လူသန်ကြီး၏ မျက်ရည်များ
Vol. 130 Ch. 1817
ကျင့်ကြံခြင်းလောကကြီးတွင် ပြန်လည်ဆုံတွေ့ခြင်းဆိုသည်မှာ ဆန်းကြယ်လှသော အရာတစ်ခုပင်။ တစ်ခါတစ်ရံတွင် ထိုဆုံတွေ့မှုကို ကြောက်ရွံ့တတ်ကြသလို၊ တစ်ခါတစ်ရံတွင်မူ စိတ်အားထက်သန်စွာ မျှော်လင့်နေတတ်ကြသည်။ ပြန်လည်ဆုံတွေ့မှုများမှာ ကျင့်ကြံသူတို့၏ ကျင့်ကြံခြင်းနှလုံးသားကို သွေးပေးသလို ဘဝလမ်းခရီးအတွက် ရည်မှန်းချက်များကိုလည်း ပုံဖော်ပေးတတ်သည်။
သို့သော် ကျင့်ကြံခြင်း လောကမှာ အမြဲတမ်း အန္တရာယ်များနှင့် ပြည့်နှက် နေတတ်လေရာ အချို့သော ဆုံတွေ့မှုများမှာမူ တမလွန်စည်းခြားနားသွားခြင်းကြောင့် မည်သည့်အခါမျှ ဖြစ်ပေါ်မလာနိုင်တော့ချေ။
ယန်တောင်တန်း နယ်မြေအတွင်းသို့ ဝင်ရောက်လာသော ဝေ့ဝူယင်၏ မျက်ဝန်းများမှာ နေရာတစ်ခုသို့ စူးစိုက်သွား၏။ ကြယ်တာရာ ဘေးဒုက္ခများ၊ ကောင်းကင်တာအို၏ ဆန်းကြယ်မှုများ၊ ငရဲဘုံ၏ ခါးသီးမှုများနှင့် ဟင်းလင်းပြင်၏ အမှောင်ထုများကို ဖြတ်သန်းခဲ့ဖူးသော ထိုမျက်ဝန်းများက ရွှေရောင်တောက်ပနေသည့် ထိုနယ်မြေ၏ အမြင့်ဆုံးတောင်ထိပ်ပေါ်သို့ ငေးကြည့်နေ၏။
ထိုနေရာတွင် ရင်းနှီးသော ပုံရိပ်တစ်ခုမှာ အထက် ကောင်းကင်သို့ မော့ကြည့်နေကာ မျက်ရည်များဖြင့် ဝေ့ဝူယင်ကို ပြန်လည် စိုက်ကြည့်နေခဲ့သည်။ ထိုကောင်စုတ်လေးမှာ သူမှတ်မိထားသည်ထက် ပို၍ ကြီးမားထွားကျိုင်းနေသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း သိသိသာသာ ပြောင်းလဲလာခဲ့တာ ထင်ရှားပေသည်။
သူ၏ မျက်လုံးများနှင့် ကတုံးဆံပင်မှာ အရင်အတိုင်းပင် ဖြစ်သော်လည်း တောင့်တင်းခိုင်မာသော ကြွက်သားများနှင့် အပြစ်ကင်းစင်သော နှလုံးသားကို ဖုံးကွယ်ထားသည့် ရက်စက်ကြမ်းကြုတ်ပုံရသော အရှိန်အဝါမှာမူ အရင်ကထက် ပိုမို ပြင်းထန်နေသည်။
"ဟုတ်တယ် ပိုင်လင်... တကယ့်ကို အဲဒီကောင်စုတ်လေးပဲ..."
ဝေ့ဝူယင် ပိုင်လင်၏ ကျောကို ပုတ်ရင်း ရယ်မောလိုက်၏။ ထိုမျက်ရည်ဝဲနေသော မျက်ဝန်းများအတွင်း၌ အပြစ်ကင်းစင်မှု၊ နူးညံ့သိမ်မွေ့မှုနှင့် လူအများက အထင်သေးတတ်ကြသည့် သူ၏ ထက်မြက်သော ဉာဏ်ရည်တို့မှာ ရှိနေဆဲပင်။
ဂီး...
ပိုင်လင်၏ ဟစ်ကြွေးသံက တစ်နယ်မြေလုံးကို တုန်ခါသွားစေ၏။ ကောင်းကင်ကြီး တုန်ခါသွားသလို တောင်တန်းကြီးမှာလည်း ယိမ်းထိုးသွားသည်။
ဝှစ်...
ဝေ့ဝူယင် ပိုင်လင်၏ ကျောပေါ်မှ အပေါ်သို့ ပျံတက်လိုက်ကာ တောင်ထိပ်ပေါ်သို့ လွတ်လပ်စွာ ခုန်ဆင်းလိုက်၏။ မီးဖီးနစ်မှာလည်း တောင်ထိပ်အစွန်းသို့ လျင်မြန်စွာ ရောက်ရှိလာပြီး အတောင်ပံများကို ရုပ်သိမ်းကာ လည်ပင်းရှည်ကြီးဖြင့် အခြေအနေကို စောင့်ကြည့်နေတော့သည်။
တိုက်တန်ကဲ့သို့ ထွားကျိုင်းသော လူငယ်မှာမူ အထက်မှ ဆင်းသက်လာသော ပုံရိပ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။
ဘုန်း...
ဝေ့ဝူယင်၏ ခြေနှစ်ဖက်က ပြင်းထန်စွာ ကျဆင်းသွားလေရာ နယ်မြေတစ်ခုလုံး တုန်ခါသွားပြီး တောင်ထိပ်၏ အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးသွားသည်။ သူက ထွားကျိုင်းလှသည့် လူငယ်၏ ရှေ့ ပေအနည်းငယ်အကွာတွင် ရပ်လိုက်သည်။
နှစ်ယောက် ယှဉ်လိုက်ပါက ဝေ့ဝူယင်မှာ ထိုလူထွားကြီးထက် ပေပေါင်း အနည်းငယ် ပုနေသော်လည်း သူ၏ အရှိန်အဝါများကတော့ အနည်းငယ်မျှ လျော့ပါးသွားခြင်း မရှိပေ။
"အစ်ကိုလတ်..."
တိုက်တန်ကြီး၏ အသံမှာ တုန်ယင်နေ၏။
"..."
ဝေ့ဝူယင်က အခြားစကား မဆိုဘဲ ပြင်းထန်သော အရှိန်ဖြင့် ရှေ့သို့ တိုးဝင် သွား၏။ သူ၏ လက်ချောင်းများက လက်သီးဆုပ် တစ်ခု အဖြစ် ပြောင်းလဲ သွားလေရာ လောကတစ်ခုလုံး တုန်ရီ ယိမ်းထိုးသွားသယောင် ထင်ရသည်။
"..."
လူထွားကြီး၏ မျက်လုံးများမှ မျက်ရည်များ ပိုမို စီးကျလာသော်လည်း ပြင်းထန်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ချက်ချင်းပင်... ယန်တောင်တန်း နယ်မြေအတွင်းရှိ တောင်တန်းများအားလုံးမှာ ဟိန်းဟောက်သံကဲ့သို့ ထူးဆန်းသော အသံများကို ထုတ်ဖော်လာကြသည်။ ကောင်းကင်မှ နေမင်းမှာလည်း ရွှေရောင်အလင်းတန်းများကို ပိုမို တောက်ပစွာ ထုတ်လွှတ်လိုက်လေ၏။
လူထွားကြီးမှာ သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ခိုင်မာသော အနေအထားဖြင့် ရှေ့သို့ ထိုးထုတ်လိုက်သည်။
ဝေ့ဝူယင်က၏ လက်သီးမှာလည်း တည့်တည့်ပင် တိုးဝင်လာ၏။ ၎င်းတွင် မည်သည့် ကျင့်စဉ်မျှ မပါဝင်ဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသက်သက်မျှသာ ပါဝင်နေပေသည်။ ၎င်းမှာ အစစ်အမှန် သေမျိုး တစ်ယောက်၏ လက်သီးတစ်လုံးပင်။ သို့သော်လည်း... ထိုလက်သီးတွင် ဆယ်စုနှစ်ပေါင်းများစွာ သူ၏ ရင်ထဲတွင် ကိန်းအောင်းနေသည့် ခံစားချက်အားလုံး ပါဝင်နေသည်။
ဒေါသ၊ ခါးသီးမှု၊ စိုးရိမ်မှုနှင့် ပျော်ရွှင်မှု...
လူထွားကြီးမှာ အခြားလူ မဟုတ်...။ ဝေ့စီပင် ဖြစ်လေတော့သည်။
ဘုန်း...
လက်သီးနှစ်လုံး ထိပ်တိုက် တွေ့ဆုံသွား၏။ ဂြိုဟ်တစ်လုံး ပေါက်ကွဲသွားသည့်အလား ပြင်းထန်သော အသံကြီး ထွက်ပေါ်လာပြီး နယ်မြေအတွင်းရှိ သေမျိုးများမှအစ လျှို့ဝှက်အာဏာရှင်များအထိ အားလုံး နားအူသွားကြရသည်။ အဝေးမှ စောင့်ကြည့်နေသော စီယန်ပင်လျှင် ထိုပေါက်ကွဲအားကြောင့် နယ်မြေအစွန်းသို့ လွင့်စဉ်သွားရ၏။
ဝေ့စီ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွား၏။ ဝေ့ဝူယင်၏ လက်သီးမှာ အလွန်ပင် လေးလံလှသည်။ သူ ဝေ့ဝူယင်၏ ငွေရောင်မျက်ဝန်းများထဲမှ ခံစားချက်များကို မြင်တွေ့လိုက်ရပြီး ထိုခံစားချက်အားလုံးကို လက်သီးချက်မှ တစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ လူသန်ကြီး၏ ခန္ဓာကိုယ် အတွင်းမှ အရှိန်အဝါများမှာ ဆယ်ဆခန့် ပိုမို ပေါက်ကွဲထွက်လာပြီး ကမ္ဘာကြီးတစ်ခုလုံးမှာလည်း အသံဆိုးများဖြင့် ဆူညံသွားတော့သည်။
ဘုန်း...
ပြင်းထန်သော လေဖိအားကြောင့် သူတို့ ရပ်နေသည့် တောင်မှာ မြေပြင်အတွင်းသို့ ပေတစ်ထောင်ခန့် နစ်ဝင်သွားကာ အနီးအနားရှိ အခြားတောင်များမှာလည်း ပြိုကျပျက်စီးကုန်ကြသည်။
ဝေ့ဝူယင်တို့ နှစ်ဦးသားမှာ နောက်သို့ ဆုတ်ခွာလိုက်ကြရာ တောင်ကုန်းမျက်နှာပြင်ပေါ်တွင် ခြေရာများ ထင်ကျန်ရစ်ခဲ့၏။
ဝေ့ဝူယင် သူ့ လက်သီးကို စစ်ဆေးကြည့်လိုက်သည်။ ထိုအခါ သူ့ အရေပြားပေါ်တွင် ပင်ကူမျှင် အရွယ် ကွဲအက်ကြောင်း အချို့ကို တွေ့လိုက်ရ၏။ အရိုးများတွင်လည်း အက်ကြောင်းအချို့ ရှိနေသည်။
ဤသည်မှာ သူ၏ 'အတုအယောင် နတ်ဘုရား အဗာတာ’ ဖြစ်သော်လည်း 'လျှို့ဝှက် အဆင့်' သွေးမျိုးဆက် စွမ်းအင်များ ပါဝင်နေသဖြင့် အလွန်ပင် အစွမ်းထက်လှသည်။ သူ၏ ခွန်အားမှာ 'သေမျိုးတစ်ပိုင်း အရှင်သခင်' တစ်ဦးထက်ပင် မနိမ့်ကျချေ။
"အား... အရမ်း လေးတာပဲ..."
ဝေ့စီက အသက်ကို ပြင်းပြင်းရှူလိုက်ရင်း တုန်ယင်နေသော အသံဖြင့် ဆိုလိုက်၏။ သူ ဝေ့ဝူယင်ကို မော့ကြည့်လိုက်ပြီး တောင်းပန်လိုသော ဆန္ဒများ ဝိညာဉ်အတွင်း၌ ပြည့်နှက်နေသော်လည်း၊ ထိုထက် ပိုမိုကြီးမားသည့် ခံစားချက်မှာ ယခင်နှစ်များစွာကအတိုင်း နူးညံ့သိမ်မွေ့သော ခံစားချက်ပင် ဖြစ်သည်။
ပိုင်လင်မှာလည်း ရွှေရောင်မျက်ဝန်းများဖြင့် ငြိမ်သက်စွာ စောင့်ကြည့်နေသည်။
"ဒါ ငါမှတ်မိတဲ့ ရန်လိုမှုမျိုးပဲ..."
ဝေ့ဝူယင်က ရယ်မောရင်း ဆိုလိုက်၏။ ဝေ့စီ၏ မျက်ဝန်းများ အတွင်းရှိ မျက်ရည်များက ပိုမို၍ ပြည့်လျှံ လာခဲ့သည်။
သူ့နှလုံးသား တစ်ခုလုံးမှာ လွမ်းဆွတ်မှုများနှင့် ပြည့်နှက် နေခဲ့၏။ ငယ်စဉ် ကလေးဘဝတုန်းက သူတို့ ဆုံတွေ့တိုင်း ဝေ့စီမှာ အကြောင်းပြချက်မရှိဘဲ အမြဲတမ်း တိုက်ခိုက်တတ်သဖြင့် ဝေ့ဝူယင်က သူ့ကို ဆူပူလေ့ရှိသည်။ ဝေ့စီမှာ သန်မာ ထွားကျိုင်းသည့် ခန္ဓာကိုယ်နှင့် အင်အားတို့ကို ပိုင်ဆိုင်ထားသော်လည်း ဝေ့ဝူယင်၏ ကျွမ်းကျင်သော နည်းစနစ်များကိုမူ မည်သည့်အခါမျှ မကျော်လွှားနိုင်ခဲ့ချေ။ ထို့အပြင် ဝေ့စီ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း ဝေ့ဝူယင်ထက် အမြဲတမ်း နိမ့်ကျနေတတ်ပေသည်။
သို့သော်လည်း... ဝေ့စီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ဘယ်တော့မှ ပုံမှန် မဟုတ်ခဲ့။ ထိုကလေးမှာ ချီစုဆောင်းခြင်း ပထမ အဆင့်တွင် ရှိစဉ် ကတည်းက တတိယအဆင့် ကျင့်ကြံသူတစ်ဦး၏ ခွန်အားကို ထုတ်ဖော်နိုင်သူ ဖြစ်သည်။
"ကဲ... လာပါဦး"
ဝေ့ဝူယင်က လွန်ခဲ့သော နှစ်များစွာကအတိုင်း လက်ဟန်ပြလိုက်၏။
"မင်းရဲ့ အစ်ကိုလတ်ကို ဖက်လိုက်စမ်းပါဦး"
ဝေ့ဝူယင်ကို ကြည့်ရင်း ဝေ့စီ၏ မျက်ဝန်းများမှ မျက်ရည်များမှာ ရေတံခွန်ကြီးတစ်ခုအလား အရှိန်အဟုန်ဖြင့် စီးကျလာတော့သည်။ သူက ကလေးငယ်တစ်ဦးကဲ့သို့ လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဝေ့ဝူယင်ကို ပြင်းပြင်းထန်ထန် ဖက်တွယ်လိုက်တော့၏။
ဤသို့ဖြင့်... အလွန်ပင် ထွားကျိုင်းလှသော လူသန်ကြီး တစ်ကြီးက ကလေးငယ်တစ်ဦးကဲ့သို့ ငိုယိုကာ ပြေးလာရင်း အခြားတစ်ဦးအား ဖက်ထားသည့် မြင်ကွင်းမှာ ကောင်းကင်နှင့် မြေကြီးကြား၌ ပေါ်ထွက်လာခဲ့သည်။ သူကား... ဝေ့ဝူယင်အား ဘယ်သောအခါမျှ လက်မလွှတ်တော့မည့်ပုံ ပေါ်လေသည်။
ဝေ့စီ တစ်ယောက် အစ်ကိုကြီး ဖြစ်သူကို နောက်တစ်ကြိမ် ထပ်မံ ဆုံးရှုံးရမှာကို ကြောက်ရွံ့နေခဲ့ပေသည်။ မွေးစားမိဘများ၊ မွေးစားဘိုးဘိုးနှင့် တစ်မိသားစုလုံး ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့် ဒဏ်ရာမှာ သူ၏ ရင်ထဲ၌ ရှိနေဆဲပင်။
ဝေ့ဝူယင်မှာ ဝေ့စီ၏ တင်းကျပ်သော ဖက်တွယ်မှုကို ခံစားရင်း သူဖော်ပြလိုသော စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို နားလည်လိုက်သည်။
“အခု အစ်ကိုလတ် မင်းဆီကို ရောက်လာပြီ... ”
သူက ခပ်တိုးတိုး ရေရွတ်ရင်း နှစ်သိမ့်လိုက်၏။ ထိုအခါ ဝေ့စီမှာ သူ၏ တစ်သက်တာလုံး စုဆောင်းထားသည့် မျက်ရည်များကို သွန်ချလိုက်သည့် အလား ပိုမို၍ ကြူကြူပါအောင် ငိုကြွေးလေတော့သည်။
***