တွက်ချက်၍ မရနိုင်သော အရာ
Vol. 4 Ch. 36
“တတိယမြောက် တွက်ချက်ခြင်းမပြုတဲ့ အရာကတော့ လူဝင်စားခြင်းပဲ ၊ လူဝင်စားခြင်းဆိုတာ ငရဲပြည်ရဲ့ အထူးလျှို့ဝှက်ချက်ဖြစ်လို့ ၊ ဒါကို တွက်ချက်ဖို့ ကြိုးစားရင် ကြီးမားလှတဲ့ ကံကြမ္မာအကျိုးဆက် အနှောင့်အယှက်တွေကို ခံစားရလိမ့်မယ်၊ ဟုတ်တယ် ၊ဒီ ‘တွက်ချက်ခြင်းမပြုအပ်တဲ့ အချက်သုံးချက်’ ဆိုတာ စည်းကမ်းတွေပဲ ၊ ဒီလောကမှာ စည်းကမ်းမလိုက်နာတဲ့သူတွေ အများကြီး ရှိသလို ၊ ဖြောင့်မတ်တဲ့ နိမိတ်ဖတ်မျိုးနွယ်စုက တပည့်တွေတောင် ဒါတွေကို မကြာခဏ ချိုးဖောက်တတ်ကြပေသေးတယ်၊
မောင်လေးအနေနဲ့ ကိုယ့်ရဲ့ စည်းကိုကိုယ် စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမဲ့ ကိုယ့်ရဲ့ ကံကြမ္မာကိုတော့ လုံးဝတွက်ချက်ခြင်း မပြုရဘူး၊ ဒါကတော့ ဘယ်တော့မှ မချိုးဖောက်သင့်တဲ့ စည်းကမ်းပဲ”
ဝမ်မုန့် က လင်းရန်ယန် ကို လေးနက်စွာ သတိပေးလိုက်သည်။
“နားလည်ပါပြီ ဂိုဏ်းတူအစ်မ, ကျွန်တော်က စိတ်ဝင်စားလို့ နည်းနည်းပါးပါး သင်ယူကြည့်ချင်ရုံတင်ပါ”
လင်းရန်ယန်သည် ဝမ်မုန့်၏ စကားကို ကြားသောအခါ လေးနက်စွာ ခေါင်းညိတ်ပြလိုက်၏။ စင်စစ်အားဖြင့် ဤ ‘တွက်ချက်ခြင်းမပြုအပ်သော အချက်သုံးချက်’ မှာ လင်းရန်ယန်အတွက်မူ အသုံးမဝင်လှပေ။ သူသည် ငရဲပြည်၏ အရှင်သခင်ဖြစ်ရာ ၊ လူတစ်ယောက်၏ သက်တမ်းဖြစ်စေ ၊ မည်သည့်နေရာ၌ လူပြန်ဝင်စားသည်ဖြစ်စေ သိလိုပါက စိတ်ကူးလိုက်ရုံဖြင့် သိနိုင်သည်။
မိစ္ဆာကျင့်ကြံသူများအတွက် နိမိတ်ဖတ်ပေးရန်မှာမူ ပို၍ပင် မဖြစ်နိုင်ပေ။ ထိုသူများသည် လင်းရန်ယန်အတွက် ဆုလာဘ်များသာ ဖြစ်ကြပြီး ၊ မြင်သည်နှင့် သုတ်သင်ရန်သာ ရှိပေရာ သူတို့အတွက် နိမိတ်ဖတ်ပေးစရာ အကြောင်းမရှိပေ။ မိမိကိုယ်ကိုယ်အတွက် နိမိတ်မဖတ်ရန် ဆိုသည်မှာလည်း လင်းရန်ယန်အတွက် ပြဿနာမဟုတ်။
အဘယ့်ကြောင့်ဆိုသော် သူသည် စနစ်ကို မေးမြန်းကြည့်ခဲ့ပြီးပြီ ဖြစ်သည်။ စနစ်သည် သူ၏ ကိုယ်ပေါ်သို့ ရောက်ရှိလာခဲ့သည့် အချိန်မှစ၍ ၊ ကောင်းကင်တာအို သူတော်စင် တစ်ဦးပင်လျှင် သူ၏ အနာဂတ်ကို တွက်ချက်နိုင်စွမ်း မရှိတော့ပေ။
သို့သော် ဤကဲ့သို့သော ကန့်သတ်ချက်များစွာ ရှိနေသည့်ကြားမှပင် လင်းရန်ယန်သည် နိမိတ်ဖတ်အတတ်ကို အလွန်စိတ်ဝင်စားနေဆဲ ဖြစ်သည်။ အကယ်၍ ဤအတတ်ကို အသုံးပြု၍ မိစ္ဆာကျင့်ကြံသူများ ပုန်းအောင်းနေသည့် နေရာကို ရှာဖွေနိုင်မည်ဆိုပါက ၊ ၎င်းမှာ အလွန်ပင် အကျိုးရှိမည့် ကိစ္စတစ်ခုပင် ဖြစ်သည်။
“ကောင်းပြီလေ၊ မောင်လေး ဒါတွေကို သိထားတယ်ဆိုရင်တော့ ၊ ‘ကံကြမ္မာမျှင်’ လိုမျိုး အခြေခံအကျဆုံး အရာတွေကို ဘယ်လိုတွက်ရမလဲဆိုတာ စပြီး ရှင်းပြပေးမယ်၊ မင်းရဲ့လက်ကို ထုတ်ပေးပါဦး”
ဝမ်မုန့်က ပြုံးလျက် ဆို၏။ သူမ၏ အဒေါ်ကြီးတစ်ယောက်ကဲ့သို့ ပြုံးနေသော ထိုအပြုံးမှာ ၊ လင်းရန်ယန်၏ ကံကြမ္မာသည် မည်သို့ရှိသည်ကို သိလိုစိတ် ပြင်းပြနေသည်မှာ ထင်ရှားလှသည်။ လင်းရန်ယန်သည်လည်း မတတ်သာဘဲ လက်ကို ကမ်းပေးလိုက်ရပေတော့သည်။
သို့သော် လင်းရန်ယန် မျှော်လင့်ထားသည့်အတိုင်းပင် ၊ ဝမ်မုန့် မြင်တွေ့လိုက်ရသော ကံကြမ္မာမှာ ထူထပ်သော မြူနှင်းများ ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်နေပြီး ၊ ဘာကိုမျှ မြင်တွေ့နိုင်စွမ်း မရှိပေ။
“ထူးဆန်းလိုက်တာ ၊ ဘာမှ မမြင်ရပါလား၊ ဒဏ္ဍာရီတွေထဲမှာတော့ ကြီးမားတဲ့ အခွင့်အလမ်း ရှိတဲ့သူတွေကို ကောင်းကင်တာအိုက အကာအကွယ် ပေးထားတတ်လို့ ၊ သူတို့ရဲ့ ကံကြမ္မာကို တွက်ချက်လို့ မရဘူးလို့ ဆိုကြတယ်၊ အဲဒါ တကယ်ပဲလား မသိဘူး”
ဝမ်မုန့်မှာ ဇဝေဇဝါ ဖြစ်သွား၏။ သို့သော် ပြန်လည်စဉ်းစားကြည့်ပါက လင်းရန်ယန်သည် အသက် ၁၈ နှစ်အရွယ်နှင့် ကောင်းကင်အရှင်သခင် အဆင့်၏ စွမ်းအားများကို ပိုင်ဆိုင်ထားသူ ဖြစ်ရာ ၊ ဤကဲ့သို့သော အခွင့်အလမ်းထူးရှင်တစ်ဦး၏ ကံကြမ္မာကို တွက်ချက်၍ မရနိုင်ခြင်းမှာလည်း မဆန်းလှပေ။
“ဘာဖြစ်လို့လဲ ဂိုဏ်းတူအစ်မ”
လင်းရန်ယန်က ဘာမှမသိသယောင် ဟန်ဆောင်ကာ မေးမြန်းလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ မောင်လေးရဲ့ ကံကြမ္မာကို မမြင်ရတာကတော့ ပုံမှန်ပါပဲ၊ ယွင်ကောင်း ကိုပဲ ခေါ်ပြီး စမ်းကြည့်ရတော့မယ်”
အခွင့်အလမ်းထူးရှင်များ၏ ကံကြမ္မာကို တွက်ချက်၍ မရနိုင်ကြောင်း ဝမ်မုန့်က ရှင်းပြလိုက်သောအခါ ၊ လင်းရန်ယန်သည် ကံကြမ္မာတွက်ချက်၍ မရသူမှာ သူတစ်ယောက်တည်း မဟုတ်ကြောင်း သိရှိသွားတော့သည်။ မှန်ပါသည် ၊ ကောင်းကင်တာအို၏ အကာအကွယ်မှာလည်း အကန့်အသတ် ရှိသည်။ ကံတရားမှာ အဆမတန် ကြောက်မက်ဖွယ်ကောင်းလေလေ ၊ တွက်ချက်ရန် ခက်ခဲလေလေ ဖြစ်၏။
အကယ်၍ တစ်ဦးတစ်ယောက်၏ ကံတရားမှာ အလွန်အမင်း ထူးခြားနေပါက ၊ မြေကမ္ဘာအရှင်သခင် အဆင့်က တွက်ချက်၍ မရသော်လည်း ကောင်းကင်အရှင်သခင် အဆင့်ကမူ တွက်ချက်နိုငေလိမ့်မည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤသည်မှာ ပါရမီရှင်များကို ကာကွယ်ရန် ကောင်းကင်တာအိုက အသုံးပြုသော နည်းလမ်းတစ်ခုပင် ဖြစ်သည်။
“အဘိုး ရှို ၊ ယွင်ကောင်း ဆိုတဲ့ အဲဒီကောင်လေး ဘယ်ရောက်သွားလဲ”
ဝမ်မုန့်က အနားတွင် ငေးငိုင်နေသော အဘိုးရှိုကို လှမ်းမေးလိုက်၏။
“ဟင်... ဘာပြောတာလဲ”
အဘိုးရှို၏ မျက်နှာမှာ ဘာမှမသိနားမလည်သည့် ပုံစံမျိုး ဖြစ်နေသည်။ ဤမြင်ကွင်းမှာ လင်းရန်ယန်ကို အတော်ပင် ဆွံ့အသွားစေ၏။ မြေကမ္ဘာအရှင်သခင် အဆင့် (၁၀) ရှိသော အဆင့်မြင့်ကျင့်ကြံသူကြီးတစ်ဦးက ၊ ဤအိမ်တွင် နေ့စဉ်နေ့တိုင်း သူငယ်ပြန်နေသူတစ်ဦးအဖြစ် ဟန်ဆောင်နေရခြင်းမှာ အမှန်တကယ်ပင် ခက်ခဲလှလိမ့်မည်။ ပို၍ ကြောက်စရာကောင်းသောအချက်မှာ သူသည် ဤသို့ ဟန်ဆောင်နေခဲ့သည့် အချိန်ကာလသည် ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိခဲ့ပြီ ဖြစ်သည်။
“ယွင်ကောင်း ဘယ်ရောက်သွားလဲလို့ ကျွန်မ မေးနေတာ”
ဝမ်မုန့်က အဘိုးရှို၏ နားနားသို့ ကပ်ကာ အော်ဟစ်လိုက်ရတော့သည်။ အဘိုးရှိုမှာ နာကျင်သွားသဖြင့် နားကို အမြန်ပိတ်လိုက်၏။
“သခင်မလေး ၊ အသံကို နည်းနည်းလျှော့ပါဦး၊ ငါက သူငယ်ပြန်နေတာပါ ၊ နားပင်းနေတာ မဟုတ်ဘူး၊ သခင်လေးကတော့ ဒီမနက်စောစောကတည်းက တစ်ခုခုဝယ်ဖို့ဆိုပြီး အပြင်ထွက်သွားတယ် ၊ ဘာဝယ်မလဲတော့ ငါလည်း မသိဘူး”
အဘိုးရှိုက ကူကယ်ရာမဲ့စွာ ညည်းညူလိုက်၏။ ဝမ်မုန့်လည်း မတတ်နိုင်သဖြင့် အခြားလူတစ်ယောက်ကိုသာ ရှာရန် ဆုံးဖြတ်လိုက်တော့သည်။ သူမသည် ခြံဝင်းထဲသို့ ထွက်သွားပြီး ကျင့်ကြံနေဆဲဖြစ်သော အောင်းနင်ရွှမ်း ကို ခေါ်လိုက်၏။
“အစ်မ ၊ ကျွန်မကို တစ်ခုခု ခိုင်းမလို့လားဟင်”
အောင်းနင်ရွှမ်းက စူးစမ်းစွာဖြင့် ဝင်လာသည်။
“လင်းရန်ယန်က နိမိတ်ဖတ်အတတ်ကို သင်ချင်လို့တဲ့၊ သူ့ရဲ့ ကံကြမ္မာကိုတော့ အစ်မ မမြင်ရဘူး ၊ ဒါကြောင့် ညီမလေးက ကူညီပေးပါဦး”
“ဝါး... အစ်ကိုလင်းရန်ယန်ကို ကူညီရမှာလား ၊ ရတာပေါ့ ၊ ရတာပေါ့”
ထိုစကားကို ကြားသည်နှင့် အောင်းနင်ရွှမ်း၏ မျက်ဝန်းလေးများမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။ သူမသည် လင်းရန်ယန်၏ ဘေးတွင် အမြန်ထိုင်လိုက်ပြီး သူမ၏ လက်ကလေးကို ကမ်းပေးလိုက်၏။ ဝမ်မုန့်က အောင်းနင်ရွှမ်း၏ လက်ကိုကိုင်ကာ ၊ ၎င်းအတွင်းရှိ ကံကြမ္မာမျှင်ကို ညွှန်ပြလျက် ရှင်းပြတော့သည်။
“မောင်လေး ၊ သေချာကြည့်ထား၊ ဒီမျဉ်းကြောင်းက ကံကြမ္မာမျှင်ပဲ ၊ ဒီကနေ ခွဲထွက်သွားတဲ့ အမျှင်တိုင်းက ကြုံတွေ့ရမယ့် ကံကြမ္မာတွေကို ကိုယ်စားပြုပြီး ၊ ဒီပင်မမျဉ်းကြောင်းကြီးကတော့ အဆုံးအထိ တည်ရှိမယ့် ကံကြမ္မာမျှင်ပဲ၊ အကယ်၍ ကံကြမ္မာမျှင်က တစ်ဝက်တစ်ပျက်ပဲ ရှိမယ်ဆိုရင်တော့ ကံကြမ္မာ အားနည်းနေတာပဲ၊ ဒါက အဖော်ဖြစ်သူ စောစောစီးစီး ကွယ်လွန်တာမျိုး ဒါမှမဟုတ် စောစော လမ်းခွဲရတာမျိုး ဖြစ်တတ်တယ်၊ အောင်းနင်ရွှမ်းရဲ့ ကံကြမ္မာမျှင်ကတော့ တကယ့်ကို ကောင်းမွန်တယ်၊ သူမက အသက် ၁၇ နှစ် ၁၈ နှစ် ဝန်းကျင်မှာ သူမရဲ့ ကံပါတဲ့သူနဲ့ ဆုံတွေ့ရလိမ့်မယ် ၊ တခြား ခွဲထွက်နေတဲ့ မျဉ်းတွေလည်း မရှိဘဲ အဆုံးအထိ တည့်တည့်မတ်မတ် ရှိနေတာပဲ”
ဝမ်မုန့်က ပြုံးလျက် ရှင်းပြလိုက်သည်။
“ဪ... နားလည်ပါပြီ၊ ဒါဆိုရင် အောင်းနင်ရွှမ်းက သူမ အသက် ၁၇ ၊ ၁၈ ဝန်းကျင်မှာ ဆုံတွေ့တဲ့သူနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ကြမှာပေါ့၊ ပြီးတော့ အိုအောင်မင်းအောင် အတူတူ နေသွားကြမှာပေါ့”
လင်းရန်ယန်က ခေါင်းညိတ်ကာ မှတ်သားလိုက်၏။
“ဟင်... အစ်မ ၊ အစ်မ ပြောတဲ့ အကူအညီဆိုတာ ကံကြမ္မာကို ကြည့်ခိုင်းတာလား”
အောင်းနင်ရွှမ်း၏ မျက်နှာလေးမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ သူမသည် တက်ကြွဖျတ်လတ်သူ ဖြစ်သော်လည်း မိန်းကလေးငယ်တစ်ဦးပင် ဖြစ်သည်။ ဤအကြောင်းအရာများကို အစ်ကိုလင်းရန်ယန်၏ ရှေ့တွင် ပြောဆိုနေခြင်းမှာ သူမအတွက် အလွန်ပင် ရှက်စရာကောင်းလှသည်။
“ဘာကို ကြောက်နေတာလဲ ၊ တို့တွေက လူစိမ်းတွေမှ မဟုတ်တာ၊ ဘာလဲ... မင်းရဲ့ ခင်ပွန်းက ဘယ်သူလဲဆိုတာကို ငါ တွက်ချက်မိသွားမှာ ကြောက်နေတာလား၊ စိတ်မပူပါနဲ့ ၊ မင်းရဲ့ အစ်မက အဲဒီလောက်အထိတော့ အစွမ်းမထက်သေးပါဘူး၊ အများဆုံးဆိုရင်တော့ မင်း ဘယ်တော့ လက်ထပ်ရမလဲ ၊ မင်းရဲ့ လက်တွဲဖော်က အခု အသက်ဘယ်လောက်ရှိပြီလဲ ဆိုတာလောက်ပဲ မြင်နိုင်တာပါ”
ဝမ်မုန့်က အောင်းနင်ရွှမ် ရှက်နေသည်ကို မြင်သောအခါ ရယ်မောလျက် စနောက်လိုက်၏။ အောင်နင်းရွှမ်မှာမူ မျက်နှာလေး နီရဲနေဆဲဖြစ်သော်လည်း ၊ ဘာမှမဖြစ်သယောင် ဟန်ဆောင်လိုက်တော့သည်။
“ကဲ... ဒါဆိုရင် မင်း ဘယ်တော့ လက်ထပ်ရမလဲဆိုတာကို အစ်မ ကြည့်ပေးလိုက်မယ်”
ဝမ်မုန့်က ဆက်လက် ကြည့်ရှုလိုက်၏။
“ဟင်... ဒါက ဘယ်လိုဖြစ်တာလဲ”
ရုတ်တရက် ဝမ်မုန့်၏ မျက်ခုံးအစုံမှာ တွန့်ချိုးသွားတော့သည်။ သူမသည် လက်ချောင်းများဖြင့် အစီရင်သင်္ကေတများ ဖော်ဆောင်လိုက်ရာ ၊ သူမ၏ မျက်ဝန်းများအတွင်းမှ အဖြူရောင်အလင်းတန်းများ ဖြာထွက်လာတော့သည်။ သို့သော် သူမ၏ မျက်မှောင်ကြုတ်မှုမှာ ပို၍ပင် တင်းမာလာသည်။
“ဘာဖြစ်လို့လဲ ဂိုဏ်းတူအစ်မ”
လင်းရန်ယန်မှာ တစ်ခုခု မကောင်းသည်ကို မြင်လိုက်ရသလားဟု စိုးရိမ်တကြီး မေးမြန်းလိုက်၏။ အောင်းနင်ရွှမ်းမှာလည်း သူမ၏ ကံကြမ္မာနှင့် ပတ်သက်နေသဖြင့် အလွန်ပင် ပူပန်သွားတော့သည်။
“မဟုတ်ပါဘူး ၊ မဟုတ်ပါဘူး၊ အောင်းနင်ရွှမ်းရဲ့ ကံကြမ္မာမျှင်ရဲ့ နောက်ပိုင်းကို ငါ မြင်တွေ့နိုင်စွမ်း မရှိလို့ပါ၊ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးလို့ ထင်တယ်”
ဝမ်မုန့်က ကူကယ်ရာမဲ့စွာ ဆို၏။ ထိုသို့ပြောဆိုရင်း သူမ၏ အကြည့်များမှာ လင်းရန်ယန်ထံသို့ သိသိသာသာ ရောက်ရှိသွားတော့သည်။ လင်းရန်ယန်မှာလည်း ထိုအကြည့်ကို သတိပြုမိသဖြင့် ဆွံ့အသွားရ၏။ သူမသည် အဘယ့်ကြောင့် သူ့ကို ကြည့်နေရသနည်း။ ထိုအရာသည်သူနှင့်သက်ဆိုင်နေသကဲ့သို့ ကြည့်နေ၏။
“ဘာလို့ မမြင်ရတာလဲဟင်”
အောင်းနင်ရွှမ်းမှာ ခဏမျှ မှင်သက်သွားသော်လည်း ၊ အနည်းဆုံးတော့ သူမအတွက် မျှော်လင့်ချက်တစ်ခု ကျန်ရှိနေသေးသဖြင့် စိတ်ထဲတွင် ဝမ်းသာနေမိသည်။
“မောင်လေး ၊ ဒါကတော့ နိမိတ်ဖတ်အတတ်ရဲ့ အခြေခံနည်းလမ်းတွေပဲ၊ အရင်ဆုံး ဒါကို ကြည့်ထားလိုက်ဦး ၊ အောင်းနင်ရွှမ်း... ညီမလေးက လင်းရန်ယန်ကို ကူညီပေးလိုက်ဦးနော်၊ နားမလည်တာရှိရင် နောက်မှ ငါ့ကိုလာမေး”
ဝမ်မုန့်က ကျောက်စိမ်းပေလွှာတစ်ခုကို လင်းရန်ယန်ထံ ကမ်းပေးလိုက်သည်။ လင်းရန်ယန်ကလည်း ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်လေသည်။
“အေးအေးဆေးဆေး ကြည့်ကြဦး ၊ ငါတော့ သွားပြီး အလုပ်ရှုပ်လိုက်ဦးမယ်”
နိမိတ်ဖတ်အတတ်မှာ တစ်နေ့တည်းနှင့် တတ်မြောက်နိုင်သောအရာ မဟုတ်သဖြင့် ၊ ဝမ်မုန့်က သူတို့ကို လွှတ်ပေးလိုက်တော့သည်။