သေမင်း၏ အရှိန်အဝါ
Vol. 4 Ch. 31
ဝမ်မုန့် သည် စိုးရိမ်ပူပန်သော မျက်ဝန်းများဖြင့် ကြည့်နေတော့သည်။
“ရှင် တကယ်ပဲ လုပ်နိုင်ပါ့မလား”
ဝမ်မုန့်၏စကားကိုကြားသော ကျူးကော့ခုံဖျင်သည် ဘဝင်မြင့်သော လေသံဖြင့် ပြန်လည်ပြောဆိုလိုက်သည်။
“ငါ့အစွမ်းကို မင်း မယုံဘူးလား”
သူသည် ထိုသို့ပြောဆိုရင်း မျက်ခုံးတစ်ချက် ပင့်ကာ အောင်းထျန်းလုံ ကို ကြည့်လိုက်ရာ ၊ အောင်ထျန်းလုံမှာမူ သူဘာကို ရည်ရွယ်နေမှန်း မသိသဖြင့် ကြောင်အ သွားတော့သည်။
“ရှင် သေချင်နေတာလား ၊ အခုချက်ချင်း အပေါ်တက်သွားစမ်း”
ဝမ်မုန့် က ဒေါသတကြီး ဆူပူလိုက်၏။ ထိုအခါမှသာ ကျူးကော့ခုံဖျင် သည် ခြေထောက်ကို ကွေးညွှတ်ကာ အားယူလျက် ဝုန်းခနဲ ခုန်တက်လိုက်တော့သည်။ သူ၏ ဖိုသီဖတ်သီ ခန္ဓာကိုယ်ကြီးမှာ လေထဲသို့ မြောက်တက်သွားသော်လည်း ၊ ရှက်ဖွယ် ကောင်းလှသည်မှာ အိမ်ခေါင်မိုး တိုင်မကြီးကို မှီရန် လက်တစ်ကမ်းအလို၌ပင် ပြန်လည် ကျဆင်းလာတော့သည်။
“ဦးလေး လေး ၊ လုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ရင် ကျွန်မပဲ တက်လုပ်ပေးရမလား”
ဘေးတွင် ရှိနေသော အောင်းနင်ရွှမ်း က မကြည့်ရက်နိုင်တော့သဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။
“မလိုပါဘူး ၊ မင်းရဲ့ ဦးလေး လေးက အတော်ကို စွမ်းတာပါ၊ ငါ မတက်နိုင်ဘူးလို့ မင်းတို့ ထင်နေတာလား”
ကျူးကော့ခုံးဖျင် ၏ မျက်နှာသည် ချက်ချင်းပင် နီမြန်းသွားပြီး ၊ တစ်ဖန် အားကုန်သုံး၍ ခုန်တက်လိုက်ပြန်သည်။
“ရှူး”
ဤတစ်ကြိမ်တွင်မူ သူသည် တိုင်မကြီးဆီသို့ အောင်မြင်စွာ ရောက်ရှိသွားတော့သည်။
“ဒုန်း”
သို့သော် ကံဆိုးသည်မှာ အားအလွန်အကျွံ သုံးလိုက်မိသဖြင့် သူ၏ ဦးခေါင်းမှာ တိုင်မကြီးနှင့် အရှိန်ပြင်းစွာ ဆောင့်မိသွားတော့သည်။ ထိုတိုင်မကြီးမှာ ဂါထာတော်များဖြင့် အားဖြည့်ထား၍ သံမဏိကဲ့သို့ မာကျောနေသည်ဖြစ်ရာ၊ သူသည် နာကျင်လွန်းသဖြင့် မျက်နှာကြီး ရှုံ့မဲ့သွားခဲ့ရသည်။ သို့သော် ဝိညာဉ်ဖမ်းဘူးကိုတော့ အလျှင်အမြန် ချိတ်ဆွဲလိုက်နိုင်၏။
“ဂျိမ်း”
မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာသောအခါ ဘာမှမဖြစ်သယောင် ဟန်ဆောင်နေသော်လည်း ၊ ခဏအကြာတွင် သူ၏ ဆံပင်ကြားမှ သွေးစက်များ စီးကျလာတော့သည်။
“သွေးတွေ ထွက်လာပြီ မဟုတ်လား ၊ မလုပ်နိုင်ရင်လည်း ဟန်မဆောင်ပါနဲ့လို့ ကျွန်မပြောသားပဲ”
ဝမ်မုန့် သည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ သွေးများကို သုတ်ပေးရန် အနားသို့ လျှောက်သွားလိုက်သည်။ ထိုမြင်ကွင်းကို ကြည့်နေသော အောင်းထျန်းလုံ ၏ မျက်နှာမှာမူ မဲမှောင်သွားခဲ့တော့သည်။
“ညီလေး ၊ မင်း ဒီနှစ်တွေမှာ ကျင့်ကြံခြင်းကို ပစ်ပယ်ထားတာလား ၊ အနည်းဆုံးတော့ ခန္ဓာကိုယ် ကျင့်ကြံခြင်းမှာ မင်း အတော်လေး နောက်ကျကျန်ခဲ့ပြီပဲ၊ မင်း ငါ့အပေါ် ဘယ်လိုပဲ သဘောထားရှိရှိ ၊ ဆရာကြီး မကွယ်လွန်ခင်က မင်းတို့ကို ကြည့်ရှုစောင့်ရှောက်ဖို့နဲ့ ကျင့်ကြံခြင်းကို ကြီးကြပ်ဖို့ ငါ့ကို မှာခဲ့တယ်၊ မနက်ဖြန်ကစပြီး မင်းရဲ့ အလေးချိန် လျှော့ရမယ်”
အောင်းထျန်းလုံက တင်းမာစွာ ပြောဆိုလိုက်သည်။ သို့သော် ကျူးကော့ခုံဖျင် မှာမူ ပျင်းရိငြီးငွေ့သော ပုံစံဖြင့် ဂရုမစိုက်သလို နေမြဲတိုင်း နေနေ၏။
“ငါပြောတာ ကြားလား”
ရုတ်တရက် အောင်းထျန်းလုံ၏ ဟိန်းဟောက်သံကြီးကြောင့် တစ်အိမ်လုံး တုန်ခါသွားတော့သည်။ ကျူးကော့ခုံဖျင် သည် ထိတ်လန့်သွားပြီး သူ၏ ဝဝတုတ်တုတ် ခန္ဓာကိုယ်ကြီးမှာ တုန်ရင်သွားခဲ့သည်။
“ကြားပါတယ် ၊ ကြားပါတယ်”
သူ၏ သွေးသားအတွင်းမှ လာသော ကြောက်ရွံ့မှုများမှာလည်း ထိုခဏ၌ ပြန်လည် နိုးထလာခဲ့တော့သည်။ သူသည် နောက်ထပ် ဘာစကားမှ ထပ်မပြောဝံ့တော့ပေ။ ကြောက်ရွံ့နေသည့် ကြားမှပင် တင်းကြပ်လွန်းလှသော ဂိုဏ်းတူအစ်ကိုကြီး ပြန်ရောက်လာပြီဟု တွေးတောကာ လွမ်းဆွတ်မှုကို တိတ်တဆိတ် ခံစားနေမိရသည်။
“စိတ်မရှိပါနဲ့ ၊ ငါ့အသံက နည်းနည်း ကျယ်သွားတယ်၊ ကဲ... သွားကြစို့”
အောင်းထျန်းလုံသည် ထိတ်လန့်သွားသော ဝမ်မုန့် နှင့် သမီးဖြစ်သူကို ကြည့်ကာ အားနာစွာ ပြုံးပြလိုက်ပြီး တံခါးပြင်ပသို့ ထွက်ခွာသွားတော့သည်။
“ဒါ ရှင့်ကြောင့်ပဲ ၊ အခုတော့ အဆူခံရလို့ ကျေနပ်ပြီ မဟုတ်လား”
ဝမ်မုန့် က ကျူးကော့ခုံဖျင် ကို မျက်စောင်းထိုးလိုက်ပြီး အောင်ထျန်းလုံနောက်သို့ အပြေးလိုက်သွားတော့သည်။
“မိန်းမ... ငါ့ကို စောင့်ဦးလေ”
ကျူးကော့ခုံဖျင် သည်လည်း သူ၏ ပုံစံဟောင်းအတိုင်း ဇနီးသည်နောက်သို့ ကပ်ပါသွားတော့သည်။
“ဒီမိသားစုရဲ့ ပတ်သက်မှုတွေက တကယ့်ကို ရှုပ်ထွေးတာပဲ ၊ အောင်းနင်ရွှမ်း ၊ သွားကြစို့”
လင်းရန်ယန် က ခေါင်းကို ခါယမ်းကာ အောင်းနင်ရွှမ်း နှင့်အတူ သူတို့နောက်သို့ လိုက်ပါသွားတော့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်...
လက်နက်အပြည့်အစုံ ကိုင်စွဲထားသော လူငါးဦးသည် လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုသို့ ရောက်ရှိလာကြသည်။ မကြာမီမှာပင် တောအုပ်အလယ်၌ ထူးဆန်းသော ခေါင်းတလားတစ်ခုကို မြင်လိုက်ရတော့သည်။
“သေချာဂရုစိုက်ကြ ၊ ပြင်းထန်တဲ့ အလောင်းကောင်အရှိန်အဝါကို ငါခံစားနေရတယ် ၊ ဒီဖုတ်ကောင်က ထွက်မပြေးသေးဘူးပဲ”
အောင်းထျန်းလုံက လူတိုင်းကို တားဆီးကာ သတိပေးလိုက်၏။
“ဂိုဏ်းတူအစ်ကို ၊ ဟိုမှာကြည့်ပါဦး”
ကျူးကော့ခုံဖျင် သည် မြေပြင်ပေါ်ရှိ ပြတ်တောက်နေသော ခြေလက်များကို မြင်လိုက်ရသည်။ အနီးကပ် ကြည့်ရှုလိုက်သောအခါ မိစ္ဆာဂိုဏ်း၏ စွမ်းအားများ ကျန်ရှိနေသည်ကို တွေ့လိုက်သည်။ ထို့ပြင် မြေပြင်ပေါ်ရှိ ဝါးကျည်တောက်များအတွင်းမှ သွေးများကို အောင်းထျန်းလုံ နမ်းရှူကြည့်လိုက်ရာ -
“ဒါက ဖုတ်ကောင်ဘုရင်ရဲ့ သွေးနဲ့ ကောင်းကင်အရှင်သခင်ရဲ့ သွေးတွေပဲ”
“ကြည့်ရတာ ဒီဖုတ်ကောင်ကို ခိုးယူသွားတဲ့ မိစ္ဆာကျင့်ကြံသူတွေဟာ ဒီသွေးတွေကို သုံးပြီး ဖုတ်ကောင်ကို မွေးမြူခဲ့ကြတာပဲ၊ ဒါပေမဲ့ ကံဆိုးတာက သူတို့ မွေးမြူမှု အလွန်အကျွံ ဖြစ်သွားပြီး ဖုတ်ကောင်က ဖုတ်ကောင်ဘုရင်အဆင့်ကို ရောက်သွားခဲ့တယ်၊ အဲ့ဒီမှာတင် သူတို့ရဲ့ ထိန်းချုပ်မှု ဂါထာတွေ ပျက်ပြားသွားပြီး အားလုံး အသတ်ခံလိုက်ရတာပဲ ဖြစ်ရမယ်”
လင်းရန်ယန်က ဘေးမှနေ၍ အခြေအနေကို သုံးသပ်ပြလိုက်တော့သည်။ ကျန်ရှိသူများကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်ကြ၏။
“အင်း... ကောင်းမွန်တဲ့ သုံးသပ်ချက်ပဲ ၊ ဒါပဲ ဖြစ်ရမယ်၊ ဂိုဏ်းတူညီလေးနဲ့ ညီမလေး ၊ ငါတို့တွေ ‘ဓာတ်ကြီးသုံးပါး မိစ္ဆာနှိမ်နင်းရေး အစီရင်’ ကို ပြင်ဆင်ကြမယ်၊ ညီလေးလင်းရန်ယန် ၊ ငါတို့တွေ အသင့်ဖြစ်ပြီဆိုတာနဲ့ မင်းရဲ့ လေဓာတ်စွမ်းအားကို သုံးပြီး ဖုတ်ကောင်ကို ခေါင်းတလားထဲက ထွက်လာအောင် တိုက်ခိုက်ပေးပါ”
အောင်းထျန်းလုံက အမိန့်ပေးလိုက်တော့သည်။ ထိုအခါ ဝမ်မုန့် နှင့် ကျူးကော့ခုံဖျင် တို့မှာ လင်းရန်ယန်သည် လေဓာတ်ခန္ဓာ ကို ပိုင်ဆိုင်ထားသည်ဟု သိလိုက်ရသဖြင့် အံ့အားသင့်သွားကြတော့သည်။
“စိတ်ချပါ ဂိုဏ်းတူအစ်ကို”
လင်းရန်ယန်က ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ အောင်းနင်ရွှမ်း ကမူ သူမအတွက် တာဝန်မပေးသဖြင့် စိတ်ကောက်နေသော်လည်း အောင်းထျန်းလုံက သူမအား အဝေးမှသာ စောင့်ကြည့်ရန် တားမြစ်ထားသည်။
“စကြစို့”
အောင်းထျန်းလုံက ဟိန်းဟောက်လိုက်တော့သည်။
“ဝုန်း ဝုန်း ဝုန်း”
အောင်းထျန်းလုံနှင့် သူ၏ ဂိုဏ်းတူမောင်နှမ နှစ်ဦးသည် ခေါင်းတလား၏ အရပ်မျက်နှာ သုံးဖက်သို့ ချက်ချင်းပင် ပြေးဝင်နေရာယူလိုက်ကြတော့သည်။ ထို့နောက် သူတို့၏ လက်နက်များကို ဆွဲထုတ်လိုက်ကြရာ ၊ လင်းရန်ယန်သည် သူတို့၏ လက်နက်များမှာ မြေကမ္ဘာအဆင့် မြင့်မားသော လက်နက်များဖြစ်ပြီး အောင်းထျန်းလုံ၏ ဓားမှာမူ ကောင်းကင်အဆင့်နိမ့် လက်နက်ဖြစ်သည်ကို သတိပြုမိ၏။
“ဓာတ်ကြီးသုံးပါး မိစ္ဆာနှိမ်နင်းရေး အစီရင်”
အောင်းထျန်းလုံ အော်ဟစ်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့ သုံးဦးစလုံးသည် ဓားများကို မြှောက်လိုက်ကြရာ ၊ လက်နက်များပေါ်တွင် အစီအရင်သင်္ကေတများ ထင်ဟပ်လာတော့သည်။
“ညီလေး ၊ ကြေးဝါချပ်ဝတ်ဖုတ်ကောင်ဘုရင်ရဲ့ ခေါင်းတလားကို အားကုန်သုံးပြီး တိုက်ခိုက်လိုက်တော့”
“အားကုန် ဟုတ်လား ၊ ကောင်းပြီလေ”
လင်းရန်ယန်သည် လက်မှ ဂါထာသင်္ကေတများကို အရှိန်အဟုန်ဖြင့် ပြောင်းလဲလိုက်၏။
“ဝုန်း”
ချက်ချင်းပင် လင်းရန်ယန်၏ ကိုယ်ပေါ်မှ လေဓာတ်စွမ်းအားများမှာ ရေလျှံသကဲ့သို့ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။ ထိုစွမ်းအားများမှာ ပေတစ်ရာခန့် ရှည်လျားသော ကြောက်မက်ဖွယ် လေဓားအဖြစ် စုစည်းသွားသည်။ အောင်းထျန်းလုံနှင့် သူ၏ မောင်နှမများမှာ ထိုမြင်ကွင်းကို ကြည့်ကာ မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြတော့သည်။
“မုန်တိုင်းဓားချက်”
လင်းရန်ယန်၏ ဟိန်းဟောက်သံနှင့်အတူ ဧရာမ လေဓားကြီးမှာ ခေါင်းတလားဆီသို့ ပိုင်းဖြတ်ချလိုက်၏။ မြေပြင်ကြီးမှာလည်း ဆယ်ပေခန့် နက်ရှိုင်းသော အက်ကြောင်းကြီးတစ်ခု ဖြစ်သွားသည်။ ထိုစဉ် သေမင်း၏ အရှိန်အဝါကို သိရှိသွားသော ကြေးဝါချပ်ဝတ်ဖုတ်ကောင်ဘုရင်သည် ခေါင်းတလားကို ရိုက်ခွဲကာ ထွက်ပေါ်လာတော့သည်။
“ဝုန်း”
၎င်းသည် ကောင်းကင်သို့ ကြည့်ကာ ဟိန်းဟောက်လိုက်သော်လည်း ၊ နောက်တစ်ခဏ၌ပင် လေဓားကြီးသည် ဖုတ်ကောင်ဘုရင်ကို လုံးဝ မခုခံနိုင်အောင် ပိုင်းဖြတ်သွားတော့သည်။
“ဖျတ်”
ဖုတ်ကောင်ဘုရင်၏ ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်တောက်ကာ မြေပြင်ပေါ်သို့ ဘုတ်ခနဲ ပြုတ်ကျသွားတော့သည်။
[ဒင်... ဂုဏ်ယူပါသည် အရှင် ၊ ကြေးဝါချပ်ဝတ်ဖုတ်ကောင်ဘုရင်ကို သတ်ဖြတ်နိုင်ခဲ့သဖြင့် တာဝန်အောင်မြင်ပါသည်၊ တာဝန်အဆင့်သတ်မှတ်ချက် - အဆင့် A ၊ ရရှိသော ကုသိုလ်ကံ - ၁၅,၀၀၀]