ဗေဒင်ဟောကိန်းရဲ့ အမှားပဲ ဖြစ်ရမယ်
Vol. 39 Ch. 459
ဝိုင် ၃ ခွက် သောက်ပြီးနောက် ဆန်မှုန့်နဲ့ ပေါင်းထားတဲ့ ဝက်သား တစ်ဖတ်ကို ယန်ကွမ်းချင်း ကောက်ယူပြီး ပါးစပ်ထဲ ထည့်ကာ ဝါးလိုက်တဲ့ အချိန်မှာ သူ ရုတ်တရက် စကားပြောလိုက်လေသည်။ "ပေရန် မင်းက နိုင်ငံခြောက်နိုင်ငံ မှာ ရှိနေတာ ဆိုတော့ ပြီးတော့ အစီအရင် ပညာရပ်မှာလည်း ဒီလောက် ကျွမ်းကျင်နေမှတော့ ရွှေရောင်ဒယ်အိုးကျွန်း ကို မင်း ရောက်ဖူးမှာပေါ့ ဟုတ်တယ်မလား"
ယန်ကွမ်းချင်း ရဲ့ ရုတ်တရက် မေးခွန်းကြောင့် ကျန်းပေရန် နည်းနည်း အံ့သြသွားလေသည်။
သူ တူကို ချလိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"ဟုတ်ကဲ့ ကျွန်တော် ရောက်ဖူးပါတယ်"
"တစ်ခုခု ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့လား"
"ပြောရမှာ ရှက်စရာ ကောင်းပေမယ့် အဲ့ဒီ ရွှေရောင်ဒယ်အိုး ကျွန်း ရဲ့ အစီအရင်က ဘာအပေါ် အခြေခံထားလဲ ဆိုတာ ဒီဂျူနီယာ လုံးဝ မမြင်နိုင်ခဲ့ပါဘူး အဲ့ဒါကြောင့် ဘာမှလည်း ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း မရှိခဲ့ပါဘူး"
ဒါကို ကြားပြီးနောက် ယန်ကွမ်းချင်း ကျန်းပေရန် ကို ခဏလောက် အကဲခတ်လိုက်ပြီး နောက်ဆုံးမှာ အားပါးတရ ရယ်မောလိုက်လေသည်။
"မင်းတောင် ဘာမှ မတွေ့ခဲ့ဘူး ဆိုတော့... ဒါဆို ငါ သွားရင်လည်း သိပ်ထူးခြားမှာ မဟုတ်လောက်ဘူး ထင်တယ်"
စကားလမ်းကြောင်းက ဒီဘက် ရောက်လာပြီ ဆိုတော့ ကျန်းပေရန် အခွင့်ကောင်းယူပြီး မေးလိုက်လေသည်။
"ဂိုဏ်းချုပ်ယန် ရွှေရောင်ဒယ်အိုး ကျွန်း ကို တစ်ခါမှ မသွားဖူးဘူးလား"
"ဟွန့်"
အေးစက်စက် နှာမှုတ်လိုက်ပြီး ယန်ကွမ်းချင်း ဝိုင်ခွက်ကို ကောက်ယူကာ မော့သောက်လိုက်ပြီး ပြောလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် အဲ့ဒီကျွန်းက နိုင်ငံခြောက်နိုင်ငံ နယ်မြေ အတွင်းမှာ ရှိနေတာလေ သူတို့ အစီအရင်ကို မဖြိုဖျက်နိုင်ရင်တောင် ငါတို့လို နိုင်ငံငယ်လေးတွေက ဂိုဏ်းချုပ်တွေ ဝင်ရောက်စွက်ဖက်ရမယ့် နေရာ မဟုတ်ဘူး"
"နိုင်ငံငယ်လေးတွေ" ဆိုတဲ့ စကားလုံး ပြောတဲ့ အခါ ယန်ကွမ်းချင်း တမင်တကာ အသံမြှင့် ပြောလိုက်တာကြောင့် သူ အလွန် မကျေမနပ် ဖြစ်နေကြောင်း သိသာနေလေသည်။
သို့သော် နိုင်ငံခြောက်နိုင်ငံ က ဒီလောက် သဘောထား သေးသိမ်လိမ့်မယ်လို့ ကျန်းပေရန် မမျှော်လင့်ထားခဲ့မိပေ၊ သူတို့ နယ်နိမိတ် ပြင်ပက ကျင့်ကြံသူတွေ ဘယ်လောက်ပဲ သန်မာပါစေ၊ ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ သူတို့ကို မပါဝင်စေဘဲ သီးသန့် အသိုင်းအဝိုင်း ဖွဲ့ထားကြလေသည်။
ဒါပေါ့ ယန်ကွမ်းချင်း ရဲ့ အဆင့်အတန်းက မြင့်မားလွန်းနေလို့ သူ့ကို ဘေးဖယ်ထားတာလည်း ဖြစ်နိုင်လေသည်။
ကျင့်ကြံသူ တစ်သီးပုဂ္ဂလ (သို့) ဂိုဏ်းတပည့် တစ်ယောက်သာ ဆိုရင် နိုင်ငံခြောက်နိုင်ငံ က ဖိတ်ခေါ်ပြီး ချက်ချင်း စည်းရုံး သိမ်းသွင်းကာ နိုင်ငံခြောက်နိုင်ငံ မိသားစုကြီးရဲ့ အဖွဲ့ဝင်သစ် တစ်ယောက် အဖြစ် လက်ခံလိုက်လောက်လေသည်။
'ဒါပေမဲ့ နောက်ဆုံးတော့ သူတို့က သဘောထား သေးသိမ်လွန်းနေတုန်းပါပဲ'
စိတ်ထဲကနေ သက်ပြင်းချလိုက်ပြီး ကျန်းပေရန် ဆန်စက္ကူ တစ်ရွက် ထုတ်ယူကာ နီးစပ်ရာ စားပွဲ တစ်လုံးပေါ် ဖြန့်ခင်းလိုက်ပြီး စတင် ပုံဆွဲလိုက်လေသည်။
"ရင်ဘတ်ချင်း အပ်ထားတဲ့ မိတ်ဆွေ" တစ်ယောက် အနေနဲ့ ယန်ကွမ်းချင်း နဲ့ ဆက်ဆံပြီးနောက် အစီအရင်တွေ အပေါ် သူ့ရဲ့ စွဲလမ်းမှု အတိုင်းအတာကို ကျန်းပေရန် သဘာဝကျကျ သိထားလေသည်။
ဒါကြောင့် ရွှေရောင်ဒယ်အိုး ကျွန်း အကြောင်း သူ ဘာလို့ ရုတ်တရက် ထည့်ပြောလာလဲ ဆိုတာ ကျန်းပေရန် လုံးဝ နားလည်လေသည်။
ကျန်းပေရန် တူကို ရုတ်တရက် ချပြီး ပုံစဆွဲတာ မြင်တော့ ယန်ကွမ်းချင်း လည်း မတ်တတ်ရပ်ပြီး သူ့ဘေးနား လျှောက်သွားကာ တိတ်တဆိတ် ကြည့်ရှုနေလေသည်။
ကျန်းပေရန် ရဲ့ မျက်လုံးတွေကနေတဆင့် မြင်ရတဲ့ ရွှေရောင်ဒယ်အိုး ကျွန်း ကို ယန်ကွမ်းချင်း အရမ်း စိတ်ဝင်စားနေလေသည်၊ ဘာလို့လဲဆိုတော့ ဒါက အစီအရင် ပညာရှင် တစ်ယောက် ဖြစ်တဲ့ ကျန်းပေရန် ရဲ့ မျက်လုံးထဲက ရွှေရောင်ဒယ်အိုး ကျွန်း မို့လို့ပါပဲ။
တခြား ပန်းချီဆရာ တစ်ယောက်သာ ဆိုရင် ပန်းချီကားက ဘယ်လောက်ပဲ အသက်ဝင်နေပါစေ ယန်ကွမ်းချင်း အထင်သေးစွာ ပစ်ပယ်လိုက်မှာ သေချာလေသည်။
လက်ဖက်ရည် တစ်ခွက် သောက်စာလောက် အချိန် ကြာပြီးနောက် ယန်ကွမ်းချင်း ရုတ်တရက် ပြုံးလိုက်ပြီး နျဲ့ယီရှင်း ကို လက်ယပ်ခေါ်လိုက်လေသည်။
"မိန်းမရေ လာကြည့်ပါဦး"
ဒါကို ကြားတော့ နျဲ့ယီရှင်း ကျော့ရှင်းစွာ လျှောက်လာပြီး သူမ ခင်ပွန်း ဘေးနား ရပ်ကာ ကျန်းပေရန် ရဲ့ ပန်းချီကားကို ကြည့်လိုက်လေသည်။
"သခင်လေးကျန်း ရဲ့ ပန်းချီ ဆွဲတဲ့ စွမ်းရည်တွေက တကယ် မှတ်သားလောက်ပါပေတယ်" နျဲ့ယီရှင်း အံ့သြမှုတချို့နဲ့ ပြောလိုက်လေသည်။
"ဟားဟားဟား ဒီလူအိုကြီးလည်း မထင်ထားမိဘူး ဒီကောင်လေးက ပန်းချီ ဆွဲရာမှာ ဒီလောက် ကျွမ်းကျင်လိမ့်မယ်လို့"
မူလက ကျန်းပေရန် အနေနဲ့ ကျွန်းရဲ့ ယေဘုယျ ပုံစံလောက်ပဲ ကြမ်းတမ်းစွာ ရေးဆွဲပြရင် လုံလောက်ပြီလို့ ယန်ကွမ်းချင်း ထင်ခဲ့တာပါ၊ အရေးကြီးတာက အစီအရင် ပညာရှင် တစ်ယောက်သာ မြင်နိုင်တဲ့ အသေးစိတ် အချက်အလက်တွေ ဖြစ်လေသည်။
ဒါပေမဲ့ ကျန်းပေရန် ရဲ့ ပန်းချီ စွမ်းရည်က သူ့ကို တကယ် မှင်သက်သွားစေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့မိပေ။
ရွှေရောင်ဒယ်အိုး ကျွန်း ကို သူ ရေးဆွဲထားတဲ့ ပုံစံက သူ့မျက်စိရှေ့မှာ တကယ် ပေါ်နေသလိုမျိုး ယုံနိုင်စရာ မကောင်းလောက်အောင် အသက်ဝင်နေလေသည်။
'ခေတ်ပြိုင် ပန်းချီ ဆရာသခင်' ဆိုတဲ့ ဘွဲ့နဲ့ လုံးဝ ထိုက်တန်လေသည်။
ရွှေရောင်ဒယ်အိုး ကျွန်း ပန်းချီကား ပြီးဆုံးသွားတဲ့ အခါ ကျန်းပေရန် စုတ်တံကို ချလိုက်ပြီး ယန်ကွမ်းချင်း ကို ပြောလိုက်လေသည်။
"ဂိုဏ်းချုပ်ယန် ဒါက ရွှေရောင်ဒယ်အိုးကျွန်းရဲ့ မြင်ကွင်းအပြည့်အစုံပါပဲ ခင်ဗျား အဲ့ဒီကနေ တစ်ခုခု တွေ့ရှိလား"
"မတွေ့ဘူး"
ယန်ကွမ်းချင်း တိုက်ရိုက် ပြန်ဖြေလိုက်လေသည်။
"မူလက နိုင်ငံခြောက်နိုင်ငံ က အစီအရင် ပညာရှင်တွေက သူတို့နဲ့ မထိုက်တန်တဲ့ ဂုဏ်သတင်း ကျော်စောမှုတွေ ရရှိထားတယ်လို့ ဒီလူအိုကြီး ထင်ခဲ့တာ ဘာလို့လဲဆိုတော့ သူတို့ အများကြီး ပေါင်းပြီးတောင် ရွှေရောင်ဒယ်အိုး ကျွန်း ကို ဘယ်လို အစီအရင်မျိုးက စောင့်ကြပ်ထားလဲ ဆိုတာ ရှာမတွေ့ခဲ့ကြဘူးလေ အခု မင်းရဲ့ ပန်းချီကားကို မြင်ပြီးနောက် ပေရန် ငါ နားလည်သွားပြီ အဲ့ဒီလူတွေ အရည်အချင်း မရှိလို့ မဟုတ်ဘူး ဒီကျွန်းက တကယ် အရမ်း ထူးဆန်းနေလို့ပဲ"
အဲ့ဒီနောက် ရွှေရောင်ဒယ်အိုးကျွန်းပေါ်မှာ သူ မြင်တွေ့ကြားသိခဲ့ရတာတွေကို ယန်ကွမ်းချင်း ကို ကျန်းပေရန် ပြောပြလိုက်လေသည်။
နိုင်ငံခြား မျိုးနွယ်စု တစ်ခုက နည်းလမ်း တစ်ခုခု အသုံးပြုပြီး အစီအရင် စည်းမျဉ်းတွေကို ပြောင်းလဲကာ အနက်ရောင်ဧကရာဇ် နယ်ပယ် ကျွမ်းကျင်သူတွေကို ကျွန်းပေါ် စေလွှတ်နိုင်ခဲ့တယ် ဆိုတာ ကြားလိုက်ရတဲ့ အခါ ယန်ကွမ်းချင်း ထိုင်မနေနိုင်တော့ပေ။
အရှက်ရစရာပဲ ဘယ်လောက် အရှက်ရစရာ ကောင်းလိုက်သလဲ။
ရွှေရောင်ဒယ်အိုး ကျွန်း ရဲ့ ထူးခြားဆန်းကြယ်မှုကို ဘယ်သူမှ ရှာမတွေ့ဘူး ဆိုရင် သူလည်း ရှာမတွေ့တာကို လက်ခံနိုင်ပါသေးတယ်။
ဒါပေမဲ့ တိုင်းတပါး မျိုးနွယ်စု တစ်ခုက သူ့ထက် ဦးအောင် မဟာ အစီအရင်ရဲ့ လျှို့ဝှက်ချက် တစ်စိတ်တစ်ပိုင်းကို ရှာဖွေတွေ့ရှိသွားတယ် ဆိုတဲ့ အတွေးက သူ့တစ်ကိုယ်လုံးကို နေမထိထိုင်မသာ ဖြစ်စေခဲ့လေသည်။
"ပေရန် သွားကြစို့ မျှော်စင်ပေါ် ပြန်တက်ပြီး ဒီ ရွှေရောင်ဒယ်အိုးကျွန်းကို သေချာ လေ့လာကြရအောင် ဒီလူအိုကြီး ဒါကို လက်မခံနိုင်ဘူး"
ကျန်းပေရန် ရဲ့ အဖြေကိုတောင် မစောင့်ဘဲ ပန်းချီကားကို ဆွဲယူပြီး ဖုံးကွယ်သော လမင်း မျှော်စင် ဆီ တည့်တည့် ဦးတည်သွားလိုက်လေသည်။
ဒါကို မြင်တော့ ကျန်းပေရန် နျဲ့ယီရှင်း ဘက် လက်သီးဆုပ်ပြီး ပြောလိုက်လေသည်။
"ဧည့်ဝတ်ကျေပွန်မှု အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကတော် ဒီဂျူနီယာ ခွင့်ပြုပါဦး"
နျဲ့ယီရှင်း ပြုံးပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
"သွားလိုက်ပါဦး"
ဖုံးကွယ်သော လမင်း မျှော်စင် ကို ပြန်ရောက်တာနဲ့ ယန်ကွမ်းချင်း ပန်းချီကားကို ချက်ချင်း စတင် လေ့လာတော့တာပါပဲ၊ ခဏလေးတောင် မနားပေ။
ကျန်းပေရန် ကတော့ အဲ့လောက် အလျင်မလိုပေ။
ဘာပဲဖြစ်ဖြစ် ရွှေရောင်ဒယ်အိုး ကျွန်း က အခု သူ့အတွက် ဂိုဒေါင် တစ်ခုလို ဖြစ်နေပြီလေ။
သူ ကြိုက်သလို ဝင်ထွက်သွားလာလို့ ရနေပြီ ဆိုတော့ စိတ်ပူစရာ မလိုပေ။
ယန်ကွမ်းချင်း အတွက် ကျွန်းပုံ ဆွဲပေးလိုက်တာက သူ့ကို သာမန် ကူညီမှု တစ်ခု လုပ်ပေးလိုက်တာ သက်သက်ပါပဲ။
အစီအရင် ပညာရှင် အများအပြားက တကယ့် ရွှေရောင်ဒယ်အိုး ကျွန်း ကို နှစ်ပေါင်းများစွာ လေ့လာခဲ့တာတောင် ဘာမှ ရှာမတွေ့ခဲ့တာ၊ ယန်ကွမ်းချင်း က ပန်းချီကား တစ်ချပ် ကြည့်ရုံနဲ့ တကယ် ရှာတွေ့နိုင်မှာတဲ့လား။
လုံးဝ မဖြစ်နိုင်ပေ။
ပြီးတော့ ကျန်းပေရန် ထင်ထားသလိုပါပဲ၊ ရွှေရောင်ဒယ်အိုး ကျွန်း ကို ဖော်ထုတ်ဖို့ ယန်ကွမ်းချင်း ရဲ့ စိတ်အားထက်သန်မှုက နေ့ဝက်လောက်ပဲ ခံပြီး ပန်းချီကားကို ဘေးဖယ်ထားလိုက်ရလေသည်။
မတတ်နိုင်ဘူးလေ။
သဲလွန်စ (သို့) အခြေအနေ ဘာတစ်ခုမှ ရှာမတွေ့ဘဲနဲ့ "ဒီပုစ္ဆာ" မှာစမှတ် လုံးဝ မရှိပေ။
ဆက်ပြီး စဉ်းစားနေတာက အချိန်ဖြုန်းတာ သက်သက်ပါပဲ။
စိတ်ပျက်သွားပုံ ရပြီး ပန်းချီကားကို ချလိုက်ပြီးနောက် ယန်ကွမ်းချင်း ကျန်းပေရန် ကို ပြောလိုက်လေသည်။
"အပြင်ထွက် လမ်းလျှောက်ပြီး စိတ်အပန်းဖြေကြမလား"
ကျန်းပေရန် ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်လေသည်။
"ကောင်းပါပြီ"
ဝင်းထဲ ရောက်တဲ့ အခါ ပြီးပြည့်စုံစွာ အချိုးညီနေတဲ့ အဆောက်အအုံတွေနဲ့ ရှုခင်းတွေကို နောက်တစ်ကြိမ် မြင်လိုက်ရတော့ ကျန်းပေရန် ရဲ့ စိတ်အခြေအနေလည်း ရှင်းပြလို့ မရအောင် ပေါ့ပါးလာသလို ခံစားလိုက်ရလေသည်။
တံတားငယ်လေးတွေနဲ့ စမ်းချောင်းလေးတွေ ကြား လမ်းလျှောက်နေတုန်း ယန်ကွမ်းချင်း ရုတ်တရက် မေးလိုက်လေသည်။
"ပေရန် အစီအရင် လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကို မင်း ဘယ်တုန်းက စတင် နှစ်သက်ခဲ့တာလဲ"
ကျန်းပေရန် တွန့်ဆုတ်ခြင်း မရှိဘဲ ပြန်ဖြေလိုက်လေသည်။
"ကျွန်တော့်ရဲ့ ပထမဆုံး အစီအရင် ကို ကိုယ်တိုင် တည်ဆောက်လိုက်တဲ့ အချိန် ဖြစ်လောက်တယ်"
သူ့စကားတွေမှာ မုသား မပါပေ။
သူ တည်ဆောက်လိုက်တဲ့ ပထမဆုံး အစီအရင် အကျိုးသက်ရောက်မှု ရှိလာတာ မြင်လိုက်ရတဲ့ အချိန်က ခံစားခဲ့ရတဲ့ အောင်မြင်မှု ခံစားချက်က သူ့မှတ်ဉာဏ်ထဲမှာ လတ်ဆတ်နေတုန်းပါပဲ။
"ဟားဟားဟား သူရဲကောင်းတွေက တူညီတဲ့ အတွေး ရှိကြတာပဲ သူရဲကောင်းတွေက တူညီတဲ့ အတွေး ရှိကြတာပဲ ဒီလူအိုကြီးလည်း ငါ့ရဲ့ ပထမဆုံး အစီအရင် တည်ဆောက်လိုက်တဲ့ အခိုက်အတန့်က စပြီး ဒီ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကို ချစ်မြတ်နိုးခဲ့တာ ဒီနေ့ အထိ အစီအရင် ပိုင်းဆိုင်ရာမှာ ထိုးဖောက် တွေ့ရှိမှု တစ်ခု ရတိုင်း ငါ့အတွက် တစ်ညလုံး အောင်ပွဲခံဖို့ ထိုက်တန်တဲ့ ပျော်ရွှင်စရာ အခါသမယ တစ်ခု ဖြစ်နေတုန်းပါပဲ"
ဒီအမှတ် ရောက်တဲ့ အခါ ယန်ကွမ်းချင်း ရုတ်တရက် သက်ပြင်းချလိုက်လေသည်။
"ရွှေရောင်ဒယ်အိုး ကျွန်း ကို နောက်ဆုံး မြင်တွေ့ခွင့် ရတဲ့ အခါ တခြားသူတွေ အားလုံးကို ကျော်ဖြတ်ပြီး သူ့လျှို့ဝှက်ချက်တွေကို တစ်ကြိမ်တည်းနဲ့ ဖော်ထုတ်နိုင်လိမ့်မယ်လို့ ဒီလူအိုကြီး မူလက ထင်ထားခဲ့တာ အခုတော့... ဟူး"
ယန်ကွမ်းချင်း အကြိမ်ကြိမ် သက်ပြင်းချနေတာ မြင်တော့ သူ့ရဲ့ ရိုးရှင်းတဲ့ ကူညီမှု လုပ်ရပ်လေးက ဒီလူ့အပေါ် ဒီလောက် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်စေလိမ့်မယ်လို့ ကျန်းပေရန် မမျှော်လင့်ထားခဲ့မိပေ။
ကျန်းပေရန် ရဲ့ တွန့်ဆုတ်နေတဲ့ မျက်နှာထားကို မြင်တော့ ယန်ကွမ်းချင်း ပြုံးပြီး ပြောလိုက်လေသည်။ "ပေရန် ငါတို့ ပထမဆုံး ဘယ်လို တွေ့ဆုံခဲ့ကြလဲ ဆိုတာ မင်း မှတ်မိလား"
"ဒါပေါ့ မှတ်မိတာပေါ့"
ဘာပဲဖြစ်ဖြစ် 'ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ အနက်ရောင်ဧကရာဇ်' ဆိုတာ နေ့တိုင်း ကြုံတွေ့ရတဲ့ ကိစ္စမှ မဟုတ်တာ။
ဘယ်လိုလုပ် မေ့နိုင်မှာလဲ။
သို့သော် အဲ့ဒီနေ့က 'ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ အနက်ရောင်ဧကရာဇ်' အကြောင်း တွေးမိတော့ အဲ့ဒီ မိစ္ဆာမြေခွေး ကို ကျန်းပေရန် မတွေးမိဘဲ မနေနိုင်တော့ပေ။
လက်စားချေဖို့ အခွင့်အရေး စောင့်ရင်း တစ်နေရာရာက ဂူတစ်ခုထဲမှာ ပုန်းအောင်းပြီး အသည်းအသန် ကျင့်ကြံနေမလား ဆိုတာ သူ သိချင်မိလေသည်။
"ဒီလူအိုကြီးလည်း အရမ်း ရှင်းရှင်းလင်းလင်း မှတ်မိတယ် တကယ်တော့ အဲ့ဒီနေ့တုန်းက ရှန့်တိုင်းပြည် ကို ငါ ရုတ်တရက် ရောက်လာရတဲ့ အကြောင်းရင်းက ဗေဒင်ဆရာ တစ်ယောက် ကြောင့်ပါ"
"ဗေဒင်ဆရာ" ဆိုတဲ့ စကားလုံး ကြားလိုက်ရတော့ ကျန်းပေရန် ရဲ့ စိတ်ဝင်စားမှု ချက်ချင်း မြင့်တက်လာလေသည်။
ထုံတိုင်းပြည် မှာတုန်းက ကူလျန်ရန် နဲ့ တွေ့ဆုံဖို့ အခွင့်အရေး သူ ဘယ်တုန်းကမှ မရရှိခဲ့ဘူး၊ အခု ယန်ကွမ်းချင်း တောင် လုံးဝ ယုံကြည်တဲ့ နောက်ထပ် ဗေဒင်ဆရာ တစ်ယောက် အကြောင်း သူ ကြားနေရပြီ။
အဲ့ဒီလူမှာ စစ်မှန်တဲ့ စွမ်းရည်တွေ ရှိရမည်။
"ဗေဒင်ဆရာ ဟုတ်လား" စိတ်ဝင်စားတဲ့ မျက်နှာထားနဲ့ ကျန်းပေရန် မေးလိုက်လေသည်။
"ဟုတ်တယ် ဗေဒင်ဆရာ" ယန်ကွမ်းချင်း ခေါင်းညိတ်လိုက်လေသည်။
"တကယ်တော့ အချိန်အကြာကြီးကတည်းက အစီအရင် လမ်းစဉ်မှာ တိုးတက်မှု ရရှိဖို့ ပိုပို ခက်ခဲလာတယ်လို့ ဒီလူအိုကြီး တွေ့ရှိခဲ့ရတယ် ရှေ့ဆက်ရမယ့် လမ်းက မသိနားမလည်တဲ့ အရာတွေနဲ့ ပြည့်နှက်နေရုံ သာမက ဆူးငြောင့်ခလုတ်တွေနဲ့ ဖုံးလွှမ်းနေတယ် မင်းလည်း ဒီခံစားချက်မျိုး ခံစားဖူးလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
'အဲ့ဒါက...
ငါ တကယ် မခံစားဖူးဘူး'
ကျန်းပေရန် က အဆို့အတား အများအပြား ကြုံတွေ့ခဲ့ဖူးပြီး လျှို့ဝှက်ဆန်းကြယ် ပညာရပ် အမျိုးအစားစုံ အတွက်လည်း ကြုံတွေ့ခဲ့ဖူးလေသည်။
ဒါပေမဲ့ အဆို့အတား တစ်ခု ကြုံရတဲ့ အခါ သူ ဘယ်တော့မှ ထိတ်လန့်ခြင်း မရှိခဲ့ပေ။
တခြား လျှို့ဝှက်ဆန်းကြယ် ပညာရပ် တစ်ခုခုကို ခဏ ပြောင်းလဲ လေ့ကျင့်လိုက်ရုံပါပဲ။
နောက်ပိုင်း အဆို့အတား ဖြစ်နေတဲ့ ပညာရပ်မှာ သူ့ကျွမ်းကျင်မှု တိုးလာတဲ့ အခါ အဆို့အတားက သဘာဝကျကျ ပြေလည်သွားတတ်လေသည်။
ဒါကြောင့် ဒီကိစ္စမှာ သူ တကယ် ကိုယ်ချင်းစာဖို့ ခက်ခဲလေသည်။
ဒါပေါ့ အဲ့ဒါကို ထုတ်ပြောလို့ မဖြစ်ဘူး ဆိုတော့ ကျန်းပေရန် သဘောတူသလို ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။
"ဟုတ်ပါတယ် အဲ့ဒီ ခံစားချက်က အရမ်း မနှစ်မြို့စရာ ကောင်းပါတယ်"
"ဟုတ်တယ် အရမ်း မနှစ်မြို့စရာ ကောင်းတယ်" ယန်ကွမ်းချင်း နောက်တစ်ကြိမ် သက်ပြင်းချလိုက်လေသည်။
"ဒါကြောင့် ဒီလူအိုကြီးက အဲ့ဒီ ဗေဒင်ဆရာ ဆီ အဟောသွားမေးခဲ့တယ် ငါ ဘာမေးခဲ့လဲ ခန့်မှန်းကြည့်"
"ခွင့်လွှတ်ပါ ဒီဂျူနီယာ မခန့်မှန်းနိုင်ပါဘူး"
ယန်ကွမ်းချင်း သူ့ကို အတင်း မခိုင်းဘဲ တိုက်ရိုက် ဖြေလိုက်လေသည်။ "အစီအရင် လမ်းစဉ်မှာ ထိုးဖောက် တွေ့ရှိမှုတွေ ဆက်လက် ရရှိအောင် ဘယ်လို လုပ်ရမလဲ ဆိုတာ ဒီလူအိုကြီး မေးခဲ့တယ် ပြီးတော့ အဲ့ဒါက မင်းရှေ့ ငါ ပေါ်လာခဲ့တဲ့ နေ့တစ်နေ့ဆီ ဦးတည်သွားစေခဲ့တယ်"
'ဒါကြောင့်ကိုး...
သောက်ကျိုးနည်း ဗေဒင်ဟောကိန်းရဲ့ အမှားပဲ ဖြစ်ရမယ်'
ကျန်းပေရန် တိတ်ဆိတ်သွားတာ မြင်တော့ ယန်ကွမ်းချင်း ဆက်ပြောလိုက်လေသည်။
"ဒီလူအိုကြီးက ဗေဒင်ဟောကိန်းက ဖူချန် ကို ညွှန်ပြနေတယ်လို့ မူလက ထင်ခဲ့တာ၊ သူ သန်မာလာတဲ့ အခါ သူ့ရဲ့ ဓာတ်ကြီး ၄ ပါး ဖွဲ့စည်းပုံ နဲ့ ငါ့ကို ကူညီပေးနိုင်မယ်လို့ တွေးခဲ့မိတယ် ဒါပေမဲ့ အခုတော့... အစီအရင် လမ်းစဉ်မှာ ငါ့ကို ပိုမို တိုးတက်အောင် ကူညီပေးနိုင်မယ့် သူက မင်း ဖြစ်နေပုံ ရတယ်"
"ဒီဂျူနီယာ က ဘယ်လိုလုပ် ထိုက်တန်မှာလဲ..."
ကျန်းပေရန် သူ့ရဲ့ နှိမ့်ချတဲ့ စကားတွေ မဆုံးခင်မှာတင် ယန်ကွမ်းချင်း လက်ဝှေ့ယမ်းပြီး ပြောလိုက်လေသည်။
"မင်းကို ဒါတွေ ပြောပြနေရတဲ့ အကြောင်းရင်းက အစီအရင် လမ်းစဉ်မှာ နောက်ထပ် ထိုးဖောက် တွေ့ရှိမှု တစ်ခု ရဖို့ ငါ ဘယ်လောက် တောင့်တနေလဲ ဆိုတာ မင်းနားလည်စေချင်လို့ပါ"
ဒါကို ကြားပြီးနောက် ကျန်းပေရန် ကိုယ့်ဘာသာကိုယ် တိတ်တဆိတ် ခေါင်းညိတ်လိုက်လေသည်။
အရည်အချင်း ပြည့်မီတဲ့ "မြေခွေးအိုကြီး" တစ်ကောင် အနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်တဲ့ အခါ ကိုယ့်ရဲ့ စစ်မှန်တဲ့ လိုအပ်ချက်တွေကို ထုတ်မပြတာက အခြေခံ ကျွမ်းကျင်မှု တစ်ခု ဖြစ်လေသည်။
မဟုတ်ရင် တစ်ဖက်လူကို အားသာချက် ပေးလိုက်သလို ဖြစ်နေလိမ့်မည်။
ဒီလို ဖဲချပ်တွေ အကုန် လှန်ပြလိုက်တာက ယန်ကွမ်းချင်း ဟာ သူတို့ ဆက်ဆံရေးက တရားဝင် စေ့စပ်ညှိနှိုင်းမှုတွေ လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်တိုင်ပင်နိုင်တဲ့ မိတ်ဆွေရင်းတွေ ဖြစ်လာပြီ ဆိုတာ ပြသဖို့ ကြိုးစားနေတာ ဖြစ်လေသည်။
'ဒီဆက်ဆံရေး အဆင့်တက်တဲ့ နှုန်းက... ရိုးရိုးသားသား ပြောရရင် နည်းနည်း မြန်လွန်းတယ်'
ကနဦး [ကြားနေ] အခြေအနေ ကနေ အမြန် မြင့်တက်လာခဲ့တာ ဖြစ်လေသည်။
အခု [ဖော်ရွေသော] အဆင့်ကို ကျော်ဖြတ်ပြီး [ရင်းနှီးသော] အဆင့် ရောက်နေလောက်ပြီ ဖြစ်လေသည်။
'ဒါကို စကားဝှက် မှန်ကန်တယ်လို့ ခေါ်တာ ဖြစ်လောက်တယ်...'
ရွှေရောင်ဒယ်အိုးကျွန်း ကိစ္စက ယန်ကွမ်းချင်း အတွက် တော်တော်လေး ထိုးနှက်ချက် ဖြစ်စေခဲ့ပုံ ရလေသည်။
အတိတ်တုန်းက အစီအရင်တွေနဲ့ ပတ်သက်ပြီး အဆို့အတား ကြုံတွေ့နေရမှန်း သူ သိပေမယ့် ပြီးပြည့်စုံမှုနဲ့ သိပ်မဝေးတော့ဘူး ဒါကြောင့် အချိန် ပိုပေးရတာ ပုံမှန်ပဲလို့ သူ ခံစားခဲ့ရလေသည်။
ဒါပေမဲ့ အခု သူ ရှာဖွေတွေ့ရှိလိုက်တာက ပြီးပြည့်စုံမှု ဆိုတာ ထားလိုက်ပါတော့၊ သူ လုံးဝ နားမလည်နိုင်တဲ့ အစီအရင်တွေ ဒီကမ္ဘာမှာ ရှိနေသေးတယ် ဆိုတာပါပဲ။
တောင်ထိပ်ကို ရောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားတက်လိုက်ပေမယ့် အဆုံးမဲ့ မြင်ကွင်းကျယ်ကြီး တွေ့ရမယ့် အစား သူ့လမ်းကြောင်းကို ပိတ်ဆို့နေတဲ့ ပိုမြင့်မားတဲ့ တောင်ကြီး တစ်လုံး တွေ့လိုက်ရသလို၊ ပြီးတော့ အဲ့ဒီတောင်ကို နိုင်ငံခြား မျိုးနွယ်စု တစ်ခုက တက်နေပြီ ဆိုတာ တွေ့လိုက်ရသလိုပါပဲ။
ဒီတစ်ခေါက် သူ တကယ် စိုးရိမ်လာခဲ့ပြီ ဖြစ်လေသည်။
သူ တက်လို့ မပြီးသေးတဲ့ တောင်ငယ်လေး ပေါ်မှာ သူ ဆက်မနေချင်တော့ပေ၊ အဲ့ဒီ ပိုမြင့်မားတဲ့ တောင်ကြီးကို စိန်ခေါ်ချင်လာခဲ့လေသည်။
ပြီးတော့ သူ့ရှေ့က တောင်ငယ်လေးကို အဆုံးထိ တက်နိုင်အောင် ကူညီပေးမယ့် သော့ချက်က ကျန်းပေရန် ဖြစ်တယ်လို့ သူ အခု ဆုံးဖြတ်လိုက်လေသည်။
အလားတူပဲ အစီအရင် လမ်းစဉ်မှာ ဆက်လက် တိုးတက်အောင် ကူညီပေးနိုင်မယ့် အဘွားလင်ရဲ့ ဗေဒင်ဟောကိန်း ထဲက လူက ကျန်းပေရန် ဖြစ်တယ်လို့လည်း သူ ဆုံးဖြတ်လိုက်လေသည်။
ကျန်းပေရန် သူ့အတွေးတွေ အဆုံးသတ်ပြီး စကားပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ စနစ် ရွေးချယ်စရာတွေ ရုတ်တရက် ပေါ်လာလေသည်။
[ရွေးချယ်မှု ၁ - "ဒီဂျူနီယာ လည်း အတူတူ ခံစားရပါတယ်"
ပြီးမြောက်ဆုလက်ဆောင် - ရက်စက်သော သိမ်းငှက်တမလွန် ကျမ်းစာ (မြေကမ္ဘာအဆင့်၊ အဆင့်မြင့်)]
[ရွေးချယ်မှု ၂ - "မဟုတ်ပါဘူး ပညာရှင်ရဲ့ ဗေဒင်ဟောကိန်းက ဖူချန် ကို ရည်ညွှန်းတာလို့ ဒီဂျူနီယာ ယုံကြည်ပါတယ်"
ပြီးမြောက်ဆုလက်ဆောင် - ကျပန်း အခြေခံ အရည်အသွေးအမှတ် +၁]
ဒီရွေးချယ်စရာ နှစ်ခုကို ကြည့်ပြီး စနစ်ရဲ့ ရည်ရွယ်ချက်ကို ကျန်းပေရန် ချက်ချင်း နားလည်သွားလေသည်။
သူ ဒုတိယ တစ်ခုကို တိုက်ရိုက် ရွေးချယ်လိုက်ပြီး ပြန်ဖြေလိုက်လေသည်။
"မဟုတ်ပါဘူး ပညာရှင်ရဲ့ ဗေဒင်ဟောကိန်းက ဖူချန် ကို ရည်ညွှန်းတာလို့ ဒီဂျူနီယာ ယုံကြည်ပါတယ်"
ဒါကို ကြားတော့ ယန်ကွမ်းချင်း ခဏ မှင်သက်သွားပြီး ကျန်းပေရန် ဆီကနေ ဒီလို အဖြေမျိုး ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိပေ။
ယန်ကွမ်းချင်း ရဲ့ မျက်ခုံးတွေ တဖြည်းဖြည်း တွန့်ချိုးလာတာ ကြည့်ရင်း ကျန်းပေရန် ဆက်ပြောလိုက်လေသည်။
"ဂိုဏ်းချုပ်ယန်က ဒီဂျူနီယာ အပေါ် ဒီလောက် ပွင့်လင်းနေမှတော့ ကျွန်တော်လည်း ဘာမှ ဖုံးကွယ်ထားတော့မှာ မဟုတ်ပါဘူး ကျွန်တော့်အတွေးတွေက တကယ်တော့ ခင်ဗျားနဲ့ အတူတူပါပဲ၊ အစီအရင် လမ်းစဉ်မှာ ပိုမို တိုးတက်ဖို့ ဖူချန် ရဲ့ ဓာတ်ကြီး ၄ ပါး ဖွဲ့စည်းပုံကို အသုံးပြုချင်ပါတယ်"
ဒါကို ကြားတော့ ယန်ကွမ်းချင်း တကယ် ပြုံးလိုက်လေသည်။
"ငါ ပေါ်လာတာက မင်းရဲ့ မူလ အစီအစဉ်ကို ဖျက်ဆီးလိုက်တယ်လို့ မင်း ပြောချင်တာလား"
ခေါင်းခါလိုက်ပြီး ကျန်းပေရန် ပြောလိုက်လေသည်။
"ခင်ဗျား ပေါ်လာတဲ့ အခိုက်အတန့်မှာ ဖူချန် ရဲ့ ကံကောင်းခြင်း အခွင့်အလမ်း ရောက်လာပြီ ဆိုတာ ကျွန်တော် နားလည်လိုက်တယ်"
ယန်ကွမ်းချင်း ပြန်လည် တိတ်ဆိတ်သွားတာ မြင်တော့ ကျန်းပေရန် ဆက်ပြောလိုက်လေသည်။
"ကျင့်ကြံခြင်း လမ်းစဉ်မှာ ခရီးဝေး သွားလေလေ ပါရမီက ပိုအရေးကြီးလေလေပါပဲ အစီအရင် လမ်းစဉ် အတွက်လည်း အတူတူပဲလို့ ဒီဂျူနီယာ ယုံကြည်တယ် ဖူချန် ပိုသန်မာလာတဲ့ အခါ သူ့ရဲ့ ဓာတ်ကြီး ၄ ပါး ဖွဲ့စည်းပုံ က ခင်ဗျားကို ကြီးမားတဲ့ အံ့သြမှု တစ်ခု သေချာပေါက် ပေးပါလိမ့်မယ်"
ဒါကို ကြားပြီးနောက် ယန်ကွမ်းချင်း ခဏ ထပ်စဉ်းစားလိုက်ပေမယ့် မကြာခင် အားပါးတရ ရယ်မောလိုက်လေသည်။
"ဒီအဆင့် ရောက်မှတော့ ဗေဒင်ဟောကိန်းက မင်းကို ညွှန်ပြတာလား၊ ဖူချန် ကို ညွှန်ပြတာလား ဆိုတာ အရေးမကြီးတော့ပါဘူး ငါ ဘာလို့ ရွေးချယ်မှု လုပ်ရမှာလဲ ငါ နှစ်ယောက်လုံးကို လက်ခံလိုက်မယ် ဟားဟားဟား"
[ရွေးချယ်မှု မစ်ရှင် ပြီးမြောက်ပါပြီ။
ဆုလက်ဆောင် - ကံကောင်းခြင်း +၁]
ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရတဲ့ ကံကောင်းခြင်း အမှတ် ပေါ်လာတာ မြင်တော့ ကျန်းပေရန် ချက်ချင်း စိတ်သက်သာရာ ရသွားလေသည်။
ကောင်းကင်တာအို ရဲ့ အမြဲတမ်း ပစ်မှတ်ထားခြင်း ခံရတဲ့ သူ့ကံကြမ္မာကို ပြောင်းလဲဖို့ ကံကောင်းခြင်း ဘယ်လောက် လိုအပ်လဲ ဆိုတာ သူ အတိအကျ မသိပေမယ့် အမှတ် တစ်မှတ် ရတိုင်း ရှင်းပြလို့ မရတဲ့ စိတ်ချရမှု တစ်ခု တိုးလာစေလေသည်။
"ဟားဟားဟား ဂိုဏ်းချုပ်ယန် ပြောတာ လုံးဝ မှန်တယ်" သဘောတူညီစွာ ကျန်းပေရန် ရယ်မောလိုက်လေသည်။
ယန်ကွမ်းချင်း သူ့အပေါ် အာရုံ အပြည့်အဝ စိုက်ထားပြီး လီဖူချန် ကို မေ့သွားတာမျိုး မဖြစ်အောင် တားဆီးနိုင်သရွေ့ သူ့တာဝန် ကျေပွန်ပြီ ဖြစ်လေသည်။
"လာ မျှော်စင်ပေါ် ပြန်တက်ပြီး အပြန်အလှန် ချိတ်ဆက်ခြင်း အစီအရင် လမ်းစဉ် အကြောင်း ဆက်လက် ဆွေးနွေးကြရအောင်"
"ကြွပါ" ဖိတ်ခေါ်တဲ့ လက်ဟန် ပြုလုပ်ရင်း ကျန်းပေရန် ပြောလိုက်လေသည်။
...
၃ ရက် ကြာပြီးနောက် ကျန်းပေရန် ဗေဒင် တွက်ချက်မှု ဘုတ်ပြား ပေါ်က တံခါး ၉ ပေါက် နဲ့ ကြယ်ပွင့်များ ပုံစံကို ကြည့်ပြီး ပြုံးလိုက်လေသည်။
၃ ရက်ကြာ ထပ်ခါတလဲလဲ ဆွေးနွေးပြီးနောက် သူတို့နှစ်ယောက် အပြန်အလှန် ချိတ်ဆက်ခြင်း အစီအရင် လမ်းစဉ်မှာ တိုးတက်မှုတချို့ နောက်ဆုံးတော့ ရရှိခဲ့လေသည်။
ဒါ့အပြင် အပြန်အလှန် ချိတ်ဆက်ခြင်း အစီအရင် လမ်းစဉ်ကို နက်နက်ရှိုင်းရှိုင်း လေ့လာလေလေ ပျံသန်းသော စံအိမ် ကို ဖန်တီးခဲ့တဲ့ အစီအရင် ပညာရှင်က ဘယ်လို ပညာရှင်မျိုးလဲ ဆိုတာ ကျန်းပေရန် ပိုသိချင်လာလေလေ ဖြစ်လေသည်။
မူလက အပြန်အလှန် ချိတ်ဆက်ခြင်း အစီအရင် တွေ အကြောင်း သူ့မှာ အယူအဆ သိပ်မရှိခဲ့ပေ၊ အလွန် စွမ်းအားကြီးတယ် ဆိုတာလောက်ပဲ သိခဲ့တာ ဖြစ်လေသည်။
ဒါပေမဲ့ နိုင်ငံခြောက်နိုင်ငံ ရဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ် စနစ်နဲ့ ပိုမို ရင်းနှီးလာပြီး အစီအရင် ပညာရှင် အများအပြားနဲ့ ဆက်တိုက် တွေ့ဆုံပြီးနောက် ပျံသန်းသော စံအိမ် ကို ဖန်တီးခဲ့တဲ့ အစီအရင် ပညာရှင်က ဘယ်လောက်တောင် စွမ်းအားကြီးလဲ ဆိုတာ သူ တဖြည်းဖြည်း နားလည်လာခဲ့လေသည်။
သူနဲ့ စကားပြောခွင့် ရရင် သေချာပေါက် စိတ်ဝင်စားစရာ ကောင်းတဲ့ ကိစ္စ တစ်ခု ဖြစ်မှာ သေချာလေသည်။
'အင်း အခွင့်အရေး ရရင် ရှီမျိုးနွယ်စု က လူတွေကို မေးကြည့်ရမယ်'