← Chapters

များပြားလှသော မီးလျှံများ

Vol. 4 Ch. 38

များပြားလှသော မီးလျှံများ

Vol. 4 Ch. 38

“ကိစ္စမရှိပါဘူး ၊ မင်းကို တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါသိနိုင်ပါတယ်”

လင်းရန်ယန် က အကျယ်တဝင့် ရှင်းမပြတော့ဘဲ ၊ ယွင်ကောင်း ကိုသာ အသေအချာ စူးစိုက်ကြည့်ရှုလိုက်တော့သည်။ သို့သော် ကံဆိုးသည်မှာ ဤကောင်လေး၏ တာအိုကျင့်ကြံခြင်းဆိုင်ရာ လမ်းကြောင်းမှာ အစကတည်းက ပြတ်တောက်နေခြင်းပင် ဖြစ်၏။

သို့ရာတွင် လင်းရန်ယန်ကို အံ့အားသင့်စေသည်မှာ ၊ ဤကောင်လေး၏ သိုင်းပညာကျင့်ကြံခြင်း လမ်းကြောင်းမှာမူ အဆမတန် ထူထဲသန်မာနေခြင်းပင် ဖြစ်သည်။ ၎င်းမှာ ‘ဂုဏ်ထူးဆောင်ဆရာကြီး’ အဆင့်သို့ပင် ရောက်ရှိနိုင်သည်။ ဆိုလိုသည်မှာ ကောင်းကင်အရှင်သခင် အဆင့် ၊ အနည်းဆုံး တတိယအဆင့်နှင့်အထက်သို့ တက်လှမ်းနိုင်စွမ်း ရှိနေခြင်း ဖြစ်သည်။

“ဒီကောင်လေးက တကယ်ပဲ ဒီလိုပါရမီမျိုး ရှိနေတာလား”

လင်းရန်ယန်မှာ မျောက်ကလေးတစ်ကောင်ကဲ့သို့ ပိန်လှီလှသော ယွင်ကောင်းကို ကြည့်ကာ မှင်သက်သွားမိသည်။ ဤကောင်လေးတွင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော သိုင်းပညာပါရမီ ရှိနေသည်ဆိုသည်ကို မည်သူက ယုံကြည်နိုင်အံ့နည်း။ သို့သော် လွန်ခဲ့သော နှစ်ပေါင်းရာချီက သိုင်းလောက၏ အရှင်သခင်ဖြစ်ခဲ့သော ကျန်းကျွင်းပေါင် (သို့မဟုတ်) ကျန်းဆန်းဖုန်း သည်လည်း ငယ်စဉ်က တာအိုကျင့်ကြံခြင်း၌ ပါရမီမရှိခဲ့ဘဲ ၊ သိုင်းပညာဘက်သို့ ကူးပြောင်းပြီးမှသာ ဆရာကြီးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြောင်း သူ သတိရသွားသည်။

ကျန်းဆန်းဖုန်း၏ အစွမ်းမှာ အလွန်ကြီးမားခဲ့သဖြင့် ‘တာအိုဘုရင်’ အဆင့်သို့ပင် တစ်ဝက်တစ်ပျက် ချဉ်းကပ်နိုင်ခဲ့သည်။ ကံဆိုးသည်မှာ သိုင်းပညာရှင်များသည် သက်တမ်းတိုကြခြင်းပင် ဖြစ်၏။ ကျန်းဆန်းဖုန်းသည် တာအိုပညာရပ်အချို့ကို ကျင့်ကြံခဲ့သော်လည်း နောက်ဆုံးတွင် အသက်တစ်ရာကျော်အရွယ်၌ပင် ကွယ်လွန်ခဲ့ရသည်။ သူကွယ်လွန်ပြီးနောက် သိုင်းပညာလောကမှာ ပြန်လည်ဆုတ်ယုတ်သွားခဲ့ရာ ၊ ယခုခေတ် ကျင့်ကြံခြင်းလောကတွင် သိုင်းပညာဆရာကြီးတစ်ဦးကို ရှာဖွေရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

“ဦးလေး လေး ၊ တစ်ခုခု တွေ့လို့လားဟင် ၊ ကျွန်တော်ရော ကျင့်ကြံလို့ ရနိုင်မလား”

ယွင်ကောင်းက မျှော်လင့်ချက်အပြည့်ဖြင့် မေးမြန်းလိုက်သည်။ သူသည် ကျင့်ကြံခြင်းကို အမြဲတမ်း ပြုလုပ်လိုသည်။ ကျူးကော့မိသားစုမှာ ရှေးယခင်ကတည်းက အစီရင်အတတ်ပညာ မိသားစုတစ်ခု ဖြစ်ခဲ့သည်။ သို့သော် သူ၏ တာအိုကျင့်ကြံခြင်း အကြောများမှာ မွေးရာပါ ပြတ်တောက်နေသဖြင့် သူသည် လုံးဝ ကျင့်ကြံနိုင်ခြင်း မရှိခဲ့ပေ။

“အမှားအယွင်းမရှိဘူးဆိုရင်တော့ ၊ မင်း ဒီဘဝမှာ နတ်ဘုရားကျင့်စဉ်တွေကို ကျင့်ကြံဖို့ မမျှော်လင့်နဲ့တော့၊ ဒါပေမဲ့ မင်းက သိုင်းပညာကိုတော့ ကျင့်ကြံလို့ ရတယ်၊ မင်းရဲ့ သိုင်းပညာပါရမီက ဒဏ္ဍာရီလာ သိုင်းအရှင်သခင် ကျန်းဆန်းဖုန်းနဲ့တောင် သိပ်မကွာဘူး၊ မင်းသာ သေချာကျင့်မယ်ဆိုရင် ဆယ်စုနှစ်အနည်းငယ်အတွင်းမှာတင် ဆရာကြီးအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်”

လင်းရန်ယန်က တည်ငြိမ်စွာ ဆိုလိုက်သည်။ သူ၏စကားကြောင့် ယွင်ကောင်းနှင့် ဘေးမှ အောင်းနင်ရွှမ်း တို့မှာ အံ့အားသင့်သွားကြတော့သည်။ ဆရာကြီးအဆင့် သိုင်းပညာရှင်ဆိုသည်မှာ ကောင်းကင်အရှင်သခင်နှင့် ရင်ဘောင်တန်းနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်ကြီး ဖြစ်၏။ အကယ်၍ ယွင်ကောင်းသာ တကယ်ပင် ဆရာကြီးအဆင့် ဖြစ်လာပါက ၊ သူသည် သိုင်းလောကတစ်ခုလုံး၏ ပြိုင်ဘက်ကင်း ခေါင်းဆောင် ဖြစ်လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။

“အစ်ကိုလင်းရန်ယန် ၊ အစ်ကိုလင်းရန်ယန် ၊ ကျွန်မရဲ့လက်ကိုလည်း မြန်မြန်ကြည့်ပေးပါဦး၊ ကျွန်မကော နောက်ပိုင်းမှာ ဘယ်အဆင့်အထိ ကျင့်ကြံနိုင်မလဲဟင်”

အောင်နင်ရွှမ်းက စိတ်လှုပ်ရှားစွာဖြင့် လက်ကလေးကို ကမ်းပေးလိုက်သည်။ လင်းရန်ယန်က သူမ၏လက်ကို အသာအယာကိုင်ကာ သေချာစွာ စစ်ဆေးလိုက်၏။ သို့သော် မကြာမီမှာပင် လင်းရန်ယန်၏ မျက်မှောင်များမှာ တွန့်ချိုးသွားရတော့သည်။

“အောင်းနင်ရွှမ်း ၊ မင်းရဲ့ ကျင့်ကြံသူလမ်းကြောင်းက အသက် ၁၈ နှစ်မတိုင်ခင်အထိတော့ ပုံမှန်ပဲ ၊ ဒါပေမဲ့ ၁၈ နှစ်ကျော်သွားရင်တော့ ခန့်မှန်းရခက်တဲ့ အခြေအနေ ဖြစ်သွားလိမ့်မယ်၊ ဒါတောင်မှ ၁၈ နှစ်မတိုင်ခင် တိုးတက်မှုအရဆိုရင် မင်းက နောက်ဆုံးမှာ ကောင်းကင်အရှင်သခင် အဆင့် (၇) အထိ ရောက်နိုင်တယ်နော်၊ ဒါက တကယ့်ကို ထိပ်တန်းပါရမီရှင်တစ်ယောက်လို့ ပြောလို့ရတယ်၊ ဒါ့အပြင် မင်းရဲ့ ကျင့်ကြံသူလမ်းကြောင်းထဲမှာ ရေခဲစွမ်းအင် ရဲ့ အရိပ်အယောင်တွေ ရှိနေတယ်၊ ဆိုလိုတာက မဝေးတော့တဲ့ အနာဂတ်မှာ မင်းဟာ ဒဏ္ဍာရီလာ ‘ရေခဲဓာတ်ခန္ဓာ’ ကို နိုးထစေနိုင်လိမ့်မယ်၊ အဲဒါကြောင့်လည်း မင်းရဲ့ နောက်ပိုင်းတိုးတက်မှုတွေက ခန့်မှန်းရခက်နေတာ ဖြစ်မှာပဲ”

လင်းရန်ယန်က အားကျစွာဖြင့် ရေရွတ်လိုက်၏။ ဤကဲ့သို့သော ပါရမီမှာ ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် နှစ်ပေါင်းတစ်ရာမှ တစ်ဦးသာ ပေါ်ထွက်တတ်သည့် ထိပ်တန်းအဆင့် ဖြစ်ပါသည်။

“အင်... ရေခဲဓာတ်ခန္ဓာ ဟုတ်လား၊ ဒါဆိုရင် ကျွန်မကလည်း နောက်ပိုင်းမှာ ဓာတ်ခန္ဓာပိုင်ရှင် တစ်ယောက် ဖြစ်လာတော့မှာပေါ့နော်”

အောင်းနင်ရွှမ်း၏ မျက်ဝန်းလေးများမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။

“ဝူးဝူးဝူး... ဦးလေး လေးရာ ၊ ကျွန်တော်လည်း နတ်ဘုရားကျင့်စဉ်တွေကိုပဲ ကျင့်ချင်တာပါ”

ထိုစဉ် ဘေးမှ ယွင်ကောင်းမှာမူ မနာလိုစိတ်ဖြင့် ငိုချင်သလို ဖြစ်နေတော့သည်။ သူသည် အစွမ်းထက်သော သိုင်းဆရာကြီး ဖြစ်လာနိုင်သော်လည်း ၊ သိုင်းပညာ၏ သက်တမ်းမှာ အလွန်တိုတောင်းလှ၏။ အောင်နင်ရွှမ်းက ကျင့်ကြံခြင်းလောကကို စိုးမိုးနေချိန်တွင် ၊ သူ၏ သင်္ချိုင်းပေါ်၌ မြက်ပင်များပင် ပေါက်နေလောက်ပြီ။

“နတ်ဘုရားကျင့်စဉ်ကို ကျင့်ဖို့ဆိုတာလည်း မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”

ယွင်ကောင်း၏ စကားကို ကြားသောအခါ လင်းရန်ယန်က ခပ်ဖွဖွ ပြုံးလိုက်၏။

“တကယ်လား ဦးလေး လေး ၊ ဘယ်လိုနည်းလမ်းနဲ့လဲဟင်”

ယွင်ကောင်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ မြေကမ္ဘာအရှင်သခင် အဆင့်အထိသာ ကျင့်ကြံနိုင်လျှင်ပင် သူကျေနပ်သည်။ သိုင်းပညာဖြင့် အစွမ်းကို ရှာယူရမည်ထက် ၊ ကျင့်ကြံခြင်းဖြင့် သက်တမ်းရှည်ရန်သာ သူ အလိုရှိသည်။

“လူတိုင်း သိကြတဲ့အတိုင်း ပါရမီဆိုတာ ကောင်းကင်က သတ်မှတ်ပေးလိုက်တာမို့ ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ၊ ဒါပေမဲ့ ခြွင်းချက်တော့ ရှိတာပေါ့၊ ရှေးခေတ် ဆေးဖော်စပ်သူတွေမှာ လူသားရဲ့ ခန္ဓာကိုယ်ကို ဆေးလုံးတစ်လုံးလို သဘောထားပြီး ပြန်လည်သန့်စင်တဲ့ နည်းလမ်းတစ်ခု ရှိခဲ့ဖူးတယ်၊ အဲဒါက လူတစ်ယောက်ရဲ့ အကြောတွေကို ပွင့်စေပြီး အစွမ်းတွေကို တိုးတက်စေနိုင်တာပဲ၊ ဒါပေမဲ့ ဒီနည်းလမ်းကို သုံးဖို့ဆိုရင် ‘ကောင်းကင်အဆင့်မြင့်’ ရှိတဲ့ ဆေးဖော်စပ်သူ ဖြစ်ရမယ့်အပြင် ၊ အရည်အသွေးမြင့် ဆေးလုံးတွေကိုလည်း ဖော်စပ်နိုင်ရမယ်၊ အရေးကြီးဆုံးကတော့ ဒီနည်းလမ်းက နှစ်ပေါင်း သန်းချီပျောက်ကွယ်နေပြီမို့ ရှာဖို့ဆိုတာ လုံးဝကို မဖြစ်နိုင်သလောက်ပဲ”

လင်းရန်ယန်က အေးအေးဆေးဆေးပင် ပြောပြလိုက်သည်။ သူ၏စကားကြောင့် ယွင်ကောင်းမှာ ဆွံ့အသွားရ၏။ ကောင်းကင်အဆင့်မြင့် ဆေးဖော်စပ်သူအပြင် အရည်အသွေးမြင့် ဆေးလုံးများကိုပါ ဖော်စပ်နိုင်သူဟူသည်မှာ ၊ ယခုခေတ် ကျင့်ကြံခြင်းလောကတွင် တစ်ယောက်မျှ မရှိနိုင်ပေ။

“သွားပြီ... ကျွန်တော်ကတော့ တစ်သက်လုံး သိုင်းပညာနဲ့ပဲ နေသွားရတော့မှာပေါ့နော်”

ယွင်ကောင်းက အော်ဟစ်ညည်းတွဲလိုက်တော့သည်။ လင်းရန်ယန်နှင့် အောင်းနင်ရွှမ်းတို့ကတော့ သူ့ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ကြ၏။ ဤကောင်လေးမှာ ရရှိထားသည့် သိုင်းပါရမီကို တန်ဖိုးမထားဘဲ ထပ်ကာထပ်ကာ ညည်းညူနေခြင်းပင် ဖြစ်သည်။

“ကဲပါ... မင်းက နတ်ဘုရားကျင့်စဉ်ကို ကျင့်ချင်နေသေးတယ်ဆိုမှတော့ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးလိုက်ပါ့မယ်၊ တိုက်ဆိုင်ချင်တော့ ငါက ကောင်းကင်အဆင့်မြင့် ဆေးဖော်စပ်သူ ဖြစ်နေတဲ့အပြင် ၊ အရည်အသွေးမြင့် ဆေးလုံးတွေကိုလည်း ဖော်စပ်နိုင်တယ်လေ”

လင်းရန်ယန်က တည်ငြိမ်စွာ ဆိုလိုက်သည်။ အမှန်စင်စစ် သူသည်လည်း ဤနည်းလမ်းကို ခုလေးတင် သိရှိခဲ့ခြင်း ဖြစ်၏။ စနစ်သည် သူ၏ အသက်မွေးဝမ်းကျောင်းအဆင့် ပြည့်မီမှသာ ဤကဲ့သို့သော ထူးခြားသည့် ဆေးနည်းများကို ထုတ်ပေးခြင်း ဖြစ်သည်။ ဤသည်မှာ လင်းရန်ယန်အတွက် ပါရမီကို မြှင့်တင်ပေးနိုင်သည့် ပထမဆုံးသော ဆေးနည်းပင် ဖြစ်သည်။ ကံဆိုးသည်မှာ သူကိုယ်တိုင်အတွက်မူ အသုံးမပြုနိုင်ခြင်းပင်။ အဘယ့်ကြောင့်ဆိုသော် သူသည် ဆေးဖော်စပ်သူဖြစ်သလို ဆေးဖော်စပ်ခံရမည့် ကုန်ကြမ်းလည်း တစ်ပြိုင်နက်တည်း မဖြစ်နိုင်သောကြောင့် ဖြစ်သည်။

“ဘာ... ဦးလေး လေး ပြောတာ တကယ်လားဗျာ”

ယွင်ကောင်း၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားတော့သည်။ ဘေးမှ အောင်းနင်ရွှမ်းမှာမူ အံ့ဩလွန်း၍ ဘာမှပင် မပြောနိုင်တော့ပေ။ လင်းရန်ယန်က မိမိကိုယ်ကိုယ် ကောင်းကင်အဆင့်မြင့် ဆေးဖော်စပ်သူဟု ပြောလိုက်ခြင်းမှာ ၊ ဖုတ်ကောင်ဘုရင်ကို သတ်နိုင်ခြင်းထက် အဆပေါင်း ရာချီ၍ ပိုမို ထိတ်လန့်စရာ ကောင်းလှသည်။

“စမ်းကြည့်ရင် သိမှာပေါ့”

လင်းရန်ယန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီးနောက် ၊ လေဟာနယ်ထဲသို့ လက်ဖဝါးဖြင့် တစ်ချက် ရိုက်လိုက်၏။

“ဝုန်း”

တစ်ခဏချင်းမှာပင် စိမ်းပြာရောင် မီးလျှံများမှာ ယွင်ကောင်းကို လွှမ်းခြုံသွားပြီး ၊ သူ့ကို ဧရာမ ဆေးပေါင်းအိုးကြီး တစ်လုံးအဖြစ် ပြောင်းလဲလိုက်တော့သည်။ အမှားအယွင်း မရှိစေရန်အတွက် လင်းရန်ယန်သည် ထိုမီးလျှံများအတွင်းသို့ ‘သစ်သားဓာတ်စွမ်းအား’ များကိုပါ ထည့်သွင်းပေးလိုက်၏။

ထို့နောက် လင်းရန်ယန်၏ လက်အစုံမှာ အစီရင်သင်္ကေတများကို အရှိန်အဟုန်ဖြင့် ဖော်ဆောင်လိုက်တော့သည်။

“ဝုန်း... ဝုန်း... ဝုန်း”

ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ အကြီးအကျယ် တုန်ခါလာပြီး ၊ မရေမတွက်နိုင်သော အစီရင်စာလုံးများမှာ ဆေးပေါင်းအိုးအတွင်းသို့ စီးဝင်သွားကြ၏။ ခဏအကြာတွင် ယွင်ကောင်းမှာ သူ၏ တစ်ကိုယ်လုံးရှိ အကြောများအတွင်းသို့ မီးလျှံများစွာ စီးဝင်လာသည်ကို သိသိသာသာ ခံစားလိုက်ရသည်။

မကြာမီ ထိုမီးလျှံများမှာ သူ၏ ပျက်စီးနေသော အကြောများဆီသို့ ရောက်ရှိသွားတော့သည်။ ရုတ်တရက် တောင်ပြိုကမ်းပြိုမတတ် ပြင်းထန်လှသော နာကျင်မှုကြီးမှာ စတင် တိုးဝင်လာ၏။

“အား... ဘာလို့ ဒီလောက်တောင် နာနေရတာလဲ ၊ ဦးလေး လေး... ကျွန်တော့်ကို လွှတ်ပေးပါတော့ ၊ ကျွန်တော် တာအိုမကျင့်ချင်တော့ပါဘူးဗျာ”

ယွင်ကောင်းသည် နာကျင်လွန်းသဖြင့် အော်ဟစ်ငိုယိုလေတော့သည်။ သူသည် အပိုတွေ လုပ်မိလေခြင်းဟု နောင်တရနေမိ၏။ သိုင်းပညာကိုပဲ အေးအေးဆေးဆေး ကျင့်ခဲ့ရင် ကောင်းသားဟု သူတွေးမိသည်။ ဘာလို့ ဒီလို နှိပ်စက်မှုကို ခံယူနေမိပါသနည်း။

“ကံဆိုးတာကတော့ အခုမှ နောင်တရလို့ မရတော့တာပဲ၊ တစ်ခါ စတင်ပြီးရင် အဆုံးအထိ သွားရမယ် ၊ မဟုတ်ရင်တော့ မင်းက ဒုက္ခိတ ဖြစ်သွားလိမ့်မယ်”

လင်းရန်ယန်ကမူ လှောင်ပြုံးကလေးဖြင့် ဆိုလိုက်သည်။ ဤကောင်လေး၏ စိတ်ဓာတ်မှာ အနည်းငယ် ပေါ့ပျက်ပျက် ရှိလှ၏။ အကယ်၍ သူ့ကို ဤကဲ့သို့ သင်ခန်းစာမပေးဘဲ အလွယ်တကူ ကူညီလိုက်ပါက ၊ နောင်တွင် ရရှိလာမည့် အခွင့်အရေးများကို တန်ဖိုးထားမည် မဟုတ်ပေ။

All Chapters