← Chapters

အခန်း (၇၄၂-၇၄၄)

Vol. 62 Ch. 742-744

အခန်း (၇၄၂-၇၄၄)

Vol. 62 Ch. 742-744

၇၄၂ -

ကောင်းကင်ကိုးပါးနန်းတော် ... ။

မိုးပြာတိုက်ကြီးတွင်ရှိနေစဉ် ကောင်းကင်ဘုံကိုးပါး နန်းတော်ဂိုဏ်းနှင့် ဆက်စပ်သောကိစ္စများကို တစ်ကြိမ်ထက် ကျော်လွန်ကာ ကြုံတွေ့ခဲ့ရသည်။

မိုးပြာတိုက်ကြီးကို နှစ်ပေါင်း (၃၀၀၀၀)တိုင်အောင် ဖုံးလွှမ်းခဲ့သော အမှောင် တားမြစ်စွမ်းအင်၊ နဝမမြောက် ကြယ်နယ်မြေ၊ မိုးပြာရင်းမြစ်၊ ရီရွှမ်ကို ဖမ်းရန်ကြိုးစားခဲ့သော ကြယ်တာရာထောင်မှူး စသည်တို့ဖြစ်သည်။

သွေးဂူတွင် အကျဉ်းချခံထားရသော ငှက်မိစ္ဆာနှင့် အပေါင်ဆိုင်ပိုင်ရှင်၏ခရီးသည်ပင် ၎င်းတို့နှင့် ဆက်စပ်နေသေး၏။

ကောင်းကင်ဘုံကိုးပါး နန်းတော်ဟူသည် အရိုင်းမြေကိုးပါး ပြင်ပကမ္ဘာတွင် တည်ရှိသော အင်အားစုဖြစ်သည်။

၎င်းတို့သည် ကြယ်ကိုးလုံးပေါ်ရှိ ကျင့်ကြံသူများကို အကျဉ်းသားအဖြစ်ရှုမြင်ပြီး လိုက်လံဖမ်းဆီးသည်။ ထို့ကြောင့် ထိုဂိုဏ်း အကြောင်း သိရှိလိုခဲ့၏။

ကံကောင်းစွာဖြင့် ကြယ်တာရာ ထောင်မှူးများထက် သာလွန်သော ဤလူကို ဖမ်းမိထားပြီဖြစ်ရာ ဤအခွင့်အရေးအပေါ် ရယူရပေမည်။

“ ငါဂိုဏ်းနဲ့ ပတ်သက်နေတဲ့ ... အရာအားလုံးကို ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သိမ်းထားရတယ် ဂိုဏ်းကို ဝင်ခွင့်ရသူတိုင်းက ဒါကို ဖြန့်ဝေခြင်းမပြုပါဘူးလို့ ...

... တာအိုနှလုံးသားနဲ့ ဂိုဏ်းရဲ့ ကာကွယ်သူရတနာရှေ့မှာ ငါတို့ကျိန်ဆိုရတယ် ချိုးဖောက်ခဲ့ရင် စိတ်ဝိညာဉ်ပြိုကွဲလိမ့်မယ်။ ”

အနက်ဝတ်လူ၏ စကားများကြောင့် စုရီတစ်ယောက် စိတ်ဝင်စားလာလေသည်။

“ အဲဒီကာကွယ်သူ ရတနာကဘာလဲ။ ”

“ ဒါက ဓားတစ်လက်ပဲ၊ သူ့ရဲ့နာမည် ... မူလနဲ့ အသွင်အပြင်တွေကို ဂိုဏ်းချုပ်ကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူး ... အဲဒီတုန်းက ငါ့မှာ အဲဒီဓားက ကြောက်စရာကောင်းတာ ...

... တကယ်မသိခဲ့ဘူး၊ ကျင့်ကြံမှု မြင့်မားလာတာနဲ့အမျှ ဒီဓားရှေ့မှာကျိန်ဆိုခဲ့တဲ့ မြင်ကွင်းကိုပြန်သတိရတိုင်း အခုချိန်ထိ ကြောက်ရွံ့နေတုန်းပဲ။ ”

အနက်ဝတ်လူ၏ အမူအရာက ရှုပ်ထွေးပြီး ကြောက်ရွံ့မှု၊ ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုများ ပြည့်နှက်လာချေပြီ။ ရွှမ်ယုအထွတ်အထိပ်သည် မက်မောဖွယ်စွမ်းအားပေပင်။

သို့သော်ငယ်စဉ်က ပေးခဲ့မိသော ကတိတစ်ခုသည် သူ့အတွက် တုပ်နှောင်ထားဆဲ ဖြစ်နေ၏။ ချိုးဖျက်၍ မဖြစ်နိုင်သေးချေ။ ကြောက်စရာ ကောင်းလွန်းနေ၏။

“ ဓားတစ်လက်လား ... ။ ”

စုရီက အံ့အားသင့်သွားသည်။ မည်မျှ အံ့ဖွယ်ဓားမျိုးသည် ရွှမ်ယုဧကရာဇ်တစ်ပါးကို တင်းကျပ်စွာ ချည်နှောင်ထားနိုင်သနည်း။

“ အဲဒီဓားကို ငါတကယ်မြင်ချင်တယ်။ ”

စုရီမှ တိုးတိုးလေး တောင်းတလိုက်၏။ ဓားသမားတစ်ယောက်အနေဖြင့် အရိုးများထဲ၌ ဓားများအပေါ် နက်နက်ရှိုင်းရှိုင်း စွဲလန်းမှုရှိလေသည်။

“ ဝေါ ... ။ ”

ရုတ်တရက် အနက်ဝတ်လူက သွေးအန်တော့သည်။ တစ်ကိုယ်လုံးတုန်ရီနေပြီး မျက်နှာမှာဖြူဖျော့လာ၏။ စုရီတစ်ယောက် မျက်ဝန်းများမှေးစင်းသွားကာ၊

“ ဒီစကားလေးပြောရုံနဲ့ မင်းရဲ့ စိတ်ဝိညာဉ်အပေါ် သက်ရောက်မှုရှိသွားပြီလား။ ”

-ဟု မေးမြန်းလိုက်၏။

အနက်ဝတ်လူက ခေါင်းညိတ်ပြပြီး ဝမ်းနည်းစွာဖြင့်၊

“ တာအိုစု မင်းလည်းမြင်တယ် ... ၊ ငါမင်းကိုဒီစကားတွေပြောတာနဲ့ ငါသေမှာပဲ ဒါကြောင့် ဘာမှကွာခြားမှုမရှိဘူး။ ”

-ဟု ဖြေကြားလာ၏။

မျက်ခုံးဖြူအဖိုးကြီးက အဝေးကြည့်ကာ တုန်လှုပ်သွား၏။ ရွှမ်ယုအထွတ်အထိပ်ဟူသည် မရဏကမ္ဘာကြီးတစ်ခုလုံးတွင် လက်ချိုးရေ၍ ရသည်။

ထိုသို့သော တည်ရှိမှုသည် စကားအချို့ ပြောရုံဖြင့် သွေးအန်သည်မှာ ယုံနိုင်စရာမရှိချေ။ ဤလူပြောသော ထိုဓားသည် ကြောက်စရာ ကောင်းလွန်းချေပြီ။ စုရီသည်လည်း မသက်မသာခံစားလိုက်ရသည်။

မူလက အနက်ဝတ်လူကို နာခံမှုရှိရှိ ပူးပေါင်းဆောင်ရွက်လာအောင် နည်းလမ်းများ သုံးရန် တွေးနေသမျှ အသုံးမဝင်တော့ချေ။

ထိုအချိန်တွင် အနက်ဝတ်လူက အံကြိတ်လျက်ဖြင့် ရုတ်တရက် မော့ကြည့်၏။ အဆုံး၌ ပြတ်သားသော အသွင်နှင့်၊

“ တာအိုမိတ်ဆွေ ... မင်းကတိပေးရင် ငါ့ဂိုဏ်းအကြောင်းပြောပြပေးမယ် ငါသေမှာကို မကြောက်ပါဘူး။ ”

-ဟု ကမ်းလှမ်းလာသည်။

“ ဘာကတိလဲ ... ။ ”

စုရီမှ စိတ်ဝင်စားသွား၏။ အနက်ဝတ်လူခမျာ မျှော်လင့်ချက်အလင်းများ မြင်လိုက်ရသကဲ့သို့ အသက်ပြင်းပြင်းရှူပြီး၊

“ ငါ့ခန္ဓာကိုယ်ပေါ်မှာ မိုးတိမ်လို့ခေါ်တဲ့ ကြေးဝါဆလင်ဒါငယ်တစ်ခုရှိတယ် အဲဒီထဲမှာ ပျောက်ကွယ်တော့မယ့် ငါ့ညီမရဲ့ဝိညာဉ်ကို သိမ်းဆည်းထားတယ် ဒီနှစ်တွေထဲမှာ ငါ့ညီမအတွက် ...

... ပြန်လည်ရှင်သန်နိုင်စေဖို့ နည်းလမ်းရှာနေခဲ့ပေမယ့် ကြိုးစားအားထုတ်မှု အားလုံးက မအောင်မြင်ခဲ့ဘူး။ ”

“ ဟမ့် ... မင်းရဲ့စွမ်းရည်နဲ့ဆိုရင် ဝိညာဉ်ကိုကုသဖို့ ရှားပါးပြီးတန်ဖိုးပစ္စည်းတွေ စုဆောင်းရတာ မခက်ခဲပါဘူး ... မင်းညီမရဲ့ ဝိညာဉ်ထဲမှာ နောက်ထပ်ဝှက်ထားတဲ့ အန္တရာယ်တစ်ခုရှိနေတာလား။ ”

အနက်ဝတ်လူက ပြုံးလျက် စုရီအပေါ် လေးစားသွားသည်။

“ မှန်တယ် ... တာအိုမိတ်ဆွေက ... ဧကရာဇ်တွေရဲ့ဘုရင် ဖြစ်ထိုက်ပါပေတယ် မင်းရဲ့အမြင်က ကျယ်ပြန့်တယ်။ ”

“ ဆက်ပြောပါ ... ။ ”

စုရီက ထိုချီးကျူးစကားကို လျစ်လျူရှုထားသည်။

“ ငါ့ညီမရဲ့ဝိညာဉ်မှာ ရှိနေခဲ့တဲ့ ပြဿနာတစ်ခုက ဒီကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လို ရတနာနာနဲ့မှ ကုသလို့မရနိုင်ပါဘူး ... ဒါကြောင့် သူ့ကိုကယ်တင်ဖို့ ပြန်လည်ဝင်စားခြင်း နည်းလမ်းကို ငါရှာခဲ့တယ် ... ။ ”

ထို့နောက် စုရီထံ ငေးကြည့်ကာ၊

“ ပြန်လည်ဝင်စားခြင်းကသာ သူမရဲ့ ပျောက်ကွယ်သွားလုနီးပါးဖြစ်နေတဲ့ ဝိညာဉ်ကို သန့်စင်စွာ ရှင်သန်ခွင့်ရနိုင်ပါလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

“ ဒါဆို မရဏကမ္ဘာကို လာခဲ့တာက မင်းညီမအတွက် ပြန်ဝင်စားခြင်းနည်းလမ်းကို ရှာဖွေဖို့လာတာလား။ ”

“ ဟုတ်တယ် ... ။ ”

“ မင်းညီမ ပြန်လည် ဝင်စားခွင့်ရအောင် ငါကူညီပေးရမှာလား။ ”

“ အမှန်ပါပဲ ... ဒါကိုသဘောတူသရွေ့ မင်းသိချင်နေတဲ့ အကြောင်းအရာကို ပြောပြဖို့ ငါဝန်လေးနေမှာ မဟုတ်ဘူး။ ”

“ မင်းညီမရဲ့အသက်ကိုသုံးပြီး ငါခြိမ်းခြောက်လိုက်မှာ မကြောက်ဘူးလား။ ”

“ မင်းလိုလူက ဒီလိုအရာတွေကို ကြံစည်နေလိမ့်မယ်လို့ ဘယ်တုန်းကမှ သံသယ မဝင်ခဲ့ဘူး။ ”

“ ဒါပေမယ့် မင်းသေရင် မင်းညီမက ငါ့အပေါ် ရန်ငြိုးထားလာနိုင်တယ်။ ”

ဤတစ်ကြိမ်၌ အရောင်ဝတ်လူ၏ မျက်ဝန်းများဝမ်းနည်းပူဆွေးလာပြီး၊

“ ဒါကြောင့် ... ငါ့ညီမမင်းအပေါ် လက်စားမချေအောင် တာအိုကျိန်ဆိုချက်နဲ့ ငါသေဖို့ဆန္ဒရှိနေတယ် ...

... သူမ ပြန်လည်ဝင်စားနိုင်လို့ အတိတ်ဘဝရဲ့ မှတ်ဉာဏ်တွေ နိုးထလာခဲ့ ရင်တောင် မင်းကို ရန်သူလို့ မမြင်ပါဘူး။”

“ ဒါကို ငါကတိပေးဖို့ အဆင်မပြေဘူး ငါကိုယ်တိုင်တောင် နောက်တစ်ကြိမ် ပြန်လည် ဝင်စားခြင်းနည်းလမ်းကို ရှာတွေ့နိုင်မယ်လို့ အာမမခံနိုင်ဘူးဖြစ်နေတယ် ... ။ ”

အနက်ဝတ်လူခမျာ မျက်ခုံးပင့်သွားသည်။ ခဏအကြာတွင် အံကြိတ်လျက်၊

“ ဘာပဲဖြစ်ဖြစ် ... မင်းသဘောတူရင် လုံလောက်ပြီ အနည်းဆုံးတော့ မင်းကငါ့ထက် ပိုနီးစပ်တယ် အမှန်အတိုင်းပြောရရင် ငါ့ညီမက ငါ့ဂိုဏ်းရဲ့တပည့် မဟုတ်ပါဘူး ...

... ငါနဲ့သူက တခြားကမ္ဘာကနေ ရောက်လာတာမို့ တစ်ချိန်ချိန်မှာ .. ကောင်းကင် ကိုးပါးနန်းတော်ဆီ မင်းသွားချင်တဲ့အခါ သူမ အကူအညီပေးနိုင်ပါလိမ့်မယ်။ ”

ထို့နောက်တွင် ဤတစ်ကြိမ်၌ စိတ်ပါလက်ပါပင် စုရီကို ဦးညွှတ်အရိုအသေ ပေးလိုက်တော့၏။ တစ်ဆက်တည်းမှာပင် တုန်ရီနေသောအသံဖြင့်၊

“ ကျေးဇူးပြုပြီး ... ငါ့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ တာအိုမိတ်ဆွေ။ ”

-ဟု တောင်းပန်လာလေသည်။

မျက်ခုံးဖြူအဖိုးကြီးမှာ အဝေးမှနေပြီး စိတ်လှုပ်ရှားလာတော့၏။ ရွှမ်ယုအထွတ်အထိပ် ဧကရာဇ်တစ်ပါးသည် ညီမတစ်ယောက်အတွက် လိုလိုလားလား ဒူးထောက်နေခဲ့သည်။ မည်မျှ ချစ်မြတ်နိုးကြောင်း မြင်နိုင်ချေပြီ။

စုယီက ခဏမျှစဉ်းစားပြီး၊

“ ကောင်းပြီ ... ငါသဘောတူတယ် ... ဒါပေမယ့် မင်းညီမပြန်ဝင်စားဖို့အတွက်တော့ ငါအာမမခံနိုင်ဘူး။ ”

-ဟု ကတိပေးလိုက်၏။

သူသည် ကောင်းကင်ကိုးပါးနန်းတော်ကို အမှန်ပင်စိတ်ဝင်စားသည်။ မိုးပြာမျိုးစေ့ကြောင့် ဖြစ်စေ၊ တခြားအကြောင်းပြချက်များကြောင့် ဖြစ်စေ သူတို့ရန်ငြိုးဖွဲ့ထားပြီးဖြစ်၏။

သည့်ပြင် ဤအနက်ဝတ်လူ သေဆုံးခြင်းသည် သူနှင့် သက်ဆိုင်းခြင်းမရှိချေ။ ကောင်းကင်ကိုးပါးနန်းတော်ကိုသာ အပြစ်တင်နိုင်မည်။

စုရီမှ လက်ခံလိုက်သဖြင့် အနက်ဝတ်လူသည် များစွာပျော်ရွှင်လာပြီး စိတ်လှုပ်ရှားစွာဖြင့်၊

“ သဘောတူတယ်။ ”

-ဟု အမြန်အော်ဟစ်လိုက်သည်။

“ ဒါဆို ... မေးခွန်းတွေအတွက် ကျောက်စိမ်းပြားပေါ်မှာရေးပြီး ငါမေးမယ် မင်းလည်းကျောက်စိမ်းပြားမှာ ဖြေပြေးပါ ဒါဆို တာအိုကျိန်စာတုံ့ပြန်မှုကို ရှောင်လွှဲနိုင်မလား။ ”

“ ဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး၊ ဂိုဏ်းရဲ့အချက်အလက်တွေကို ဖော်ထုတ်သရွေ့ တုံ့ပြန်မှုကို ငါခံစားရမှာပါပဲ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ”

“ ကောင်းပြီ မင်းသိသလောက်ပြောပါ။ ”

စကားဆုံးသည်နှင့် ဖိအားကို ရုတ်သိမ်းလိုက်သဖြင့် အနက်ဝတ်လူက မြေပြင်၌ ထိုင်ချလျက်၊

“ ငါ့ရဲ့ ကောင်းကင်ကိုးပါးနန်းတော်က ကောင်းကင်ဆုတောင်း ကြယ်တာရာနယ်မြေ အတွင်းမှာ ရှိနေတယ် ... ။ ”

ထိုသို့ပြောနေစဉ် သူ့ခန္ဓာကိုယ်ပြင်းစွာ တုန်ခါသွားပြီး ကြောက်စရာကောင်းလွန်းသော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသလို၊ နှုတ်ခမ်းမှ သွေးများစီးကျလာ၏။

“ ဂိုဏ်းချုပ်အပြင် ငါတို့ဂိုဏ်းမှာ ကောင်းကင်လွတ်လပ်သူ၊ ကြယ်တာရာအရာရှိ၊ အာဏာပါးကွက်သား၊ ထောင်မှူးနဲ့ ထောင်စောင့်ဆိုပြီးရှိတယ် ...

... ဂိုဏ်းချုပ်ရဲ့ ကျင့်ကြံမှုက နားမလည်နိုင်လောက်အောင် မြင့်မားပြီး ငါတို့ရှေ့မှာ ထွက်ပေါ်လာခဲတယ် ကောင်းကင် လွတ်လပ်သူ(၃)ဦးနဲ့ ... ကြယ်တာရာအရာရှိ (၇)ဦးကသာ ဂိုဏ်းကိစ္စတွေကို ...

... ကိုင်တွယ်ကြတယ် ... အာဏာပါးကွက်သားနဲ့ ထောင်မှူးတွေက တာဝန်တွေကို ထမ်းဆောင်ရတယ် ...

... အာဏာပါးကွက်သားတိုင်းက အရေးကြီးတာဝန်တွေရှိပြီး လွပ်လပ်သူတွေထံ တိုက်ရိုက်အစီရင်ခံရတယ် ထောင်မှူးတွေက ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေကို ဖမ်းဆီးထားပြီး ကြယ်အရာရှိတွေဆီ သတင်းပို့ပေးရတယ် ပြီးတော့

... ထောင်စောင့်တွေဆိုတာ ဂိုဏ်းရဲ့ မျိုးဆက်သစ်တပည့်တွေပဲ အဟွတ် အဟွတ် ... ဝေါ့ ... ။ ”

အနက်ဝတ်အမျိုးသားက သွေးချောင်းဆိုးလိုက်ကာ မြေပြင်ပေါ်လဲကျ သွားပြီး ပါးစပ်အပြည့်အန်ချလိုက်၏။

ဤမြင်ကွင်းက မျက်ခုံးဖြူအဖိုးကြီးကို ကျောရိုးတစ်လျှောက် အေးစက်သွားစေသည်။ ထိုမျှ ရက်စက်သော တာအိုကျိန်ဆိုချက်ကို မြင်နေရသည်မှာ စိတ်မသက်သာလှချေ။

***

အခန်း ၇၄၃ -

ကောင်းကင်ဆန္ဒနိယာမ ... ။

“ ကြယ်ကိုးလုံးကို ဘာလို့ အကျည်းထောင်တွေလို့ သတ်မှတ်ကြရတာလဲ။ ”

စုရီမေးခွန်းကို မဖြေခင် အနက်ရောင်ဝတ်လူသည် ဒဏ်ရာများဖြင့် အသက်ကို ခက်ခက်ခဲခဲရှူ၏။ အရေပြားများ ကွဲအက်ပြီး ပြိုကျသွားမည့် လက္ခဏာများ ပြသနေသည်။ သို့သော် ထိုအချင်းအရာကို ဂရုမစိုက်ဘဲ တိုးတိုးလေးဆက်ပြော၏။

“ နှစ်ပေါင်းများစွာတိုင်အောင် ငါတို့ဂိုဏ်းချုပ်က ကောင်းကင်ဆန္ဒဥပဒေကို ရင်ဆိုင်နိုင်တဲ့သူကို ရှာဖွေနေခဲ့တယ်။ ”

“ ခရစ် .... ။ ”

သူပြောနေစဉ် ခန္ဓာကိုယ်သည် တစ်လက်မချင်းစီ အက်ကွဲသွားပြီး အရိုးများ ပေါ်လာကာ သွေးများ နေရာအနှံ့ ပက်ဖြန်းလာ၏။

အနက်ရောင်ဝတ်လူသည် ကြာကြာမခံနိုင်တော့ကြောင်း မြင်လိုက်ရပြီး စုရီက၊

“ ကောင်းကင်ဆန္ဒဥပဒေဆိုတာ ဘာလဲ။ ”

-ဟု မေးမြန်း၏။

“ အဲဒါက ... မင်းတို့ခေါ်နေတဲ့ ရှေးဟောင်းအမှောင်တားမြစ်စွမ်းအင်တွေပဲ ... ။ ”

ချက်ချင်း ရုပ်ခန္ဓာလုံးဝပျက်စီးသွားပြီး မူလဝိညာဉ်သာ ကျန်ရစ်တော့၏။ ထိုဝိညာဉ် သည်ပင် ပင့်ကူအိမ်များကဲ့သို့ အက်ကြောင်းများ ထင်ဟပ်လာသည်။

ဤအဖြေကို ကြားသောအခါ စုရီ၏ နှလုံးသားသည် ပြင်းထန်စွာ တုန်ခါသွားချေ၏။ ကောင်းကင်ကိုးပါး နန်းတော်သည် ကောင်းကင် ဆုတောင်း ကြယ်နယ်မြေတွင် တည်ရှိသည်။

ထိုသို့သောနယ်မြေမှ တစ်စုံတစ်ဦးသည် တစ်ချိန်လုံး သူ့ကိုရှာဖွေနေသည်ကို နားမလည် နိုင်တော့ချေ။

သည့်ပြင် ကြယ်ကိုးလုံးအပေါ် အဘယ့်ကြောင့် အကျဉ်းထောင်အဖြစ် ခေါ်ဆို ရသည်ကိုလည်း သိချင်လာ၏။

မျက်မှောင်ကြုတ်လျက် ပြန်ကြည့်လိုက်သည်။ သို့သော် မေးခွန်းများ ဆက်၍ မမေးနိုင်မီ အနက်ဝတ်လူဝိညာဉ်သည် နတ်မီးတောက်များ လောင်ကျွမ်းလာ၏။

သို့တိုင် လွတ်မြောက်သွားသကဲ့သို့ စိတ်သက်သာရာရပြီး ပေါ့ပေါ့ပါးပါးပြုံးပြကာ၊

“ ကောင်းကင်ကိုးပါးနန်းတော်ရဲ့ အဖွဲ့ဝင်တိုင်းတွေ အမည်ကို ... အဆင့်တွေနဲ့ ရာထူးတွေနဲ့ အစားထိုးထားတယ် ငါ့ကို ...

... ပဉ္စမအာဏာပါးကွက်သားလို့ ခေါ်ပြီး အမည်ကတော့ မိုချွမ်ပဲ ... ငါ့ညီမနာမည်ကို မိုလီလို့ခေါ်တယ် ... ။ ”

မိုချွမ်သည် သူ့ညီမနာမည်ကိုပြောစဉ် အသံတွင် နူးညံ့မှု၊ ချစ်ခင်မှုနှင့် တွန့်ဆုတ်မှုများ ပြည့်နှက်လာချေပြီ။ အဆုံး၌ မူလဝိညာဉ်သည် ပြာအဖြစ်ပျောက်ကွယ်သွား၏။

စုရီက တွေးတောနေသည်။ မိုချွမ်သည်   ပဉ္စမအာဏာပါးကွက်သားသာ ဖြစ်သော်လည်း ကြောက်စရာကောင်းနေပြီဖြစ်၏။ သူ့အထက်၌ ကြယ်အရာရှိများ ရှိသည်။

ထိုကြယ်အရာရှိများအထက်တွင် လွတ်မြောက်သူများရှိ၏။ အဆုံး၌ ဂိုဏ်းချုပ် တည်ရှိသည်။ ဤသို့သော အင်အားစုသည် အမှန်ပင် ကြောက်စရာကောင်း၏။

ဤမရဏကမ္ဘာမဆိုနှင့် အရိုင်းမြေကိုးပါး၌ပင် ထိပ်တန်းအင်အားစု ဖြစ်နိုင်ပေမည်။

ထိုသို့သော အင်အားစုကြီးသည် သူ သို့မဟုတ် ငရဲဘုံကိုးပါးဓားကို ရှာဖွေနေသည်မှာ နားမလည်နိုင်စရာပေပင်။ ခဏအကြာတွင် ရှုပ်ထွေးနေသောအတွေးများစုစည်းပြီး မိုချွမ်၏ ပြာပုံထဲကျန်ခဲ့သော ပစ္စည်းတစ်ခုကို လှမ်းယူလိုက်သည်။

ကလေးလက်ဖဝါးအရွယ်ရှိသော ကြေးဝါဆလင်ဒါပုံစံဖြစ်၏။ ရှေးကျပြီး ရိုးရှင်း ချေ၏။ မျက်နှာပြင်တွင် ယင်ယန်ငါးနှစ်ကောင် ရောယှက်နေသည်။

“ သူ့ကိုနိုးလိုက် ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

စုရီက အမိန့်ပေးလိုက်သဖြင့် မျက်ခုံးဖြူအဖိုးအိုမှခေါင်းညိတ်ပြပြီး ကျီးနက်ကို ပါးရိုက်လိုက်သည်။ ငရဲကျီးကန်းခမျာ နာကျင်စွာ နိုးထာလ၏။

“ ကျီးကန်းလေး ... မင်း လွန်ခဲ့တဲ့နှစ်တွေတုန်းက ဖမ်းထားခဲ့တဲ့ ဧကရာဇ်တွေ ဘယ်မှာလဲ။ ”

စုရီက မေးသည်။

“ မင်းငါ့ကိုလွှတ်ပေးမယ်ဆို အဲဒီဧကရာဇ်တွေကို လွှတ်ပေးမယ် မဟုတ်ရင် မင်းငါ့ကိုသတ်ရင်တောင် ငါမပြောဘူး။ ”

“ သူ့ကို သတ်လိုက် ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

“ မင်း ... နေဦး။ ”

ငရဲကျီးကန်းက ထိတ်လန့်ကာ ချက်ချင်း ဟန့်တား၏။ စုရီမှ ပြုံးသည်။

“ နာခံမှုရှိရှိ ပူးပေါင်းဆောင်ရွက်ပါ ငါမင်းကိုအခွင့်အရေးတစ်ခုပေးမယ် မဟုတ်ရင် မင်းကိုသတ်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး။ ”

ထိုစကားသည် အခြားလူတစ်ယောက်မှ ပြောကြားလာခြင်းဆိုသော် သူ ကြောက်မိမည် မဟုတ်ချေ။ ယခုမူ ဤအဖိုးကြီးသည် မည်မျှ ရက်စက်ကြောင်း ကြားသိထားသဖြင့် ထိတ်လန့်သွား၏။

“ တာအိုစု ... သခင်စု၊ ဖမ်းဆီးထားတဲ့ ဧကရာဇ်တွေကို ငါ့လွှတ်ပေးပါ့မယ် ဒါပေမယ့် ငါ့အတွက် ခက်ခဲအောင်မလုပ်ပါနဲ့ ...

... ဘာလို့လဲဆိုတော့ ငါသေရင်တောင် ငရဲဘုရင်ကို ဘယ်တော့မှ သစ္စာဖောက်နိုင်မှာ မဟုတ်ပါဘူး။ ”

“ ကောင်းပြီ ... အရင်ဆုံး ချင်းထျန်ရဲ့ တာအိုခန္ဓာကိုယ်နဲ့ ကျင့်ကြံမှုဘယ်မှာထားလဲ။ ”

“ ပြီးခဲ့တဲ့နှစ်တွေက ဖမ်းဆီးရမိတဲ့ ဧကရာဇ်တွေအားလုံး ဒီမှာအသက်ရှင်လျက် ရှိနေပါတယ် ... အဲဒီထဲမှာ နွယ်ပင်လေးရဲ့ ခန္ဓာကိုယ်လည်း ရှိနေပါတယ်။ ”

စုရီက ခေါင်းညိတ်ပြီး ရုတ်တရက် အကြောင်းအရာပြောင်း မေးလိုက်လေသည်။

“ ငရဲဘုရင်က ကောင်းကင်ကိုးပါး နန်းတော်ကနေ လာတာလား မင်းသိလား။ ”

ငရဲကျီးကန်းဟာ ခေါင်းခါပြ၏။

“ ငရဲဘုရင်ရဲ့ မူလနဲ့ ပတ်သက်ပြီး ငါတို့အကုန်လုံးမသိကြပါဘူး။ ”

“ ဒါဆို မင်းတို့ဘယ်သိကြတာလဲ သူ့ကိုဆက်သွယ်ချင်ရင် ဘယ်လိုလုပ်မလဲ။ ”

“ မီးအိမ်ပွဲတော်ညရောက်ရင် ဒီအပျက်အစီးတွေကြားက စည်းမျဉ်းစွမ်းအားမှာ ပြောင်းလဲမှုရှိလာတယ် အဲဒီအချိန်ငရဲဘုရင်က နတ်အာရုံသုံးပြီး အမိန့်ပေးပါတယ်။ ”

“ ငါ သူနဲ့တွေ့ချင်တယ် နည်းလမ်းရှိလား။ ”

စုရီစကားကြောင့် ငရဲကျီးကန်းခမျာ အံ့အားသင့်သွားပြီး၊

“ တာအိုစု ... ဒီအုတ်ဂူရဲ့စွမ်းအားကို မင်းအသုံးပြုနိုင်တဲ့အတွက် ငရဲဘုရင်နဲ့တွေ့ဆုံဖို့ မခက်ပါဘူး ... ငရဲဘုရင်ထွက်မပြေးရင်ပေါ့။ ”

“ ဖြန်း ... ။ ”

စုရီက လက်ညှိုးဖြင့် ပါးရိုက်ချလိုက်သည်။ ငရဲကျီးကန်းခမျာ မြေပြင်ပေါ် ဂျွမ်းပစ်ကျကာ အသက်ရှူမဝဖြစ်လာသည်။

“ ဒါက အရမ်းရိုင်းတယ် မဟုတ်လား။ ”

ငရဲကျီးကန်းက အသက်ဝဝရှူကာ အော်ဟစ်လိုက်သည်။ စုရီမှ ဂရုမစိုက်တော့ဘဲ၊

“ နောက်တစ်ခါဆိုရင် မင်းအမွေးတွေကို ဆွဲနှုတ်ပြီး ကင်စားပစ်မယ် ကျီးကန်းအသားက အရသာရှိလား၊ မရှိဘူးလား ငါဂရုမစိုက်ဘူး။ ”

“ တာအိုစု ငရဲဘုရင်ကို ဘာလို့တွေ့ချင်တာလဲ။ ”

ငရဲကျီးကန်းက တုန်ယင်သွားပြီး စကားလမ်းကြောင်း ပြောင်းလိုက်၏။ စုရီမှ ဤသို့ရက်စက်မည်ကို သံသယမဝင်ချေ။

“ ကောင်းကင်ကိုးပါးနန်းတော်အကြောင်း သိချင်တယ်။ ” 

“ ကောင်းပြီ ... ဒါဆို ငါမိတ်ဆက်ပေးမယ်။ ”

“ မင်းပြောတော့ မီးအိမ်ပွဲတော်ညမှာပဲ ငရဲဘုရင်ရဲ့အမိန့်ကို ရနိုင်တယ်လို့ပြောတယ် မဟုတ်လား။ ”

စုရီမေးခွန်းကြောင့် ငရဲကျီးကန်းက ရှက်ရွံ့သွားပြီး ခါးသီးစွာဖြင့်၊

“ တာအိုစု ... အရေးပေါ် အထူးအခြေအနေမှာ ငရဲဘုရင်နဲ့ဆက်သွယ်ဖို့ ငါ့ရဲ့ မွေးရာပါအမွှေးကို သုံးနိုင်ပါတယ်။ ”

“ မြန်မြန်လုပ်ပါ ... ။ ”

“ ကောင်းပြီး ... ။ ”

ငရဲကျီးကန်းက သူ့ဝမ်းဗိုက်မှ အမွှေးတစ်ချောင်းကို ဆွဲနှုလိုက်ရာ သွေးများ စွန်းထင်းလျက် တဆက်ဆက်တုန်သွား၏။ ထို့နောက်နတ်မီးတောင်များ လောင်ကျွမ်းလျက် မြင်ကွင်းတစ်ခုပေါ်လာခဲ့သည်။

***

အခန်း ၇၄၄ -

ငရဲဘုရင် ... ။

ဤသည်မှာ အနက်ရောင်မြူခိုးများ ဖုံးလွှမ်းနေသည့် ရှုပ်ထွေးသော အပျက်အစီးများ အလယ်တွင် ဖြစ်သည်။ ထိုမြင်ကွင်းက မျက်ခုံးဖြူ အဖိုးအိုကို အသက်ရှူကြပ်စေ၏။

အဘယ့်ကြောင့်ဆိုသော် ထိုဧရိယာအတွင်း ကြောက်စရာကောင်းသည့် အရှိန်အဝါတစ်ခုက အိပ်စက်ရာမှနိုးထလာသကဲ့သို့ ခံစားလိုက်ရ သောကြောင့်ဖြစ်သည်။

အနက်ရောင်မြူခိုးများ ဖယ်ကွာလျက် ပြင်းထန်စွာတုန်ခါနေသော သွေးကောင်းကင်၌ မိုးကြိုးများ ရစ်သိုင်းနေ၏။

“ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ငရဲဘုရင်ရဲ့ ရောင်ဝါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြောက်စရာ ကောင်းနေရတာလဲ။ ”

မျက်ခုံးဖြူအဖိုးကြီးခမျာ ခြေဖျားလက်ဖျားများ အေးစက်လာပြီးနောက် တံတွေးမျိုချလိုက်သည်။

ရှုပ်ထွေးနေသော အပျက်အစီးများကို ဖုံးအုပ်ထားသည့် စည်းမျဉ်းစွမ်းအားသည်လည်း ချက်ချင်းတုန်ခါလျက် ထိုရောင်ဝါနိုးထမှုထံ ဖိနှိပ်ရန် စတင်လာ၏။

“ ဂျိန်း ... ။ ”

ခဏအတွင်းမှာပင် ကမ္ဘာကြီး ပျက်စီးသွားသကဲ့သို့ မိုးကြိုးပစ်သံများမြည်ဟီး ဆူညံလာကာ မြူခိုးများပြည့်နှက်လာပြန်၏။ ထိုမြင်ကွင်းကြောင့် စုရီမှ မျက်ဝန်းများ မှေးစင်းသွားလေသည်။

များမကြာခင် နိုးထလာသော ကြောက်စရာကောင်းသည့် ထိုရောင်ဝါများ ပျောက်ကွယ်သွားပြီး မူလစွမ်းအားသည်လည်း ပြန်လည်ငြိမ်သက်သွား၏။

သည့်နောက် ရှုပ်ထွေးနေသည့် အပျက်အစီးများအလယ်မှ အေးစက်လွန်းပြီး မောက်မာလွန်းသောအသံ ထွက်ပေါ်လာသည်။   

“ ကျီးကန်းလေး ... မင်းရဲ့မွေးရာပါ အမွေးတွေကို ဘာလို့မီးရှို့နေတာလဲ မင်းမှာ ပြဿနာတစ်ခုခု ရှိနေလား။ ”

စကားသံထွက်ပေါ်လာချိန်၌ စုရီကအံ့အားသင့်သွားပြီး မျက်ခုံးပင့်သည်။ မျက်ခုံးဖြူအဖိုးအိုသည်လည်း ချွင်းချက်မရှိ မျက်လုံးပြူးသွား၏။

“ အမျိုးသမီးတစ်ယောက်လား။ ”

မရဏကမ္ဘာတွင် ငရဲဘုရင်နှင့် ပတ်သတ်သည့် ကောလဟာလတွေအကြောင်း လူတိုင်းကြားဖူး၏။ သို့သော် မည်သူမျှ သူ့ကို အမျိုးသမီးတစ်ယောက်ဟု မသိကြချေ။

“ သခင် ... အစီရင်ခံပါတယ် ... ငါ့အတွက်တော့ တကယ့်ကို ပြဿနာတွေ ကြုံတွေ့နေရတာပါပဲ။ ”

ငရဲကျီးကန်းက စိတ်ဓာတ်ကျစွာဖြင့် ခေါင်းငုံ့ပြီး ကြောက်ရွံ့ထိတ်လန့်မှုများ ပြသလိုက်လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားပြီး ငရဲဘုရင်အသံ ထပ်မံထွက်ပေါ်လာ၏။

“ အာဏာပါးကွက်သား မတော်ဆမှု ဖြစ်သွားတာလား။ ”

“ ဟုတ်ပါတယ် ... ။ ”

“ ဘာဖြစ်သွားတာလဲ။ ”

ထိုစကားဝိုင်းကို ကြည့်ပြီး စုရီမှ စိတ်မရှည်တော့ချေ။

“ သူ သေသွားပြီ။ ”

“ ဟမ့် ... ။ ”

ငရဲကျီးကန်းမှ ချက်ချင်းပင်၊

“ သခင် ... စုရွှမ်ကြွယ်က သခင်နဲ့တွေ့ချင်နေပါတယ်။ ”

-ဟု ဝင်ရောက် မိတ်ဆက်ပေးလိုက်၏။

“ စုရွှမ်ကြွယ်လား ... ။ ”

ငရဲဘုရင်က အံ့အားသင့်မှုများဖြင့် ပြည့်နှက်လာသည်။ ထို့နောက် မြူအနက်များ ပိတ်ဖုံးနေသော မြင်ကွင်းသည် ချက်ချင်း တုန်ခါလာတော့၏။  

မြင်ကွင်းသည် အရိုးပလ္လင် တစ်ခုလုံးသာရှိသော မှောင်မိုက်ပြီး ဗလာကျင်း နေခဲ့သည့် နန်းတော်တစ်လုံးကို ပုံဖော်ထား၏။ ထိုအရိုးပလ္လင်ပေါ်တွင် နွဲနှောင်းလွန်းသော အမျိုးသမီးတစ်ယောက်ထိုင်နေသည်။

ရှည်လျားပြီး လွင့်မျောနေသော နက်ပြာရောင်ဆံပင်များကို သိမ်းကာစည်းလျက် ရိုးရှင်းသောအနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထား၏။ နှင်းကဲ့သို့ဖြူဖွေးလွန်းသော အသားအရေကို ပေါ်လွင်စေသည်။

ရှည်လျားသွယ်လျသော ခြေတံများကို ဟန်ပါပါချိတ်ထိုင်လျက် လက်တစ်ဖက်ပလ္လင် လက်ရန်းပေါ်တင်ထားလေသည်။

“ အမိုက်စားပဲ ... ။ ”

မျက်ခုံးဖြူအဖိုးအိုမှ ညည်းတွားလိုက်၏။ တစ်ဖက်လူသည် နီထွေးသောနှုတ်ခမ်းတစ်စုံနှင့် ဖွံ့ထွားလွန်းသော ကောက်ကြောင်းမှာ နွဲ့နှောင်း လွန်းနေသည်။ ရှားပါးပြီး ပြိုင်ဘက်ကင်းသော ဆွဲဆောင်မှုမျိုးဖြစ်၏။

ဤသည်မှာ လူအများ ကြောက်ရွံ့ရသော မရဏကမ္ဘာငရဲဘုရင်ဖြစ်သည်။ ငရဲနန်းတော်၏ သခင်နှင့်အတူ လူအများမှ နှိမ်နင်းခဲ့ရသည့် တန်ခိုးကြီးသူဖြစ်၏။

ငရဲနန်းတော်သခင် သေဆုံးသွားသည့်တိုင် သူမသည် အသက်ရှင်လျက် ယနေ့တိုင်ကျန်ရစ် နေဆဲပေပင်။ သူမကို နှိမ်နှင်းရန် ငရဲနန်းတော် သခင်သည် ကြီးစွာပေးဆပ်ခဲ့ရသည်။

စုရီက တစ်ဖက်လူထံမှ လာသော ဖိအားကြောင့်မျက်မှောင်ကြုတ်ပြီး ငရဲဘုံကိုးပါး ဓားဖြင့် ဖြေရှင်းလိုက်၏။ လက်ရှိမြင်ကွင်းအရ သူမ၏ပုံရိပ်ကို ထုတ်လွှတ်နိုင်နေသည်မှာ ဤနယ်မြေတားမြစ်စွမ်းအားသည် များစွာ အားနည်းနေကြောင်း မြင်သာနေသည်။

“ ဟမ့် ... ဝိညာဉ်တာအိုနယ်ပယ်လား။ ”

ငရဲဘုရင်မှ မျက်ခုံးပင့်သွား၏။

“ သခင် ... တာအိုစုက ပြန်လည်မွေးဖွားလာတာပါ။ ”

“ ဝိုး ... ပြန်လည်ဝင်စားခြင်းလား။ ”

ငရဲဘုရင်တစ်ယောက် အရိုးပလ္လင်ပေါ်မှ ချက်ချင်းထရပ်ကာ အံ့အားသင့်သည့် အမူအရာ ဖြစ်ပေါ်လာသည်။

“ စိတ်ဝင်စားစရာပဲ ... အဲဒီတုန်းက မြေအောက်ကမ္ဘာဧကရာဇ်က လိမ်ညာနေခဲ့တာ မဟုတ်ဘူး ... ဒီမှာ ပြန်လည်ဝင်စားခြင်း နည်းလမ်းတွေ တကယ်ရှိနေတယ်။ ”

ဤလျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့ခြင်းအပေါ် အလွန်ကျေနပ်နေပြီး စုရီကိုပင် လျစ်လျူရှုထားခဲ့၏။

“ နှစ်တွေ အများကြီးကုန်လွန်ခဲ့တယ် ကမ္ဘာကြီးလည်း ပြောင်းလဲသွားပြီ ငါလည်းဒီမှာ ပိတ်မိနေသေးတယ် ဒါပေမယ့် အနည်းဆုံးတော့ ပြန်လည်ဝင်စားခြင်းဆိုတာ တကယ်ရှိတာ ငါသိခွင့်ရလိုက်ပြီ ... ။ ”

ဤစကားကို ရေရွတ်နေချိန်တွင် သူမမျက်နှာတွင် ရူးသွပ်မှု အရိပ်အယောင်များ ဖြစ်ပေါ်လာပြန်သည်။

“ ဒါဆို အာဏာပါးကွက်သာ မှန်တာပေါ့ မင်းလည်း ကောင်းကင်ကိုးပါးနန်းတော်အဖွဲ့ဝင် ဖြစ်ပြီး ပြန်လည်ဝင်စားခြင်းအတွက် မရဏ ကမ္ဘာကိုလာခဲ့တာပဲ။ ”

စုရီက ကုလားထိုင်မှ မထဘဲ မေးမြန်းလိုက်သည်။ ငရဲဘုရင်ခမျာ သတိဝင်ပြီး ပုံမှန်တည်ငြိမ်မှု ပြန်ရသွား၏။ ထို့နောက် စုရီကို ကြည့်ကာ၊

“ သူ့ကို မင်းသတ်လိုက်တာလား။ ”

ဟု မေးမြန်းသည်။ စုရီမှ မဖြေဘဲ၊

“ မင်းက ဘာရာထူးလဲ ကောင်းကင် လွတ်မြောက်သူလား ... ကြယ်အရာရှိလား၊ အာဏာပါးကွက်သားပဲလား။ ”

“ ဟမ့် ... အာဏာပါးကွက်သားက ဒီအကြောင်းတွေတောင် မင်းကိုပြောပြခဲ့တာပဲ မဟာတာအိုကျိန်ဆိုချက်ကို ဆန့်ကျင်ရခြင်းရဲ့ အကြောင်းရင်းအပေါ် လျစ်လျူရှုထားတာလား။ ”

နှစ်ယောက်စလုံးသည် မေးခွန်းများကိုမဖြေဘဲ တစ်ဖက်လူ၏ မူလကို ဖော်ထုတ်ရန် အချက်အလက်များအသုံးပြု၍ စုံစမ်းစစ်ဆေးနေခဲ့ကြသည်။

စကားစစ်ထိုးပွဲသည် မျက်ခုံးဖြူအဖိုးအိုနှင့် ငရဲကျီးကန်းကိုထိတ်လန့်စေ၏။

“ မင်း ငါ့ကိုတွေ့ချင်နေတာ ... ၊ ဒီကိစ္စတွေအတွက်တင်မဟုတ်ဘူး မဟုတ်လား မင်းမှာကိစ္စရှိလား။ ”

“ ရှိတယ် ... ။ ”

စုရီက ခေါင်းညိတ်လိုက်သည်။

“ ပြောပါ ... မင်းရဲ့ပြဿနာကို၊ ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေးရှိသေးလား ငါကြည့်မယ်။ ”

“ မင်း အတွေးလွန်နေတာပဲ ... မင်းရဲ့ကိုယ်ပိုင်အစွမ်းနဲ့ အဲဒီကနေထွက်လာဖို့ အခွင့်အရေးရှိ၊မရှိ ငါကြည့်ချင်ရုံပါ။ ”

ဤတစ်ကြိမ်၌ ငရဲဘုရင်သည် မျက်ဝန်းများမှေးစင်းလျက်ဖြင့် ‘မင်း ဘာကို ဆိုလိုချင်တာလဲ’ -ဟု ပြန်မေးလိုက်ရ၏။ စုရီကတည်ငြိမ်စွာ၊

“ ညလူနဲ့တွေ့တုန်းက မင်းကိုဒီကနေ ထွက်ပြေးလို့မရအောင် ကူညီပေးမယ်လို့ ကတိ ပေးခဲ့မိတယ် ... သဘာဝအတိုင်း ငါ့စကားကို တန်ဖိုးထားရမယ်။ ”

“ ဟားဟားဟား ... အဲဒီတုန်းက မြေအောက်ကမ္ဘာရဲ့ မြေအောက်ဧကရာဇ်ဟာ တရားစီရင်ရေးဌာနရဲ့ တရားသူကြီးစွေ့နဲ့ ပူးပေါင်းပြီး မြေအောက်မှတ်တမ်း၊ ...

... တရားရေးရာ ကလောင်တံနဲ့ ... ခြောက်မျက်နှာ သံလိုက်အိမ်မြှောင် အသုံးပြု ပြီးတာ‌တောင် ငါ့ကိုဒီမှာဖိနှိပ်ရုံပဲ တတ်နိုင်ခဲ့တယ်။ ”

ထို့နောက် စကားခဏရပ်ကာ စုရီထံ လှောင်ပြုံးဖြင့်ကြည့်ပြီး လှပသည့်မျက်လုံးများမှ ပြုံးရယ်လိုသော အငွေ့အသက်များ ထင်ရှားစွာ ပြသလိုက်တော့၏။

“ အခု မင်းက ... ပြန်လည် မွေးဖွားလာပေမယ့်လည်း အားနည်းသေးတယ် ဝိညာဉ်တာအိုနယ်ပယ်နဲ့ ဘာလုပ်နိုင်မှာမို့လဲ။ ”

သူမသည် အခုအချိန်တွင် တောင်နှင့်မြစ်များကိုအုပ်စိုးသော ဘုရင်တစ်ပါး အသွင်အပြင်မျိုးဖြစ်ပြီး နေနှင့်လသည် သူမနှုတ်ခမ်းထက်တွင် ရှိနေချေ၏။

“ ဟားဟားဟား ... ။ ”

စုရီက ရယ်သည်။ ကောင်းကင်ကိုးပါး နန်းတော်၏ အကြီးမားဆုံးသောအားကိုးရာမှာ ကောင်းကင်ဆန္ဒစွမ်းအား ဥပဒေပေပင်။

ကံမကောင်းစွာနှင့် ငရဲဘုံကိုးပါးဓားသည် ထိုစွမ်းအားဥပဒေကို ကောင်းစွာချိုးဖြတ်နိုင်၏။ ငရဲဘုံကိုးပါးဓားကို မသုံးလျှင်ပင် သူ့ခွန်အားဖြင့် သူမအပေါ် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်သည်။ ယင်းကြောင့် တဖက်လူ၏ ခြိမ်းခြောက်မှုမှာ ဟာသသက်သက်သာဖြစ်၏။

“ မင်းဘာရယ်တာလဲ။ ”

ငရဲဘုရင်မှ မကျေမနပ်ဖြစ်လာသည်။ ထိုမြင်ကွင်းကြောင့် ငရဲကျီးကန်းကတုန်ရီလျက် တွေဝေသောအသွင်ဖြင့်၊

“ သခင် ... တာအိုစုရဲ့ကျင့်ကြံမှုက အားနည်းနေပေမယ့် အဲဒီအုတ်ဂူကျောက်တိုင် စွမ်းအားကို ထိန်းချုပ်နိုင်ပါတယ် ... ပြီးတော့ အာဏာပါးကွက်သားကို တစ်ချက်တည်းနဲ့ အလွယ်တကူ နှိမ်နင်းခဲ့ရပါတယ် ... ။ ”

-ဟု ဝင်ရောက်ပြောကြား၏။

ငရဲဘုရင်မှာ တိတ်ဆိတ်သွားသည်။ အရိုးပလ္လင်ပေါ်ရှိ မထီမဲ့မြင်အမူအရာများ လုံးဝ ပျောက်ကွယ်သွား၏။ သူမ ဤနေရာတွင် ပိတ်မိနေသည့် အကြောင်းရင်းသည် ထိုကျောက်တိုင်ကြောင့်ဖြစ်သည်။

ယင်းအတွက် ငရဲကျီးကန်းကိုရွေ့ရန် အမိန့်ပေးကာ နည်းလမ်းပေါင်းစုံနှင့် ကြိုးစား နေခဲ့ခြင်းပေပင်။ တစ်ဖက်တွင် စုရီက ပြုံးပြီး သူမထံ စိုက်ကြည့်နေတော့၏။

***

All Chapters