လူအိုကြီး၏ စိတ်ရှုပ်ထွေးမှုများ
Vol. 130 Ch. 1811
ဝေ့ဝူယင် ပိုင်လင်၏ ကျောပေါ်တွင် ထိုင်လျက်ပင် မျက်လုံးများကို ဖွင့်လိုက်၏။ သူက အစကတည်းကပင် ဤနေရာမှ ထွက်မသွားခဲ့ပေ။
"တကယ်ပဲ အဲဒါကို သဘောတူလိုက်တာလား"
ကောင်းကင်စစ်ဝိညာဉ်က စိုးရိမ်တကြီး မေးလိုက်၏။
"ဘယ်ဟုတ်ပါ့မလဲ"
ဝေ့ဝူယင်က အေးစက်စွာ ပြောလိုက်သည်။
"ငါ့အပိုင်က ငါ့အပိုင်ပဲ... ငါ့အပိုင် ဖြစ်လာတဲ့အရာက ဘယ်တော့မှ တခြားသူဆီ မရောက်စေရဘူး"
ထိုမိန်းကလေးမှာ သူ့အပိုင်သာ ဖြစ်သည်။ သူ အလိုရှိပါက သူမအား မောင်းမတစ်ဦး သို့မဟုတ် အစေခံတစ်ဦးအဖြစ် ထားနိုင်သည်ဟု သူမက ပြောခဲ့ဖူးသည်။ ကောင်းကင်တာအိုက သူမအတွက် မည်သို့ပင် စီစဉ်ထားပါစေ... ထိုအရာများက အရေးမကြီးပေ။ တစ်လက်မမျှ အလျှော့ပေးဖို့ အတွက်ပင် သူ ငြင်းဆန်သည်။
ဂလက်ဆီအချင်းချင်း စစ်ပွဲ...
အထွတ်အမြတ် ပရောဟိတ်များ...
ဂလက်ဆီများနှင့် ဂလက်ဆီဇုံများ...
ထိုအရာများက ကိစ္စရပ်များကို ပို၍ပင် စိတ်ဝင်စားစရာ ကောင်းအောင် လုပ်ပေးလိုက်သလိုပင်။ စစ်ပွဲကို အောင်နိုင်သူတစ်ဦး၏ အရှိန်အဝါနှင့် အပြစ်မှ ဆင်းသက်လာသည့် 'မာန်မာန သွေးမျိုးဆက်' တို့မှာ သူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်အတွင်း တဖျတ်ဖျတ် တုန်ခါနေလာခဲ့၏။ သူ၏ အစစ်အမှန် ဝိညာဉ်အတွင်း၌ ကောင်းကင်နှင့် ထူးမြတ်စွာ ဆက်နွှယ်မည့် မျိုးစေ့တစ်ခုက တိတ်တဆိတ် အမြစ်တွယ်သွားခဲ့လေပြီ ဖြစ်သည်။
ကောင်းကင်စစ်ဝိညာဉ်မှာ ဘာမျှ မပြောသော်လည်း သူမ၏ ရွှေရောင်ကိုယ်ထည်မှာ စိတ်လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်တော့ပဲ တုန်ခါလာခဲ့၏။ စစ်ပွဲ မျိုးစေ့မှာ သန္ဓေတည်ခြင်း အဆင့်သို့ တဖြည်းဖြည်းချင်း ဝင်ရောက်လာနေပြီ မဟုတ်ပါလော။
"သူ့ဆီ သွားရအောင်..."
ဝေ့ဝူယင် ပြောလိုက်၏။ ထို့နောက်တွင်တော့ သူက ညာဘက်လက်တွင် စုတ်တံတစ်ချောင်းကို ကိုင်ဆောင်ကာ၊ ခါးသီးသော စိတ်နှလုံး၊ စိတ်ပျက်ဖွယ် အတွေးများဖြင့် အိမ်ရှေ့တွင် ရပ်လျှက် ကောင်းကင်ကြီးကို မော့ကြည့်နေသည့် အမျိုးသမီးရှိရာသို့ ဦးတည်လိုက်လေတော့သည်။
...
"ပုံရိပ်ယောင်လား..."
ဝေ့ဝူယင် အဖြူရောင် မြူခိုးများအဖြစ် ပျောက်ကွယ်သွားပြီးနောက် လူအိုကြီးမှာ အံ့ဩခြင်း၊ ထိတ်လန့်ခြင်းတို့နှင့် အတူ ရေရွတ်လိုက်မိ၏။
"မဟုတ်ဘူး... အဗာတာလား... ကိုယ်ပွားလား..."
ဝေခွဲမရနိုင်သည့် ဇဝေဇဝါ ဖြစ်ရပ်ကြောင့် သူ စကားများပင် ထစ်အငေါ့နေမိသည်။ ကျင့်ကြံခြင်းလောကတွင် ဝိညာဉ် ကိုယ်ပွားဖန်တီးခြင်း၊ စိတ်အာရုံကို ခွဲထုတ်ခြင်းနှင့် ခန္ဓာကိုယ်ကို ပွားယူခြင်း စသည်ဖြင့် နက်နဲဆန်းပြားလှသော ကျင့်စဉ်များစွာ ရှိသည်။ တစ်မျိုးစီတွင် အားသာချက်နှင့် အားနည်းချက်များလည်း ရှိကြသည်။
ဝေ့ဝူယင် အသုံးပြုသွားခဲ့သည့် ကိုယ်ခွဲ ကျင့်စဉ်မှာ အလွန်ပင် နက်နဲလှသည်။ ပျောက်ကွယ်သွားသည့် အချိန်သို့ ရောက်ခါမှ သူတို့နှင့် တစ်ချိန်လုံး စကားပြောနေခဲ့သည့် ဝေ့ဝူယင်မှာ ခန္ဓာကိုယ် အစစ်နှင့် တစ်ထပ်တည်း တူသည့် ကိုယ်ခွဲ တစ်ခု ဖြစ်ကြောင်း သူ သိရှိခဲ့ရသည်။
ကျင့်ကြံခြင်း အခြေခံကို မြေကြီးရှန့်ထို အဆင့်ထိ ချိပ်ပိတ် လျှော့ချထားလေရာ လှည့်စားခံရခြင်းမှာ ရှက်စရာမဟုတ်သော်လည်း၊ သူ၏ ရှေ့တွင် ရှိနေက ကိုယ်ပွားလား၊ အဗာတာလား ဆိုတာကိုပင် ကြိုတင် ရိပ်မိခြင်း မရှိခဲ့သည်ကတော့ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
ထိုလူငယ်ကို ရတရာ ချိုင့်ဝှမ်းသို့ ခေါ်ဆောင်သွားခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ရလဒ်များကို ခဏမျှ တွေးတောမိသည်။ သို့သော်လည်း သူတို့ ဂလက်ဆီ၏ အကျိုးအတွက် ဤတာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရမည် ဖြစ်သည်။ ထို့ပြင် ဤကိစ္စမှာ လုံးဝဥဿုံ သေချာရန် လိုအပ်သည်။ အကယ်၍ ခေါင်းမာလှသော တတိယ သခင်မလေးသာ သူမ၏ အခြေခံမူများကြောင့် ဝေ့ဝူယင်ကို ကောင်းကင်နှင့် ဝိညာဉ်ကို တိုင်တည်၍ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါက၊ ၎င်းက မလိုလားအပ်သော ကပ်ဘေးဆိုးကြီးများကို ဆင့်ခေါ်လိုက်သကဲ့သို့ ဖြစ်ပေလိမ့်မည်။
အကယ်၍ ထိုအချက်သာ မရှိပါက... သူ၏ အဓိက ရည်ရွယ်ချက်မှာ ဤသေမျိုး လူငယ်ကို သတ်ပစ်ရန် ဖြစ်ပေလိမ့်မည်။ ယခုမူ ရွေးချယ်စရာ လမ်းစများ ရှိနေသေးသည်။
အကယ်၍ ဝေ့ဝူယင်ကို ဤချိပ်ပိတ်ခံ နယ်မြေမှ ခေါ်ထုတ်သွားနိုင်ပါက... အနာဂတ်တွင် သူတို့၏ ကောင်းချီးခံ ယီအင်ပါယာ အတွက် အရေးကြီးသော ကျောက်တိုင်ကြီး တစ်ခုအဖြစ် ပြိုးထောင်ပေးနိုင်ပေလိမ့်မည်။
ချောင်စွေ့ဖုန်းမှာ ဝေ့ဝူယင်၏ လက်များမှ ကျန်ရစ်ခဲ့သည့် နွေးထွေးမှုကို ခံစားရင်း၊ နွေဦးရာသီ၏ ချစ်ခြင်းရသများ ပြည့်နှက်နေသော ပကတိ မိန်းမပျိုလေး တစ်ဦး ကဲ့သို့ ပြုံးနေမိသည်။ အသက်ကြီးလျှင် ရင့်ကျက်သည်ဟု အများက ယုံကြည်ကြသော်လည်း အတွေ့အကြုံကိုမူ ဘာနှင့်မျှ အစားထိုး၍ မရနိုင်ပေ။ သူမ၏ တစ်သက်တာတွင် ယခုလို စိတ်ကူးယဉ်ဆန်လျသည့် အချစ်နှင့် ထူးခြားသည့် နွေးထွေးမှုကို တစ်ခါမျှ မခံစားဖူးခဲ့ချေ။ ၎င်းက... စိတ်ကို ငြိမ်းချမ်းစေပြီး စွဲလမ်းစရာ ကောင်းလှသည်။
ဝေ့ဝူယင် ပျောက်ကွယ်သွားခြင်းနှင့် ပတ်သက်၍မူ သူမက နက်နဲလွန်းသည်ဟုသာ မှတ်ယူထားပြီး အခြား ဘာမျှ မစဉ်းစားတော့ပေ။
"ဒါက ဝေ့ဝူယင်ရဲ့ စွမ်းအားပဲလေ"
ဟုသာ သူမ တွေးလိုက်သည်။ အသက် ၁၀၀ ပင် မပြည့်သေးသည့် ဤသေမျိုး လူငယ်သည် သူမ အလွန်အမင်း ကြောက်ရွံ့ရသည့် ထျန်းတိုက်ကျုံးအား ခဏချင်းအတွင်း အမှောက်သိပ်ခဲ့ကာ ခေတ်တစ်ခေတ်ကိုပင် အဆုံးအဖြတ် ပေးနိုင်ခဲ့သူ ဖြစ်သည်။ လူအိုကြီး၏ အတွေးများနှင့် ခြားနားစွာပင် သူမမှာ ဝေ့ဝူယင်၏ ကောင်းကင် ဖီဆန်နိုင်သော စွမ်းဆောင်ရည်များကို အပြည့်အဝ သိရှိထားပြီး ၎င်းတို့ကိုလည်း ဆင်ခြေဆင်လက် မရှိဘဲ လက်ခံထားသူ ဖြစ်သည်။
"အ... ကျွတ်... ကျွတ်..."
ထိုအခိုက်တွင်ပင် ချောင်ချောင်၏ နှုတ်ခမ်းမှ ညည်းတွားသံ သဲ့သဲ့ ထွက်ပေါ်လာကာ ပြန်လည်၍ သတိဝင် လာခဲ့၏။ ချောင်စွေ့ဖုန်းမှာ ချောင်ချောင်၏ လှုပ်ရှားမှုများကို မြင်သောအခါ မျက်ဝန်းများ နူးညံ့သွားပြီး အမြန် သွားရောက်၍ ထူမပေးလိုက်သည်။
ချောင်ချောင်မှာ သူ၏ အချစ်ဆုံး မိသားစုဝင်ဖြစ်သည့် အဒေါ်ဖြစ်သူ၏ မျက်နှာကို မြင်လိုက်ရသောအခါ သူမထံ၌ ဒဏ်ရာ တစ်စုံတစ်ရာ မရရှိသည်ကို သိလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားသည်။ သူက ပြင်းထန်သော နာကျင်မှုကြောင့် သတိလစ်သွားခဲ့ခြင်း ဖြစ်ပြီး၊ အဒေါ်ဖြစ်သူမှာ ကျင့်ကြံခြင်း အခြေခံအားဖြင့် ရော စွမ်းအားအရပါ သူ့ထက် အားနည်းသူ ဖြစ်သည်။ သူပင်လျှင် ဤကဲ့သို့ ဖြစ်သွားပါက သူမ မည်သို့ ဖြစ်သွားမည်ကို သူ စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့်... ထိုငွေရောင်မျက်လုံးနှင့် မိစ္ဆာကောင်လေးမှာ သူ့ ချစ်သူကို ကောင်းကောင်း ကာကွယ်ပေးနိုင်ခဲ့ပုံရသည်။
"ချောင်လေး..."
ရုတ်တရက် သူ သတိမလစ်ခင် ကြားလိုက်ရသည့် ခေါ်သံကို ချောင်ချောင် ပြန်လည် ကြားယောင် လာမိခဲ့၏။ ထင်ရှားကျော်ကြားလှသည့် ဝိညာဉ်ရှန့်ထို ဧကရာဇ် တစ်ယောက် သွေးအန်ချင်စိတ်ပင် ပေါက်သွားတော့သည်။
သခင်လေးရှန့်မှာလည်း ပြန်လည်၍ သတိရလာခဲ့ပြီ ဖြစ်သည်။ ဝေ့ဝူယင်နှင့် ပတ်သက်၍ သူ့စိတ်ထဲ၌ အံ့ဩမှု၊ အထင်ကြီးမှုများမှ လွဲ၍ အခြား ခံစားချက် မရှီပါချေ။ သူသည် ဝေ့ဝူယင်၏ လက်ချက်ဖြင့် တစ်ချက်တည်းနှင့် လဲကျသွားခဲ့သော်လည်း ၎င်းမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုသာ ယူဆထားသည်။
ထိုမျက်မမြင်မှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာကပင် ဆက်စပ်မှု စစ်မြေပြင်၏ တပ်မဟာ တစ်ခုလုံးကို တစ်ဦးတည်း သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ပြင်းထန်လှသည့် ဖိနှိပ်မှုများအောက်တွင်ပင် 'လျှို့ဝှက် အာဏာရှင်' ပေါင်း ၁၀,၀၀၀ ကို နှိမ်နင်းခဲ့သူ ဖြစ်သည်။ သူ၏ အစ်မ ဖြစ်သူမှာ ထိုစစ်မြေပြင်တွင် အထွတ်အထိပ် အဆင့် 'သေမျိုးတစ်ပိုင်း အရှင်သခင်' ဖြစ်ခဲ့သော်လည်း ဤကဲ့သို့ မလုပ်နိုင်ခဲ့ချေ။ အနားပင် မကပ်နိုင်ခဲ့ချေ။
ထိုစဉ်ကပင် ဝေ့ဝူယင်ကို မယှဉ်နိုင်ခဲ့ရာ ယခုဆိုလျှင် ပို၍ပင် မပြောသာတော့ပေ။ သခင်လေးရှန့်မှာ ထိုကိစ္စကို စိတ်ထဲမထားတော့ဘဲ သူ၏ ကျင့်ကြံခြင်း စိတ်နှလုံးကိုသာ ပြန်လည် တည်ငြိမ်အောင် ကြိုးစားလိုက်၏။ သူ၏ အစ်မများမှာ လက်တွဲဖော် ရွေးရာတွင် အလွန် စံနှုန်းမြင့်မားသူများ ဖြစ်ကြရာ... သူတို့ ရွေးချယ်လိုက်သူမှာ ကျင့်ကြံခြင်း အဆင့်တိုင်းတွင် သူ့ထက် သာလွန်နေမည်သာ ဖြစ်သည်။ သို့မဟုတ်ပါက... သူတို့ဖခင်၏ တင်းကြပ်သော စစ်ဆေးမှုနှင့် မိခင်ဖြစ်သူ၏ ရက်စက်ကြမ်းကြုတ်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
သခင်လေးရှန့် စားပွဲတွင် ပြန်ထိုင်ကာ အစားအသောက်များကို အားပါးတရ စားသောက်နေတော့၏။ သူတို့၏ မစ်ရှင်မှာ အစဦးပိုင်း အောင်မြင်နေပြီ ဖြစ်လေရာ၊ ဝေ့ဝူယင်ကို 'ကောင်းချီးခံ ယီအင်ပါယာ' သို့ ခေါ်ဆောင်သွားရန်သာ ကျန်တော့သည်။ သို့ဖြစ်လေရာ ဤထူးဆန်းသော ကမ္ဘာတွင် အစားအသောက်များကို အဘယ်ကြောင့် မခံစားရမည်နည်း။
ချောင်စွေ့ဖုန်းက ချောင်ချောင်ကို ခေါ်ဆောင်သွားပြီးနောက် ဝေ့ဝူယင် ပြန်မလာခင်အထိ ထိုသူနှစ်ဦးကို ပြုစုရန် အစေခံများကို ထားရစ်ခဲ့သည်။ လူအိုကြီးမှာမူ ခက်ခဲသော ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းနေရသည့်အလား မျက်မှောင်ကြုတ်လျက် ရပ်နေဆဲ ဖြစ်သည်။ သူသည် ဤအတိုင်းပင် တစ်လက်မမျှ မလှုပ်ဘဲ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့လေသည်။
***