← Chapters

ယွီစွန်းလီ

Vol. 130 Ch. 1814

ယွီစွန်းလီ

Vol. 130 Ch. 1814

ဝေ့ဝူယင် ယွီစွန်းလီကို ကျစ်ကျစ်ပါအောင် ပြန်လည် ဖက်ထားမိလေ၏။ ပိုင်လင်ကလည်း ဦးခေါင်းဖြင့် ယွီစွန်းလီကို ပွတ်သီးပွတ်သပ် လုပ်ကာ ဝမ်းသာအားရ ပြုံးပြနေ၏။

ယွီစွန်းလီ၏ မျက်ဝန်းများမှာ ခံစားချက်များကြောင့် စိုစွတ်နေသော်လည်း မိန်းကလေးမှာ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း ရှိသူဖြစ်သည်။ သူမက ပိုင်လင်ကို ကြယ်တာရာများထက်ပင် ပိုမို တောက်ပသည့် အပြုံးဖြင့် ပြုံးပြလိုက်ပြီးနောက်၊ မူလအတိုင်း တည်ငြိမ်သည့် မျက်နှာ အမူအရာကို ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူမက လည်ချောင်းတစ်ချက် ဟန့်လိုက်ရင်း ဝေ့ဝူယင်၏ ရင်ခွင်ထဲမှ ဖြည်းဖြည်းချင်း ခွာလိုက်၏။

"ရှင်က လျှို့ဝှက် အာဏာရှင် အဆင့်ကို မရောက်သေးဘူးပဲ"

သူမက ဝေ့ဝူယင်ကို ကြည့်ရင်း နူးညံ့စွာ ပြောလိုက်သည်။ ဝေ့ဝူယင်မှာ အဗာတာဖြင့် လာသော်လည်း သူ၏ ကျင့်ကြံခြင်း အခြေခံကို အတိုင်းအတာတစ်ခုအထိ ဖော်ပြထားသည်။ ထို့အပြင်... ယွီစွန်းလီထံမှ သူ၏ ကျင့်ကြံခြင်း အခြေခံကို ဖုံးကွယ်ထားရန် အကြောင်းမရှိပေ။

"ဟုတ်တယ်..."

ဝေ့ဝူယင်က ပြုံးလိုက်၏။

"ဒါပေမဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကတော့ လျှို့ဝှက် အဆင့်ကို ရောက်နေပြီလေ... ဒါဆိုရင် မင်းရဲ့ လျှို့ဝှက် အာဏာရှင် အဆင့် ရောက်မှ ဖြစ်မယ်ဆိုတဲ့ သတ်မှတ်ချက်ကို ပြည့်မှီဖို့ လုံလောက်ပြီလား"

လျှို့ဝှက် အာဏာရှင် အဆင့် မိန်းကလေးများမှာ သူတို့နှင့် အဆင့်ချင်း တူသူကိုသာ လက်တွဲဖော် အဖြစ် ရွေးချယ်လေ့ရှိသည့် အကြောင်းရင်းကို သူ သိရှိသော်လည်း၊ ထိုကဲ့သို့ အပြောခံရတိုင်း သူ အနည်းငယ်တော့ စိတ်အနှောင့်အယှက် ဖြစ်ရသည်။

သူ လျှောက်လှမ်းနေသည့် ကျင့်ကြံခြင်းလမ်းစဉ်မှာ ကောင်းကင်ကို ဖီဆန်နေသဖြင့် အလွန်ခက်ခဲလှသည်။ သူ့ကို အလွန်အစွမ်းထက်သည်ဟု လူများက ယူဆကြသော်လည်း ခြေလှမ်းတိုင်းမှာ အန္တရာယ်များနှင့် ပြည့်နှက်နေသလို ရင်းမြစ်များစွာလည်း လိုအပ်လှသည်။

လက်ရှိအားဖြင့် ဝေ့ဝူယင်မှာ သူ၏ ကြယ်တာရာ အမြုတေ အဆင့် ကျင့်ကြံခြင်း အခြေခံ ကို အချောသတ်နိုင်ခဲ့ရုံသာ ရှိသေးသည်။ သူ၏ ကြယ်တာရာ ပါရဂွန် ခန္ဓာမှာလည်း စဦးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိရုံသာ ရှိသေးသည်။ ထို့ကြောင့်ပင် သူ့အနေဖြင့် အစစ်အမှန် 'လျှို့ဝှက် အာဏာရှင်' အဆင့်သို့ ရောက်ရန် လမ်းဝေးသေးသည်ဟု ဆိုနိုင်သည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် အခက်ခဲဆုံးအပိုင်းဖြစ်သည့် လောကချည်နှောင် ကြယ်တာရာ နယ်မြေကို သူ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။ ထို့အပြင်... ဖီဆန်ပေါက်စမှာ သေမျိုးတာအိုအတွင်း အကြီးမားဆုံးသော နေမင်းတစ်စင်း ဖြစ်သည်။

ထို့ထက် ပို၍အရေးကြီးသည်က ကြယ်တာရာ ပါရဂွန် ခန္ဓာမှာ ပိုမို၍ တိုးတက်လာသည်နှင့် အမျှ သူ၏ ပင်ကိုယ်ပါရမီများမှာလည်း ပိုမို မြင့်မားလာနေမှာ ဖြစ်ခြင်းပင်။ ယခုတွင်ပင် သူ၏ ပါရမီမှာ ကောင်းကင် ရွေးချယ်ခံ အဆင့်ကိုပင် ကျော်လွန်လုဆဲဆဲ ဖြစ်သည်။

"ခန္ဓာကိုယ် ဟုတ်လား..."

ယွီစွန်းလီ၏ မျက်ဝန်းများမှာ ဝင်းလက်သွား၏။ ဝေ့ဝူယင်ထံ၌ လျှို့ဝှက် အာဏာရှင် အဆင့်ရှိ ချစ်သူများ ရှိနေသည်ဟူသော ကောလာဟလများကို သူမ သံသယဝင်နေခဲ့ခြင်း ဖြစ်သည်။

အကြောင်းမှာ လျှို့ဝှက် အာဏာရှင် အဆင့်ရှိ အမျိုးသမီးတစ်ဦး အနေဖြင့် သေမျိုးတစ်ဦးနှင့် ပေါင်းဖက်ပါက ပြင်းထန်သည့် အကျိုးဆက်များကို ခံစားရတတ်သောကြောင့် ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ လျှို့ဝှက် အဆင့်သို့ ရောက်ရှိနေပြီဆိုလျှင်မူ ထိုကိစ္စမှာ အဆင်ပြေသွားပြီဖြစ်သည်။

"ဟုတ်တယ်... ရှင်းရှင်း ပြောရရင် ကိုယ့်ဆီမှာ လျှို့ဝှက် အာဏာရှင်တွေနဲ့ ပေါင်းဖက်ဖို့ ဘာအတားအဆီးမှ မရှိတော့ဘူး”

ဝေ့ဝူယင်က ရွှန်းနောက်နောက် အပြုံးဖြင့် ဆိုလိုက်၏။ ယွီစွန်းလီက နှုတ်ခမ်းလေး စူကာ စိတ်ကောက်ချင်ဟန် ဆောင်လိုက်သော်လည်း၊ သူမ၏ ရင်ခုန်သံများမှာ မြန်ဆန်နေကာ စိတ်ကူးထဲတွင် တစ်မျိုးတစ်ဖုံ ပုံဖော်မိနေပြီဖြစ်သည်။

သို့သော်လည်း... သူမ စိတ်ကို ချက်ချင်း ပြန်ထိန်းလိုက်၏။ သူမ ညှိုးနွမ်းခံရမည့် နှင်းဆီဖြူတစ်ပွင့် မဖြစ်လိုချေ။ နဂါးပေါက်လေး ကဲ့သို့ ခိုလှုံသူသာ ဖြစ်လိုသည်။ သို့သော်လည်း... ထိုစကားကို သူမ မည်သို့ ပြောထွက်ပါမည်နည်း။

"အဲဒါဆိုရင်တောင် ရှင့်အနေနဲ့ ကျွန်မရဲ့ မိသားစုက သဘောတူအောင် လုပ်ရဦးမယ်... ပြီးတော့ မေမေ့ရဲ့ စံနှုန်းတွေကလေ... တော်ရုံနဲ့ မဖြစ်နိုင်ဘူး"

ယွီစွန်းလီ ခပ်ပြတ်ပြတ် ပြောလိုက်သော်လည်း ဝေ့ဝူယင်အတွက်မူ ထိုစံနှုန်းများမှာ အရေးမပါလှပေ။ အဘယ်ကြောင့်နည်း။ သူကိုယ်တိုင်ကပင် အမြင့်မားဆုံးသော စံနှုန်းတစ်ခု ဖြစ်နေသောကြောင့်ပင်။

သို့သောလည်း... ဝေ့ဝူယင်မှာ မိန်းကလေး၏ မာန်တင်းနေမှုကို မဖျက်ဆီးလိုသဖြင့် တည်ကြည်သော အမူအရာသို့ ပြောင်းလိုက်ပြီး အသံကို ခပ်အုပ်အုပ်ဖြင့် ကတိပေးလိုက်၏။

"ကိုယ် အစွမ်းကုန် ကြိုးစားပါ့မယ်"

ဝေ့ဝူယင်၏ တည်ကြည်သော မျက်နှာနှင့် ခိုင်မာသော စကားများကြောင့် ယွီစွန်းလီ၏ ရင်ခုန်သံမှာ ပိုမို ကျယ်လောင်လာခဲ့သည်။ သူမ ထိန်းထားလိုခဲ့သည့် ရှက်သွေးများမှာ ပါးပြင်ပေါ်သို့ ဖြည်းဖြည်းချင်း လွှမ်းမိုးလာတော့၏။

ထိုအခါ ဝေ့ဝူယင်က အားရပါးရ ရယ်မောလိုက်ရင်း...

"ပြီးရင်တော့ အားလုံးကို စနစ်တကျ လုပ်ကြတာပေါ့... ချိန်းတွေ့တာမျိုးလေ... ကိုယ် မင်းကို အပြင်လိုက်ပို့မယ်... နောက်ပြီးခါမှ..."

ဟု ဆိုလိုက်ရာ ယွီစွန်းလီမှာ ရှက်ရှက်ဖြင့် မျက်နှာလွှဲလိုက်ပြီး...

"ရှင်နော်..."

ဆိုသော စကားလုံးဖြင့် တိတ်ဆိတ် သွားခဲ့တော့သည်။ ဝေ့ဝူယင်၏ အမြင်တွင် ယွီစွန်းလီမှာ အလွန်ပင် ချစ်စရာ ကောင်းလှသည်။ သူမက ဘယ်လိုပင် ကြည့်စေကာမူ... သိမ်းပိုက်လိုစိတ် ပြင်းပြလာအောင် ဆွဲဆောင်နိုင်သူ ဖြစ်သည်။

ဝှစ်...

ထိုစဉ် ခြံဝန်းအတွင်းသို့ လူတစ်ဦး ပျံသန်းဝင်ရောက်လာသဖြင့် သူတို့ နှစ်ဦးသား လှည့်ကြည့်လိုက်ကြသည်။ ယွီစွန်းလီနှင့် ရုပ်ချင်းဆင်တူသည့် အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ရောက်ရှိလာခြင်းပင်။

သူမသည်လည်း အလွန် လှပသူ တစ်ယောက် ဖြစ်သော်လည်း ခန္ဓာကိုယ်မှာမူ သင့်တင့်သော အချိုးအစား ရှိသည်။ အလွန်တရာ ဆွဲဆောင်မှုရှိလှသော သမီးဖြစ်သူမှာ မည်သူ့ထံမှ အမွေရခဲ့သနည်းဟုပင် တွေးတောစရာ ဖြစ်နေသည်။

ထိုအမျိုးသမီးကား အခြားလူမဟုတ်...။ ယွီစွန်းလီ၏ မိခင် ဝိညာဉ် ဖျက်ဆီးခြင်း နတ်မိမယ်ပင် ဖြစ်လေတော့သည်။

"ကြည့်ရတာ... ကိုယ် သူ့ကို နားချဖို့ အချိန်ရောက်ပြီ ထင်တယ်"

ဝေ့ဝူယင်က ရယ်မောလိုက်ရင်း ယွီစွန်းလီ၏ လက်ကို ဆွဲကာ ရှေ့သို့ လှမ်းလာခဲ့သည်။ ပိုင်လင်ကလည်း ယွီစွန်းလီအား ပွတ်သီးပွတ်သပ် လုပ်ရင်း နောက်မှ လိုက်ပါလာ၏။

ယွီလီရှင်း တစ်ယောက် ထိုမြင်ကွင်းကို ရင်ခုန်စွာဖြင့် ကြည့်နေမိသည်။ သို့သော်လည်း... များစွာ မအံ့ဩမိ။ ဤသည်မှာ သူမ မျှော်လင့်ထားသည့် အခြေအနေပင် မဟုတ်ပါလော။

"ယောက္ခမကြီး... နောက်ဆုံးတော့ တွေ့ရပြီနော်... ဝမ်းသာပါတယ်"

ဝေ့ဝူယင်က နှုတ်ဆက်လိုက်လေ၏။

"..." ယွီလီရှင်း။

"..." ယွီစွန်းလီ။

"..." ပိုင်လင်။

ဝေ့ဝူယင်မှာ အလွန်ပင် ပွင့်လင်းလှသည်။ သူ၏ ရည်ရွယ်ချက်ကို အနည်းငယ်မျှပင် ဖုံးကွယ် မထားပါချေ။ တစ်ချိန်တည်း၌ ယွီစွန်းလီမှာလည်း သူမ၏ ရှက်သွေးဖြာနေသော မျက်နှာကို မဖုံးကွယ်နိုင်တော့ချေ။

နှစ်နာရီခန့် ကြာပြီးနောက် ဝေ့ဝူယင်မှာ ယွီလီရှင်းကို နားချနိုင်ခဲ့ရုံသာမက၊ ထျန်းတိုက်ကျုံး၏ ဘဏ္ဍာတိုက်ထဲမှ ရရှိသော 'လျှို့ဝှက်-မြေကြီး' နှင့် 'လျှို့ဝှက်-လောက' အရင်းအမြစ်များကိုပင် ပေးအပ်ကာ သိမ်းသွင်းနိုင်ခဲ့သည်။ သမီးဖြစ်သူကို ရရှိရန်အတွက် လက်ဆောင်ပစ္စည်းများဖြင့် အလဲအလှယ် လုပ်လိုက်သကဲ့သို့ပင်။

ယွီလီရှင်းကလည်း ထိုပစ္စည်းများကို ငြင်းပယ်ခြင်း မရှိဘဲ ဝမ်းသာအားရ လက်ခံလိုက်၏။ သူမက ပစ္စည်းများကို လက်ခံလေလေ၊ ယွီစွန်းလီ၏ ပါးပြင်မှာ နီမြန်းလေလေ ဖြစ်သည်။

ဝေ့ဝူယင်က "အခုလောလောဆယ် ဒီထက်ပိုပြီး မပေးနိုင်သေးပေမယ့် ဒီအချိန်လေးကတော့ တန်ဖိုးဖြတ်လို့ မရပါဘူး" ဟု အားနာနာနှင့် ပြောလိုက်သောအခါမှ ယွီလီရှင်း တစ်ယောက် လက်ကို ရုပ်သိမ်းလိုက်တော့သည်။ အမှန်စင်စစ် ဝေ့ဝူယင်မှာ ကမ္ဘာပေါ်ရှိ မည်သည့် ရတနာမျှ ယွီစွန်းလီနှင့် မနှိုင်းယှဉ်နိုင်ကြောင်း သွယ်ဝိုက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

နားချခြင်း ကိစ္စမှာ ပြီးမြောက်သွားခဲ့ပြီဖြစ်သလို ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာလည်း 'အစစ်အမှန် ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်' ကြောင့် 'လျှို့ဝှက် အဆင့်' သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့်... အထူးအခြေအနေအရ 'လျှို့ဝှက် အာဏာရှင်' အဆင့် ရောက်ရန် မလိုအပ်တော့ချေ။

အရာရာက အဆင်သင့် ဖြစ်နေခဲ့လေပြီ ဖြစ်သည်။

***

All Chapters