သူမ လူရွေး မမှားခဲ့ဘူး
Vol. 130 Ch. 1807
“ချောင်စွေ့ဖုန်း... မင်းကိုမင်း ငါ့မိန်းမလို့ သတ်မှတ်ထားသေးရဲ့လား...”
ဝေ့ဝူယင်က တင်းမာသည့် လေသံဖြင့် ချောင်စွေ့ဖုန်းကို စူးရဲစွာ စိုက်ကြည့်ရင်း မေးလိုက်သည်။
“...”
ချောင်ချောင် တစ်ယောက် ပြူးကြောင်ကြောင် ဖြစ်သွားခဲ့၏။
‘ဘာလဲ... ငါ့အဒေါ်က ဘယ်တုန်းက သူ့မိန်းမ ဖြစ်သွားတာလဲ...’
ချောင်စွေ့ဖုန်းမှာလည်း ဝေ့ဝူယင်၏ တိုက်ရိုက် မေးခွန်းကြောင့် အံ့ဩသွားခဲ့၏။ သို့သော်လည်း... သူမက ညင်သာစွာပင် ခေါင်းညိတ်လိုက်သည်။
“အင်း...”
သူမ ထိုနေ့က ဆုံးဖြတ်ချက် အတိုင်းပင် ရှိနေခဲ့သည်။ ထိုနေ့၌ သူမ ဝေ့ဝူယင်ကို သူမ၏ ခန္ဓာကိုယ်အား ပေးအပ်ခဲ့သည်။ သူမ၏ အတိတ် ရာဇဝင် အကြောင်းကို ပြန်လည် ပြောပြခဲ့သည်။ သူမ၏ မူလ ရည်ရွယ်ချက်က ကိုယ်ကျိုး ရှာရန် ဖြစ်သော်လည်း ဝေ့ဝူယင်နှင့် ပိုမို နီးကပ်လာသည်နှင့် အမျှ ခံစားချက်များက ပြောင်းလဲ လာခဲ့သည်။ ထိုသေမျိုး အပေါ် တွယ်တာလာခဲ့သည်။ အထင်ကြီး လာခဲ့သည်။ ပိုမို လေးစားလာခဲ့သည်။ အချစ်စိတ်များ ယိုဖိတ်လာခဲ့သည်။
မိန်းကလေး၏ အမူအရာကို ကြည့်ရင်း ဝေ့ဝူယင် စိတ်မကောင်း ဖြစ်သွားခဲ့၏။
“ဒါဆို ငါက မင်းကို မကာကွယ်နိုင်ဘူးလို့ ထင်နေတာလား... အထူးသဖြင့် ငါသိမ်းပိုက်ထားတဲ့ ဒီလောကမှာ... ငါရဲ့ ပိုင်နက်ထဲမှာ”
သူ ညင်သာစွာ မေးလိုက်သည်။
“...”
ချောင်စွေ့ဖုန်း တစ်ယောက် ဝေ့ဝူယင် အဘယ်ကြောင့် ထိုကဲ့သို့ မေးနေရသည်ကို သဘောပေါက် သွားခဲ့သည်။ သူမ၏ အကြည့်များက ချုပ်နှောင်ခံထားရသည့် လူအိုကြီးနှင့် သေလုမျောပါး ဖြစ်နေသည့် သခင်လေးရှန့်တို့ အပေါ်သို့ ရောက်ရှိသွားခဲ့၏။ နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် စိုးရိမ်စိတ်များနှင့် နေလာနှင်းပျောက် သလိုမျိုး ပျောက်ကွယ်သွားခဲ့သည်။ ထို့အစား နွေးထွေးသည့် ခံစားချက် တစ်ခုက အစားထိုး နေရာယူလာခဲ့၏။
ဝေ့ဝူယင် လက်ကမ်းပေးလိုက်သည်။ သူမက ဆုပ်ကိုင်ဖို့ အတွက် မတွန့်ဆုတ်ခဲ့ပါချေ။
“ဒါဆိုရင် နောက်တစ်ချိန်မှာ တခြားသူတွေ ခြိမ်းခြောက်တဲ့ အခါ နောက်ဆုတ်ဖို့ ဒါမှမဟုတ် ခေါင်းငုံ့ဖို့ မတွေးနဲ့... ဟိုးအဝေးကြီးမှာ ရှိနေတဲ့ ကြယ်ကိုးပွင့် ရှန့်ထိုခန်းမလို အဓိပ္ပာယ် မရှိတဲ့ စကားတွေကို မသုံးနဲ့... ငါ တစ်ယောက်တည်းနဲ့တင် လုံလောက်တယ်”
ချောင်စွေ့ဖုန်း တစ်ယောက် နှလုံးသား တစ်ခုလုံး လှုပ်ခါသွားသလို ခံစားလိုက်ရ၏။ သူမ၏ ဘဝတွင် တူဖြစ်သူမှ လွဲ၍ တစ်ဘဝလုံး နှစ်ထောင်ပေါင်းများစွာ ကိုယ့်ကိုယ်ကိုသာ အားကိုးခဲ့ရသည်။ တစ်စုံတစ်ယောက်က ကာကွယ်ပေးခြင်းနှင့် ထိုမျှ တိုက်ရိုက်ကျသည့် နောက်ခံ အဖြစ် ဆောင်ရွက်ပေးခြင်း ဟူသော ခံစားချက်မှာ အချိန်အတော်ကြာ သူမ မခံစားခဲ့ရသော အရာတစ်ခု ဖြစ်သည်။
ထိုခံစားချက်က အတော့်ကို ကောင်းမွန်သည်။
ချောင်စွေ့ဖုန်းကို ဆုံးမပြီးနောက် ဝေ့ဝူယင်က လူအိုကြီးဘက်ကို လှည့်ကြည့်လိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ ဘာကြောင့် ဒီကို ရောက်နေတာလဲဆိုတာကို ကျုပ် ကောင်းကောင်း သိတယ်... ဒါပေမဲ့ ကျုပ်အိမ်ကို လာပြီး ကျုပ်ကို စိန်ခေါ်တာမျိုး၊ ဒါမှမဟုတ် ကျုပ် ဂရုစိုက်ရတဲ့ လူတွေကို မထီမဲ့မြင် လုပ်တာမျိုး ဆိုရင်... ကျန်တာ ဘာမှ အရေးမကြီးတော့ဘူး... ဒီကို ရောက်နေသရွေ့ ခင်ဗျားက ကျုပ်ရဲ့ အင်ပါယာ နယ်မြေထဲကို တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာတဲ့ လူတစ်ယောက်ပဲ ဆိုတာ နားလည်ထားပါ...”
ဓားချက်သုံးချက် စိန်ခေါ်မှု... ထိုအရာက အဘယ်လောက် အဓိပ္ပာယ် မရှိလိုက်သနည်း။ ထိုကဲ့သို့ ကလေးကလားဆန်ဆန် စိန်ခေါ်မှုကို သူ ဘယ်တုန်းကမှ အလေးအနက် မထားခဲ့ချေ။
လူအိုကြီးက သခင်လေးရှန့်ကို လှမ်းကြည့်လိုက်၏။ လူငယ်လေး၏ ခန္ဓာကိုယ်မှာ တစ်ခါတစ်ရံတွင် အားအင် ချိနဲ့စွာ တုန်ခါလာတတ်သည်။ ဤသည်မှာ သူ အသက်ရှင်လျက် ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြနေသည့် တစ်ခုတည်းသော လက္ခဏာ မဟုတ်သော်လည်း၊ မျက်စိဖြင့် အထင်ရှားဆုံး မြင်နိုင်သည့် အမြင်ဆုံး အရာ ဖြစ်သည်။
ချောင်စွေ့ဖုန်း၏ စိမ်းလဲ့တောက်ပနေသော မျက်ဝန်းများမှာ လူအိုကြီးနှင့် သခင်လေးရှန့်တို့ အပေါ်သို့ ရောက်ရှိ သွားခဲ့သော်လည်း ယခင်ကလိုမျိုး ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်းတို့ကို အနည်းငယ်မျှပင် မခံစားရတော့ချေ။ ဝေ့ဝူယင်၏ လက်ဖဝါးထံမှ နွေးထွေးမှု တစ်ခုတည်းကပင်လျှင် သူမ ခံစားနေရသည့် စိုးရိမ် ပူပန်မှုနှင့် သံသယ အားလုံးကို ဖယ်ရှားပစ်ဖို့ အတွက် လုံလောက်ခဲ့သည်။ လုံခြုံ သေချာခြင်း တည်းဟူသော ခံစားချက်မှာ အလွန် ကျေနပ်ဖွယ်ကောင်းပြီး ဖော်ပြ၍ မရနိုင်လောက်အောင် သက်သောင့်သက်သာ ရှိလှသည်။
သူမ၏ လက်အား ဆုပ်ကိုင်ထားသည့် ဝေ့ဝူယင်၏ ဘေးတိုင် ပုံရိပ်ကို စိုက်ကြည့်ရင်း အကြွင်းမဲ့ ဟင်းလင်းပြင် နယ်မြေ၊ မူလ အာရုဏ်ဦး နန်းတော် အတွင်းမှ အမှတ်တရများကို ပြန်လည် မြင်ယောင် လာမိခဲ့သည်။ ချက်ချင်းပင် ချောင်စွေ့ဖုန်း၏ မျက်နှာက ရှက်သွေးဖြင့် နီရဲသွား၏။
ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ ထိုမြင်ကွင်းကို အမိဖမ်းလိုက်မိသည်။ ချောင်ချောင် တစ်ယောက် ပါးစပ် အဟောင်းသား ဖြစ်သွားရ၏။ သူ့အဒေါ် အပျိုကြီး အကြောင်း သူ အသိဆုံး ဖြစ်သည်။ သူမက တော်ရုံနှင့် ရှက်သွေးဖြာတတ်သည့် မိန်းမမျိုး မဟုတ်ပါချေ။ အဂ္ဂိရတ် တာအို အပေါ် အလွန်အကျွံ စွဲလမ်းကာ ကျင့်ကြံခြင်း အခြေခံ တိုးတက်ရေးကိုသာ တစ်ချိန်လုံး အာရုံစိုက်ထားခဲ့သူ ဖြစ်သည်။ ဘယ်ယောက်ျားကိုမှ နှစ်ကြိမ် စောင်းငဲ့ကြည့်တတ်သူ မဟုတ်ချေ။
သို့သော်လည်း... ယခုမူ နွေဦးရာသီ မိန်းမပျိုလေး တစ်ဦး၏ ရှက်သွေးဖြာမှု အလှတရားနှင့် အတူ ဝေ့ဝူယင်၏ လက်ကို ပွင့်ပွင့်လင်းလင်းပင် ဆုပ်ကိုင် ထားခဲ့သည်။ သူ့ကို ကြည့်ရုံဖြင့်ပင် မျက်နှာက နီမြန်း နေခဲ့သည်။ ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ ကိုယ်တိုင်က ရှက်လာလေရာ အကြည့်ကို လွှဲလိုက်ရင်း လူအိုကြီးဘက်သို့ လှည့်ကာ ကြည့်လိုက်၏။
လူအိုကြီး၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေ၏။ သူ၏ မျက်လုံးများမှာ ပင်လယ်ထက် ပို၍ ငြိမ်သက် နေသော်လည်း ခန္ဓာကိုယ်ကတော့ ပေါက်ကွဲလုနီးပါး ဖြစ်နေခဲ့သည်။ သူက သခင်လေးရှန့်၏ သေလုနီးပါး ခန္ဓာကိုယ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်သည်။ သူက တစ်ခုခုကို ဆုံးဖြတ်လိုက်ပုံ ရသည်။
ထိုအချိန်တွင်ပင် ဝေ့ဝူယင်က စကားပြောလိုက်၏။ သူ၏ အသံက ကြည်လင်ကာ လေသံက ငြိမ်သက် နေခဲ့သည်။
“ခင်ဗျား ချိပ်စည်းကို ဖြည်လိုက်ရင် ခင်ဗျားရဲ့ သခင်လေးက အရင်ဆုံး သေရမယ့်လူပဲ... သူ့ရဲ့ အစစ်အမှန် ဝိညာဥ်ကိုပါ ကျုပ် ဖျက်ဆီးပစ်မယ်... ခင်ဗျား အသက်ကို စတေးမယ် ဆိုရင်တောင် သူ ဘယ်တော့မှ ပြန်ရှင်သန် နိုင်တော့မှာ မဟုတ်ဘူး...
သူ၏ ခြိမ်းခြောက်သံက ခန်းမဆောင် အတွင်း ပဲ့တင်ထပ် သွားလေရာ လူတိုင်း ရှင်းလင်းစွာ ကြားလိုက်ရလေသည်။ သခင်လေးရှန့်၏ လဲကျနေသည့် ခန္ဓာကိုယ်လေးမှာ ထိုခြိမ်းခြောက်မှုကို တုန့်ပြန်သည့် အလား ဆက်တိုက် တုန်ခါလာခဲ့၏။
လူအိုကြီး၏ မျက်လုံးများက ဝေ့ဝူယင် အပေါ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူ့ ခန္ဓာကိုယ်အား ချည်နှောင်ထားသည့် သံကြိုးများ၏ စွမ်းအားနှင့် ထူးဆန်းစွာ ဖုံးအုပ်ထားသည့် ပျက်သုဉ်းခြင်း အော်ရာတို့က ထိုအခိုက်တွင်ပင် ထူးဆန်းစွာ ချဲ့ထွင်လာသည်။
တစ်ချိန်တည်းမှာပင်... ဝေ့ဝူယင်၏ အသိစိတ်ပင်လယ် အတွင်း၌ ရွှေရောင် ဒြပ်ထုတစ်ခုမှာ စိတ်လှုပ်ရှားမှု၊ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များဖြင့် ရူးသွပ်စွာ အော်ဟစ်နေခဲ့လေ၏။
“သူ့ကို သတ်လိုက်... သူ့မှာ ဥပဒေသ အာဏာရဲ့ ဝိညာဉ်သော့ခလောက် ရှိနေတယ်... သူက အနည်းဆုံး အစစ်အမှန် သူတော်စင် အဆင့်မှာ ရှိနေတာ သေချာတယ်... အစစ်အမှန် ဝိညာဉ် အဆင့်တောင် ဖြစ်နိုင်တယ်... ငါ့ရဲ့ အသွင်ပြောင်းခြင်း ဖြစ်စဉ် အတွက် လုံးဝ ပြီးပြည့်စုံတယ်”
ပြိုင်ဘက်မှာ ထူးဆန်းသည့် အစီအရင် တစ်မျိုးဖြင့် ကိုယ့်ကိုယ်ကို ချိပ်ပိတ်ထားလေရာ ထိုအရာက ထူးခြားသည့် အခွင့်အလမ်းကောင်း တစ်ခုဟု ကောင်းကင် စစ်ဝိညာဉ် ယုံကြည်ထားသည်။
ထို့အပြင်... ဝေ့ဝူယင်မှာ ဖီဆန်ပေါက်စ၊ အာရုဏ်ဦး ကြယ်ကွင်းပြင် တစ်လျှောက်လုံးအား လွှမ်းခြုံနေသည့် အင်ပါယာ ဥပဒေသ အပေါ် သာမည အာဏာတို့နှင့် အတူ ပထဝီဆိုင်ရာ အားသာချက်ကို ပိုင်ဆိုင်ထားသည်။ သူလုပ်ဆောင်ရန် လိုအပ်သမျှက ဆေဘာကို ထုတ်ယူရန်သာ ဖြစ်သည်။
“စိတ်လျှော့ထားဦး...”
ဝေ့ဝူယင် စိတ်ထဲမှ နေ၍ ပြောလိုက်၏။ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ သခင်လေးရှန့်နှင့် လူအိုကြီးတို့၏ စိတ်ဝိညာဉ်များထဲ၌ ပေါင်းစပ်နေသည့် ကောင်းကင် ရတနာများကို သူ မြင်တွေ့နိုင်ပေသည်။ အကယ်၍ သူသာ ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ပါက မရေရာသည့် ကိန်းရှင် အများအပြား ပေါ်လာပေလိမ့်မည်။ အောင်မြင်ခဲ့လျှင်ပင် အနာဂတ်၌ မည်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။
“...”
ကောင်းကင်စစ် ဝိညာဉ်မှာ အနည်းငယ် စိတ်လွတ်သွားခဲ့သော်လည်း ဝေ့ဝူယင်၏ စကားလုံးများကို ကြားလိုက်ရသော အခိုက်၌ ပြန်လည်၍ တည်ငြိမ် သွားခဲ့သည်။ တိုက်ရိုက် ဝန်ခံမည် မဟုတ်သော်လည်း သူမမှာ ဝေ့ဝူယင်ကို ‘သခင်း အဖြစ် စိတ်ထဲမှ အသိအမှတ်ပြု ထားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
“အင်း... ဟုတ်တယ်... ငါ စိတ်လှုပ်ရှားတာ နည်းနည်း လွန်သွားတယ်...”
သူမက အသံကို နှိမ့်ရင်း ဝန်ခံလိုက်၏။ ဝေ့ဝူယင် သူမ၏ တုန့်ပြန်မှုကို ကျေနပ်သွားကာ သူ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် တွေ့မြင်ထားသည့် အရာများကို ပြောပြလိုက်သည်။
“ဟုတ်တယ်... သူတို့မှာ အဲဒါတွေ ရှိနေလိမ့်မယ်...”
နောက်ဆုံး၌ အစစ်အမှန် သူတော်စင် အဆင့်၊ အစစ်အမှန် ဝိညာဉ် အဆင့်နှင့် ပဲ့တင်သံ ဝိညာဉ် အဆင့်များကို သတ်ဖြတ်ရန် အလွန် ခက်ခဲကြောင်း ကောင်းကင် စစ်ဝိညာဉ် သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ ထိုမျှမက... လူအိုကြီးမှာ ပဲ့တင်သံ ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်ကြောင်းပင် သူမ တွေးမိသည်။ သူမ၏ ရွှေရောင်ဒြပ်ထုမှာ အလွန် ကြောက်ရွံ့စွာပင် တွန့်လိမ် သွားခဲ့လေ၏။
ဝေ့ဝူယင်မှာ ကောင်းကင် စစ်ဝိညာဉ်၏ အထင်အမြင် လွဲမှားမှုကို သတိပြုမိလေရာ တည်ငြိမ်သည့် လေသံနှင့် အာမခံလိုက်၏။
“သူသာ ပဲ့တင်သံ ဝိညာဉ် အဆင့်မှာ ရှိနေရင် ခုလို ချိပ်ပိတ်ထားဖို့ လိုအပ်မှာ မဟုတ်ဘူး...”
ပဲ့တင်သံ ဝိညာဉ် အဆင့်သည် လျှို့ဝှက် အာဏာရှင်များ အဆင့်ထက် ကျော်လွန်နေသည့် ကျင့်ကြံခြင်း အဆင့် တစ်ခု ဖြစ်သည်။ ၎င်းမှာ မယုံနိုင်လောက်အောင် နက်နဲသည်။
လူအိုကြီး၏ မျက်လုံးများမှာ ဝေ့ဝူယင်၏ ပုံရိပ်ကို စူးစိုက်ကြည့်နေ၏။ ဤလူငယ် သေမျိုးမှာ အမှန်တကယ်ပင် နတ်ဆိုးတစ်ပါး ဖြစ်သည်။ စတုတ္ထ သခင်မလေး ပြောခဲ့သည်ထက်ပင် သာလွန်သည်။ အများကြီး... အများကြီး သာလွန်သည်။
သူ ခပ်ဖြည်းဖြည်း အသက်ပြင်းပြင်း ရှူလိုက်၏။ သူ၏ မျက်နှာပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
“သူ (မ) လူရွေး မမှားခဲ့ဘူး...”
သူ၏ မျက်လုံးများက ချောင်စွေ့ဖုန်းနှင့် ဝေ့ဝူယင်တို့ နှစ်ယောက် ဆွဲကိုင်ထားသည့် လက်များ အပေါ်သို့ ရောက်ရှိသွားခဲ့သည်။
***