တာ၀န်ရွေးခြယ်ခြင်း
Vol. 3 Ch. 22
လွန်ခဲ့သော သုံးရက်ခန့်ကပင် ထိုဖုတ်ကောင်မှာ အခိုးခံလိုက်ရသဖြင့် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို အတိအကျ မသိရပေ။ သို့သော်လည်း ကြေးဝါချပ်ဝတ်ဖုတ်ကောင်က မော်ရှန်းဂိုဏ်းအနီးတစ်ဝိုက်တွင် ပေါ်လာတတ်ကြောင်း သတင်းပေးပို့ချက်များ ရှိနေသည်။ ၎င်းက လောကကြီးကို ဘေးဒုက္ခ မပေးနိုင်စေရန်အတွက် အမြန်ဆုံး ရှာဖွေနှိမ်နင်းရမည်ဖြစ်သည်။
“တာဝန်ဆုလာဘ် - ကြေးဝါချပ်ဝတ်ဖုတ်ကောင်ကို ရှာဖွေတွေ့ရှိပြီး ဂိုဏ်းသို့ သတင်းပို့ပါက မြေကမ္ဘာအဆင့်နိမ့် မှော်လက်နက်ပစ္စည်း တစ်ခုနှင့် ဝိညာဉ်ကျောက်တုံး ၁၀ တုံး ရရှိမည်၊ ရှာဖွေတွေ့ရှိပြီး သုတ်သင်နိုင်ပါက မြေကမ္ဘာအဆင့်မြင့် မှော်လက်နက်ပစ္စည်း တစ်ခုနှင့် ဝိညာဉ်ကျောက်တုံး ၁၀၀ ရရှိမည်။”
လင်းရန်ယန် ကို အံ့အားသင့်စေသည်မှာ ဤရှာဖွေရေးတာဝန်မှာ အဆင့်လေးသာ ရှိနေခြင်းပင် ဖြစ်သည်။
“အဆင့်လေးတာဝန် ဆိုပေမဲ့ နောက်ဆက်တွဲ တာဝန်ကတော့ အဆင့်ခုနစ်အထိ ရှိတာပဲ ၊ လက်ခံလိုက်တာပေါ့”
လင်းရန်ယန်က ပြုံးလျက် ရေရွတ်လိုက်သည်။
“အကြီးအကဲ... ၊ ကျွန်တော် ဒီတာဝန်ကို ယူပါရစေ”
လင်းရန်ယန်သည် တုံ့ဆိုင်းမနေဘဲ တာဝန်ပေးဆောင်ရန် အကြီးအကဲထံသို့ တိုက်ရိုက်ပြောဆိုလိုက်၏။
“ဟင်... ဒီတာဝန်လား”
လင်းရန်ယန် ရွေးချယ်လိုက်သော တာဝန်ကို ကြည့်ကာ အကြီးအကဲမှာ မျက်မှောင်ကြုတ်သွားတော့သည်။
“ဒီတာဝန်က အဆင့်လေးပဲ ရှိတယ်ဆိုပေမဲ့ ၊ အကယ်၍ မင်းသာ ဖုတ်ကောင်ရဲ့ အာရုံခံခြင်းကို ခံလိုက်ရရင် ‘ကောင်းကင်အရှင်သခင်’ အဆင့်ရှိတဲ့သူတောင် လွတ်အောင်ပြေးဖို့ ခက်ခဲလိမ့်မယ်၊ အန္တရာယ်ကတော့ အလွန်ကြီးလွန်းတယ် ၊ မင်း သေချာရဲ့လား”
အကြီးအကဲက တည်ကြည်စွာဖြင့် သတိပေးလိုက်သည်။ ထိုမျှ အန္တရာယ်ကြီးမားလှသဖြင့် ဆုလာဘ်မှာလည်း များပြားနေခြင်း ဖြစ်ပေသည်။
“သေချာပါတယ်ဗျာ ၊ ကျွန်တော့်မှာ ကိုယ်ယောင်ဖျောက်တဲ့ တာအိုအတတ်တွေ ရှိပါတယ် ၊ အန္တရာယ် သိပ်မရှိနိုင်ပါဘူး”
လင်းရန်ယန်က ပြုံးလျက် ပြန်လည်ဖြေကြားလိုက်၏။
“ကောင်းပြီလေ... ၊ ဒါဆိုရင် ဒီတာဝန်ကို မင်းကိုပဲ အပ်လိုက်မယ်”
အကြီးအကဲသည် လင်းရန်ယန်ကို မော်ရှန်းဂိုဏ်းမှ စုဆောင်းထားသော သတင်းအချက်အလက်များ ပါဝင်သည့် စာလိပ်ကို ပေးလိုက်တော့သည်။ ထိုခဏအတွင်းမှာပင် လင်းရန်ယန်၏ အသိစိတ်ထဲ၌ စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာတော့သည်။
“ဒင်... ဂုဏ်ယူပါတယ် အရှင် ၊ ‘ရှီးရွှမ်းပန် ကြေးဝါချပ်ဝတ်ဖုတ်ကောင်ကို သုတ်သင်ခြင်း’ တာဝန်ကို လက်ခံလိုက်ပါပြီ၊ အနည်းဆုံး ဆုလာဘ် - အလိုအလျောက် ဆုလာဘ် ၁၅ ခု ၊ ကောင်းကင်အဆင့်လတ် ကျင့်စဉ် သို့မဟုတ် တာအိုအတတ် တစ်ခုနှင့် အခြားသော ပစ္စည်းများ”
လင်းရန်ယန်က စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ် မေးခွန်းတစ်ခုကို မေးလိုက်သည်။
“အကြီးအကဲ... ၊ ကျွန်တော်တို့ ဂိုဏ်းမှာ မိစ္ဆာကျင့်ကြံသူတွေကို သတ်ရင် ဆုလာဘ်ပေးတဲ့ တာဝန်မျိုးရော ရှိလားဗျ”
“မိစ္ဆာကျင့်ကြံသူတွေလား ၊ ရှိတာပေါ့ ၊ ဒါပေမဲ့ မိစ္ဆာကျင့်ကြံသူတွေကလည်း သာမန်မဟုတ်ကြဘူး၊ အပြင်လောကမှာ လှည့်လည်နေတဲ့ မိစ္ဆာတွေက အနည်းဆုံး မြေကမ္ဘာအရှင်သခင် အဆင့်မှာ ရှိကြတာ ၊ အန္တရာယ်ကတော့ တကယ့်ကို ကြီးမားတယ်”
အကြီးအကဲက ရှင်းပြလိုက်၏။
“ကျွန်တော် သိပါတယ် ၊ သိချင်လို့ မေးကြည့်တာပါ၊ လမ်းမှာ ကြုံလို့ သတ်ဖြစ်ခဲ့ရင် အကျိုးအမြတ် ရတာပေါ့ မဟုတ်ဘူးလား”
အကြီးအကဲသည် လင်းရန်ယန်၏ စိတ်ဓာတ်ကို သဘောကျသွားကာ တာဝန်အမျိုးအစားကို ဖော်ပြပေးလိုက်သည်။ ၎င်းမှာ ‘အမြဲတမ်း တာဝန်’ ဖြစ်ပြီး မိစ္ဆာကျင့်ကြံသူများ၏ အဆင့်အတန်းအလိုက် ဝိညာဉ်ကျောက်တုံးများကို ရရှိမည် ဖြစ်သည်။ မြေကမ္ဘာအရှင်သခင် အဆင့်တစ်ကို သတ်ပါက ဝိညာဉ်ကျောက်တုံး ၁၀ တုံးမှ စတင်ကာ ကောင်းကင်အရှင်သခင် အဆင့်တစ်ဆယ်ကို သတ်နိုင်ပါက ဝိညာဉ်ကျောက်တုံး ငါးသိန်းအထိ ရရှိနိုင်မည်ဖြစ်သည်။
“ကောင်းကင်အရှင်သခင် အဆင့်မှာတင် ဝိညာဉ်ကျောက်တုံး ငါးသိန်းဆိုတော့ ၊ ဒါက အလယ်အလတ် ဝိညာဉ်ကျောက်တုံး ငါးထောင်နဲ့ ညီမျှတာပဲ ၊ တကယ့်ကို တန်ဖိုးကြီးတာပါလား”
လင်းရန်ယန်က တွက်ချက်ကြည့်လိုက်တော့သည်။ ကောင်းကင်အရှင်သခင် အဆင့်ဆယ်ရှိသော ပညာရှင် တစ်ဦးကို သတ်ဖြတ်နိုင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် ထိုအဆင့်သို့ ရောက်ရှိထားသူများက ပါရမီရှင်များ ဖြစ်ကြသလို အဆင့်မြင့် ကျင့်စဉ်များကိုလည်း ပိုင်ဆိုင်ထားကြသောကြောင့် ဖြစ်သည်။
“အကြီးအကဲ... ၊ ကျွန်တော် ဒီတာဝန်ကိုပါ လက်ခံလို့ ရမလားဗျ”
“ရတာပေါ့ ၊ အတွင်းစည်းတပည့်တိုင်း လက်ခံလို့ရတယ်၊ မိစ္ဆာတစ်ယောက်ကို သတ်ပြီးရင် သူတို့ရဲ့ အလောင်း ဒါမှမဟုတ် ဝိညာဉ်ကို ယူလာရမယ်၊ အဲ့ဒါမှ မဟုတ်ရင်တော့ သက်သေအဖြစ် သူတို့ရဲ့ ‘သွေးဝိညာဉ်ကျိန်စာ’ ကို ယူလာပြီး သက်သေပြရမယ်”
“ကောင်းပါပြီ ၊ ဒါဆိုရင် ကျွန်တော် ဒီတာဝန်ကိုပါ လက်ခံလိုက်ပါမယ်”
လင်းရန်ယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ခဲ့၏။ ဤတာဝန်ကို စောစောစီးစီး လက်ခံထားခဲ့ပါက ယခင်က သတ်ခဲ့သော မိစ္ဆာနှစ်ဦးအတွက် ဆုလာဘ်များစွာ ရရှိပေလိမ့်မည်။ သူက နောင်တအနည်းငယ် ရမိသော်လည်း နောင်တွင် အခွင့်အရေးများစွာ ရှိသေးသဖြင့် စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်တော့သည်။
“ဒါနဲ့ အကြီးအကဲ... ၊ သွေးဝိညာဉ်ကျိန်စာနဲ့ ဆုလာဘ် ထုတ်လို့ရတယ်လို့ ပြောခဲ့တယ် မဟုတ်လား”
လင်းရန်ယန်၏ မျက်ဝန်းများမှာ တောက်ပလာခဲ့သည်။
“မှန်တာပေါ့ ၊ မိစ္ဆာတိုင်းရဲ့ ကျိန်စာက တစ်ခုနဲ့တစ်ခု မတူဘူး၊ အဲ့ဒါကို စစ်ဆေးကြည့်ရင် ပိုင်ရှင်ရဲ့ အဆင့်ကို သိနိုင်တယ်၊ ဒါပေမဲ့ သွေးဝိညာဉ်ကျိန်စာ ပိုင်ဆိုင်ထားတဲ့သူတွေက မိစ္ဆာဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင်တွေ ဒါမှမဟုတ် မြေကမ္ဘာအရှင်သခင် အဆင့်ခြောက် အထက်မှာ ရှိတဲ့သူတွေပဲ”
“အကြီးအကဲ... ၊ အဲ့ဒီ သွေးဝိညာဉ်ကျိန်စာကို ဒီမှာ စစ်ဆေးလို့ ရမလားဗျ”
“ဒီမှာတော့ မရဘူးလေ ၊ မင်းက ဂိုဏ်းချုပ်ဆီ ဖြစ်ဖြစ် ၊ အနည်းဆုံး ကောင်းကင်အရှင်သခင် အဆင့်သုံး ရှိတဲ့ အကြီးအကဲတွေဆီ ဖြစ်ဖြစ် သွားပြီး စစ်ဆေးခိုင်းရမယ်”
လင်းရန်ယန်က နားလည်သွားကာ အကြီးအကဲကို နှုတ်ဆက်၍ ထွက်ခွာလာခဲ့တော့သည်။
“ဒီကောင်လေးကတော့ မေးခွန်းတွေ အများကြီး မေးသွားတာပဲ”
ထွက်ခွာသွားသော လင်းရန်ယန်၏ ကျောပြင်ကို ကြည့်ကာ အကြီးအကဲမှာ သက်ပြင်းချလျက် ရေရွတ်နေလေတော့သည်။