← Chapters

အခန်း (၇၃၆-၇၃၈)

Vol. 62 Ch. 736-738

အခန်း (၇၃၆-၇၃၈)

Vol. 62 Ch. 736-738

၇၃၆ -

ဒီနေ့ ငါပွဲကြည့်မယ်။

ငရဲဘုံကိုးပါးသို့ သွားမည်ဟူသော စုရီစကားကြောင့် လူတိုင်းမျက်ခုံးပင့်ကုန်သည်။ ဤသည်မှာ မည်မျှအန္တရာယ်များကြောင်း မည်သူမဆိုသိ၏။ သို့သော် ဤလူငယ်မှ အပန်းဖြေခရီးကဲ့သို့ ထင်မှတ်နေပုံပေပင်။

“ ဟမ့် ... ကောင်လေး ... မင်းမီးလျှံကျောက်စိမ်းပေတံ ပြန်ပေးရင် မင်းကို မသတ်ဖူးလို့ ငါကတိပေးတယ်။ ”

ကျီးနက်က အော်ဟစ်လိုက်သည်။ စုရီက သူ့အပေါ် လျစ်လျူရှုပြီး လက်နှစ်ဖက်နောက်ပို့ လျက်ဖြင့် ဒြပ်စင်နှစ်ပါးနတ်တောင်၏ ပတ်ဝန်းကျင်ကို လေ့လာနေ၏။

မကြာခင်မှာ ယင်-ယန်လမ်း၏ အရှိန်အဝါအပေါ် သတိထားမိလာခဲ့သည်။ ထိုလမ်းသည် မှားယွင်းစွာသေဆုံးခြင်းမြို့၏ မူလစွမ်းအားဖြင့် ဖန်တီးထားခြင်းဖြစ်၏။

သို့သော် ပြင်းစွာပျက်စီးသွားသောကြောင့် ယင်ယန်တောင်၏ တာအိုစည်းမျဉ်းများအတွင်း နစ်မြုပ်ပျောက်ကွယ်နေချေပြီ။ ဝင်ရောက်ရန် မဖြစ်နိုင်တော့ချေ။

“ တာအိုမိတ်ဆွေ ... မင်းကို သခင်ကျီးနက်က မေးခွန်းမေးနေတယ်။ ”

အပြစ်ဘုန်းကြီးက ပြုံးလျက် သတိပေးလာသည်။ ကြီးစိုးလွန်းသောလူငယ်၏ အပြုအမူကြောင့် သည်းမခံနိုင် ဖြစ်လာခဲ့၏။

“ အရမ်းဆူတယ်။ ”

စုရီက လှည့်ကြည့်လိုက်ပြီး၊

“ ယွီရွယ် သူ့ကိုသွားပို့ပေးလိုက်။ ”

-ဟု အမိန့်ပေး၏။ ထို့နောက် အမြင့်ဆုံးတောင်ထိပ်သို့ လျှောက်လှမ်းသွားကာ ကုလားထိုင်ထုတ်ယူပြီး ထိုင်ချလိုက်သည်။

“ ငါဒီမှာ ပွဲကြည့် ပရိသတ်တစ်ယောက်အနေရှိနေမယ်။ ”

စကားဆုံးသည်နှင့် ပြေလျော့သော အသွင်အပြင်မျိုးဖြင့် သက်တောင့်သက်သာ ဖြစ်သွားလေသည်။

ဤမတိုင်မီ တားမြစ်နယ်မြေများသို့ ခရီးထွက်ခဲ့ရသဖြင့် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်၏။ ဘူးသီးခြောက်ကို ထုတ်ယူကာ ဝိုင်တစ်ငုံသောက်လိုက်သည်။

တောင်ထိပ်ပေါ်ရှိ ဧကရာဇ်များမှာ ဤမျှသက်တောင့်သက်သာဖြစ်နေသော စုရီ အသွင်ကြောင့် အနည်းငယ် ရှုပ်ထွေးလာ၏။ ဤသည်မှာ သူတို့အတွက် သေရန်အသင့် ဖြစ်နေသော စစ်မြေပြင်ပင်လော။

ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ယောက်အတွက် အပန်းဖြေခရီး ပင်လော။ အတွေးများ ချာချာလည်ကုန်၏။

ယွမ်လင်းနင်သာလျှင် ကျင့်ကြံရနေပြီး လုချောင်မင်အနား လျှောက်လှမ်းသွားခဲ့သည်။ ဤသည်မှာ စုရီတစ်ယောက် မထီမဲ့မြင်ပြုခြင်း မဟုတ်ချေ။ မွေးရာပါ မာနထောင်လွှားသည့် အမူအကျင့်သာဖြစ်၏။

ရန်သူများအတွက် သည်းမခံနိုင်စရာ ဖြစ်သော်လည်း သူ့ဝန်းကျင်ရှိ မိတ်ဆွေများ အတွက်မူ ကျေနပ်လုံခြုံမှုဖြစ်သည်။

“ ဝှစ် ... ။ ”

“ လာခဲ့ ... ။ ”

ယွီရွယ်က လေထဲလှမ်းတက်သွားကာ မီးလျှံကျောက်စိမ်းပေတံဖြင့် အပြစ်ဘုန်းကြီးထံ ခုတ်ပိုင်းချလိုက်၏။

ကျက်သရေရှိသော သူမခန္ဓာကိုယ် ပတ်ပတ်လည်၌ ပန်းပွင့်များကဲ့သို့ အနက်ရောင် အရိပ်များ ဖြာထွက်နေပြီး အရှိန်အဝါသည် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ဤသည်မှာ ရွှမ်ယုဧကရာဇ်များထက် မနိမ့်ကျသောရောင်ဝါပေပင်။ လုချောင်မင်နှင့် ဖုန်းယွင်ကျစ်မှာ စိတ်လှုပ်ရှားသွားကြသည်။

သူတို့သည် ယွီရွယ်ကို မြင်ဖူး၏။ ထိုစဉ် နာခံမှုရှိသော မိန်းကလေးတစ်ယောက်မျှသာ ပေပင်။ ဤမျှ အစွမ်းထက်သည်ဟု မည်သူမျှ မမျှော်လင့်ထားချေ။ ထို့ကြောင့် စုယီကို နောက်တစ်ကြိမ် ကြည့်လိုက်ကြသည်။

ဤလူငယ်သည် မည်သူနည်း။ ရွှမ်ယုဧကရာဇ်နီးပါး အစွမ်းထက်လွန်းသော မိန်းကလေးတစ်ဦးကို အလွယ်တကူ အမိန့်ပေးနိုင်သည်လော။

“ ဟမ့် ... မြွေတစ္ဆေမျိုးနွယ်စု ကောင်းကင်မီးလျှံတစ္ဆေမီးအိမ်ရဲ့ စိတ်ဝိညာဉ်ပဲ။ ”

ငရဲကျီးကန်းက ယွီရွယ်ကို မှတ်မိသွား၏။

“ ဒါပေမယ့် မင်းက သာမန် စိတ်ဝိညာဉ် တစ်ကောင်သာဆိုရင် အဲဒီအရိုင်းအစိုင်းလေးကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ”

ထို့နောက် ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“ ဒုတိယယဇ်ပုရောဟိတ်နဲ့ စတုတ္ထ ယဇ်ပုရောဟိတ် ... မင်းတို့နှစ်ယောက်သွားပြီး အဲဒီစိတ်ဝိညာဉ်ကို အရှင်ဖမ်းပါ မီးလျှံ ကျောက်စိမ်းပေတံ ပြန်ယူဖို့မမေ့နဲ့။ ”

“ ဟုတ်ကဲ့ ... ။ ”

ထို့နောက်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပြေးထွက်လာပြီးနောက် ယွီရွယ်ထံဝိုင်းရံလိုက်တော့၏။

နှစ်ယောက်စလုံးသည် ရွှမ်ယုအဆင့် ဧကရာဇ်အဆင့်ဖြစ်သည်။ အပြစ်ဘုန်းကြီးနှင့် ပူးပေါင်းလျက် လွှမ်းမိုးနိုင်သော ရောင်ဝါသုံးမျိုး ပေါင်းစပ်လိုက်ကြသည်။

ကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်သွားပြီး လေဟာနယ်တုန်ခါလာချေပြီ။ သို့သော် ယွီရွယ်က ဂရုမစိုက်ချေ။ တိုက်ခိုက်မှု လွှဲသွားသဖြင့် နောက်ထပ်တိုက်ခိုက်မှုများ ဖန်တီးလိုက်၏။

“ ဝုန်း ... ။ ”

ဤတစ်ကြိမ်၌ ပြင်းထန်လွန်းသော တိုက်ပွဲကြီးတစ်ခုထံ ဦးတည်သွားတော့သည်။ တောင်နှင့်မြစ်များ တုန်လှုပ်သွားပြီးနောက် နေနှင့်လအလင်းမှာ ပျောက်ကွယ်သွား၏။

အမှန်တကယ် အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ရွှမ်ယုအဆင့်ရှိ ဧကရာဇ်သုံးဦးကို ယွီရွယ်မှ ကောင်းစွာ ထိန်းထားနိုင်ခဲ့သည်။

“ ငါသွားကူညီမယ်။ ”

ဖုန်ယွင်ကျစ်မှ ရပ်ကြည့်မနေနိုင်ဘဲ ချက်ချင်းလှမ်းတက်သွားသည်။ နတ်သက်တံ အလား လွင့်ဝဲလျက် တိုက်ပွဲအတွင်း ဝင်ရောက်လာ၏။

ယွီရွယ်ထက် မနိမ့်ကျသော တိုက်ပွဲဝင်စွမ်းအားများကို ထုတ်ဖော်လျက် တိုက်ခိုက်တော့သည်။

“ ပဉ္စမ ယဇ်ပုရောဟိတ်နဲ့ ... ဆဋ္ဌမပုရောဟိတ် ... မင်းတို့နှစ်ယောက်လုံး အတူတူသွား။ ”

“ ဟုတ်ကဲ့ ... ။ ”

ငရဲကျီးကန်းက လူအင်အား ထပ်ဖြည့်ပေးလိုက်သည်။ အဝါရောင်ဝတ်ရုံဝတ် အရပ်ပုပုအမျိုးသားနှင့် အဖိုးကြီးတစ်ယောက် လှမ်းထွက်လာ၏။

သူတို့နှစ်ယောက်စလုံးသည် ကနဦးရွှမ်ယုအဆင့် နှောင်းပိုင်းတွင် ရှိကြသည်။ အလယ်အလတ် ရွှမ်ယုအဆင့်တွင် ရှိနေသော ယဇ်ပုရောဟိတ်နှစ်ပါးထက် နိမ့်ကျသော်လည်း အပြစ်ဘုန်းကြီးကို ယှဉ်နိုင်၏။

နှစ်ယောက်ပေါင်းလိုက်သောအခါ တိုက်ပွဲမြေပြင်သည် ပိုပြင်းထန်လာတော့သည်။ တစ်ဖက်တွင် အမျိုးသမီးနှစ်ယောက်သည် တည်ငြိမ်စွာဖြင့် ပြိုင်ဘက်ဧကရာဇ်ငါးပါးကို ပြန်လည် တိုက်ခိုက်နေ၏။

သူမတို့အတွက် အားသာချက်မရှိချေ။ သို့သော် ပြိုင်ဘက်များသည်လည်း ဖိအားပေး နိုင်ခြင်း မရှိဖြစ်လာသည်။

ဤသည်မှာ ယနေ့ကမ္ဘာကြီး၏ အထွတ်အထိပ်တည်ရှိမှုများကြား တိုက်ပွဲကြီး ပေပင်။ ပြင်းထန်လွန်းပြီး မြင်ရခဲ၏။

နောက်ဆက်တွဲငလျင်များသည် တောင်ကြီးတစ်ခုလုံးကိုလှုပ်ခါပြီး အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကားကုန်သည်။

“ ကောင်းပြီ ... ငါ့ကိုလည်း ထည့်တွက်ပါ။ ”

ယွင်စုန့်ကျိနှင့် လုချောင်မင်က အံကြိတ်လျက် လေထဲပျံသန်းသွားတော့၏။ ကျန်ရှိနေသော ဧကရာဇ်များတွင် သူတို့နှစ်ဦး သည်သာ ရွှမ်ယုအဆင့်တွင် ရှိလေသည်။

ဤမျှ အရေးကြီးသော အခြေအနေ၌ ရပ်ကြည့် မနေနိုင်ချေ။ ရပ်ကြည့်နေနိုင်သူသည် စုရီတစ်ယောက်သာ ရှိ၏။ သူ့စကားအတိုင်း ပွဲကြည့်ရန် ရောက်နေသူလိုပင်။

“ ဟားဟားဟား ... အရေအတွက်ခြင်း ယှဉ်ချင်တာလား ကောင်းပြီ။ ”

ငရဲကျီးကန်းက လှောင်ပြုံးဖြင့် အတောင်ပံများကို ဝှေ့ရမ်းပြလိုက်လေသည်။ ဤနှစ်များအတွင်း ငရဲဘုရင်ကို ကယ်တင်ရန် အစွမ်းထက်သော ဧကရာဇ်အချို့ကို မပြတ်စုစည်းထား၏။

မဟုတ်သော် သည်ညတိုက်ပွဲတွင် ဧကရာဇ်များကိုအသက်ရှင်လျက် ဖမ်းစည်းရန် ကြံရွယ်မိမည်မဟုတ်ချေ။

“ မိတ်ဆွေ အမှောင်ညကျေးကျွန်တို့ ... သူတို့ကို စိတ်ပျက်အားငယ်မှုနဲ့ အကူအညီမဲ့မှု ဆိုတာ ... ဘာလဲ ပြပေးဖို့တောင်းဆိုပါတယ်။ ”

“ ဝှစ် ... ။ ”

“ ဝှစ် ... ။ ”

“ ဝှစ် ... ။ ”

ထို့နောက်တွင် အနက်ရောင် မြူများရစ်သိုင်းနေသော အနက်ဝတ်လူရိပ် သုံးရိပ် လှမ်းထွက်လာ၏။ ရောင်ဝါများသည် အေးစက်နေပြီး စက်ဝန်းများသာ ဖော်ပြထားသည်။

ကြောက်စရာကောင်းလွန်းသော မကောင်းဆိုးဝါး ဝိညာဉ်သုံးကောင် ပေပင်။ မြေအောက်ဘုရင်ထံတွင် သမိုင်းတစ်လျှောက် အမှုထမ်းနေသော တစ္ဆေများဖြစ်၏။

ထိုစဉ်က မြေအောက်ဘုရင်နှင့် ငရဲဘုရင်တို့တိုက်ပွဲတွင် ပါဝင်ကူညီရန်ပင် အရည်အချင်းပြည့်မီခဲ့သည်။ သို့သော် ယခုမူ ငရဲဘုရင်အတွက် ပူးပေါင်းကူညီနေ၏။

စွမ်းအားသည် အပြစ်ဘုန်းကြီးထက် အနည်းငယ်သာလွန်သည်။ ထိုသုံးယောက်လုံး ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲမှာ အနည်းငယ် ပြောင်းလဲသွား၏။

ငရဲကျီးကန်းက ပြုံးလျက်၊

“ မျောက်မိစ္ဆာ ဧကရာဇ် ... မင်းနဲ့အတူ အခြားဧကရာဇ်တွေခေါ်ပြီး ယင်ယန်တောင်မှာ ကျန်နေတဲ့ ဧကရာဇ်တွေကို အသက်ရှင်လျက် ဖမ်းဆီးပါ ... အဲဒီလူယုတ်မာလေးရဲ့ ခေါင်းကို ယူလာဖို့ မမေ့နဲ့... ။ ”

-ဟု အမိန့်ပေးလိုက်သည်။

ငှက်သဘာဝအတိုင်း နှုတ်သီးဖြင့် အမွေးအတောင်များကို ဖြည်းညှင်းစွာဖြီးလျက် စုရီထံ စိုက်ကြည့်လိုက်တော့၏။

အမှောင်ရိပ်အတွင်းမှ ဧရာမ မျောက်ဝံနတ်ဆိုးတစ်ကောင်က တောင်တစ်လုံး အရွယ်အစားရှိသော အရိုးကိုထမ်းလျက်ဖြင့် ယင်ယန်တောင်ထံ ဦးတည်လာချေပြီ။

ဤသည်မှာ ရွှမ်ယုအဆင့် နတ်ဆိုးသားရဲကြီးဖြစ်၏။ သတ်ဖြတ်လိုသော ရောင်ဝါသည် ကောင်းကင်ယံကို တုန်ခါလာစေသည်။

သူ့နောက်တွင် ငရဲနတ်ဘုရားနန်းတော်၏ ရွှမ်ကျောက်အဆင့် ကာကွယ်သူများ လိုက်ပါပြီး ယင်ယန်တောင်ထံ ဆင်းသက်လိုက်၏။

ဤမြင်ကွင်းကြောင့် တိုက်ပွဲဝင်နေသော လုချောင်မင်တို့အဖွဲ့မှာ စိတ်ပျက်အားငယ်မှုကို ခံစားလာရတော့သည်။

သူတို့အားလုံးသည် သွားရောက်ကူညီရန် မဆိုနှင့် လက်ရှိပြိုင်ဘက်များထံမှ ဖိအားကိုပင် ခံစားနေရပြီဖြစ်သည်။

“ ကောင်လေး ... မင်းမှာ တခြားဘာလှည့်ကွက်တွေရှိလဲ ထုတ်လိုက်ပါ မဟုတ်ရင် မင်းခေါင်းကို ဘောလုံးတစ်လုံးလို ငါကန်ထုတ်ရလိမ့်မယ်။ ”

ငရဲကျီးကန်းမှ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုက်သည်။ ခရမ်းရောင်မြို့တော်၌ သူခံစားရသော အရှက်တရားကို ယနေ့တွင် သန့်စင်ရပေမည်။

ချင်းမု၊ ယွမ်လင်းနင်တို့မှတပါး ကျန်ရှိနေသော ဧကရာဇ်များအားလုံး ကျောရိုး တစ်လျှောက် အေးစက်လာတော့၏။

ဧကရာဇ်ဖြစ်လာပြီးနောက် ဤမျှ စိတ်ပျက်အားငယ်မှုမျိုး တစ်ကြိမ်မှမကြုံဖူးချေ။ သို့တိုင် ပြတ်သားသော အသွင်ဖြင့် ဝှက်ဖဲများ ထုတ်ကာ ခုခံရန်အသင့်ပြင်လိုက်ကြ၏။

“ ဘာအတွက် ဝှက်ဖဲထုတ်ရမှာလဲ ... ငါဒီမှာပွဲကြည့်ဖို့အတွက် ရောက်လာတာလို့ ပြောထားတယ်မဟုတ်လား။ ”

စုရီက ကြိမ်ကုလားထိုင်မှပင် မထဘဲ လက်ဝှေ့ယမ်းလိုက်ရာ အဖြူရောင်အလင်းတန်း တစ်ခု ပျံသန်းလာပြီး လေထုအလယ် ဖြစ်တည်လာ၏။

မျက်ဝန်းများ၌ ရွှေရောင်မီးလျှံများ တောက်ပနေသော စုတ်ပြတ်နေသည့်ချပ်ဝတ် တစ်ထည်ဖြင့် အရိုးစုကြီးတစ်ခုပေပင်။

သူ့ခန္ဓာကိုယ်မှ ကြက်သွေးရောင် အလင်းများဖြာလျက် ကောင်းကင်ကိုအနီရောင် ပြောင်းသွားစေသည်။ တိုက်ပွဲဝင်နေသော ဧကရာဇ်များပင် ပြန်လှည့်ကြည့်လာ၏။

“ အရိုးဖြူ ဧကရာဇ် ... ။ ”

ငရဲကျီးကန်းခမျာ အံ့အားသင့်လျက် အမွေးအတောင်များဖြီးသင်နေခြင်းကို ချက်ချင်း ရပ်လိုက်မိလေသည်။

မှားယွင်းစွာသေဆုံးခြင်း မြို့တော်အတွင်း တားမြစ်မြေများကို အုပ်စိုးသော အုပ်စိုးရှင်များ အနက် ဤအရိုးဖြူဧကရာဇ်သည် ထိပ်ဆုံး နေရာ၌ရပ်တည်နေ၏။

ကြောက်စရာကောင်းပြီး မာနကြီး၏။ ထိုသို့သော တည်ရှိမှုသည် လူငယ်တစ်ယောက် အမိန့်ကို နာခံနေသည်မှာ အဓိပ္ပါယ်မရှိချေ။

“ သေစမ်း ... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ယင်ယန်တောင်ထိပ်သို့ ခြေချလာသော မျောက်မိစ္ဆာဧကရာဇ်သည် ထိတ်လန့်တကြား အော်ဟစ်လျက် ချက်ချင်း ရပ်တန့်သွားသည်။

ဤအချိန်တွင် အရိုးဖြူဧကရာဇ်သည် ခြေတစ်လှမ်း လေထဲလှမ်းတက်လာပြီဖြစ်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောက်ပလာကာ သွေးတာအိုပုံစံများ အသက်ဝင်လာသည်။

သတ်ဖြတ်လိုခြင်း ဆန္ဒများသည်လည်း မျောက်မိစ္ဆာဧကရာဇ်အပေါ် လွှမ်းမိုးသွား၏။ မျောက်မိစ္ဆာ ဧကရာဇ်ခမျာ ထိတ်လန့်စွာဖြင့် အဝေးသို့ဆုတ်ခွာလျက်၊

“ အရိုးဖြူဧကရာဇ် ... မင်းက တားမြစ်‌နယ်မြေရဲ့ ဘုရင်တစ်ပါးပဲ မဟုတ်လား ဒါဆိုဝိညာဉ်တာအိုနယ်ပယ် ဒီလူငယ်ရဲ့ အမိန့်ကို ဘာလို့နာခံနေရတာလဲ။ ”

-ဟု အော်ဟစ်မေးမြန်းလိုက်သည်။

“ ဝှစ် ... ။ ”

အရိုးဖြူဧကရာဇ်က သူ့မေးခွန်းကို စကားအရာဖြင့်ပြန်မဖြေချေ။ ယင်းအစား သူနှင့် ဆယ်ပေခန့်အကွာတွင် ပေါ်လာပြီး လက်သီး တစ်ချက် ထိုးသွင်းလာတော့၏။

“ ဘုန်း ... ။ ”

***

အခန်း ၇၃၇ -

ဘယ်သူ့မှာ လူအရေအတွက် ပိုများလဲ။

ဤသည်မှာ ရိုးရှင်းသော ထိုးနှက်ချက် တစ်ခုပေပင်။ သွေးနီရောင် အလင်းတန်းအလား လေဟာနယ်ကို ဖြတ်သန်းလျက် ကျဆင်းသွား၏။

“ အား ... ။ ”

မျောက်မိစ္ဆာဧကရာဇ်သည် နာကျင်စွာအော်ဟစ်လျက် သွေးထွက်သံယို အပေါက်ကြီးဖြစ်ပေါ်လာကာ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။

“ ဘုန်း ... ။ ”

ပြန်မထနိုင်ခင် အရိုးဧကရာဇ်က ထပ်မံတိုက်ခိုက်လာ၏။ လေကဲ့သို့လျင်မြန်ပြီး မိုးကြိုးအလား ပြင်းထန်သည်။ သူ့အသွင်သည် ပေရာပေါင်းများစွာမြင့်မားသော မျောက်မိစ္ဆာ ဧကရာဇ်ရှေ့တွင် အလွန်သေးငယ်နေ၏။

သို့သော် လက်သီးစွမ်းအားသည် လေဟာနယ်ကို ပိတ်ဆို့လျက် ကောင်းကင်နှင့် မြေကြီးကြား လွတ်မြောက်စရာ နေရာမရှိချေ။

“ ဝှီး ... ဝှီး ... ဝှီး ... ။ ”

ထို့ကြောင့် မျောက်မိစ္ဆာဧကရာဇ်မှ ရှောင်တိမ်းနိုင်ခြင်းမရှိသဖြင့် တောင်ကြီးလို ကြီးမားသောဧရာမတုတ်ကိုဝှေ့ယမ်းကာ ထိပ်တိုက်ရင်ဆိုင်လိုက်ရ၏။

“ ဝုန်း ... ။ ”

ကြီးမားသော ပေါက်ကွဲမှုဖြစ်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်း မျောက်မိစ္ဆာဧကရာဇ်၏ ကြီးမားသောခန္ဓာကိုယ်သည် သွေးများဖြင့် စွန်းထင်းလျက် ဒဏ်ရာဗရပွဖြစ်လာသည်။

အရိုးဖြူဧကရာဇ်၏ အလွန်အမင်း လွှမ်းမိုးလွန်းသော သတ်ဖြတ်ခြင်း ဆန္ဒများမှာ သူ့အပေါ် လွှမ်းခြုံထားသဖြင့် ရှောင်တိမ်းရန် ခက်ခဲနေတော့၏။

ဤမြင်ကွင်းကို မြင်ချိန်တွင် မျောက်မိစ္ဆာဧကရာဇ်နောက်မှ လိုက်ပါလာသော ဧကရာဇ်များသည် ထိတ်လန့်တကြား ဆုတ်ခွာသွားသည်။

ဤအဆင့်တိုက်ပွဲမှ ကြွင်းကျန်ရစ်သော စွမ်းအားများသည် သူတို့အတွက် ဒဏ်ရာရရန် လုံလောက်ချေ၏။

တစ်ဖက်တွင် လုချောင်မင်နှင့် အဖွဲ့သည် စိတ်သက်သာရာ ရကုန်သည်။ ထို့ကြောင့် သူတို့ ပြိုင်ဘက်များထံ အာရုံပြန်စိုက်လိုက်ကြ၏။

“ လူယုတ်မာလေး ... ။ ”

ငရဲကျီးကန်းက ဒေါသဖြင့် ဆွေ့ဆွေ့ခုန်လာသည်။ စုရီမှ ပြုံးလိုက်၏။ လက်ထဲရှိ ဝိုင်အိုးကို မော့သောက်ကာ၊

“ ကျီးကန်းလေး မင်းခေါင်းကို ပြင်ထားပေး။ ”

-ဟု လှောင်ပြောင်လိုက်၏။

“ ဟမ့် ... ဘယ်သူ အနိုင်ရမလဲဆိုတာ မသေချာသေးပါဘူး။ ”

ငရဲကျီးကန်းက အေးစက်စွာဖြင့်၊

“ အရိုးဖြူဧကရာဇ် တစ်ဦးတည်းနဲ့ ဒီအခြေအနေကို ပြောင်းလဲနိုင်မယ်လို့ တကယ် ထင်နေတာလား ... စိတ်ပျက်အားငယ်မှုဆိုတာ ဘာလဲဆိုတာ ငါပြမယ် ထွက်လာခဲ့။ ”

-ဟု အော်ဟစ်လိုက်သည်။

ထို့နောက်တွင် အဝေးတစ်နေရာရှိ တောင်ကုန်းတစ်ခုပြိုကျလျက် ပေပေါင်းများစွာ ရှည်လျားသော သွေးကင်းခြေများတစ်ကောင် တိုးထွက်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးလျှံများ တောက်လောင်နေ၏။

“ ခြေတစ်ထောင် တောင်တန်းဘုရင်။ ”

ဤသည်မှာ အနက်ရောင်နွံ တားမြစ်နယ်မြေ၏ အုပ်စိုးရှင်တစ်ပါးဖြစ်၏။ ၎င်းနောက်မှ အခြားသော နတ်ဆိုးရှစ်ပါးလည်း လိုက်ပါလာသည်။ ၎င်းတို့အားလုံးသည် သက်ဆိုင်ရာ တားမြစ်နယ်မြေအသီးသီး၏ အုပ်စိုးရှင်များဖြစ်၏။

သမိုင်းတလျှောက် မြို့တော်အတွင်း စွန့်စားဝင်ရောက်လာသည့် တန်ခိုးကြီးပုဂ္ဂိုလ် များစွာကို သတ်ပစ်ခဲ့ကြဖူးသည်။

“ ဟားဟားဟား ... လူယုတ်မာလေး မင်းမှာဘာရှိသေးလဲ မြန်မြန်ထုတ်ပါ။ ”

ငရဲကျီးက အော်ဟစ်လိုက်၏။ လုချောင်မင်တို့ခမျာ စိတ်မသက်မသာဖြစ်လာ ပြန်သည်။ ဤမျှ များပြားသော နတ်ဆိုးများကို စုစည်းထားနိုင်လိမ့်မည်ဟု မထင်ထားချေ။

“ ဒါ ... ။ ”

ယင်ယန်တောင်တန်း၌ ကျန်ရစ်သော ဧကရာဇ်များမှာ မျက်လုံးပြူးကုန်တော့သည်။ လက်ရှိအင်အားသည် မရဏကမ္ဘာရှိ တော်ဝင် မျိုးရိုးကိုးပါးကိုပင် အလွယ်တကူ ဖျက်ဆီးနိုင်၏။

“ ကျီးကန်းလေး ... ဒါပဲလား။ ”

“ မင်းကို သတ်ဖို့ လုံလောက်နေပြီ။ ”

ထိုအချိန်တွင် ခြေတစ်ထောင် တောင်တန်းသခင်နှင့် နတ်ဆိုး ကိုးပါးသည် အရိုးဖြူဧကရာဇ်ကို တိုက်ခိုက်နေပြီ ဖြစ်သည်။

ဤအခွင့်အရေးကိုအသုံးချပြီး ပြင်းထန်စွာဒဏ်ရာရရှိနေသော မျောက်မိစ္ဆာ ဧကရာဇ်က ဆုတ်ခွာသွားတော့၏။

တစ်ဖက်တွင် အပြစ်ဘုန်းကြီး အပါအဝင် ယဇ်ပုရောဟိတ်ငါးပါးနှင့် မှောင်မိုက်ည အစေခံ သုံးပါးတို့သည် ယွီရွယ်နှင့် အဖွဲ့အပေါ် အသာစီးရလာတော့သည်။

သို့သော် စုရီသည် စိုးရိမ်မှုမပြဘဲ ဤမြင်ကွင်းကိုကြည့်ရန် ပျင်းရိလာဟန်ဖြင့်၊

“ ကောင်းပြီ၊ ဒီလိုပျင်းစရာကောင်းတဲ့ တိုက်ပွဲမျိုး ပြီးဆုံးသင့်ပြီ။ ”

-ဟု ပြောကြားလိုက်သည်။

စကားဆုံးသည်နှင့် နားထောင်ခြင်း ကျမ်းသည် ထူးဆန်းပြီး တောက်ပလွန်းသော အလင်းနှင့် အရိပ်များ ဖြာထွက်လာ၏။

များမကြာခင် လေထုအလယ် အနက်ရောင်ဝတ် အမျိုးသားတစ်ယောက်ပုံရိပ် ဖြစ်ပေါ်လာသည်။

သူပေါ်လာသည်နှင့် တပြိုင်နက် နီလာရောင်ကြယ်တာရာများ သူ့ပတ်လည်တွင် လှည့်ပတ်နေပြီး ကြောက်မက်ဖွယ်ကောင်းသည့် သွေးရောင်ဝါများ ပြန့်နှံ့လာချေပြီ။

“ ကြယ်ဘီလူး နတ်ဆိုး ... ။ ”

ငရဲကျီးကန်းခမျာ ရုတ်တရက် မယုံကြည်နိုင်ဟန်ဖြင့်၊

“ ကြယ်ဘီလူး ... ငါ့ရဲ့ငရဲနတ်ဘုရား နန်းတော်ရဲ့ကိစ္စတွေကို ဝင်မစွက်ဖက်ဘူးလို့ မင်းကတိပေးထားတာမေ့နေပြီလား။ ”

-ဟု မေးမြန်းလိုက်၏။

“ တောင်းပန်ပါတယ် ငါစကားကို အတည်မယူပါနဲ့။ ”

“ မင်း ... ။ ”

ကြယ်ဘီလူးက မြင်းမီးယပ်တစ်ချောင်း ထုတ်ယူလျက် ပြန်ဖြေလေသည်။ ငရဲကျီးကန်း ခမျာ အမွေးအတောင်များ ပွထလျက် စကားမပြောနိုင်ဖြစ်သွား၏။

“ သွေးနတ်ဆိုးနဲ့ ကျောက်စိမ်းတောင် နတ်ဆိုး မင်းတို့မသေချင်ရင် အခုထွက်သွားပါ မဟုတ်ရင် ငရဲဘုရင် ဒီကမ္ဘာကိုပြန်လာမနိုင်ခင် မင်းတို့အရင်သေရလိမ့်မယ်။ ”

ကြယ်ဘီလူးအသံက ခေါင်းလောင်းသံကဲ့သို့ မြည်ဟည်းလာ၏။ အဖြူရောင်အရိုးဧကရာဇ်ကို ဝိုင်းရံထားသော နတ်ဆိုးဘုရင်များမှာ ချက်ချင်း သတိဝင်လာတော့သည်။ ယင်းကြောင့် ငရဲကျီးကန်းခမျာ ဒေါသထွက်လာ၏။

“ ကြယ်အိုကြီး ငါကျိန်ဆိုတယ် ... ဒီနေ့ပြီးရင် မင်းရဲ့အိမ်ကို ငါဖျက်ဆီးပစ်မယ်။ ”

သို့သော် သူပြောပြီးသည်နှင့် ငရဲကျီးကန်းခမျာ ရုတ်ချည်းထိန်လန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော ကြယ်ဘီလူးဘေး၌ အရိပ်များပေါ်လာသောကြောင့် ဖြစ်ချေ၏။

“ နီလာမျက်ဝန်းမြွေနတ်ဆိုး၊ မိုးတိမ်နတ်ဆိုး၊ သွေးမီးခွက်တောင်သခင် ... ဟမ့် ... ။ ”

အန္တရာယ်အကြီးဆုံးသော တားမြစ်မြေများ၏ အုပ်စိုးရှင်များ ဖြစ်သည်။ ၎င်းတို့သည် တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာချေ၏။

ဤအချင်းအရာက ငရဲကျီးကန်းကို ရူးသွပ်လာစေသည်။ တစ်ဖက်လူများအားလုံးမှာ သူနှင့်ပူးပေါင်းရန် ငြင်းဆန်ခဲ့သူများဖြစ်၏။ ယခုမူ ရန်သူ့အတွက် ဖြစ်လာချေပြီ။

ထိုနီလာမျက်ဝန်းမြွေနတ်ဆိုးနှင့် မိုးတိမ်နတ်ဆိုးတို့သည် အရိုးဖြူဧကရာဇ်ကြီးနှင့် ကြယ်ဘီလူးတို့ကို မယှဉ်နိုင်သော်လည်း အားနည်းခြင်းမရှိချေ။

သူတို့နှင့်နှိုင်းယှဉ်ပါက ခြေတစ်ထောင် တောင်တန်းသခင်နှင့် ကျောက်စိမ်းတောင်တန်း သခင်ကဲ့သို့သော အင်အားစုသည် သိသိသာသာ နိမ့်ကျချေပြီ။ အကြောင်းရင်းမှာ ရိုးရှင်းသည်။

မြေအောက်ကမ္ဘာမြို့ဘုရင် ချင်းထျန်ပြောသည့်အတိုင်း ငရဲကျီးကန်းနှင့် ပူးပေါင်းခြင်းမရှိသော နတ်ဆိုးများသည် ငရဲကျီးကန်းကို မကြောက်ကြချေ။

ထို့ကြောင့် ငြင်းဆန်ခြင်းဖြစ်၏။ ပူးပေါင်းသူများမှာမူ အားနည်းသောကြောင့်သာ ငရဲကျီးကန်းထံ လက်အောက်ခံခြင်းပေပင်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဒီလို မာနကြီးတဲ့ ဘီလူးအိုကြီးတွေက မင်းလိုလူရဲ့ အမိန့်ကိုနာခံနေတာလား။ ”

ငရဲကျီးကန်းတစ်ယောက် အတွေးများ ကမောက်ကမဖြစ်ကုန်၏။ တစ်ချိန်တည်းမှာပင် အပြစ်ဘုန်းကြီးနှင့် အဖွဲ့မှာ မျက်နှာများ ပျက်ယွင်းကုန်တော့၏။

“ ရပ်လိုက်တော့ ... ရပ်လိုက်တော့ မင်းတို့တွေမှာ ကျင့်ဝတ်မရှိကြတော့ဘူးလား ဒီလောက်အများကြီးနဲ့ အနိုင်ကျင့်မို့လား။ ”

ရုတ်တရက် ခြေတစ်ထောင် တောင်တန်းသခင်မှအော်ဟစ်ပြီး ထွက်ပြေးရန် ပြင်တော့၏။ ၎င်းမှဦးဆောင်သည့်နောက် အခြားသော နတ်ဆိုးများသည်လည်း ကျန်ရစ်မနေတော့ချေ။

သူတို့အားလုံးသည် အုပ်စိုးရှင်များ ဖြစ်သော်လည်း သာမန်တားမြစ်မြေများသာ ဖြစ်၏။ အဓိက တားမြစ်နယ်မြေများ၏ အုပ်စိုးရှင်များကို မယှဉ်နိုင်ချေ။

“ ကျီးနက် ... ငါတို့ မကူညီချင်တာ မဟုတ်ပါဘူး ... ဒါက တရားမျှတမှုမရှိတဲ့ပွဲပဲ ငါတို့ကိုအနိုင်ကျင့်နေတာ နှုတ်ဆက်ပါတယ်။ ”

မကောင်းဆိုးဝါးဝိညာဉ်တစ်ကောင်၏ အသံသည် ပဲ့တင်ထပ်လျက် သူ့ပုံသဏ္ဌာန်သည် ကင်းခြေများကြီးထက်ပင် လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။

“ မှန်တယ် ... ဒီပွဲက အနိုင်ကျင့်နေတာပဲ မြန်မြန် ... ။ ”

ကြောက်စရာကောင်းသော မကောင်းဆိုးဝါးဝိညာဉ်တိုင်းသည် ရှက်ရွံ့စွာဖြင့် အော်ဟစ်ကာ မြန်နှုန်းမြှင့်လိုက်ကြ၏။

တစ်ချိန်လုံး ခမ်းနားထည်ဝါပြီး လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိနေသောငရဲကျီးကန်းမှ ထိုမြင်ကွင်းကိုကြည့်ပြီး နာကျင်သွားသည်။ ထွက်မပြေးဘဲ ကျန်ရစ်ခဲ့သူဟူ၍ သွေးနတ်ဆိုး တစ်ကောင်သည်သာ ကျန်ရစ်၏။

ငရဲကျီးကန်းက ဝမ်းသာအားရ ကြည့်လိုက်စဉ် အရိုးဖြူနတ်ဆိုး၊ ကြယ်ဘီလူး၊ နီလာမျက်ဝန်း မြွေနတ်ဆိုးနှင့် အခြားသော နတ်ဆိုးများ၏ အလယ်တွင် ပိတ်မိနေသည်ကို မြင်လိုက်ရ၏။။

“ စီနီယာတို့ ရန်မီးကိုငြိမ်းလိုက်ပါ ရိုးရိုးသားသားပြောရရင် ငါလည်းဒီကျီးနက်ကို မကျေနပ်တာကြာနေပါပြီ ... အခုချိန်ကစပြီး ငါမင်းတို့နဲ့အတူ ပူးပေါင်းပါ့မယ်။ ”

“ အရှက်မဲ့လိုက်တာ ... ။ ”

ရုတ်တရက် သွေးနတ်ဆိုး၏ စကားကြားချိန်၌ ငရဲကျီးကန်းမှ ဒေါသကြောင့် သွေးအန်ချင်သွားသည်။ ကြယ်ဘီလူးက ရွံ့မုန်းစွာ ကြည့်လိုက်ပြီး၊

“ ငါအမုန်းဆုံးက သစ္စာဖောက်တွေပဲ ဒါပေမယ့် မင်းလိုလူရဲ့သွေးတွေပေကျံလာပြီး ညစ်ပေသွားမှာကို မလိုလားဘူး ထွက်သွား။ ”

-ဟု အမိန့်ပေးလိုက်၏။

ထိုစကားများကြောင့် ငရဲကျီးကန်း အပါအဝင် လူတိုင်းက သူ့ကို ပြန်ကြည့်သည်။ သူသည် ဤမတိုင်မီ ကျီးနက်ထံပေးထားသော ကတိကို ‘တောင်းပန်ပါတယ်’-ဟုဆိုကာ စုရီအမိန့်အပေါ် နာခံခဲ့သူဖြစ်၏။

“ ဘာကြည့်နေတာလဲ မြန်မြန်သွား။ ”

သွေးနတ်ဆိုးသည်လည်း ယင်းကို သတိထားမိလာပြီး မျက်လုံးပြူးကာ ကြည့်နေ ခဲ့သဖြင့် ကြယ်ဘီလူးက ရှက်ရွံ့စွာနှင့် မောင်းထုတ်လိုက်တော့သည်။

“ ကျေးဇူးတင်ပါတယ် ... ကျေးဇူးတင်ပါတယ်။ ”

သွေးနတ်ဆိုးက ဆက်မတွေးတော့ချေ။ အောင်နိုင်သူသည် ဘုရင်ဖြစ်ကာ ရှုံးနိမ့်သူသည် သစ္စာဖောက်ဖြစ်ကြောင်း နားလည်လိုက်၏။ မျက်ရည်စီးကျလျက် သစ္စာဖောက်ဟူသည့် ဘွဲ့ကိုခံယူကာ ပြေးထွက်လာခဲ့သည်။

“ စကားမများနဲ့ မြန်မြန် အဆုံးသတ်လိုက်တော့ ... ။ ”

ထိုစဉ် စုရီမှ အမိန့်ပေးလာသဖြင့် ကြယ်ဘီလူးနှင့်အဖွဲ့မှာ စိတ်အားတက်ကြွပြီး သတ်ဖြတ်ပွဲကြီး စတင်လိုက်တော့၏။

***

အခန်း ၇၃၈ -

ရလာဒ်ထွက်ပေါ်လာခြင်း ... ။

အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူးနှင့် အခြားသောကြောက်မက်ဖွယ် ပုဂ္ဂိုလ်များ၏ ဝင်ရောက်စွက်ဖက်မှုနှင့်အတူ အခြေအနေမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ ဝုန်း ... ။ ”

တိုက်ပွဲမြေပြင်သည် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာပြီး ကောင်းကင်နှင့်မြေကြီး တုန်ခါလျက် အဖျက်စွမ်းအားများ ပျံ့ကားနေ၏။

“ အမှောင်ညကျေးကျွန် ငါ ... မင်းရဲ့ အရည်အချင်းတွေကို စမ်းသပ်ချင်နေတာ ကြာပြီ။ ”

အရိုးဖြူဧကရာဇ်အသံသည် ရေခဲတမျှအေးစက်နေပြီး ခန္ဓာကိုယ်သည် အလင်းများတောက်ပလျက် အမှောင်ည ကျေးကျွန်တစ်ဦးထံ လက်သီးတစ်ချက် ပစ်ချလိုက်၏။

လက်သီးပတ်လည်တွင် သွေးနီရောင် ရူရ်များစီးဆင်းလျက် အဖျက်စွမ်းအားများက ကောင်းကင်ကို ဆုတ်ဖြဲသွားသည်။

အစွမ်းထက်လွန်းသော အမှောင်ည ကျေးကျွန်တစ်ယောက်ပင်လျှင် ၎င်းခွန်အား အကုန်အစင်ကို အသုံးပြု၍ တန်ပြန်လိုက်ရ၏။

“ ဟမ့် ... ။ ”

ကျယ်လောင်စွာ အော်ဟစ်လျက် ကြယ်ဘီလူးသည်လည်း သူ့လက်နက်ကြီးကို ဆင့်ခေါ်ကာ သွေးနီရောင်ကြယ်တံခွန်အလား အခြားသောအမှောင်ညကျေးကျွန် တစ်ဦးထံ တိုက်ခိုက်လိုက်သည်။

၎င်း၏အစွမ်းသတ္တိသည် အရိုးဖြူဧကရာဇ်ထက် မနည်းချေ။ တစ်ဖက်၌ နီလာမျက်ဝန်း မြွေနတ်ဆိုးနှင့် တိမ်လွှာနတ်ဆိုး ကဲ့သို့ ကြောက်မက်ဖွယ်သတ္တဝါများသည်လည်း အသီးသီးသောရန်သူများကို ချက်ချင်း ရွေးချယ်လိုက်ကြသည်။

နီလာမျက်ဝန်း မြွေနတ်ဆိုးသည် အဝါရောင်ဝတ်ရုံဝတ် အရပ်ပုပုနှင့် နတ်ဆိုး တစ်ဦးထံသို့ ပြေးဝင်သွားသည်။

ဤလူသည် ငရဲနတ်ဘုရားနန်းတော်၏ ပဉ္စမမြောက်ယဇ်ပုရောဟိတ်ဖြစ်ပြီး ကနဦး ရွှမ်ယုအဆင့် ကျင့်ကြံသူဖြစ်၏။

မြွေနတ်ဆိုး ဝင်ရောက်လာသည်ကို မြင်သောအခါ အဝါရောင်ဝတ်ရုံဝတ် အရပ်ပုပု အဖိုးအိုသည် အမူအရာ သိသိသာသာ ပြောင်းသွားပြီး တိမ်းရှောင်တော့သည်။

“ မင်းပြေးလို့လွတ်မလား။ ”

တစ်ဖက်တွင် ကျယ်လောင်သော အော်သံနှင့်အတူ လေထုအလယ်သွေးမြူများ ရစ်သိုင်းလျက် မျက်လုံးစိမ်းနှင့် ဆံပင်နီနီ ထွားကြိုင်းသော လူထွားကြီးတစ်ဦး သူ့လမ်း၌ထွက်ပေါ်လာ၏။

“ ယွမ်ဟွမ်နတ်ဆိုးအိုကြီး ... ။ ”

အရပ်ပုပုအဖိုးအိုမှ ယွမ်ဟွမ်နတ်ဆိုး၏ တိုက်ခိုက်မှုကို ချက်ချင်းဖြေရှင်းလိုက်ရသည်။ သို့သော် ဓားရှည်တစ်လက်သည် သူ့ရင်ဘတ်ထဲ တိုးဝင်လာသဖြင့် အံ့ဩတကြီးမော့ကြည့်မိ၏။

ဤသည်မှာ ဖုန်ယွင်ကျစ်၏ ဓားဖြစ်လေသည်။ လျှပ်စီးအလား သူ့ခန္ဓာကိုယ် အတွင်း ထိုးသွင်းလာခြင်းဖြစ်၏။

“ အား ... ။ ”

လူပုအဖိုးအိုခမျာ ရှောင်တိမ်းရန် နေရာမရှိတော့ဘဲ သွေးများပန်းထွက်လာကာ ခဏအတွင်းမှာပင် အပိုင်းပိုင်းပေါက်ကွဲလျက် ကောင်းကင်အပြည့် သွေးမြူများ ပက်ဖြန်းကျသွားခဲ့သည်။

ငရဲနတ်ဘုရားနန်းတော်၏ ပဉ္စမမြောက် ယဇ်ပုရောဟိတ်သည် မြွေနတ်ဆိုးဧကရာဇ်၊ ယွမ်ဟွမ်နတ်ဆိုးနှင့် ဖုန်ယွင်ကျစ်တို့၏ ပေါင်းစပ်ဖျက်ဆီးခြင်းခံလိုက်ရ၏။

“ အား ... ။ ”

တစ်ဖက်တွင် ယွင်စုန့်ကျိနှင့် လုချောင်မင်သည်လည်း အခွင့်အရေးများကို အမိအရဆုပ်ကိုင်ကာ မီးခိုးရောင်ဆံပင်နှင့် ခရမ်းရောင်ဝတ် အဖိုးအိုတစ်ယောက်ကို မြန်မြန်ဆန်ဆန် သတ်ဖြတ်လိုက်သည်။

ဤသည်မှာ ဆဋ္ဌမမြောက် ယဇ်ပုရောဟိတ်ဖြစ်၏။ ခန္ဓာကိုယ်ပေါက်ကွဲ သွားပြီး လွတ်မြောက်လုနီးပါးဖြစ်နေသော ဝိညာဉ်ကို လုချောင်မင်၏ နတ်ဘုရား မီးလျှံများက လောင်မြိုက်ပစ်သည်။

ရလာဒ်သည် သူတို့နှစ်ဦးကို အလွန်ကျေနပ်မှုရစေသည်။ ဤမတိုင်မီအချိန်၌ ဤယဇ်ပုရောဟိတ်ငါးဦးနှင့် မှောင်မိုက်ည ကျေးကျွန်သုံးဦးတို့သည် သူတို့အပေါ် ဖိအားများပေးခဲ့ကြ၏။

“ သတ် ... ။ ”

“ သတ် ... ။ ”

တိုက်ပွဲမြေပြင်သည် ဧကရာဇ်များကြား ချက်ချင်းရှုပ်ထွေးသော တိုက်ပွဲတစ်ခုအသွင်သို့ ပြောင်းလဲသွားချေပြီ။ ကောင်းကင်နှင့် မြေကြီးတုန်ခါလျက် မြင်ကွင်းများ ပျက်ပြယ်ကုန်၏။

“ ဘောင်း ... ။ ”

“ ဘောင်း ... ။ ”

မိနစ်အနည်းငယ်အတွင်း ဒုတိယ ယဇ်ပုရောဟိတ်နှင့် စတုတ္ထယဇ်ပုရောဟိတ်တို့ သည်လည်း ဖျက်ဆီးခံလိုက်ရသည်။

သူတို့ ထွက်မပြေးခြင်း မဟုတ်ဘဲ ကြောက်စရာကောင်းသည့် သတ္တဝါတစ်စု ဝိုင်းရံ ထားသောကြောင့် နည်းလမ်းမရှိခြင်းဖြစ်၏။

“ အရမ်းသန်မာတယ် ... ဒီတိုက်ပွဲက ဒဏ္ဍာရီလာနတ်ဘုရားတွေရဲ့ စစ်ပွဲနဲ့ကွာခြားမှု မရှိတော့ပါဘူး။ ”

ယင်ယန်တောင်တန်းတွင် ကျန်ရစ်သော ဧကရာဇ်များသည် အံ့အားသင့်စွာဖြင့် တီးတိုး မှတ်ချက်ပေးလိုက်ကြသည်။

ဤတိုက်ပွဲသည် ရွှမ်ယုအဆင့် ဧကရာဇ်များအတွက်သာဖြစ်ချေ၏။ သူတို့ကဲ့သို့ ရွှမ်ကျောက်ဧကရာဇ်များသည် အနားပင် မကပ်နိုင်ချေ။

“ ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်တာမျိုး မဟုတ်ရင် မှားယွင်းစွာသေဆုံးခြင်းမြို့ထဲမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ သတ္တဝါတွေ အများကြီး ပုန်းအောင်းနေလိမ့်မယ်လို့ တွေးမိမှာမဟုတ်ဘူး။ ”

တစ်စုံတစ်ယောက်က မှင်သပ်စွာ ပြောကြား၏။ မှောင်မိုက်ညကျေးကျွန်များ၏ ကြောက်မက်ဖွယ်အစွမ်းများသည် ယုံနိုင်စရာမရှိချေ။

အရိုးဖြူဧကရာဇ်တို့သည်လည်း ပြင်ပကမ္ဘာသို့ ထွက်ခွာလာပါက အန္တရာယ် ပေးစွမ်းနိုင်သော နတ်ဆိုးများဖြစ်၏။

ထိုအတွေးဖြင့် လူတိုင်းက စုရီထံ သတိရသွားသည်။ တစ်ဖက်လူငယ်လေးသည် ကြိမ်ထိုင်ခုံ၌ ပျင်းရိစွာလှဲလျောင်းလျက် ဝိုင်ကို အေးအေးဆေးဆေး သောက်နေချေပြီ။

တိုက်ပွဲမှာ ပြင်းထန်နေသော်လည်း သူနှင့်သက်ဆိုင်ခြင်းမရှိသလိုပေပင်။ တာအို တေးသံများနှင့် ကမ္ဘာပျက်ကပ်ကြီး ကျဆင်းလာ သကဲ့သို့ ပျက်စီးမှုကို လျစ်လျူရှုနေသည်။

ထိုအချိန်တွင် ငရဲကျီးကန်းခမျာ ဒေါသထွက်လာတော့၏။ မြောက်များစွာသော ဧကရာဇ်များကို ဤနှစ်များအတွင်း စုစည်းထား သော်လည်း ပြိုင်ဘက်သည် သူ့ထက် ခြေတစ်လှမ်းသာနေဆဲဖြစ်သည်။

“ ဒီကောင် ... ။ ”

အံကြိတ်လျက် ဝိုင်သောက်ကာ မျက်ဝန်းများမှိတ်ထားသော လူငယ်လေးထံ လှမ်းကြည့်လိုက်၏။ 

ငရဲဘုရင်ကို ကယ်တင်ရန်အတွက် အမှောင်ညကျေးကျွန်များဆင့်ခေါ်ပြီး ငရဲ နတ်ဘုရားနန်းတော်ကို တည်ထောင်ခဲ့သည်။

ထို့နောက် ကျင့်ကြံမှုအင်အားစုများစွာကို သိမ်းပိုက်ကာ သွေးပူဇော်ရန် နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်၏။

ဤညသည်သာ အောင်မြင်ခဲ့သော် လုံလောက်သော ဧကရာဇ်အရေအတွက်များ ရရှိကာ ယဇ်ပူဇော်နိုင်တော့မည်ဖြစ်သည်။

ယခုမူ လူငယ်တစ်ယောက်သည် သူ့အစီအစဉ်များကို လုံးဝဖျက်ဆီးပစ်လိုက်၏။ မည်သူထင်မည်နည်း။

ပို၍ နာကျင်ဖွယ်ကောင်းသည်မှာ ဤတစ်ကြိမ်သည် ဒုတိယအကြိမ် ဖြစ်နေခြင်း ပေပင်။ ပထမအကြိမ်မှာ တရားရေးကလောင် ရယူရာတွင် ဟန့်တားခဲ့ခြင်းဖြစ်လေသည်။ ထို့ကြောင့် ရန်ငြိုးသည် အဟောင်းပေါ် အသစ်ဆင့်လာတော့၏။

“ အဘိုးကြီး၊ မင်းအပြစ်တွေအတွက် သွားဖို့အချိန်ရောက်ပြီ။ ”

ထိုစဉ် အေးစက်သော အသံ ထွက်ပေါ်လာ၏။ ယွီရွယ်က မီးလျှံကျောက်စိမ်း ပေတံကို အသက်သွင်းပြီး အပြစ်ဘုန်းကြီးကို ပိုင်းချလိုက်တော့သည်။

အနားရှိ ယွင်စုန့်ကျိ၊ ဖုန်ယွင်ကျစ်နှင့် လုချောင်မင်တို့သည် အပြစ်ဘုန်းကြီးအပေါ် ချုပ်နှောင်ပေးထားကြ၏။

“ ဟမ့် ... ငါ့ကိုသတ်ဖို့ မလုံလောက်သေးပါဘူး။ ”

အပြစ်ဘုန်းကြီးသည် ခံစားချက် ကင်းမဲ့စွာဖြင့် ပြောကြားလိုက်၏။ သူ့ခန္ဓာကိုယ် အနှံ့ ဒဏ်ရာများ ဖုံးလွှမ်းနေပြီဖြစ်သည်။

သို့တိုင် သူ့ရောင်ဝါသည် ယှဉ်နိုင်စရာမရှိအောင် အစွမ်းထက်နေဆဲဖြစ်ပြီး အားနည်းခြင်းမပြချေ။

ယင်းအစား အနက်ရောင် အရိုးပုတီးကို ထုတ်ယူကာ အသက်သွင်းလိုက်၏။ ပုတီးစေ့ များမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ တိုးထွက်လာသည်။

ဤသည်မှာ နတ်ဘုရားနှင့်နတ်ဆိုး စုစုပေါင်း(၂၄)ပါး၏ ၏ဝိညာည်များဖြစ်ချေပြီ။ ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါး၏ ခွန်အားနှင့် ယှဉ်နိုင်သည်။

ဤနတ်ဘုရားနှင့် နတ်ဆိုးများသည် တူညီသောနယ်ပယ်ရှိ မည်သည့်ပြိုင်ဘက်ကို မဆို အလွယ်တကူချေမှုန်းရန် လုံလောက်၏။

၎င်းသည် မူလက အပြစ်ဘုန်းကြီး၏ ဝှက်ဖဲဖြစ်သော်လည်း ယခုအခါတွင် ရှင်သန်ရန် အတွက် အသုံးပြုလိုက်ရသည်။

“ ဝှစ် ... ။ ”

နတ်ဘုရားနှင့် နတ်ဆိုး(၂၄)ပါးသည် လေထဲပျံတက်လျက် မီးလျှံကျောက်စိမ်း ပေတံ အပေါ် ဟန့်တားတော့၏။ ပတ်ဝန်းကျင်အနှံ့ မဟာတာအိုများဖြင့် ပြည့်နှက်သွားသည်။

“ ကလန် ... ။ ”

သို့သော် ၎င်းမဟာတာအိုသည် အပြည့်အဝမပေါင်းစပ်နိုင်မီ ထူးဆန်းသောဓား မြည်သံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာ၏။

ထိုအသံသည် အရိုးဖြူဧကရာဇ်၊ ကြယ်ဘီလူးနှင့် အမှောင်ည ကျေးကျွန်တို့ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများ သည်ပင် ထိတ်လန့်ကုန်သည်။

တိုက်ပွဲမြေပြင်နှင့် ဝေးကွာနေသော ငရဲကျီးကန်းက ခေါင်းထက်တွင် ဓားတစ်လက် တဝီဝီမြည်နေကဲ့သို့ ခံစားလိုက်ရ၏။

“ ဘယ်လောက်တောင် ထက်ရှလိုက်တဲ့ဓားလဲ။ ”

ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး အမွေးအတောင်များမှာ ထိတ်လန့်တကြား ပွထကုန်ချေပြီ။

မည်သည့် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့်ဓားမျိုးသည် ဤကဲ့သို့သော အော်မြည်သံကို ထုတ်လွှတ်နိုင်မည်နည်း။ အပြစ်ဘုန်းကြီးမှာ အဆိုးဆုံးဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် ဤဓားအော်သံသည် သူ့ထံသို့ တည့်တည့် ချိန်ရွယ်နေခြင်းကြောင့် ဖြစ်သည်။

ဓားအော်သံနှင့်အတူ ဝိညာဉ်သည် ထိုးဖောက်ခံရသကဲ့သို့ ဦးခေါင်းတဆစ်ဆစ် နာကျင်လာ၏။

စိတ်ဝိညာဉ်သည် ကြောက်မက်ဖွယ် ကောင်းသော ဖိနှိပ်ခြင်းခံနေရပြီး တာအိုများ သက်ဝင်မှုမှာ နှေးကွေးလျက် မငြိမ်မသက် ဖြစ်လာသည်။

ထိုအချိန်တွင် မီးလျှံကျောက်စိမ်း ပေတံကြီးသည် တာအိုအကာအကွယ်အလွှာကို ဖြတ်‌ကျော်လျက် သူ့အပေါ် ကျဆင်းလာ၏။

“ ဘုန်း ... ။ ”

အပြစ်ဘုန်းကြီးခန္ဓာကိုယ်၌ မီးတောက်များ ကူးစက်လာကာ အသားနှင့်အရိုးများ ပြာအဖြစ် ချက်ချင်းပြောင်းလဲသွားတော့သည်။

ဝိညာဉ်မပျောက်ကွယ်မီ မသိစိတ်က ယင်ယန်တောင်ပေါ်၌ ထိုင်နေသောလူငယ်ထံ ကြည့်လိုက်မိ၏။

ကြိမ်ကုလားထိုင်ပေါ်တွင် တစ်ယောက်တည်း အရက်သောက်နေသော ထိုလူငယ်က မျက်ဝန်းများမှိတ်ထားသည်။ တိုက်ပွဲထံ လှည့်ပင်မကြည့်ချေ။

( မင်း ငါ့ကို သတ်ချင်တာတောင် တစ်ချက်လေးမော့ကြည့်လို့ မရဘူးလား။)

အတွေးများမဆုံးခင် ဝိညာဉ်သည် ပျက်ပြယ်သွား၏။ လေထုအလယ်၌ နတ်ဆိုးနှင့် နတ်ဘုရား(၂၄)ပါးသည် စွမ်းအားကို ထုတ်ဖော်နေလျက်မှ ပြိုကွဲပျောက်ကွယ်သွားသည်။

ဤနည်းဖြင့် ယဇ်ပုရောဟိတ် ငါးယောက်စလုံးသည် ကူကယ်ရာမဲ့စွာဖြင့် ထိုနေရာ၌ သေဆုံးသွားတော့၏။

တိုက်ပွဲတွင် အမှောင်ည ကျေးကျွန်များသည်သာ ကျန်ရစ်ပြီး နောက်ဆုံး အချိန်အထိ ခေါင်းမာစွာရုန်းကန်နေခဲ့သည်။

တောင်တန်းတလျှောက် ဖုံးလွှမ်းနေသော မကောင်းဆိုးဝါးများသည် ဤအဆင့်တိုက်ပွဲ၌ ပုရွက်ဆိတ်များနှင့် မကွာခြားခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ဤမျှကြီးကျယ်သောတိုက်ပွဲကြီးတွင် ရလာဒ်ကို ပြောင်းလဲနိုင်သူများသည် ရွှမ်ယုအဆင့် ဧကရာဇ်များသာဖြစ်၏။

“ ယွီရွယ် ... အရိုးဖြူဧကရာဇ်နဲ့ ကြယ်ဘီလူးကိုခေါ်ပြီး အဲဒီကျီးကန်းလေးကို ဖမ်းလိုက် ... သူ့ခေါင်းကိုလိုလိုလားလား အကန်ခံရင် ... သူ့ကို ဂုဏ်သိက္ခာရှိရှိ သေခွင့်ပေးမယ် ... ။ ”

“ ကောင်းပြီ ... ။ ”

ယွီရွယ်မှ သဘောတူပြီး ချက်ချင်း လှုပ်ရှားတော့သည်။ အရိုးဖြူဧကရာဇ်နှင့် ကြယ်ဘီလူးသည်လည်း သူမနောက်ပါး၌ လိုက်ပါလာတော့၏။

တစ်ချိန်တည်းမှာပင် နီလာမျက်ဝန်း မြွေနတ်ဆိုးကဲ့သို့သော ကြောက်မက်ဖွယ်ရာ နတ်ဆိုးများသည် ဖုန်ယွင်ကျစ်တို့နှင့်အတူ အမှောင်ညကျေးကျွန်သုံးဦးထံ ဦးတည်လိုက်တော့သည်။

ထိုမြင်ကွင်းကြောင့် ယင်ယန်တောင်ပေါ်ရှိ ချင်းမု၊ ယွမ်လင်းနင်နှင့် တခြားသူများအားလုံးမှ သက်ပြင်းချလိုက်၏။

သူတို့သည် စုရီနှင့်အတူ တားမြစ်နယ်မြေ အသီးသီးသို့သွားရောက်ကာ ဤနတ်ဆိုးများကို အကူအညီရယူခဲ့သည်။

ထို့ကြောင့်ရလာဒ်အပေါ် မှန်းဆနိုင်သော်လည်း မျက်မြင်ကြုံတွေ့ရသော အခါ ခံစားချက်များ တဟုန်ထိုးတက်နေခဲ့ဆဲ ဖြစ်သည်။

“ ကောက်ကျစ်တဲ့ လူယုတ်မာလေး ဒီရန်ငြိုးကို ငါနောင်တစ်ချိန်မှာ အဆတစ်ရာ ပြန်ဆပ်မယ်။ ”

ငရဲကျီးကန်းက ယွီရွယ်နှင့် အရိုးဖြူ ဧကရာဇ်တို့ ပျံသန်းလာသည်ကို မြင်ချိန်တွင် တုန့်ဆိုင်းခြင်းမရှိ ကျိန်ဆဲလျက် မီးခိုးရောင် သင်္ကေတတစ်ခုကို ချေမှုန်းပစ်လိုက်၏။

လျှို့ဝှက်ဆန်းကြယ်ပြီး မှေးမှိန်သော စွမ်းအားတစ်ခု လေထုအလယ် ထွက်ပေါ်ကာ ချက်ချင်း ပျောက်ကွယ်သွားချေပြီ။

“ ယွီရွယ် ... ဒီမှာစောင့် ငါပြန်လာမယ်။ ”

စုရီက မျက်ဝန်းများဖွင့်ကာ ထရပ်လိုက်ပြီးနောက် လက်ဝှေ့ယမ်းလိုက်၏။ လူပုလေးတစ်ယောက်ကဲ့သို့ မျက်ခုံးဖြူ အဖိုးကြီးတစ်ယောက် လေထဲပေါ်လာပြီး၊

“ ဆရာစု ...ငါ့အလှည့်ရောက်ပြီလား။ ”

-ဟု မေးမြန်းတော့သည်။

“ ငါ့ကို အဲဒီအုတ်ဂူဆီခေါ်သွားပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

***

All Chapters