အခန်း (၇၃၉-၇၄၁)
Vol. 62 Ch. 739-741
၇၃၉ -
အာဏာပါးကွက်သား ... ။
“ ဝူး ... ။ ”
မျက်ခုံးဖြူနတ်ဆိုး၏ ပုပုကွကွ ပုံသဏ္ဌာန်သည်မှုန်ဝါးသွားပြီး မီတာများစွာ ရှည်လျားသော ဧရာမသားရဲကြီး တစ်ကောင် အဖြစ် ပြောင်းလဲသွားသည်။
ဦးခေါင်းသည် ခြင်္သေ့ဖြင့်တူပြီး မြစိမ်းရောင်မျက်လုံးများနှင့် ရွှေရောင် နှုတ်ခမ်းမွှေးများရှိ၏။
ခြေထောက်လေးချောင်းသည် ကျောက်တိုင်များကဲ့သို့ထူထဲပြီး ခန္ဓာကိုယ်တွင် ဖြူဖွေးနေသော အကြေးခွံများ ပါရှိလေသည်။ သွယ်လျသော နဂါးတစ်ကောင်နှင့်တူ၏။
“ လေဟာနယ်သားရဲ ... ။ ”
ဤသည်မှာ မျက်ခုံးဖြူနတ်ဆိုး၏ စစ်မှန်သောပုံသဏ္ဌာန်ဖြစ်ပြီး လေဟာနယ် တာအိုကို ထိန်းချုပ်နိုင်ချေ၏။
“ ဝှစ် ... ။ ”
ထို့နောက်တွင် စုရီသည် မျက်ခုံးဖြူနတ်ဆိုးကျောပေါ် ခုန်တက်လိုက်ကာ ချက်ချင်းထွက်ခွာသွားသည်။ ဤမြင်ကွင်းမှာ လူတိုင်းကို မျက်ခုံးပင့်စေ၏။
“ ဒီမှားယွင်းစွာ သေဆုံးခြင်းမြို့မှာ မျက်ခုံးဖြူနတ်ဆိုးကြီးဟာ ဘယ်လောက်အထိ မာနကြီးလဲ သူက ကောင်းကင်ဘုံကိုတောင် မကြောက်ဘူး ...
... ဒါပေမယ့် ဆရာစုအတွက်ဆိုရင် မြင်းတစ်အဖြစ် အသုံးတော်ခံဖို့ တကယ်ပဲ ဆန္ဒ ရှိနေတာပါလား။ ”
ချင်းမုမှ သက်ပြင်းချကာ ညည်းတွားလိုက်၏။ မျက်ခုံးဖြူနတ်ဆိုးကြီး၏ အရည်အချင်းသည် ကောင်းကင်ဘုံကို စိန်ခေါ်နိုင်လွန်းသည်။
၎င်းသည် သန်မာခြင်းကြောင့်မဟုတ်ဘဲ ထွက်ပြေးရာတွင် လျင်မြန်လွန်းသောကြောင့် ဖြစ်၏။ သူသည်သာ ဆန္ဒရှိသော် မည်သူမျှ မတားဆီးနိုင်ချေ။
“ တာအိုမိတ်ဆွေ ... ဒီဆရာစုက ဘယ်သူလဲ။ ”
အဝါရောင်နွေဦးနန်းတော်၏ ဧကရာဇ်တစ်ပါးက မေးသည်။ ယွမ်လင်းနင်မှ ထိုအဖြေကိုသိချင်နေရာ နားစွင့်ထား၏။ ချင်းမုက ထိုဧကရာဇ်ထံ ပြန်ကြည့်ပြီး၊
“ ဆရာစု ဘယ်သူလဲ မင်းမသိတာ ... ဆရာစုက မင်းကိုမသိစေချင်ဘူးလို့ဆိုလိုတယ် ဒါကြောင့် မင်းမသိတာ အကောင်းဆုံးပါပဲ။ ”
-ဟု တုန့်ပြန်လိုက်၏။
တစ်ဖက်လူတွင် ဤကြောက်စရာ ကောင်းသော သတ္တဝါများအပေါ် နတ်ဘုရား တစ်ပါးလို အမိန့်ပေးနိုင်သည့် မည်သို့သော နောက်ခံရှိမည်နည်း။
လူတိုင်း တိတ်ဆိတ်ကုန်သည်။ ဤသို့ဖြစ်လေ စုရီ၏မူလကို ပို၍သိချင်လာလေ ဖြစ်၏။ အတွေးများဖြင့် အဝေးသို့လှမ်းကြည့်စဉ် ယွီရွယ်၊ အရိုးဖြူဧကရာဇ်နှင့် ကြယ်ဘီလူးတို့ ပြန်လာပြီး အမှောင်ညကျေးကျွန်များထံ ဝိုင်းရံနေသည်ကို မြင်လိုက်ရသည်။
တစ်ချိန်က မြေအောက်ကမ္ဘာဘုရင်၏ နောက်လိုက်များသည် ဤတစ်ကြိမ်တွင် ကံဆိုး မိုးမှောင်ကျသွားချေပြီ။
“ ဟမ့် ... ။ ”
ထိုအချိန်တွင် လူသူကင်းရှင်းသော ဒေသကြီးအလယ်ရှိ အုတ်ဂူကျောက်တိုင်နှင့် ခုနစ်ပေအကွာရှိ အနက်ဝတ်လူက ခေါင်းမော့ မျက်မှောင်ကြုတ်လိုက်၏။
“ ကျီးနက်လေးက ငါပေးထားတဲ့ လျှို့ဝှက်တံဆိပ်ကို အသက်သွင်းလိုက်တာလား ဘာဖြစ်ခဲ့တာလဲ။ ”
သူ့စကားဆုံးသည်နှင့် လေထုအလယ် လှိုင်းများတွန့်ခေါက်လျက် ငရဲကျီးကန်းပုံရိပ်မှာ ထင်ရှားလာချေပြီ။ ငရဲကျီးကန်းမျက်ဝန်းများက မရေမရာဖြစ်နေပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေရာမှ၊
“ အမှန်အတိုင်းပြောရရင် ဒီည ငါတို့ရဲ့စစ်ဆင်ရေး ကျရှုံးသွားပြီ။ ”
-ဟု ဝန်ခံလိုက်တော့သည်။
ထိုအဖြေကြောင့် အနက်ဝတ်လူ၏ မျက်ဝန်းများ အနည်းငယ်ကျဉ်းမြောင်းသွားပြီး၊
“ ငါ့ကို အသေးစိတ်ပြောပြပါ။ ”
-ဟု တောင်းဆိုလိုက်၏။
ငရဲကျီးကန်းမှ အသက်ပြင်းပြင်းရှူလျက် ယင်ယန်တောင်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြီး အကြောင်း ချက်ချင်းပြန်ပြောပြလေသည်။ အနက်ဝတ်လူက အံ့အားသင့်သွား၏။
“ ဝိညာဉ်တာအိုနယ်ပယ် လူငယ်လေးတစ်ယောက်က အရိုးဖြူဧကရာဇ် တို့လို ကြောက်စရာကောင်းတဲ့ သတ္တဝါတွေကို အမိန့်နာခံအောင် လုပ်နိုင်တာလား။ ”
“ ဟုတ်တယ် ... ဒီကောင်လေးက ရှေးဟောင်းစွေ့မျိုးနွယ်ကလာတာ ခရမ်းရောင် မြို့မှာ စုရွှမ်ကြွယ်ထားခဲ့တဲ့စွမ်းအားကို သုံးပြီး ငါတို့လုပ်ငန်းကို တစ်ကြိမ်ဖျက်ဆီးဖူးတယ်။ ”
စုရီအကြောင်းပြောနေစဉ် ငရဲကျီးကန်းတစ်ယောက် မုန်းတီးစွာဖြင့် အံကြိတ်လိုက်တော့၏။
“ စွေ့ မျိုးနွယ်ကလား။ ”
အနက်ဝတ်လူ၏ မျက်နှာတွင် မသေချာမရေရာမှုများဖြင့် တိတ်ဆိတ်သွားကာ အချိန်အတော်ကြာပြီးနောက် ခေါင်းခါလျက်၊
“ စွေ့မိသားစုမှာ ဒီလောက်စွမ်းအား မရှိသင့်ဘူး ... ။ ”
-ဟု မှတ်ချက်ပေးပြောကြားလိုက်သည်။ ငရဲကျီးကန်းမှ အံ့အားသင့်သွား၏။
“ ဒီကောင်လေးက စွေ့မိသားစုဝင် မဟုတ်ဘူးလို့ ဘာလို့ပြောနိုင်ရတာလဲ။ ”
အနက်ဝတ်လူက ခေါင်းညိတ်ပြီး၊
“ စုရွှမ်ကြွယ်ရဲ့ သတင်းအချို့ကို ငါကြားသိထားတယ် အဲဒီလူက တစ်ချိန်က အထွတ်အထိပ် ဧကရာဇ်တစ်ပါးပဲ ...
... ဒီလိုလူတစ်ယောက် ချန်ထားခဲ့တဲ့ တံဆိပ်စွမ်းအားဟာ ဝိညာဉ်တာအိုနယ်ပယ် တစ်စုံတစ်ဦး အသုံးပြုနိုင်တဲ့ အရာမျိုး မဟုတ်နိုင်ဘူး ...
... စုရွှမ်ကြွယ်က မသေခင်မှာ ပြန်လည်ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနေတယ်လို့ ပြောကြတာ အမှန်ပဲလား။ ”
ငရဲကျီးကန်းက ခေါင်းညိတ်လျက်၊
“ ဒါအမှန်ပါပဲ ဒီလိုကောလာဟလမျိုး ရှိခဲ့ပါတယ်။ ”
ထိုအဖြေကြောင့် အနက်ဝတ်လူ၏ အကြည့်က ခုနစ်ပေအကွာရှိ ကျောက်တိုင်ကို ပြန်လှည့်ကြည့်ကာ၊
“ အဲဒီတုန်းက သူလည်း ဒီမှားယွင်းစွာ သေဆုံးခြင်းမြို့ကို စွန့်စားဝင်ရောက်လာခဲ့တယ် မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်၏။ ငရဲကျီးကန်းက တွန့်ဆုတ်ခြင်းမရှိဘဲ၊
“ ဟုတ်တယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၆၀၀၀)လောက်က ငါအိပ်ပျော်နေတုန်းမှာ သူ ဒီကိုလာခဲ့ပါတယ် ... အာဏာပါးကွက်သား ... မင်းဘာလို့ရုတ်တရက် စုရွှမ်ကြွယ်အကြောင်း မေးနေရတာလဲ။ ”
အနက်ဝတ်လူ၏ မျက်လုံးများထဲတွင် ထူးခြားသော အကြည့်တစ်ခု ပေါ်လာတော့၏။ သူက အုတ်ဂူကျောက်တိုင်ထံစိုက်ကြည့်ပြီး၊
“ တကယ်သာ အမှန်ဆိုရင် ... အဲဒီစုရွှမ်ကြွယ်ဆိုသူက ဒီကျောက်တိုင်ဆီကို လာခဲ့လိမ့်မယ် ဒီကျောက်တိုင်ပေါ်က ...
... ပြန်လည်ဝင်စားခြင်းနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်ကို သူ နားလည်သွားခဲ့ပုံရတယ်လို့ ငါထင်တယ်။ ”
“ ပြန်လည်ဝင်စားခြင်းလား။ ”
ငရဲကျီးကန်းခမျာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး၊
“ အာဏာပါးကွက်သား ... မင်းပြောချင်တာက လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာက စုရွှမ်ကြွယ်မသေဘဲ ပြန်ဝင်စားခဲ့တာလို့ ပြောချင်နေတာလား။ ”
-ဟု အော်ဟစ်လိုက်၏။
“ ဟား ဟား ဟား ... အရင်က ငါလည်းအံ့သြခဲ့တယ် ဝိညာဉ်တာအိုနယ်ပယ် လူငယ်တစ်ယောက်က စုရွှမ်ကြွယ်ချန်ထားခဲ့တဲ့ တံဆိပ်စွမ်းအားကို ဘယ်လိုလုပ် အသုံးချနိုင်မှာလဲ ...
... ပြီးတော့ အရိုးဖြူဧကရာဇ်လို ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေအပေါ် ဘယ်လိုများ အမိန့်ပေးနိုင်မှာလဲ ... အခု မင်းနားလည်ပြီထင်တယ် ... ။ ”
အနက်ဝတ်လူမှ စိတ်လှုပ်ရှားစွာဖြင့် ပြောကြားလာ၏။ ငရဲကျီးကန်းခမျာ ချက်ချင်း တုန်ယင်သွားပြီး၊
“ ဒါဆို ... ဒီမြေအောက်ကမ္ဘာမှာ ပြန်ဝင်စားခြင်းရဲ့လျှို့ဝှက်ချက်က တကယ်ပဲ ရှိနေခဲ့တာပေါ့။ ”
-ဟု ပြန်မေးသည်။ အာဏာပါးကွက်သားက တုန့်ပြန်ခြင်း မပြုတော့ချေ။ ကျောက်တိုင်ထံသို့ စိတ်ဝင်တစားကြည့်နေ၏။
“ အာဏာပါးကွက်သား ... စွေ့မိသားစုဝင် ကောင်လေးက စုရွှမ်ကြွယ်ပြန်ဝင်စားခဲ့တာလို့ မင်းပြောနေတာလား။ ”
ငရဲကျီးကန်းခမျာ လုံးဝ စိတ်လှုပ်ရှားနေသည်။ ဤသတင်းသည် မည်မျှ အံ့ဖွယ်ကောင်းနေသည်ကို သူအသိဆုံးဖြစ်၏။ အနက်ဝတ်လူမှ သူ့ထံလှည့်ကြည့်ကာ၊
“ မဟုတ်ရင် ... သူ ဘယ်လိုလုပ်ပြီး စုရွှမ်ကြွယ်ဘဝကချန်ခဲ့တဲ့ တံဆိပ်စွမ်းအားကို အသုံးချနိုင်မှာလဲ ... ပြီးတော့ အဲဒီကြောက်စရာ ကောင်းတဲ့ သတ္တဝါတွေကို တိုက်ခိုက်ဖို့ ဘယ်လိုလုပ် အမိန့်ပေးနိုင်မှာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
ထို့နောက် အနက်ဝတ်လူက ပြုံးရွှင်လျက် ရတနာတစ်ပါး တွေ့ရှိသကဲ့သို့ ကျောက်တိုင်ထံ ပြန်ကြည့်လိုက်သည်။ ဤကိုးနှစ်ကာလသည် အချည်းအနှီး မဖြစ်တော့ချေ။
“ ဒါ … ။ ”
ငရဲကျီးကန်းခမျာ နှလုံးသားတုန်ခါလျက် တည်ငြိမ်အောင် မထိန်းနိုင်တော့ချေ။ ရုတ်ချည်း အရာအားလုံး ပြန်သတိရသွား၏။
စွေ့မိသားစုဘိုးဘေး စွေ့လုံရှင်းသည် စုရွှမ်ကြွယ်၏ သူငယ်ချင်းဟောင်းတစ်ယောက် ဖြစ်ကြောင်း လူတိုင်းသိသည်။
မြွေတစ္ဆေမျိုးနွယ်၏ ရီယုနှင့်လည်း စုရွှမ်ကြွယ်မှာ မရေရာဆက်ဆံရေးလည်းရှိ၏။ အလားတူပင် မှားယွင်းစွာ သေဆုံးခြင်းမြို့သို့ စွန့်စားဝင်ရောက်စဉ် ထိုနတ်ဆိုးများကို အနိုင်ယူခဲ့သည်။
ယခုအခါ ထိုလူငယ်သည် စုရွှမ်ကြွယ် ချန်ထားခဲ့သောတံဆိပ်ကိုအသုံးပြုပြီး မြွေတစ္ဆေ မျိုးနွယ်စု၏ ကာကွယ်သူစိတ်ဝိညာဉ်ဖြင့် ခရီးအတူထွက်လာ၏။
အရိုးဖြူဧကရာဇ်ကဲ့သို့သော တားမြစ်နယ်မြေအသီးသီး၏ အုပ်စိုးရှင်များမှာ သူ့အမိန့်ကို နာခံသည်။
ထိုအကြောင်းအရာများကို စဉ်းစားမိသောအခါ ဦးရေပြားများကျိန်းစပ်ပြီး တုန်ယင်သွား၏။
“ ဒီလူယုတ်မာလေးက မာနကြီးပြီး ငါ့ရဲ့အစီအစဉ်တွေကို အကြိမ်ကြိမ်ဖျက်ဆီးတာ အံ့သြစရာမရှိတော့ပါဘူး ... သူ တကယ်ပဲ တစ်ချိန်က ဘီလူးတစ်ကောင်ပဲ။ ”
ဤအချိန်တွင် ငရဲကျီးကန်းသည် အတွေးထဲတွင် နစ်မြုပ်သွားပြီး စိတ်ဓာတ်ကျ သွားတော့သည်။ ပြိုင်ဘက်သည် အစွမ်းထက် လွန်းချေပြီ။
“ ကျီးကန်းလေး၊ မင်း အခုမှ သဘောပေါက်လာလား နောက်ကျသွားပြီလို့ မထင်ဘူးလား။ ”
ထိုစဉ် ရုတ်တရက် တည်ငြိမ်သော အသံနှင့်အတူ မိုးကုပ်စက်ဝိုင်းမှ အရိပ်တစ်ရိပ် ထွက်ပေါ်လာသည်။ ဤသည်မှာ မျက်ခုံးဖြူ သားရဲကို စီးနင်းလျက် စုရီဖြစ်၏။
ငရဲကျီးကန်းက နီရဲနေသော မျက်ဝန်းများဖြင့် ပြန်လည်စိုက်ကြည့်နေပြီး၊
“ လူယုတ်မာလေး တကယ်ပဲ မင်းကစုရွှမ်ကြွယ်လား။ ”
-ဟု အတည်ပြုချက်တောင်း၏။
မျက်ခုံးဖြူသားရဲက အဘိုးကြီးအဖြစ် ပြောင်းလဲပြီး စုရီနှင့်အတူမြေပြင်ပေါ်ဆင်းသက် လာခဲ့သည်။ တစ်ဆက်တည်းမှာပင် လှောင်ပြောင်လိုသော အသွင်ဖြင့်၊
“ လင်းနို့လိုမျက်ကန်းကောင် မင်းက ဆရာစုကိုတောင် မသိနိုင်ဘဲနဲ့ ... ကိုယ့်ကိုယ်ကို ငရဲသံတမန်လို့ ခေါ်ဝံ့သလား ငါ့အမြင်အရတော့ မင်းနာမည်ကို မျက်မမြင်လင်းနို့အဖြစ် ပြောင်းလဲသင့်နေပြီ။ ”
-ဟု တုန့်ပြန်အော်ဟစ်လိုက်၏။
မျက်ခုံးဖြူ အဖိုးအို၏ လှောင်ပြောင် အော်ငေါက်ခံရသောအခါ ငရဲကျီးကန်းခမျာ မျက်နှာပျက်ယွင်းသွား၏။
ယခင်နှိမ့်ချလှောင်ပြောင်ခဲ့သော ပြိုင်ဘက်သည် ကောင်းကင်တွင် နေမင်းကြီး တစ်စင်းလို တောက်ပခဲ့သည့် ခေတ်တစ်ခု၏ ဒဏ္ဍာရီတစ်ပါးဖြစ်နေချေပြီ။ လုံးဝ မမျှော်လင့်ထားချေ။
“ ဒီမှာနေပါ ... လိုက်မလာနဲ့ ... မဟုတ်ရင်အဲဒီအုတ်ဂူရဲ့ စွမ်းအားကြောင့် မင်းကိုသေတဲ့အထိ ဖိနှိပ်ခံရလိမ့်မယ်။ ”
“ ဟုတ်ကဲ့ နားလည်ပါပြီ ဆရာစု။ ”
စုရီက မျက်ခုံးဖြူအဖိုးအိုကို သတိပေးလိုက်လေသည်။ မျက်ခုံးဖြူအဖိုးအိုမှ ဦးညွှတ်လျက် နာခံမှုရှိစွာခေါင်းညိတ်ပြ၏။
ထိုမြင်ကွင်းက ငရဲကျီးကန်း၏ မျှော်လင့်ချက်ကို လွင့်ပါးသွားစေတော့သည်။ ဤကျောက်စိမ်းဝတ်လူငယ်သည် အမှန်ပင် စုရွှမ်ကြွယ်ဖြစ်ချေ၏။
အဘယ့်ကြောင့်ဆိုသော် အတိတ်ကာလများတွင် စုရွှမ်ကြွယ်သည်သာ ဤအရှက်မဲ့သော မျက်ခုံးဖြူနတ်ဆိုးကြီးကို လုံးဝနှိမ်နင်းနိုင်သည်။ သို့သော် ... ။
“ အဘိုးကြီးစု၊ မင်းအဲဒီတုန်းက ဘယ်လောက်ဘုန်းကြီးခဲ့လဲ ... ဒါပေမယ့် အခု မင်းကဝိညာဉ်တာအိုနယ်ပယ်မှာ အားနည်းတဲ့ ပုရွက်ဆိတ်လေးပဲ ...
... မင်းအတွက် တခြားသူတွေရဲ့ အကူအညီလိုအပ်နေပြီမဟုတ်လား ... ငါမင်းကို လက်ချောင်းတစ်ချောင်းတည်းနဲ့ ချေမှုန်းနိုင်ပါတယ်။ ”
ငရဲကျီးက ဒေါသနှင့် အမုန်းတရားများ တောက်လောင်လျက် မာနထောင်လွှားလာ၏။ သူ့အမြင်၌ ဤစုရီသည် အားနည်းနေကြောင်း သေချာချေပြီ။ ထို့ကြောင့်သာ တိုက်ပွဲအတွင်း ဘေးမှထိုင်ကြည့်နေခြင်းဖြစ်၏။
“ ငါ့ရဲ့ ကျင့်ကြံမှုက တကယ်ကို အားနည်းပေမယ့် ဒီတားမြစ်နယ်မြေမှာ မင်းနဲ့ ဆက်ဆံရတာ လက်ဖဝါးကို မှောက်လှန်လိုက် သလို လွယ်ကူပါတယ် ...
... ဒီတစ်ခါ ကံကြမ္မာစက်ဝန်းစွမ်းအားကို သုံးခဲ့ရင်တောင် မင်းကိုယ်မင်း ကယ်တင်နိုင်မှာ မဟုတ်တော့ဘူးဆိုတာ ငါ အာမခံနိုင်တယ်။ ”
တစ်ဖက်လူ၏ တည်ငြိမ်လွန်းသော တုန့်ပြန်မှုကြောင့် ငရဲကျီးကန်းတစ်ယောက် ပတ်ဝန်းကျင်သို့ ချက်ချင်းဝေ့ကြည့်သည်။
စုရီတွင် မျက်ခုံးဖြူအဖိုးကြီး တစ်ယောက်တည်းသာ ပါရှိကြောင်း သေချာ၏။ ထိုမျှဖြင့် အဘယ့်ကြောင့် ရဲရင့်နေသည်ကို နားမလည်နိုင်တော့ချေ။
“ ကျီးကန်းလေး ... ငါတာအိုစုနဲ့ စကားတစ်ခွန်းလောက် ပြောပါရစေ။ ”
ထိုစဉ် ဘေးမှစောင့်ကြည့်နေသော အနက်ဝတ်လူက ပြောကြားလာ၏။
“ ဟမ့် ... မင်းက ဆရာစုနဲ့ စကားပြောရအောင် ... မင်းကိုယ်မင်း ဘယ်သူ ထင်နေတာလဲ။ ”
မျက်ခုံးဖြူအဖိုးကြီးက အဝေးမှနေပြီး မျက်နှာလိုမျက်နှာရ လှောင်ပြောင်လိုက်သည်။ ငရဲကျီးကန်းက ဒေါသတကြီးရယ်၏။
“ ဟား ဟား ဟား ... မျက်ခုံးဖြူကြီး၊ မင်းအခုဘယ်သူနဲ့ စကားပြောနေတာလဲဆိုတာ မင်းသိရဲ့လား ... သူက ငါ့သခင်ရဲ့မိတ်ဆွေ ... အာဏာပါးကွက်သားပဲ ...
... ကြယ်တွေပြည့်နှက်နေတဲ့ ကောင်းကင်ကြီးရဲ့ အနက်ရှိုင်းဆုံးနေရာကနေ လာခဲ့တာ ... မင်းလိုလူကို သတ်ပစ်ဖို့ဆိုတာ ကြက်သတ်သလို အရမ်းလွယ်ကူတယ်။ ”
“ သူက ကြယ်တွေပြည့်နေတဲ့ ကောင်းကြီးကနေ လာတာလား။ ”
မျက်ခုံးဖြူအဖိုးကြီးခမျာ အံ့အားသင့်သွားသည်။ ထိုအရပ်ကို သူ မသိချေ။ ဤလူသည် မည်သူနည်း။ ငရဲဘုရင်၏ မိတ်ဆွေသည်လော။ မည်မျှ အစွမ်းထက်သနည်း။
စုရီသာလျှင် မျက်ခုံးပင့်လျက် အနက်ဝတ်လူထံ ပြန်ကြည့်လိုက်လေသည်။ ထို့ကြောင့်ပင် ဤလူကို မြင်ချိန်၌ အနည်းငယ် ရင်းနှီးသောခံစားချက်မျိုး ရရှိနေခြင်းဖြစ်၏။
***
အခန်း ၇၄၀ -
ငါက အုပ်စိုးရှင်ပဲ ... ဒူးထောက်ပါ။
အာဏာပါးကွက်သားဟူသည့် အမည်ကိုကြားရုံဖြင့် ရာထူးတစ်ခုမျှဖြစ်ကြောင်း နားလည်နိုင်မည်။ အစောပိုင်းခံစားလိုက်ရသော ရင်းနှီးမှုဟူသည် ကြယ်တာရာထောင်မှူးများ၌ တွေ့ရှိရသော မဟာတာအိုကပ်ဘေး ရောင်ဝါပေပင်။
ဆိုလိုသည်မှာ ဤလူသည် ရှေးဟောင်း အမှောင်တားမြစ်ဥပဒေကို နားလည်နေခဲ့သော ကောင်းကင်တာအိုဂိုဏ်းမှလာခြင်းဖြစ်၏။
“ ပြောပါဦး မင်းဘာအကြောင်း ပြောချင်တာလဲ။ ”
စုရီက ချက်ချင်း စိတ်ဝင်စားလာသည်။ အနက်ဝတ်လူက ပြုံးလျက်၊
“ ဒီအုတ်ဂူကျောက်တိုင်အကြောင်း ပြောကြရအောင် ... ငါသိသလောက် ဒီနေရာက ရှေးခေတ်က မရဏကမ္ဘာကြီးကို အုပ်ချုပ်ခဲ့တဲ့ နောက်ဆုံးမရဏကမ္ဘာဧကရာဇ်ရဲ့ ...
... ပြန်လည်ဝင်စားခြင်းနဲ့ ဆက်စပ်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေခဲ့တယ် မဟုတ်လား မင်းရဲ့ဝေမျှမှုအချို့ကို ကြားချင်ပါတယ်။ ”
ထိုစကားသည် မျက်ခုံးဖြူအဖိုးအိုနှင့် ငရဲကျီးကန်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။ ဤလောကတွင် မည်သူမဆို လူဝင်စားခြင်း၏ လျှို့ဝှက်ချက်များအပေါ် လျစ်လျူမရှုဝံ့ချေ။
စုရီက ပြန်မဖြေဘဲ၊
“ မင်းတခြားဘာတွေသိသေးလဲ။ ”
-ဟု မေးလိုက်၏။
“ တာအိုမိတ်ဆွေ ... မင်းနဲ့ ဆုံတွေ့ပြီးတဲ့နောက် လူဝင်စားခြင်းဆိုတာဟာ တကယ်ရှိတယ်ဆိုတာ သေချာသွားပြီ အထူးသဖြင့် မရဏကမ္ဘာမှာ။ ”
“ ဒါဆိုမင်းက ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကြီးကနေလာတာ မရဏကမ္ဘာရဲ့ လူဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို စူးစမ်းဖို့လား။
“ ဟုတ်တယ် ... ။ ”
“ ကြယ်တာရာထောင်မှူးတွေနဲ့ မင်းနဲ့ဘယ်လိုပတ်သတ်လဲ။ ”
ဤတစ်ကြိမ်၌ အနက်ဝတ်လူက ချက်ချင်းပြန်မဖြေဘဲ မျက်မှောင်ကြုတ်ခဲ့သည်။ တစ်ဖက်လူသည် စကားဝိုင်း၏အဟုန်ကို စီးမိုးထားနိုင်ချေပြီ။
“ ကောင်းပြီ ... ငါ့မေးခွန်းတွေကို မင်းဖြေနိုင်ရင် ဒီကိစ္စကို မင်းနဲ့ဆွေးနွေးပေးဖို့ အနှောက်အယှက်ဖြစ်မှာ မဟုတ်ဘူး။ ”
“ အဲဒီအုတ်ဂူကျောက်တိုင်မှာ မြေအောက်ကမ္ဘာဧကရာဇ် ရေးထွင်းထားတဲ့ ဝင်စားခြင်း နည်းလမ်းခြောက်သွယ်လို့ခေါ်တဲ့ တာအိုကျမ်းကြီးတစ်ခုရှိတယ်။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြောပြလိုက်၏။ အနက်ဝတ်လူ၏ မျက်ဝန်းများ တောက်ပသွား တော့သည်။ မျက်ခုံးဖြူအဖိုးအိုနှင့် ငရဲကျီးကန်း တို့သည်လည်း စိတ်လှုပ်ရှားလာ၏။
သူတို့နှစ်ဦးသည် မှားယွင်းစွာ သေဆုံးခြင်းမြို့၌ သူတို့အားလုံးကို နှစ်များစွာ ဖိနှိမ်ထားသည့် ထိုအုတ်ဂူကျောက်တိုင်တွင် ဤမျှစွာသောအံ့သြဖွယ် လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်း မသိခဲ့ကြချေ။
“ ဒါဆို ... မင်းအရင်ဘဝတုန်းက အဲဒီတာအိုကျမ်းကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ခဲ့ပြီး ပြန်လည်ဝင်စားခြင်းရဲ့ လျှို့ဝှက်ချက်တွေကို နားလည်ခဲ့တာလား။ ”
စုရီကပြုံးပြီး ကုလားထိုင်ကို ထုတ်ယူလျက် သက်တောင့်သက်သာဖြင့် ထိုင်ချလိုက်၏။
“ ငါ့မေးခွန်းကို အရင်ဖြေဦး ... မင်းရဲ့ဂိုဏ်းအကြောင်း အရင်ပြောပြတာ အကောင်းဆုံးပါပဲ။ ”
အနက်ဝတ်လူက မျက်ခုံးပင့်လိုက်သည်။ တစ်ဖက်လူထံမှ သတင်းအချက်အလက်များကို ရယူလိုသော် လျှို့ဝှက်ချက်တချို့ပေးရချေမည်။
ဖြစ်နိုင်ပါက ဤလူငယ်ကို ချက်ချင်း ဖမ်းဆီးကာဝိညာဉ်ရှာဖွေလို၏။ သို့သော် ကိုးနှစ် အတွင်း ကျောက်တိုင်နှင့် (၇)ပေအကွာသို့သာ ရောက်ရှိနိုင်ခဲ့သဖြင့် သည်းခံလိုက်ရသည်။
“ ငါ့ဂိုဏ်းက ကောင်းကင်ကိုးပါး နန်းတော်လို့ခေါ်တယ် အာဏာပါးကွက်သား ဆိုတာ ငါ့ရာထူးပဲ ... မင်းပြောတဲ့ ကြယ်တာရာ ထောင်မှူးဆိုတာ ငါနဲ့ဂိုဏ်းတူတွေပဲ။ ”
“ ကောင်းကင်ကိုးပါးနန်းတော်လား။ ”
စုရီက မျက်ခုံးပင့်လိုက်၏။
“ မင်းတို့ဂိုဏ်းကို ကောင်းကင်တာအို ဂိုဏ်းလို့ ထင်နေတာ အတွေးလွန်သွားပုံရတယ် တကယ်တော့ ဒီလောကမှာ ဘယ်သူတွေများ ကောင်းကင်တာအိုဂိုဏ်းလို့ ခံယူရအောင် မာနကြီးဝံ့မှာလဲ။ ”
အနက်ဝတ်လူက အံ့အားသင့်သွားကာ၊
“ ဘာလို့ ကောင်းကင်တာအိုဂိုဏ်းလို့ ထင်ရတာလဲ။ ”
-ဟု ပြန်မေး၏။
“ အဲဒီတုန်းက ကောင်းကင်ဘုံကိုယ်စား တရားမျှတမှုကို ပေးမယ်ဆိုတဲ့ ဆောင်ပုဒ်လေး တစ်ခု ကြားထားမိလို့ပါ။ ”
ဤစကားသည် စမ်းသပ်မှုတစ်ခုဖြစ်၏။ အနက်ဝတ်လူက ခဏတိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ပြကာ၊
“ မင်း အများကြီးသိတယ်ဆိုတာ ရှင်းနေတာပဲ ဒါပေမယ့် ငါ့ဂိုဏ်းရဲ့ကိစ္စတွေကို ဝင်မစွက်ဖက်ဖို့ အကြံပေးမယ်။ ”
-ဟု တုန့်ပြန်လာသည်။ ထို့နောက်၊
“ အခု မင်းဖြေရမဲ့ အလှည့်ရောက်ပြီ။ ”
“ အဲဒီအုတ်ဂူထဲက ပြန်ဝင်စားခြင်း နည်းလမ်းခြောက်သွယ်ကျမ်းမှာ ဝင်စားခြင်းနဲ့ ဆက်စပ်နေတဲ့ သဲလွန်စတချို့ကို မှတ်တမ်း တင်ထားပေမယ့် အဓိကမဟုတ်ဘူး။ ”
“ ဟုတ်လား ... အဲဒီလိုဆိုရင် ပြန်ဝင်စားခြင်းလျှို့ဝှက်ချက်ကို ဒီမြေအောက် ကမ္ဘာရဲ့ အခြားနေရာမှာ ဝှက်ထားသလား။ ”
“ မှန်တယ် ... ။ ”
“ ဘယ်မှာလဲ ... ။ ”
အနက်ဝတ်လူက စိတ်လှုပ်ရှားလာ၏။
“ မင်းက မြေအောက်ကမ္ဘာငရဲဘုရင်ရဲ့ သူငယ်ချင်းဟောင်းတစ်ယောက် ဘယ်လိုများ ဖြစ်လာတာလဲ အရင်ပြောပါ။ ”
အနက်ဝတ်လူက အနည်းငယ် မျက်မှောင်ကြုတ်သည်။ သူ့ စိတ်ရှည်သည်းခံမှု ကုန်ဆုံးလုနီးပါးဖြစ်လာ၏။ သို့သော် ရွေးချယ်စရာ မရှိချေ။
“ ကျီးကန်းလေး၊ မင်းပြောပြလိုက်။ ”
“ မဟုတ်ဘူး ငါမင်းကိုမေးနေတာ။ ”
စုရီက ခေါင်းခါပြ၏။ ယင်းကြောင့် အနက်ဝတ်လူသည် အသက်ပြင်းပြင်းရှူကာ စိတ်လျော့ချလိုက်သည်။
“ ကောင်းပြီ ... ငါပွင့်ပွင့်လင်းလင်း ပြောပြမယ် လက်ရှိမရဏကမ္ဘာရဲ့ ငရဲဘုရင် ဆိုသူဟာ ငါ့တို့ဂိုဏ်းရဲ့အကြီးအကဲပဲ ... သူက ဒီမရဏကမ္ဘာရဲ့ ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်ကို ရှာဖွေဖို့လာတာ ...
... အဲဒါကြောင့် မူလ မြေအောက်ကမ္ဘာငရဲဘုရင်ရဲ့ ရန်သူတစ်ဦး ဖြစ်သွားရခဲ့တာပဲ ... ။ ”
မျက်ခုံးဖြူအဖိုးကြီးမှာ မျက်လုံးပြူး သွားတော့၏။ လက်ရှိငရဲဘုရင်သည် များစွာပင် တန်ခိုးကြီးသည်။ ထိုစဉ်က ငရဲနန်းတော်သခင်မှ သူ့ကိုနှိမ်နင်းရန် အလွန်ကြီးမားသောတန်ဖိုးကို ပေးဆပ်ခဲ့ရသည်ဟု ကြားဖူး၏။
(ငရဲနန်းတော်သခင်- မူလမရဏကမ္ဘာ ငရဲဘုရင်။)
သည်ပြင် လက်ရှိမရဏကမ္ဘာဘုရင်သည် ကြယ်များပြည့်နှက်နေသည့် ကောင်းကင်ကနေ လာခဲ့သည်ကို မမျှော်လင့်ထားချေ။
ထိုသတင်းသည်သာ ပျံ့နှံ့သွားသော် လူတိုင်းတုန်လှုပ်နိုင်သည်။ စုရီသည်ပင် အံ့သြ သွားတော့၏။
“ မင်းတို့ငရဲဘုရင် ပိတ်မိနေကြောင်း သိနေတာတောင် ဘာလို့များကောင်းကင်ကိုးပါး နန်းတော်ကနေ မကယ်တင်ရတာလဲ။ ”
အနက်ဝတ်လူက သက်ပြင်းချပြီး၊
“ အကြောင်းပြချက်တွေက အချိန်တိုအတွင်းရှင်းပြဖို့ ရှုပ်ထွေးလွန်းပါတယ် မင်းနားထောင်ချင်ရင် ငါ့မေးခွန်းကို အရင်ဖြေမှရမယ်။ ”
“ မဟုတ်ဘူး ... ဒီကစားနည်းကို ငါတ်မဝင်စားတော့ဘူး မင်းကိုဖမ်းပြီးတော့ပဲ စစ်မေးတော့မယ်။ ”
“ ဟားဟားဟား ... အဖိုးကြီးစု ... မင်းရဲ့ကျင့်ကြံမှုနဲ့ အာဏာပါးကွက်သားကို ဖမ်းဖို့စိတ်ကူးယဉ်နေတာလား ဘယ်လို ဟာသမျိုးလဲ။ ”
ငရဲကျီးကန်းက သည်းမခံနိုင်တော့ချေ။ ဤလူသည် မောက်မာလွန်းနေ၏။ ယခုထိပင် ထိုင်ရာမှ မထသေးချေ။ အနက်ဝတ်လူက မျက်မှောင်ကြုတ်လာပြီး၊
“ ဟုတ်လား ... ဒါဆိုပြန်ဝင်စားလာတဲ့ တစ်ချိန်က ဧကရာဇ်တွေရဲ့ဘုရင်စုရွှမ်ကြွယ် ဘယ်လောက်အစွမ်းထက်လဲ မြင်ပါရစေ။ ”
စကားဆုံးသည်နှင့် သတ်ဖြတ်လိုသော ရည်ရွယ်ချက် ကောင်းကင်ပေါ်ပျံတက်လာ၏။ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းသည့် သိပ်သည်းမှုပေပင်။
အရိုးဖြူဧကရာဇ်နှင့် ကြယ်ဘီလူးတို့ ကဲ့သို့သော ထိပ်တန်းမိစ္ဆာအိုကြီးများသည်ပင် ဤမျှသိပ်သည်းခြင်းမရှိချေ။
“ အဖိုးကြီးစု အဲဒီမှာထိုင်မနေနဲ့ မင်းရဲ့ ဝိညာဉ်တာအိုနယ်ပယ်ကျင့်ကြံမှု ဘယ်လောက် အစွမ်းထက်လဲ မြင်ပါရစေ ဟားဟားဟား။ ”
ငရဲကျီးကန်းမှ ပြုံးရွှင်လာ၏။ အာဏာပါးကွက်သားက သင်ခန်းစာတစ်ခု သင်ပေးပေတော့မည်။ အနက်ဝတ်လူက ပြုံးပြပြီးလက်ဝှေ့ယမ်းကာ၊
“ ကျီးကန်းလေး မင်းအဲဒီလိုမပြောနဲ့ တာအိုစုဆိုတာ အဲဒီတုန်းကဘုန်းကြီးခဲ့ပါတယ် အခု သူ့မှာ ထူးခြားတဲ့ကျင့်ကြံမှုခွန်အားနဲ့ မွေးဖွားလာတာ လျှော့တွက်လို့မရဘူး။ ”
-ဟု ပြောကြားလိုက်သည်။
သူ့စကားများသည် ပေါ့ပေါ့ပါးပါးဖြင့် နှိမ့်ချလှောင်ပြောင်လိုသော အသံမျိုးပါရှိချေ၏။ မျက်ခုံးဖြူအဖိုးအိုသည် စုရီကို စိုးရိမ်စွာ ပြန်ကြည့်လာလေသည်။
တစ်ဖက်တွင် အနက်ဝတ်လူသည် ကိုးနှစ်နီးပါးကြိုးစားထားသော ခရီးကိုစွန့်ရန် အနည်းငယ် တုန့်ဆိုင်းနေ၏။ ကျောက်တိုင်သို့ ရောက်ရန် (၇)ပေသည် သုံးနာရီအတွင်း ရောက်ရှိနိုင်ပေမည်။
သို့သော် အဆုံး၌ တစ်ဖက်လူသည် မောက်မာလွန်းနေသဖြင့် သည်းခံနိုင်စွမ်းများ ကုန်ဆုံးသွား၏။ မည်သို့ပင်ဆိုစေကာမူ စုရီသည် ပြန်လည်ဝင်စားခြင်းအကြောင်း နားလည်ထားရာ အရှုံးမရှိနိုင်ချေ။
အတွေးနှင့် မျက်ဝန်းများ လင်းလက် တောက်ပလာကာ အုတ်ဂူကျောက်တိုင်ဖြင့် ဝေးရာသို့ ဆုတ်ခွာ၏။ တစ်ချိန်တည်းမှာပင် သူ့ရောင်ဝါသည်လည်း မြင့်တက်လာသည်။
“ ဒါဆို အာဏာပါးကွက်သားက ရွှမ်ဟဲအဆင့်ကို ဝင်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပဲ ... ။ ”
ငရဲကျီးကန်းခမျာ အံ့အားသင့်သွား၏။ တစ်ဖက်လူနှင့်ဆုံတွေ့စဉ်က ဤကျောက်တိုင် အနားတွင် ဖြစ်သည်။ ထိုစဉ်က ကျင့်ကြံမှုသည် ကျောက်တိုင်၏ ဖိနှိမ်ခြင်းခံထားရ၏။ ဤမျှ ကြောက်စရာကောင်းမှန်း မသိခဲ့ချေ။
လက်ရှိမရဏကမ္ဘာတွင် ရွှမ်ယုအဆင့် ပြီးပြည့်စုံမှုတွင် ရှိနေသောလူတစ်ယောက်သည် စစ်မှန်သော အုပ်စိုးရှင်ပေပင်။ ပြိုင်ဘက်ကင်း နေပြီဖြစ်၏။
မျက်ခုံးဖြူအဖိုးကြီးမှာ ခန္ဓာကိုယ် တောင့်တင်းသွားပြီး တံတွေးများမျိုချမိသည်။ သူ့အတွက်ပင် တစ်ဖက်လူသည် ကြောက်စရာ ကောင်းချေ၏။ ဆရာစုအတွက်မူ ဆိုဖွယ် မရှိတော့ချေ။
အထူးသဖြင့် နားမလည်နိုင်သော အနက်ရောင်အရှိန်အဝါများ ပါရှိနေခြင်းပေပင်။ ဤသည်မှာ မဟာတာအိုကပ်ဘေးစွမ်းအား ဖြစ်ချေပြီ။ ကမ္ဘာပေါ်ရှိ ဧကရာဇ်များအတွက် အန္တရာယ်အပေးနိုင်ဆုံးဖြစ်၏။
စုယီသာလျှင် တည်ငြိမ်နေခဲ့သည်။ ဤအာဏာပါးကွက်သားသည် ကြယ်တာရာ ထောင်မှူးများထက် အဆပေါင်းများစွာ သာလွန်ကြောင်းမြင်နိုင်၏။
ထောင်မှူးများသည် ရွှမ်ယုအဆင့်သာ ရှိသည်။ ကျောက်တိုင်နှင့် ပေသုံးဆယ်အကွာသို့ ဆုတ်ခွာလာပြီးနောက် အနက်ဝတ်လူအပေါ် ဖိနှိပ်မှုစွမ်းအားများ ပါးလျလာ၏။
ရောင်ဝါသည် ထုတ်လွှတ်လိုက်သကဲ့သို့ မယုံနိုင်လောက်အောင် ပေါက်ကွဲထွက်လာ၏။ ထို့နောက် စုရီထံမျှော်ကြည့်ကာ၊
“ တာအိုစု ... မင်းအသင့်ဖြစ်ပြီလား။ ”
-ဟု မေးမြန်းလိုက်သည်။
တစ်ဖက်လူသည် ထိုင်ရာမှပင် မထသေးချေ။
“ ငါ မင်းကိုပြောဖို့ မေ့သွားတယ်၊ ဒီတားမြစ်နယ်မြေအတွင်းမှာ ငါကအုပ်စိုးရှင်ပဲ ဒါကြောင့် ဒူးထောက်ပြီးသနားခံပါ။ ”
စုရီက ပြုံးလျက် တည်ငြိမ်သောအသံနှင့် ပြောကြားလိုက်သည်။ ထို့နောက် ထိုင်လျက်ဖြင့် ညာလက်ကိုမြှောက်ကာ ဖိချလိုက်တော့၏။
***
အခန်း ၇၄၁ -
စိတ်ပျက်အားငယ်ခြင်း ... ။
“ ဘရူး ... ။ ”
စုရီက လေထုအလယ် လက်ဖြင့် ဖိချလိုက်သောအခါ လုံးဝငြိမ်သက်နေခဲ့သည့် ဂူကျောက်တိုင်သည် ချက်ချင်းတုန်ခါလာ၏။ မျက်နှာပြင်ပေါ်တွင် ထူးဆန်းပြီး စူးရှသော တာအိုအလင်းများ အသက်ဝင်ကုန်သည်။
တိတ်ဆိတ်နေခဲ့သော ဒေသကြီးသည် တာအိုတေးသံများ တိုးညှင်းစွာပဲ့တင်လျက်ဖြင့် တုန်ခါလာတော့၏။
“ ဒါ … ။ ”
အနက်ဝတ်လူ၏ မျက်ဝန်းများ မှေးစင်းသွားကာ မာနကြီးပြီး အထိန်းအကွပ်မဲ့ အမူအရာများတွင် အနည်းငယ်မျှသံသယများ ထင်ဟပ်လာချေပြီ။
“ သွား ... ။ ”
တုန့်နှေးခြင်းမရှိ စုရီလက်ဖဝါးကို တုန့်ပြန်ရန်ပြင်လိုက်၏။ လက်ချောင်းများကြား မီးခိုးရောင်ကြိုးမျှင်များပေါ်လာပြီး ဓားအဖြစ် ဖွဲ့စည်းသွားသည်။
“ ခရစ် ... ။ ”
ဓားအလင်း သွားရာလမ်းတလျှောက် လေဟာနယ်သည် မှန်တစ်ချပ်လိုကွဲကြေလျက် ပျက်စီးခြင်းများ လိုက်ပါသွားခဲ့၏။
ချက်ချင်းပင် မှောင်မိုက်သွားကာ ကြောက်စရာကောင်းတဲ့ ကပ်ဘေးကြီးတစ်ခု ဆင်းသက်လာသကဲ့သို့ တာအိုကျက်သရေများ ပျက်ပြယ်ကုန်လေသည်။
ငရဲကျီးကန်းသည် ထိုမြင်ကွင်းကို မြင်ပြီးနောက် ဖိအားများတွန်းလှန်နိုင်ရန် သူ့ ကျင့်ကြံမှုအား အသက်သွင်းလိုက်ရသည်။ သို့တိုင် အသက်ရှူကြပ်နေဆဲ ပေပင်။
“ ဘယ်လို စွမ်းအားကြီးလဲ။ ”
မျက်ခုံးဖြူအဖိုးအိုမှ ထိတ်လန့်သွားပြီး အဝေးသို့ဆုတ်ခွာလျက် အာကာသပြင်ကိုခွဲကာ ထွက်ပြေးရန် ပြင်လိုက်၏။
“ ဝုန်း ... ။ ”
ဓားသည် လက်ဖဝါးကို ထိမှန်ကာ ပေါက်ကွဲသွားသည်။ ဖျက်ဆီးခြင်းစွမ်းအားမှာ လှိုင်းအဖြစ် ဆက်၍ပြေးဝင်တော့၏။ သို့သော် စုရီနှင့်ဆယ်ပေအကွာသို့ ရောက်ရှိသောအခါ ပျက်ပြယ်သွားခဲ့ချေပြီ။
“ ..... ။ ”
အနက်ဝတ်လူမှ မျက်ခုံးပင့်လိုက်သည်။ ထူးဆန်းသောစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး သူ့စွမ်းအင်ကို ချေမွသွားကြောင်း ခံစားရ၏။
ဤသည်မှာ မရဏကမ္ဘာကြီး၏ မူလတာအိုစွမ်းအား တစိတ်တပိုင်းဖြစ်ချေပြီ။ ဆိုလိုသည်မှာ စုရီသည် ကျောက်တိုင်ကို ထိန်းချုပ်နိုင်နေ၏။ ကံမကောင်းစွာဖြင့် သူ့အသိမှာ နောက်ကျသွားချေပြီ။
“ ဒူးထောက် ... ။ ”
စုရီ၏ အသံက တည်ငြိမ်စွာ ထွက်ပေါ်လာသည်။ လေဟာနယ် ပြိုကျလျက် ကောင်းကင်ကြီး ကျေမွှသွားသလိုမျိုး ဖိအားများခံစားလိုက်ရ၏။
အနက်ဝတ်လူ၏ အမူအရာသည် ပြောင်းလဲသွားကာ တံဆိပ်တစ်ခုလျင်မြန်စွာ ဖန်တီးလိုက်တော့သည်။ ကိုးပေမြင့်သော ဇာတိဓမ္မပုံရိပ်တစ်ခုပေါ်လာ၏။
၎င်းသည် မျက်လုံးသုံးလုံး၊ လက်ရှစ်ဖက်မျှပါရှိသော မဟူရာကျောက်မျက် နတ်ဘုရားတစ်ပါးပေပင်။
ဓားတစ်လက်၊ ဓားမော့တစ်လက်၊ လှံတံတစ်စင်း၊ ကြေးခေါင်းလောင်း၊ တာအို တံဆိပ်၊ ခရုခွံ၊ ကျောက်မျက်ပေတံနှင့် ကြေးမီးခွက်တို့ ကိုင်ဆောင်ထားသည်။
အမှောင်တားမြစ်စွမ်းအားသည် သူ့ဝန်းကျင်၌နဂါးကိုးကောင်ကဲ့သို့ ရစ်ခွေလျက် ဇာတိဓမ္မပုံရိပ်ကို သူ့ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပေးနေခဲ့၏။
“ ချိုးဖြတ် ... ။ ”
အနက်ဝတ်လူမှ အမိန့်ပေးလိုက်သည်နှင့် လက်ရှစ်ဖက်နတ်ဘုရားသည် ရတနာရှစ်ပါးကို အသက်သွင်းတော့သည်။
“ ဝုန်း ... ။ ”
ရတနာရှစ်ပါးမှ ရှေးဟောင်း အမှောင်တားမြစ်စွမ်းအားများ ထွက်ပေါ်လာပြီး ပြိုကျနေသော သဏ္ဍန်မဲ့စွမ်းအားကြီးနှင့် တိုက်မိသွားချေပြီ။
“ ခရစ် ... ။ ”
ကောင်းကင်နှင့် မြေကြီး ပြင်းထန်စွာ တုန်ခါလျက် တောင်နှင့်မြစ်များ ဖိတ်စင်ကုန်၏။ ရလာဒ်အနေဖြင့် မယုံနိုင်စရာအကြည့်အောက်၌ ကျောက်မျက်နတ်ဘုရားသည် အပိုင်းပိုင်း ပေါက်ကွဲသွားတော့သည်။
အနက်ရောင်ဝတ်ရုံဝတ်ထားသူ၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး မျက်နှာပေါ်တွင် ဖြူဖျော့သွားချေပြီ။ ဇာတိဓမ္မပုံရိပ်၏ ပံ့ပိုးမှုများ ဆုံးရှုံးသွားသဖြင့် ဖိနှိပ်အားကိုတိုက်ရိုက်ခံရကာ ဒူးထောက်လိုက်ရသည်။
ဦးခေါင်းသည် မြေပြင်နှင့် ထိကပ်လျက် ပြန်မထနိုင်တော့ချေ။ ယင်းသည် ရှက်စဖွယ် ကောင်းလွန်းချေ၏။ မျက်ခုံးဖြူအဖိုးကြီးက အံ့အားသင့်သွားပြီး ဝမ်းသာအားရ လက်ခုပ်တီးလိုက်သည်။
“ ဟားဟားဟား ... ဘယ်လောက်တောင် ပြီးပြည့်စုံတဲ့ အရိုအသေပေးမှုမျိုးလဲ ငါသိတယ် ဒီလိုသတ္တဝါတစ်ကောင်ဟာ ဆရာစုနဲ့ ဘယ်တော့မှ မယှဉ်နိုင်ဘူးဆိုတာ ... ။ ”
စကားဆုံးသည်နှင့် တိတ်တိတ်လေး ချွေးအေးများကို ခိုးသုတ်လိုက်၏။ အလျင်စလို ထွက်မပြေးမိသည်မှာ ကျေးဇူးတင်ရပေမည်။ မဟုတ်သော် ဆရာစုဖြင့် ဤကိစ္စကို ဖြေရှင်းရမည်မှာ သေချာ၏။
“ အဟွတ် အဟွတ် ... ချိုးဖြတ်စမ်း။ ”
ဖုန်မှုန့်များ ထောင်းထောင်းထလျက် သွေးချောင်းဆိုးကာ အော်ဟစ်၏။ ခန္ဓာကိုယ်မှ ကြမ်းတမ်းပြီး ဖျက်ဆီးလိုသော အရှိန်အဝါများ ပေါက်ကွဲထွက်လာချေပြီ။ ထိုစွမ်းအားများသည် ရွှမ်ယုဧကရာဇ်ကို အလွယ်တကူသတ်နိုင်၏။
သို့သော် မရဏကမ္ဘာကြီး၏ စည်းမျဉ်းအောက်တွင် ထိုရုန်းကန်မှုများသည် အချည်းနှီးဖြစ်ရုံသာမက ဖိနှိပ်နိုင်စွမ်းမှာ ပို၍ကြောက်စရာကောင်းလာခဲ့သည်။
မျက်စိတမှိတ်အတွင်း အရေပြားများ အက်ကွဲလျက် သွေးများစီးကျကာ အရိုးများ တဂျွတ်ဂျွတ်မြည်လာတော့၏။ မျက်နှာပြင်မှာ နာကျင်စွာ တွန့်လိမ်နေခဲ့သည်။
“ ငါအရင်ကပြောဖူးပါတယ် ... ဒီတားမြစ်မြေမှာ ... မင်းရဲ့သေခြင်းနဲ့ရှင်ခြင်းကို ငါ ဆုံးဖြတ်နိုင်တယ်လို့ ... ။ ”၏
စုရီက ကုလားထိုင်ကို ကျောမီလျက် ပြောကြားလိုက်သည်။ အစမှအဆုံးထိ ထိုင်ရာမှ မထခဲ့ချေ။
“ မင်းရဲ့ ရွှမ်ယုအဆင့် ပြီးပြည့်စုံတဲ့ ခွန်အားနဲ့ ... အဲဒီရှေးဟောင်းအမှောင်တားမြစ် စွမ်းအားအကြောင်း မပြောနဲ့ ... ငါ့ရှေ့မှာ အသုံးမဝင်ပါဘူး။ ”
အနက်ဝတ်လူမှာ စိတ်ပျက်သွား၏။ ဤလူသည် ဝိညာဉ်တာအိုနယ်ပယ်တွင်သာ ရှိနေသော်လည်း ပြိုင်ဘက်မှာ ကျောက်တိုင်ပေပင်။
ထိုကျောက်တိုင်နှင့် ခုနစ်ပေအကွာ ရောက်နိုင်ရန် ကိုးနှစ်ခန့်ကြာအောင် ဂရုတစိုက် လျှောက်လှမ်းခဲ့ရသည်။ ထို့ကြောင့် သူ မယှဉ်နိုင်သည်မှာ သဘာဝဖြစ်၏။
“ ဟမ့် ... ။ ”
ငရဲကျီးကန်းမှ ရုတ်တရက် နားလည်သဘောပေါက်ပြီး ဖော်ပြလို့မရသည့် ကြောက်ရွံ့များ နှလုံးသားထဲစီးဝင်လာသည်။ ချက်ချင်းပင် အတောင်များခတ်လျက် ထွက်ပြေးရန် ကြိုးစားတော့၏။
အာဏာပါးကွက်သားသည်ပင် ဒူးထောက်နေရသည့်နောက် ဆိုဖွယ်မရှိချေ။ စုရီမှ လှည့်ကြည့်ပြီး ပြုံးသည်။
“ ကျီးကန်းလေး ... မင်းခေါင်းကို ဘောလုံးလိုကန်ခွင့်ပေးမယ်လို့ ကတိပေးတာ မေ့နေပြီလား။ ”
ထိုနောက် လေဟာနယ်အတွင်း တာအိုစွမ်းအားများသည် လက်ကြီးတစ်ခုအဖြစ် ပြောင်းသွားကာ ငရဲကျီးကန်းကို အလွယ်တကူ ဆုပ်ကိုင်လိုက်လေသည်။
“ အဖိုးကြီးစု ... ငါမင်းကိုဘယ်တုန်းကမှ ရန်ငြိုးမထားခဲ့ပါဘူး ... မင်းငါ့ကို ဘာလို့ မင်းရဲ့ ရန်သူတစ်ယောက်လို သဘောထားတာလဲ။ ”
ငရဲကျီးကန်းသည် ထိတ်လန့်မှုဖြင့် ဒေါသတကြီးအော်ဟစ်လိုက်၏။ စုရီမှချက်ချင်း ပြန်မဖြေဘဲ ငရဲကျီးကန်းနဖူးကို လက်ညှိုးနှင့် ပုတ်လိုက်တော့သည်။
ငရဲကျီးကန်းခမျာ မူးဝေသွားပြီး ဒေါသတကြီးနှင့်၊
“ မင်းမှာသတ္တိရှိရင် ... ငါ့ကို အခုသတ်လိုက်စမ်း ငါလုံးဝမျက်ရည်ကျမှာ မဟုတ်ဘူး။ ”
“ ကျီးကန်းလေး၊ မင်းလိုလူမျိုးက ဆရာစုလက်မှာသေဖို့ အရည်အချင်းရှိတယ်များ တကယ်ထင်နေတာလား အိမ်မက်မက်မနေနဲ့။ ”
ထို့နောက် မျက်ခုံးဖြူအဖိုးအိုက ငရဲကျီးကန်းအနား ချဉ်းကပ်သွားပြီးနောက်၊
“ ဆရာစု ... မင်းရဲ့လက်တွေ မညစ်ပတ်အောင်လို့ ငါကိုယ်တိုင် ဒီကျီးစုတ်ကို သတ်ပေးရမလား။ ”
-ဟု ပြုံးလျက် လေးလေးစားစား မေးမြန်းလိုက်သည်။
“ မျက်ခုံးဖြူအဘိုးကြီး၊ မင်းအရှက် မရှိဘူးလား ... ။ ”
ငရဲကျီးကန်းမှ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ သို့သော် စကားမဆုံးခင် စုရီ၏လက်ညှိုးက သူ့နဖူးထံကျရောက် လာပြန်၏။ ဤတစ်ကြိမ်၌ မူးဝေ သတိလစ်သွားချေပြီ။
“ သူ့ကို ခဏစောင့်ကြည့်ထား ... ။ ”
မျက်ခုံးဖြူအဖိုးကြီးက စိတ်သက်သာရာရသွား၏။ ကြောက်ရွံ့မှုကြောင့် ထွက်ပြေးရန် သူ့ကြိုးပမ်းမှုကို အပြစ်တင်ရန် ဆန္ဒမရှိကြောင်း သဘောပေါက်လိုက်သည်။
“ ကဲ ... ငါတို့ စကားကောင်းကောင်း ပြောလို့ရပြီလား။ ”
စုရီက ကျောကို မတ်လိုက်ပြီး မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရသော အနက်ဝတ် လူထံငုံ့ကြည့်လိုက်တော့၏။
ဤနယ်မြေကြီးတွင် ပျံ့နှံ့နေသော စည်းမျဉ်းများ၏စွမ်းအားသည် သူ့အပေါ်သို့ အလုံးစုံပြိုကျနေသလိုပေပင်။
အနက်ဝတ်လူခမျာ ရုန်းကန်မှုကို လုံးဝလက်လျှော့လိုက်ပြီး တည်ငြိမ်မှုများ ပြန်၍ ရရှိသွားတော့၏။ ထို့နောက် အသက်ပြင်းပြင်း ရှူလိုက်ကာ၊
“ မင်းဘာသိချင်လဲ ... ။ ”
-ဟု မေးမြန်းလိုက်လေသည်။
စုရီမှ ခေါင်းညိတ်လျက် ဖြေလျော့ပေးလိုက်သဖြင့် အနက်ဝတ်လူသည် ဒူးထောက်လျက်မှ ခေါင်းမော့ကြည့်လာနိုင်၏။ ထိုစဉ် စုရီကဝိုင်အိုးကို မော့သောက်ကာ ပေါ့ပေါ့ပါးပါး အသွင်အပြင်နှင့်၊
“ ငါတို့ ... မင်းရဲ့ဂိုဏ်းအကြောင်း ပြောကြရအောင်။ ”
-ဟု ဆိုလိုက်တော့သည်။
***