← Chapters

ယွီစွန်းလီ

Vol. 130 Ch. 1812

ယွီစွန်းလီ

Vol. 130 Ch. 1812

ကြယ်ကိုးပွင့် ရှန့်ထိုနန်းတော် ခန်းမ...

ကြယ်ကိုးပွင့် ရှန့်ထို ခန်းမတွင် နယ်မြေ ကိုးခုကို ကြီးကြပ်သည့် ဌာန ကိုးခု ရှိသည်။ မကြာသေးခင်ကမှ ဖြစ်ပေါ်လာခဲ့သည့် နယ်မြေမှာ ‘ဝိညာဉ် ဖျက်ဆီးခြင်း’ နယ်မြေ ဖြစ်ပြီး ၎င်းကို ယခင်က ‘ဝိညာဉ် နိုးထခြင်း’ နယ်မြေဟု ခေါ်ဆိုခဲ့သည်။ ၎င်းကို ‘ဝိညာဉ် ဖျက်ဆီးခြင်း ဧကရီ’ က အုပ်ချုပ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ဝိညာဉ် ဖျက်ဆီးခြင်း နယ်မြေကို တုန်လှုပ်သွားစေသည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ၎င်းမှာ ဝိညာဉ် ဖျက်ဆီခြင်းဧကရီ၏ ခင်ပွန်း ကွယ်လွန်သွားခြင်း ဖြစ်သည်။ သေဆုံးရသည့် အကြောင်းရင်းမှာ ခက်ခဲနက်နဲလှသော ကျင့်စဉ်တစ်ခုကို လေ့ကျင့်ရာမှ ကျင့်စဉ်ဖောက်ပြန်ခြင်းကြောင့်ဟု သတင်းထုတ်ပြန်ထားသည်။ သို့သော် ဝိညာဉ် ဖျက်ဆီးခြင်း ဧကရီကိုယ်တိုင်ကပင် ထိုဖြစ်ရပ်တွင် တိုက်ရိုက် ပါဝင်ပတ်သက်နေသည်ဟူသော အတည်မပြုနိုင်သည့် ကောလာဟလများ ထွက်ပေါ်နေခဲ့သည်။

အမှန်တကယ် သက်သေပြချက်တော့ မရှိခဲ့ချေ။

ကြည်လင်အေးမြသော ရေကန်ငယ်နှင့် မွှေးပျံ့သော ရနံ့များရှိရာ လှပသော နန်းတော်ဝန်းတစ်ခုအတွင်း၌ ပုံရိပ်တစ်ခု ရှိနေသည်။ ထိုနေရာမှာ ဝိညာဉ် ဖျက်ဆီးခြင်း နတ်မိမယ်၏ 'ပျက်စီးခြင်းလောက နန်းတော်' ပင် ဖြစ်သည်။

ထိုပုံရိပ်ကို မြင်လိုက်ရသည့် မည်သူ မဆို (အထူးသဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း ငါးရာကျော်ခန့်က လူငယ်မျိုးဆက်များမှ) သူမ မည်သူ ဖြစ်ကြောင်း ချက်ချင်း တန်းသိကြပေလိမ့်မည်။

မိန်းကလေးမှာ ဒဏ္ဍာရီလာ နတ်မိမယ် တစ်ပါးလို လှပလှ၏။ သူမက သွယ်လျလျ ခါးကို ပေါ်လွင်စေသော နှင်းဆီရောင်နှင့် အဖြူရောင်စပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားပသည်။ လောကတစ်ခုလုံး မနာလိုရလောက်အောင် သူမ၏ ခန္ဓာကိုယ် အချိုးအစားများက အပြစ်ပြောစရာ မရှိချေ။ ဝတ်စုံမှာ လုံခြုံမှုရှိပြီး အသားအရေကို အလွန်အကျွံ ထုတ်ဖော်ပြသထားခြင်း မရှိသော်လည်း၊ ဆွဲဆောင်မှုရှိသော အရှိန်အဝါမှာမူ နတ်ဘုရားများနှင့် သရဲတစ္ဆေများကိုပင် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ရလောက်အောင် ပြင်းထန်လှသည်။

သူမက အခြားလူ မဟုတ်...။ ယခင်မျိုးဆက်၏ နံပါတ်တစ် အလှမယ်ဟု သတ်မှတ်ခြင်း ခံထားရသည့် ယွီစွန်းလီပင် ဖြစ်လေတော့သည်။

ခန္ဓာကိုယ်က ပြိုင်ဘက်ကင်းသကဲ့သို့ပင် သူမ၏ မျက်နှာမှာလည်း ကြည့်မဝနိုင်လောက်အောင်ပင် လှပလှသည်။ အမျိုးသမီးထု တစ်ရပ်လုံး မနာလိုစိတ်ဖြင့် ရူးသွပ်သွားစေနိုင်သည့် သူမ၏ အလှတရားမှာ ယခုအချိန်တွင်တော့ မှိုင်းညို့နေသော မျက်ဝန်းတို့ဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူမ အိမ်တံခါးဝမှ ရှေ့သို့ တစ်လှမ်းမျှပင် မတိုးနိုင်ဘဲ ထိုနေရာတွင်သာ ရပ်နေမိလေတော့သည်။

အစောပိုင်း ဝေ့ဝူယင်၏ အော်ရာကို ခံစားမိလိုက်စဉ်နှင့် မီးဖီးနစ် ပိုင်လင်၏ ရင်းနှီးလှသော အော်ဟစ်သံကို ကြားလိုက်ရစဉ်က သူမသည် မျှော်လင့်ချက်များဖြင့် တက်ကြွစွာ ပြေးထွက်သွားခဲ့မိသည်။ ဤတိုတောင်းလှသော ဘဝသက်တမ်းအတွင်း ထိုနှစ်ဦးသည် သူမကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးသည်။ သူတို့သာမရှိလျှင် ယခုအချိန်အထိ သူမ၏ ဘဝမှာ ကျွန်ပြုခံရလျှင် ခံရ၊ မခံရလျှင်လည်း ထိုထက် ပိုမို ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်နေရပေလိမ့်မည်။

သို့သော်လည်း... ရှေ့ကို တိုးလိုက်သည့် ခြေလှမ်းတိုင်းတွင် မကြာသေးမီက မဟာစက်ဝန်း ကြယ်ကွင်းပြင် အနှံ့ ပျံ့နှံ့လာခဲ့သည့် ပုံရိပ်များက ဖျတ်ခနဲ ပြန်ပေါ်လာခဲ့သည်။ ဝေ့ဝူယင်က ရွှယ်ရီဖေးကို ပွေ့ချီရင်း သူနှင့် စေ့စပ်ထားသူဖြစ်ကြောင်း တစ်လောကလုံးကို ဂုဏ်ယူစွာ ကြေညာခဲ့သည့် ပုံရိပ်က မေ့ဖျောက်၍ မရနိုင်ခဲ့ပေ။ ထိုအချိန်တွင် သူမကမူ...

အခြား မိန်းကလေး တစ်ဦး အပေါ် မနာလိုစိတ်ဖြစ်မိခြင်းက သဘာဝကျပါသလော။ မှန်ပေသည်။ ထူးချွန် ထက်မြက်သော ယောက်ျား တစ်ဦးတွင် ဇနီးမယားများစွာ ရှိနိုင်သည် ဆိုသည့် လက်တွေ့ဘဝကိုလည်း သူမ နားလည်ပါသည်။ ပုံမှန်ဆိုလျှင် သူမနှင့် မတွေ့ဆုံမီကပင် ဝေ့ဝူယင်၌ ချစ်သူများစွာရှိခဲ့ပြီး သူအလွန်ချစ်မြတ်နိုးသော မောင်းမတစ်ဦးပင် ရှိသည်ဟူသော ကောလာဟလများကို သူမ ကြားခဲ့ရသည်။ ထိုအတွက်ကြောင့် သူမ စိတ်ဖိစီးနေမည်မဟုတ်ပေ။ သို့သော်လည်း...

"တကယ်လို့များ..."

လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝေ့ဝူယင်မှာ သူမ၏ နှလုံးသားထဲသို့ ဆင်းသက်လာပြီး မြုပ်နှံထားသည့် မျှော်လင့်ချက်များကို ပြန်လည် ဖော်ထုတ်ပေးခဲ့သည်။ ဆွဲဆောင်မှုရှိသည့် အပြုံး၊ ပြတ်သားသည့် စကားလုံးများဖြင့် သူမ၏ ဘဝထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။ ဝေ့ဝူယင်၏ အကြည့်များမှ ပုန်းကွယ်နေ၍ မရနိုင်ကြောင်းလည်း ခံစားခဲ့ရသည်။

ငယ်စဉ်ကတည်းက ယွီစွန်းလီ သူမ၏ စိတ်ကူးစိတ်သန်းများကို ပန်းချီကားများထဲတွင်သာ ထည့်သွင်းခဲ့သည်။ ခံစားချက်ကို ပန်းချီဆွဲခဲ့သော်လည်း သူမ၏ အတွေးများကိုမူ မည်သူ့ကိုမျှ ထုတ်မပြခဲ့ပေ။

မိမိ၏ သဘောဆန္ဒမပါဘဲ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နံပါတ်တစ် အလှမယ် အဖြစ် သတ်မှတ်ခံရခြင်းအပေါ် ကြီးထွားလာသည့် ကြောက်ရွံ့မှုများ...

မိဘများ၏ မျှော်လင့်ချက်များကြောင့် ဖြစ်ပေါ်လာသည့် ဝန်ထုပ်ဝန်ပိုးမျာ်...

အရာအားလုံး၏ ခံစားချက်များ...

သူမ ထိုအရာအားလုံးကို ပန်းချီကားများထဲတွင် မြုပ်နှံထားခဲ့ခြင်းဖြစ်သည်။

"မင်းရှာနေတဲ့ မျှော်လင့်ချက်က ငါပဲ..."

ဝေ့ဝူယင်၏ စကားလုံးများက သူမအတွက် အရာအားလုံး ဖြစ်ခဲ့သည်။ သို့သော် ဝေ့ဝူယင်ကမူ သူမအပေါ် ထိုသို့ သဘောထားချင်မှ ထားပေလိမ့်မည်။ ထိုအတွေးက မှိုင်းညို့ကာ ဖော်ပြရန်ခက်ခဲသည့် ဝဲဂယက်တစ်ခုလိုမျိုး ခံစားချက်များကို သူမထံ ပေးစွမ်းနေသည်။

ဝေ့ဝူယင်မှာ သူမအတွက် ရောက်လာခြင်း မဟုတ်ပေ။

သူ ခြေလှမ်းများကို ရပ်တန့်ကာ နောက်ပြန်လှည့်လိုက်၏။ နေအိမ်အတွင်းသို့ ဝင်ကာ အခန်းထဲ အထိ ပြန်ဝင်လာခဲ့သည်။

ခြေလှမ်းများမှာ လေးလံနှေးကွေးနေသော်လည်း သူမ နောက်ကို တစ်ချက်မျှ ပြန်မကြည့်ခဲ့ပေ။ သူမက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ရင်း လက်ကို ဝေ့ယမ်းကာ အဖြူရောင် ကတ်ထူချပ်တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထို့နောက်... နူးညံ့သော လက်ဖြင့် ဂရုတစိုက် ချထားလိုက်၏။

ကတ္ထူအား သေသေချာချာ တပ်ဆင်ပြီးသောအခါ သူမ၏ စုတ်တံမှာ လျှို့ဝှက်စွမ်းအား၏ ဖန်တီးခြင်းတန်ခိုးဖြင့် အရောင်အသွေးစုံလင်စွာ တောက်ပလာသည်။

သူမ စုတ်တံကို ဆေးစက်နှစ်စက်တွင် နှစ်လိုက်၏။ မျက်ဝန်းများထဲ၌ အာရုံမရှိသော်လည်း လက်ကောက်ဝတ်ကမူ အားပါပါ ဝေ့ယမ်းနေသည်။ သူမ နှလုံးသားထဲတွင် မြုပ်နှံထားသည့် အတွေးစများကို ထုတ်ဖော်နေခြင်းပင်။

သူမ မသိလိုက်ခင်မှာပင် နောက်နား၌ လူရိပ်နှစ်ခု ပေါ်လာခဲ့သည်။ သူတို့မှာ ဝေ့ဝူယင်နှင့် သုံးမီတာခန့်သာ အမြင့်ရှိသည့် ပိုင်လင် အသေးစားလေးတို့ ဖြစ်သည်။ ပိုင်လင်က ရွှေရောင်မျက်လုံးများဖြင့် ယွီစွန်းလီကို စိုက်ကြည့်နေ၏။ သူမ၏ စုတ်ချက်များကို ကြည့်ရင်း မီးဖီးနစ်၏ မျက်လုံးများထဲတွင် ခံစားချက်များစွာ ဖြတ်သန်းသွားသည်။

ဝေ့ဝူယင်သည် ယွီစွန်းလီ ပန်းချီဆွဲနေသည်ကို တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။ သုံးနာရီအတွင်းမှာပင် အဖြူရောင် နှင်းဆီတစ်ပွင့်ထံမှ ဝေးရာသို့ ပျံသန်းသွားနေသည့် ငွေရောင် ကြိုးကြာငှက်တစ်ကောင်၏ ပုံရိပ် ပေါ်ထွက်လာခဲ့သည်။ ၎င်းက အပြောကျယ်လှသည့် ကောင်းကင်ထံသို့ ဦးတည်နေခြင်း ဖြစ်သည်။ နှင်းဆီ၏ ပတ်ပတ်လည်တွင် မှန်ကွဲစများ ရှိနေ၏။ အာဟာရဖြစ်စေသည့် အလင်းတန်းများနှင့် မြေသြဇာကောင်းမွန်လှသော မြေဆီလွှာများ ရှိနေသော်လည်း နှင်းဆီမှာ တဖြည်းဖြည်း ညှိုးနွမ်းနေကြောင်း မြင်သာလှသည်။

ငွေရောင်ကြိုးကြာငှက်၏ နှုတ်သီးတွင်မူ တောက်ပသည့် မျက်ဝန်းများရှိသော နဂါးပေါက်လေးတစ်ကောင်ကို ကိုက်ချီထားခဲ့သည်။ ထိုနဂါးပေါက်လေးမှာ အပြောကျယ်လှသည့် ကောင်းကင်ယံသို့ ခေါ်ဆောင်ခြင်းခံရသည့် ကံကောင်းမှုကို မသိနားမလည်သည့်အလား ပြုံးရယ်နေခဲ့သည်။ ကြိုးကြာငှက်၏ ခြေသည်းများတွင် ရောင်စုံဖဲကြိုး ဒါဇင်ပေါင်းများစွာ ပတ်ထား၏။ အချို့က တိုကာ၊ အချို့က ရှည်လျားသည်။ အချို့မှာ ထူ၍ အချို့မှာ ပါးလွှာပြီး လေထဲတွင် တင့်တယ်စွာ လွင့်ပျံနေကြသည်။

နှင်းဆီ၏ အလှတရားမှာ အလင်းနှင့် မြေကြီးရှေ့မှောက်တွင် မေ့လျော့ ခံလိုက်ရပြီး ငွေရောင်ကြိုးကြာငှက်ကလည်း လျစ်လျူရှုကာ အပြောကျယ်လှပြီး စိတ်လှုပ်ရှားဖွယ်ကောင်းလှသော အမည်မသိ ကမ္ဘာသစ်ဆီသို့ ပျံသန်းသွားလေတော့သည်။

ပိုင်လင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားကာ ဝေ့ဝူယင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမက စိတ်ပျက်မှုနှင့် ဒေါသတို့ကို မဖုံးကွယ်ထားပေ။ ယွီစွန်းလီနှင့် စတင်တွေ့ဆုံကတည်းက ပိုင်လင် သူမကို သဘောကျခဲ့သည်။ သူမက တစ်ခုခု ထူးခြားနေသည်။ ယခု သူမ ခံစားနေရလေရာ သူ မည်သို့ စိတ်ချမ်းသာနိုင်မည်နည်း။

ဝေ့ဝူယင် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ သူ ယွီစွန်းလီ ရေးဆွဲနေသည့် ပန်းချီကားကို မည်ကဲ့သို့ နားမလည်ဘဲ နေမည်နည်း။ သူ သူမကို ပစ်ပယ်ထားမိလေသလော။

မဟုတ်ချေ။ ဝေ့ဝူယင်မှာ ချစ်ရသူများ၊ မိတ်ဆွေများနှင့် မည်ကဲ့သို့ ဆက်သွယ်ရမည်ကို မသိရလောက်အောင် အသုံးမကျသူ တစ်ယောက် မဟုတ်ချေ။ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ ထူးခြားသည်။ ဘုရင်၊ ခရာတို၊ ဧဒင်နှင့် အိုရီတို့မှာ ကျင့်ကြံခြင်းလို အချိန်ကုန်သည့် အလုပ်မျိုးကို ကိုယ်တိုင် လုပ်နိုင်လေရာ သူ့၌ အချိန်ပိုများ ရှိနေတတ်သည်။ ၎င်းကပင် သူ့အား အဂ္ဂိရတ်တာအိုကို စိတ်ပါလက်ပါ လေ့လာစေနိုင်သလို အခြားသော ပညာရပ်များ၊ ကျင့်စဉ်များကိုလည်း လေ့လာနိုင်စေသည်။

ထို့အပြင်... ဒုတိယမြောက် စိတ်ကြောင့် အချက်အလက်သစ်များကို သူကိုယ်တိုင် စီစဉ်နေစရာ မလိုပေ။ ဒုတိယမြောက် စိတ်မှာ သူ၏ ဉာဏ်ရည်နှင့် တန်းတူရှိကာ အချက်အလက်များကို စုစည်းရာတွင် ပိုမို သင့်လျော်သည်။ ထို့ကြောင့်ပင်... ဆေးဖော်စပ်ခြင်းနှင့် ကျင့်စဉ်ကျင့်ခြင်းတို့မှအပ သူသည် အလွန်အမင်း အလုပ်မများလှပေ။ ထို့အပြင်...' သူတော်စင် အာရုဏ်ဦး အဂ္ဂိရတ်အဖွဲ့' ကြောင့် အာဏာရှင်အဖွဲ့ဝင် အများစုအတွက် ဆေးဖော်စပ်ပေးရန်လည်း မလိုလှတော့ချေ။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ ယွီစွန်းလီနှင့် အမြဲတမ်း ဆက်သွယ်ခဲ့သည်။ သို့သော် တစ်ခါတစ်ရံတွင် ဆက်သွယ်နေရုံမျှနှင့် မလုံလောက်ပေ။ ဘေးနားတွင် ရှိနေရုံမျှနှင့်လည်း မပြည့်စုံပေ။ သူမ၏ ခံစားချက်များက မှန်ကန်ပေသည်။ ၎င်းမှာ စုမေ့ ကိုယ်တိုင် ခံစားနေရသည့် ခံစားချက်မျိုးဖြစ်သော်လည်း သူမကမူ ဘယ်တော့မှ ထုတ်ဖော် ပြောလိမ့်မည်မဟုတ်ပေ။ ချင်းချူးမူမှာလည်း အကျဉ်းချခံထားရစဉ်က ထိုသို့ပင် ခံစားခဲ့ရသည်။

ဝေ့ဝူယင် နောက်တစ်ကြိမ် သက်ပြင်းချလိုက်ပြန်၏။ သူမက ဤထက် ပိုကောင်းသည့် အရာများနှင့် ထိုက်တန်ပေသည်။

"ငါ့ကို အဲဒီလိုမျက်လုံးနဲ့ မကြည့်နဲ့... ငှက်စုတ်... ဒါတွေကို ဘယ်လိုကိုင်တွယ်ရမယ် ဆိုတာ ငါ ဆုံးဖြတ်ပြီးပြီ”

ဝေ့ဝူယင်က ပိုင်လင်ကို စောင်းကြည့်ရင်း ပြန်ပြောလိုက်၏။ ထို့နောက်... သူတို့နှစ်ဦး၏ ပုံရိပ်များမှာ အခန်းထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့တော့သည်။

ဂီး...

ပိုင်လင်က သူမ ရောက်ရှိလာပြီ ဖြစ်ကြောင်း အချက်ပေးလိုက်သည်။ ယွီစွန်းလီ၏ စုတ်တံမှာ ရပ်တန့်သွားခဲ့၏။ အပြင်ဘက်မှ ခန့်ညားထည်ဝါသော အသံကြီးတစ်သံ ဟိန်းထွက်လာခဲ့သည်။

"ယွီစွန်းလီ... ကိုယ် မင်းအတွက် ရောက်လာပြီ”

ယွီစွန်းလီ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့၏။ လျင်မြန်စွာ လှည့်ကြည့်လိုက်သောအခါ တံခါးဝတွင် ရပ်နေသည့် ငွေရောင်မျက်လုံးနှင့် လူငယ်ကို မြင်တွေ့လိုက်ရသည်။ သူ့နောက်တွင်တော့ ပိုင်လင်မှာ ပြုံးလျှက် သူမကို ကြည့်နေခဲ့၏။

"အဲလေ... ကိုယ်တို့ မင်းအတွက် ရောက်လာပြီလို့ ပြောတာ”

ဝေ့ဝူယင် စကားကို ပြန်ပြင်ရင်း ရယ်မောလိုက်၏။

"အခု မင်းအမေဆီကနေ လက်ခံမှုကို ရယူဖို့ အချိန် ရောက်ပြီ... အဲဒီနောက်မှာ မင်းကို ကိုယ်အပိုင် သိမ်းတော့မယ်... အဲဒီအချိန်ကျရင် မင်း ဘယ်လိုပန်းချီကားမျိုးကို ဆွဲဦးမလဲဆိုတာ ကိုယ် အခုထိ စိတ်လှုပ်ရှားနေတုန်းပဲ"

ယွီစွန်းလီ၏ လက်ချောင်းများနှင့် နှုတ်ခမ်းများမှာ တုန်ရီနေရှာလေတော့သည်။

***

All Chapters