ့ သတိထားနော်... ကောင်းကင်အရှင်သခင် အဆင့်ကို မရောက်မချင်း အဲ့ဒီနေရာကို လုံးဝမသွားနဲ့”
ဘိုးဘေးကြီးက တည်ကြည်စွာ သတိပေးလိုက်သဖြင့် လင်းရန်ယန်က ရိုသေစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုခဏ၌ပင် ဟင်းလင်းပြင်ထဲမှ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီး ၊ ဝတ်စုံနက် ဝတ်ဆင်ထားသော ငရဲပြည်မှ ‘ဝိညာဉ်ဖမ်းသူ’ တစ်ဦး ထွက်ပေါ်လာတော့သည်။ သူသည် ဟေးဝူးချန် ၏ လက်အောက်ခံ ဖြစ်သည်။