နှစ်နှစ်တာ ချိန်းဆိုမှု
Vol. 130 Ch. 1815
ဝေ့ဝူယင်နှင့် ယွီစွန်းလီတို့ နှစ်ယောက် ချယ်ရီပင်အောက်တွင် ယှဉ်တွဲထိုင်ကာ သစ်ပင်ပင်စည်ကို မှီထားကြ၏။ ဝေ့ဝူယင်မှာ ယွီစွန်းလီ၏ လက်ကို စတင် ကိုင်ဆွဲခဲ့သည့် အချိန်မှ စ၍ အခုထိ လွှတ်မပေးသေးဘဲ၊ သူမကလည်း ထိုနွေးထွေးမှုနှင့် ရင်းနှီးမှုကို ကျင့်သားရနေပြီ ဖြစ်သည်။ ယွီလီရှင်းမှာမူ သူတို့နှစ်ဦးအား လွတ်လွတ်လပ်လပ် ရှိစေရန် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"ရှင် ကျွန်မကို ဘယ်ခေါ်သွားမှာလဲ"
ယွီစွန်းလီ၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေ၏။ စိတ်ကူးယဉ်ဆန်ဆန် ချိန်းတွေ့မှုမျိုးကို မည်သည့်အမျိုးသမီးက မလိုလားဘဲ ရှိပါမည်နည်း။ အာရုဏ်ဦး အာဏာရှင် အင်ပါယာမှာ ငြီးငွေ့စရာကောင်းသူတစ်ဦး ဖြစ်လိမ့်မည် မဟုတ်ဟု သူမ ယုံကြည်ပေသည်။
ဝေ့ဝူယင်က သူမ၏ လက်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ရင်း ကောင်းကင်သို့ လက်ညှိုးထိုးပြလိုက်သည်။
“အဲဒီကို...”
ချက်ချင်းပင်... တိမ်တိုက်များ ဖုံးလွှမ်းနေသည့် ကောင်းကင်ကြီးမှာ နှစ်ခြမ်းကွဲသွားပြီး လှပသည့် ကြယ်တာရာ ကောင်းကင်ကြီး ပေါ်ထွက်လာသည်။ ၎င်းမှာ ကြီးကျယ်ခမ်းနားသော ပန်းချီကားတစ်ချပ်နှင့်ပင် တူလှသည်။
ယွီစွန်းလီ တစ်ယောက် အံ့အားသင့်စွာ ငေးမောနေမိ၏။
"ကိုယ် မင်းကို ဒီလောကနဲ့ မတူတဲ့ တခြားကမ္ဘာတစ်ခုဆီ ခေါ်သွားမယ်... ငါတို့ရဲ့ အပြင်ဘက်မှာရှိတဲ့ ကမ္ဘာပေါ့... အဲ့ဒီမှာ ထူးဆန်းအံ့သြဖွယ် ကောင်းတဲ့ မြင်ကွင်းတွေကို တွေ့ရလိမ့်မယ်... အစွမ်းထက်တဲ့ ကျင့်ကြံသူတွေနဲ့ ဆုံရလိမ့်မယ်... ပြီးတော့... ကိုယ်..."
ဝေ့ဝူယင်က သူမ၏ အနားသို့ တိုးကပ်ရင်း သူ့ ရည်ရွယ်ချက်များကို တိုးတိုးလေး ကပ်ပြောလိုက်သည်။ ဝေ့ဝူယင် ယွီစွန်းလီကို သူ့ အနာဂတ် ဇနီးသည်တစ်ဦးအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။ ဝေ့ဝူယင်မှာ လက်တွဲဖော် တစ်ဦးတည်း ရှိဖို့ ရည်ရွယ်ထားခဲ့သူ မဟုတ်ချေ။ ငယ်စဉ်ဘဝကပင် လှပပြီး ပါရမီရှိသည့် ဇနီးသည် အနည်းဆုံး ဆယ်ဦးခန့် ရှိရန် ဆန္ဒရှိခဲ့သူ ဖြစ်သည်။
ယွီစွန်းလီမှာ ဝေ့ဝူယင်၏ စကားများကြောင့် မျက်နှာတစ်ခုလုံး ပူထူသွားကာ ရှက်ရှက်ဖြင့် မျက်နှာလွှဲလိုက်ရပြန်၏။
ဝေ့ဝူယင်က ရယ်မောလိုက်သည်။
"မင်း ဆွဲမယ့် ပန်းချီကားကို ကိုယ် အမြန်ဆုံး မြင်ချင်နေပြီ... ဒါကြောင့် နောက်ထပ် နှစ်နှစ်တာ ကာလဟာ ကိုယ်တို့ နှစ်ယောက်ရဲ့ ချိန်းတွေ့မှု ဖြစ်လိမ့်မယ်... ဘယ်လို သဘောရလဲ"
"...နှစ်နှစ်... နှစ်နှစ်လုံးလုံးလား"
ယွီစွန်းလီ နားမလည်နိုင် ဖြစ်သွားသည်။ ပုံမှန်အားဖြင့်... သေမျိုးများ၏ ချိန်းတွေ့မှုမှာ နာရီအနည်းငယ်သာ ကြာမြင့်တတ်သည် မဟုတ်ပါလော။
"ကျင့်ကြံသူတွေ ဖြစ်နေမှတော့ ပုံမှန်အတိုင်း ဘာလို့ လုပ်နေမှာလဲ... ဒါပေမဲ့ ကိုယ် တခြားကိစ္စတွေ လုပ်ဖို့ ခဏတာ ခွဲခွာရတာမျိုးတော့ ရှိနိုင်တယ်... ဒါပေမဲ့ ဒီနှစ်နှစ်အတွင်းမှာ အနည်းဆုံး အချက်သုံးချက်ကို လုပ်ဆောင်ရမယ်... ဒါမှ ပြည့်စုံတဲ့ ချိန်းတွေ့မှု ဖြစ်မှာ... ပထမအချက်က ငါတို့နှစ်ယောက် အံ့ဩစရာ ကောင်းတဲ့ မြင်ကွင်းတွေကို အတူတူ ကြည့်ကြမယ်"
ယွီစွန်းလီ ဝေ့ဝူယင်၏ လက်ကို တင်းကျပ်စွာ ပြန်လည် ဆုပ်ကိုင်လိုက်သည်။ ဤသည်မှာ သူမဘက်မှ ပထမဆုံးအကြိမ် အားစိုက်ကာ တုံ့ပြန်ခြင်း ဖြစ်သည်။
"ဒုတိယအချက်... ငါတို့ထက် အများကြီး မြင့်မားတဲ့ အစွမ်းထက် ကျင့်ကြံသူတွေအတွက် စားသောက်ပွဲ တစ်ခု တည်ခင်းမယ်... အဲဒီ စားသောက်ပွဲကို ငါတို့နှစ်ယောက်က အိမ်ရှင်အဖြစ် ဆင်နွှဲကြမယ်... အဲ့ဒီ စားသောက်ပွဲမှာ မတူညီတဲ့ ယဉ်ကျေးမှုတွေက အရသာရှိတဲ့ အစားအစာတွေနဲ့ ဝိုင်ကောင်းတွေကို မြည်းစမ်းကြရင်း ဖျော်ဖြေမှုတွေကို ခံစားကြမယ်"
ယွီစွန်းလီ၏ မျက်ဝန်းများမှာ ဝင်းလက်လာ၏။ သူတို့နှစ်ဦး၏ ဆက်ဆံရေးအတွက် ဂုဏ်ပြုသော စားပွဲသောက်ပွဲကြီးကို အိမ်ရှင်အဖြစ် ဆင်နွှဲရမည့် မြင်ကွင်းအား သူမ စိတ်ကူးကြည့်မိသည်။ ၎င်းက မည်မျှ ခမ်းနားလိုက်မည်နည်း။ ထိုမြင်ကွင်းကို ပန်းချီဆွဲလိုစိတ်မှာလည်း သူမ၏ ဝိညာဉ်အတွင်း၌ တောက်လောင်လာသည်။
"တတိယအချက်ကတော့... ဟဲ ဟဲ... ပေါင်းစည်းခြင်းပေါ့"
ဝေ့ဝူယင်က နောက်ပြောင်သော အပြုံးဖြင့် ဆိုလိုက်သည်။ ယွီစွန်းလီမှာ ထိုစကား၏ အဓိပ္ပာယ်ကို ခဏမျှ စဉ်းစားလိုက်ပြီးမှ ဝေ့ဝူယင်၏ အပြုံးကို ကြည့်ကာ သဘောပေါက်သွားတော့သည်။ သူမသည် နှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်သော်လည်း သူ၏လက်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
"ကန့်ကွက်စရာ ရှိလား..."
"..."
ယွီစွန်းလီက ပြန်မဖြေသော်လည်း သူမ လက်ချောင်းများ၏ ဆုပ်ကိုင်မှုကပင် အဖြေဖြစ်နေပြီ ဖြစ်သည်။ ပေါင်းစည်းခြင်း ဆိုသည့် ပုံရိပ်မှာ သူမအတွက် အလွန်ပင် ရင်ခုန်စရာ ကောင်းနေတော့သည်။
"ကောင်းပြီလေ..."
ဝေ့ဝူယင်မှာ အချို့သော အစီအစဉ်များကို စတင် ရေးဆွဲနေပြီ ဖြစ်သည်။ သူ၏ ငွေရောင် မျက်ဝန်းများက ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကြီးကို စိုက်ကြည့်လိုက်၏။
"နောက်ထပ် လုပ်စရာ နည်းနည်းပဲ ကျန်တော့တယ်..."
သူ ခပ်တိုးတိုးလေး ရေရွတ်လိုက်လေတော့သည်။
...
နောက်ထပ် နာရီအနည်းငယ်မှာ ချယ်ရီပွင့် အရွက်ကလေးများ၏ လှုပ်ခတ်သံ၊ ကြည်နူးဖွယ် စကားဝိုင်းများနှင့် စိတ်အေးချမ်းစေသော ရယ်မောသံများဖြင့် ပြည့်နှက်နေခဲ့သည်။ ဝေ့ဝူယင်မှာ ယွီစွန်းလီနှင့်အတူ အစမှအဆုံး ရှိနေပေးခဲ့ပြီး သာမန်ကိစ္စရပ်များမှသည် ထူးခြားဆန်းပြားသော အကြောင်းအရာများအထိ အမေးအဖြေပြုလုပ်ရင်း အချိန်ကုန်လွန်စေခဲ့သည်။
ဝေ့ဝူယင်က တစ်ခါတစ်ရံ စနောက်ကျီစယ်သည့်အခါတိုင်း ယွီစွန်းလီမှာ သူ၏လက်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်တတ်သလို၊ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နံပါတ်တစ် အလှမယ်ဟူသော ဘွဲ့နှင့်အညီ ကြယ်တာရာ နယ်မြေများကိုပင် ပျက်စီးစေနိုင်လောက်သည့် သူမ၏ အပြုံးလေးများကို ရှက်ကိုးရှက်ကန်း ဖုံးကွယ်ထားတတ်သည်။
ပုံမှန်အားဖြင့် သူတို့ နှစ်ယောက်ကြားရှိ စကားဝိုင်းများမှာ ဝေးကွာလှသော အရပ်မှ ဝိညာဉ်ချင်း ဆက်သွယ်မှုများသာ ဖြစ်ပြီး ယွီစွန်းလီ၏ အေးစက်စက် နေတတ်သော ပုံစံကြောင့်လည်း တိုတောင်းလှသည်။ သို့သော်လည်း... ယခုကဲ့သို့ လူချင်း တွေ့ဆုံချိန်တွင်မူ သူမက လုံးဝကို ကွဲပြားခြားနားသော လူတစ်ဦး ဖြစ်နေတော့သည်။
ဝေ့ဝူယင်၏ ရှေ့တွင် ရောက်ရှိနေသော ချစ်စရာကောင်းပြီး စူးစမ်းလိုစိတ်ရှိသည့် ဤအမျိုးသမီးလေးမှာ သူမ၏ ပုံစံအစစ်အမှန်ပင် ဖြစ်သည်။ အတူရှိနေချိန် ကြာလာသည်နှင့်အမျှ မိန်းကလေးမှာ ပိုမို၍ ပွင့်လင်းလာခဲ့သည်။ လောကတွင် ဤကဲ့သို့သော လူမျိုးများ ရှိတတ်စမြဲပင်။
အဝေးမှကြည့်လျှင် ရေခဲတောင်ကဲ့သို့ အေးစက်ခက်ထန်နေသော်လည်း၊ နီးကပ်စွာ ရင်းနှီးခွင့်ရသည့်အခါတွင်မူ မည်သူ့ကိုမဆို ပျော်ရွှင်စေနိုင်သည့် မီးရှူးမီးပန်းလေးများကဲ့သို့ တက်ကြွလန်းဆန်းလာတတ်ကြသည်။
ယွီစွန်းလီ၏ အပြုံးများတွင် ထိုကဲ့သို့သော ဆန်းကြယ်သည့် စွမ်းအားများ အမှန်ပင် ရှိနေသည်။
သို့သော်လည်း... ပျော်ရွှင်စရာ အချိန်တိုင်းမှာ ကုန်ဆုံးတတ်သည်ပင်။ သို့သော် ထိုခွဲခွာခြင်းမှာ ကျေနပ်ဖွယ်ကောင်းသော ခွဲခွာခြင်းမျိုး ဖြစ်သည်။
ဝေ့ဝူယင်က သူမအား အထုပ်အပိုး ပြင်ဆင်ထားရန် နှင့် သူ၏ အလုပ်အချို့ ပြီးစီးသည်နှင့် ပြန်လာခဲ့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင်တော့... သူတို့ နှစ်ယောက်မှာ အပြောကျယ်လှသော ကြယ်တာရာ ကောင်းကင်ကြီးအနှံ့ နှစ်နှစ်တာ ချိန်းဆိုမှုကို ဆင်နွှဲကြပေတော့မည်။
ယွီစွန်းလီ၏ ရင်ခုန်သံမှာ အလွန်ပင် ကျယ်လောင်နေလေရာ သေမျိုး တစ်ယောက်လျှင်ပင် ထိုရင်ခုန်သံကို အတိုင်းသား ခံစားမိပေလိမ့်မည်။ ၎င်းမှာ စစ်မှန်သော စိတ်လှုပ်ရှားမှုများနှင့် မျှော်လင့်ချက်တို့ ပေါင်းစပ်နေခြင်းပင်။
လှပလွန်းလှသော ယွီစွန်းလီ၏ ရုပ်ဆင်းသွင်ပြင်နှင့် သူမ၏ ဝတ်ရုံအောက်မှ ဆွဲဆောင်မှုရှိသော အလှတရားများမှာ တမလွန်မှ လူကိုပင် ပြန်လည် နိုးထလာစေနိုင်လောက်သော စွမ်းအားများ ရှိနေသည်။
ဝေ့ဝူယင် ပိုင်လင်ကို စီးနင်းကာ ပျံသန်း ထွက်ခွာခဲ့လာခဲ့၏။ ဒုတိယမြောက်စိတ် ထိန်းချုပ်ထားသည့် အစစ်အမှန် ခန္ဓာကိုယ်မှာ ချင်ကူးယဉ်နှင့်အတူ အမှောင် ဟင်းလင်းပြင် အတွင်း ကျန်ရစ်ခဲ့သော်လည်း၊ ယွီစွန်းလီ အခန်းအတွင်းသို့ ပျော်ရွှင်စွာ ခုန်ပေါက် ဝင်ရောက်သွားသည့် ပုံရိပ်များက သူ့ မျက်လုံးထဲတွင် ထင်ရှားစွာ အမြစ်တွယ် ကျန်ရစ်နေခဲ့သည်။
ထိုကဲ့သို့ လွမ်းဆွတ် ကြည်နူးဖွယ်ရာ အခိုက်အတန့် ကလေးများကို ထာဝရ မှတ်တမ်းတင်ထားလိုသည့် ဆန္ဒ တစ်ခု ဝေ့ဝူယင်၏ စိတ်အတွင်း ဖြစ်ပေါ်လာခဲ့၏။ အခြားသူ၏ ဝါသနာကို ထပ်တူလိုက်လုပ်ရန် ရည်ရွယ်ချက် မရှိသော်လည်း၊ နောင်တစ်ချိန်တွင် ပန်းချီပညာကို လေ့လာဖို့ အတွက် တွေးတောလိုက်မိသည်။ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည့် ဤအမျိုးသမီးငယ်လေး၏ ပုံရိပ်ကို ပန်းချီကားအဖြစ် ပုံဖော်လိုက်လျှင် အခြားသူများအပေါ် မည်ကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်မည်နည်း။
သူ ပိုင်ဆိုင်ထားသည့် စိတ်တာအိုကိုပါ စုတ်ချက် အတွင်း ထည့်သွင်းလိုက်လျှင် သူ၏ ခံစားချက်များကို ပန်းချီကားများမှ တစ်ဆင့် ထင်ဟပ်စေနိုင်ပေလိမ့်မည်။ ထိုအတွေးကြောင့် ဧဒင်မှာ အနည်းငယ် တုန်ခါသွားသလို အိုရီမှာလည်း ချက်ချင်းပင် ပါဝင်ခွင့် တောင်းတော့သည်။
"ငါလည်း ပါမယ်... ငါလည်း ပါမယ်...”
"ဟမ့်..."
ဘုရင်ကလည်း ဝင်ရောက် အသံပြုသည်။ သူတို့ နှစ်ဦးစလုံးမှာ ဤလုပ်ငန်းစဉ်တွင် ပါဝင်ရန် အသင့်ရှိနေကြသည်။
"..."
ခရာတိုကမူ သူ မည်ကဲ့သို့ ပါဝင်ရမည်ကို မသိသဖြင့် တိုးတိုးလေး ညည်းတွားနေသည်။ အိုရီက ဆေးရောင်စုံ ပေးနိုင်သည်။ ဘုရင်က စုတ်တံအဖြစ် လုပ်ဆောင်နိုင်သည်။ ဧဒင်က ပန်းချီကား၏ အနှစ်သာရကို ပေးနိုင်သည်။ သို့သော် သူကရော...။
သူ ထိုကိစ္စကို အလေးအနက် စဉ်းစားနေတော့သည်။
ဟူး... ဟူး...
တစ်ချိန်တည်း၌... ပိုင်လင်မှာ ဂြိုဟ်၏ လေထုကို ဖြတ်ကျော်ကာ တစ်စုံတစ်ရာသော အရှိန်အဝါရှိရာသို့ ဦးတည် ပျံသန်းနေသည်။ မီးဖီးနစ်၏ မျက်ဝန်းများမှာ ယွီစွန်းလီနှင့် တွေ့စဉ်ကထက်ပင် ပိုမို တက်ကြွနေခဲ့သည်။ သူမ ယွီစွန်းလီကို ခင်မင်သော်လည်း သူမ၏ ချစ်လှစွာသော 'အူကြောင်ကြောင် အသားတုံးကြီး' အပေါ် ထားရှိသော ခံစားချက်ကိုတော့ မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။
***