← Chapters

ဝေ့စီ၏ ဝန်ခံမှု

Vol. 130 Ch. 1818

ဝေ့စီ၏ ဝန်ခံမှု

Vol. 130 Ch. 1818

ဆယ်မိနစ်ခန့် ကြာပြီးနောက် ညီအစ်ကို နှစ်ဦးသားမှာ တောင်စွန်းတွင် ယှဉ်တွဲထိုင်နေကြပြီး ဝေ့စီက ပိုင်လင်ကို ပွတ်သပ်ပေးနေခဲ့သည်။ နေသွေးနီနီဂိုဏ်းမှာတုန်းက ဝေ့စီမှာ ပိုင်လင်၏ အချစ်ဆုံး ကစားဖော်လည်း ဖြစ်သည်။ သူ ငယ်စဉ်က ပိုင်လင်အတွက် အရသာရှိသော အစားအစာများကို အမြဲ ယူဆောင်လာပေးတတ်သူ ဖြစ်သည်။ ဝေ့ဝူယင်က ပိုင်လင်၏ ကျင့်ကြံခြင်းအတွက် အစာလျှော့ကျွေးဖို့ ပြောသော်လည်း၊ ဝေ့စီကမူ ပိုင်လင် ပျော်ရွှင်ဖို့ကိုသာ အမြဲ ဦးစားပေးခဲ့သည်။

ယခုအခါ ပိုင်လင်မှာ အရင်ကထက် ပိုမို ထက်မြက်ပြီး အစွမ်းထက်လာသော်လည်း ဝေ့စီနှင့်မူ အရင်အတိုင်းပင် ရင်းနှီးနေဆဲ ဖြစ်သည်။

ဝေ့ဝူယင်က သူ၏ ခရီးလမ်းတစ်လျှောက် အတွေ့အကြုံများကို ဝေ့စီအား ပြန်လည် ပြောပြနေခဲ့၏။

"အဲဒီနေ့တုန်းက မင်းရဲ့ အစ်ကိုလတ်က စကားတစ်ခွန်းတည်းနဲ့တင် ချင်ချူးမူကို ကွပ်မျက်ခံရမယ့် ဘေးကနေ ကယ်ထုတ်ခဲ့တယ်လေ... လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး ငါကတော့ ဂိုဏ်းသားတွေနဲ့ အကျဉ်းသားတွေရဲ့ ကံကြမ္မာကို စိတ်ကြိုက် ဆုံးဖြတ်ခဲ့တာပေါ့... ဟဲဟဲ"

ဝေ့ဝူယင်မှာ သူ၏ တစ်ဦးတည်းသော မိသားစုဝင်နှင့် တွေ့ဆုံချိန်တွင် ဟန်ဆောင်စရာ မလိုဘဲ သူ၏ စွမ်းဆောင်ချက်များကို အနည်းငယ် ချဲ့ကားကာ ပြောပြနေခြင်း ဖြစ်သည်။

"မင်းရဲ့ အစ်ကိုလတ်က လောကတွေကို ဖြတ်ကျော်နိုင်တဲ့ လက်စွပ်တွေကို စီးပြီး ကြယ်တာရာတွေကြားမှာ ပျံသန်းခဲ့တယ်လေ... ပြီးတော့ မဟာစက်ဝန်း ကြယ်ကွင်းပြင်ရဲ့ အလှတရားတွေကို မြင်ခဲ့ရတယ်..."

"တကယ်တော့... အဲဒီနေ့တုန်းက ပိုင်လင်စုတ်လေးက ကြယ်နယ်မြေ တစ်ခုလုံးကိုတောင် ကင်ပစ်မလို့ပဲ... တကယ်လို့ သူတို့တွေသာ မင်းရဲ့ မရီး ယွီစွန်းလီကို ထိဖို့ ကြိုးစားပြီးတဲ့နောက် ခေါင်းမငုံ့ခဲ့ရင် ငါ ဒီငှက်စုတ်ကို တားမှာ မဟုတ်ဘူး..."

ဝေ့စီမှာ ဝေ့ဝူယင်၏ ပုံပြင်များကို အလွန်ပင် စိတ်ဝင်စားစွာ နားထောင်နေသည်။ တစ်ခါတစ်ရံတွင် သူက မေးခွန်းများ မေးတတ်ပြီး ဝေ့ဝူယင်ကလည်း ပိုမို အနုစိတ်စွာ ရှင်းပြတတ်သည်။ အကယ်၍ ထိုပုံပြင်များမှာ အမှန်တရားများ မဟုတ်ခဲ့လျှင် ...ဝေ့ဝူယင်၏ ဝါကြွားသော အမူအရာကြောင့် မည်သူမျှ ယုံကြည်ကြမည် မဟုတ်ချေ။

သုံးနာရီခန့် ကြာပြီးနောက် ဝေ့ဝူယင် သူ့ ပုံပြင်များကို အဆုံးသတ်လိုက်ပြီး တောင်ကုန်းပေါ်၌ ပက်လက်လှန်ကာ ရွှေရောင်နေမင်းနှင့် ကြည်လင်သော ကောင်းကင်ကြီးကို ငေးကြည့်နေတော့သည်။

"အံ့ဩဖို့ ကောင်းလိုက်တာ..."

ဝေ့စီက အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်ရင်း ရေရွတ်လိုက်သည်။ ထိုစွန့်စားခန်း ပုံပြင်များမှာ အနန္တ ကုန်းမြေတိုက်ကြီးမှ တန်ခိုးရှင် သူရဲကောင်း ပုံပြင်များထက်ပင် ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည်။ ထို့ထက် ပိုသည်က ၎င်းတို့သည် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းပင်။

"ဟ ဟ..."

ဝေ့ဝူယင်က ရယ်မောလိုက်၏။ ငှက်တစ်ကောင်၊ တိုက်တန်နှင့် လူတစ်ယောက် ထိုင်နေကြသည့် ပုံစံမှာ အချိန်စက်ဝန်းကြီး နောက်ပြန်လည်သွားသည့်အလား။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာ နေသွေးနီနီဂိုဏ်း ပိုင်လင် ငှက်ပေါက်စလေး ဘဝမှာတုန်းက ဝေ့ဝူယင်၊ ဝေ့စီနှင့် ပိုင်လင်တို့ သုံးယောက်မှာ ယခုလိုတောင်ကုန်းပေါ်တွင် ထိုင်ကာ ကောင်းကင်ကြီးကို ငေးကြည့်နေခဲ့ကြဖူးသည်။

သူတို့မှာ သွေးသား တော်စပ်ခြင်း မရှိသော်လည်း၊ ကြေကွဲမှုများ၊ ဆုံးရှုံးမှုများနှင့် နာကျင်မှုများကြားတွင် ဝိညာဉ်ချင်း ချည်နှောင်ထားသည့် မိသားစုဝင်များ ဖြစ်ကြသည်။ ထိုသံယောဇဉ်မှာ မည်သည့် အရာထက်မဆို ပိုမို နက်ရှိုင်းပြီး ဘယ်သောအခါမျှ ဖျက်ဆီး၍ မရနိုင်ချေ။

မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် ဝေ့စီက စတင် စကားပြောလာ၏။

"အကိုလတ်... ကျွန်တော် တောင်းပန်ပါတယ်..."

"အေးပါကွာ..."

ဝေ့ဝူယင်က ပြန်ဖြေလိုက်သည်။ ထိုတောင်းပန်စကားအတွက် သူ အထွေအထူး စဉ်းစားနေရန် မလို...။ ဝေ့စီ ဘာကို ဆိုလိုသည်ကို သူ အတိအကျ သိသည်။

"ငါလည်း အကောင်းအတိုင်း ရှိနေတယ်... မင်းလည်း ဘေးကင်းကင်း ရှိနေတယ်... ဝေ့မျိုးနွယ်စုရဲ့ အမွေအနှစ်နဲ့ မျိုးဆက်ဟာ ငါတို့တွေရဲ့ လက်ထဲမှာ ဆက်ပြီး ရှင်သန်နေဆဲပဲလေ"

သူ လဲလျောင်းနေရာမှ ကိုယ်အထက်ပိုင်းကို ဖြည်းဖြည်းချင်း ကြွလိုက်ပြီး လက်နှစ်ဖက်ဖြင့် နောက်ကို ထောက်ရင်း ပြောလိုက်သည်။

"ဦးလေးနဲ့ ဒေါ်လေးတို့သာ သိရင် မင်းအတွက် အရမ်း ဂုဏ်ယူကြမှာ... မင်း အခုလို အောင်မြင်လာတာကို မြင်ရင် သူတို့ သိပ်ဝမ်းသာမှာပဲ"

"..."

ဝေ့စီ လက်သီးများမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။

ဝေ့ဝူယင်ကလည်း ဝေ့စီ၏ စိတ်ခံစားချက်များ ငြိမ်သက်သွားသည်အထိ ဘာမှထပ်မပြောဘဲ စောင့်ဆိုင်းနေခဲ့သည်။

ဝေ့မျိုးနွယ်နှင့် အမှန်တကယ် သွေးသား တော်စပ်မှု မရှိခြင်းနှင့် သူ့ကို အန္တရာယ် မရှိနိုင်သူအဖြစ် ထိုသားရဲတိရစ္ဆာန်များက သတ်မှတ်ခဲ့ခြင်းကြောင့်သာ ဝေ့စီမှာ ထိုနေ့၌ သတ်ဖြတ်မှုဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ဝေ့ဝူယင် တစ်ယောက် အစ်ကိုကြီး၊ တုလင်တို့နှင့် အတူ အသည်းအသန် ထွက်ပြေးနေရချိန်တွင် ဝေ့စီကတော့ သတိလစ် မေ့မြောနေခဲ့ကာ ဖမ်းဆီးထားခြင်း ခံခဲ့ရသည်။ ထို့နောက် ဂျိုးငှက်နီ မြို့တော်၏ ခေါင်းဆောင်သစ်က သူ့ကို မွေးစားရန် ကြိုးစားခဲ့ကြသည်။ ၎င်းမှာ သူ ပိုင်ဆိုင်ထားသည့် ပင်ကိုယ် အရည်အချင်းကြောင့် ဖြစ်သည်။

ဝေ့စီမှာ ငယ်စဉ် ဘဝတည်းက ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်ထားလေရာ ခေါင်းဆောင်သစ်မှာ သူတို့၏ မျိုးဆက်တွင် ပါရမီရှင်များ ပေါ်ထွက်လာစေရန် သူ့အား မျိုးပွားဖို့ အတွက် အသုံးပြုလိုခြင်း ဖြစ်သည်။

နောက်ပိုင်း ဝေ့ဝူယင်သာ အချိန်မီ ပြန်မလာခဲ့လျှင် ဝေ့စီ၏ ဘဝမှာ လိင်ကျေးကျွန် အဖြစ် နိဂုံးချုပ် နေလောက်ပြီ ဖြစ်သည်။

"အစ်ကိုလတ်... ကျွန်တော်..."

ဝေ့စီ စကားပြောရန် အသည်းအသန် ကြိုးစားနေပြီး အလွန် အရေးကြီးသော အရာတစ်ခုကို ပြောတော့မည့်အလား ချီတုံချတုံ ဖြစ်နေသည်။

ဝေ့ဝူယင်ကမူ ကောင်းကင်ကိုသာ ငေးကြည့်နေဆဲ ဖြစ်သည်။ ဝေ့စီနှင့် ပတ်သက်၍ ထူးဆန်းသော အချက်များစွာ ရှိနေသည်။ ဥပမာအားဖြင့် လွန်ခဲ့သော အချိန်များစွာက ဝေ့ဝူယင် သေဆုံးသွားပြီဟု သတင်းကြားသောအခါ သူက သောင်းကျန်းခဲ့သဖြင့် နေသွေးနီနီ ဂိုဏ်းချုပ်ပင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ဖူးသည်။ ထို့နောက်တွင်တော့... ဝေ့စီမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်သို့ ရောက်ရှိလာခဲ့သည်။

ဝေ့ဝူယင် မြင်သလောက်တော့ ဝေ့စီမှာ တိုက်တန်နှင့် လူသားတို့ ပေါင်းစပ်ထားသည့် ပုံစံမျိုး ဖြစ်နေသည်။ သို့သော်လည်း... သူ၏ ခန္ဓာကိုယ်အတွင်း၌ တိုက်တန် သွေးမျိုးဆက် လုံးဝ မရှိသည်ကို ဝေ့ဝူယင် တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။

ထို့အပြင်... သူ၏ ကျင့်ကြံခြင်း အဆင့်မှာလည်း အလွန်ပင် နိမ့်ကျနေသေးသည်။ သူက ကြယ်တာရာ အမြုတေ တတိယအဆင့်ဖြစ်သော ဝိညာဉ်ဆင်းတု အဆင့်မှာတွင်သာ ရှိသေးသည်။ ထိုသို့ ဖြစ်ပါလျက်နှင့် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ဦးထက်ပင် အနည်းငယ် သာလွန်နေသည်။ ဤသည်မှာ မည်သို့မျှ မဖြစ်နိုင်သော ကိစ္စပင်။

၎င်းမှာ မည်သည့် စွမ်းအင်ကြောင့်မျှ မဟုတ်ဘဲ သူ၏ ခန္ဓာကိုယ် ကိုယ်တိုင်က ထိုမျှ အစွမ်းထက်နေခြင်း ဖြစ်သည်။ ထိုင်နေရုံဖြင့်ပင် သူက ယန်စွမ်းအင်များကို ဟင်းလင်းပြင် လေဟာနယ်ကြီးတစ်ခုနှယ် စုပ်ယူနေသည်။ ထို့ထက် ပို၍ ထူးဆန်းသည်က ဝေ့ဝူယင်အနေဖြင့် ဝေ့စီ၏ စိတ်အာရုံလှိုင်းများကို အာရုံခံ၍ မရခြင်းပင်။ ဝေ့စီ၏ အသိစိတ် ပင်လယ်နှင့် အတွေးစများကို တစ်စုံတစ်ရာက ခိုင်မာစွာ ကာကွယ်ထားသကဲ့သို့ ရှိနေသည်။ ဝေ့စီ၏ ပတ်ဝန်းကျင်တွင် ထူးဆန်းမှုများစွာ ရှိနေသည်။

"ကျွန်တော်..."

ဝေ့စီက စကားလုံးများကို အဆုံးမသတ်နိုင်ဘဲ ဆက်လက် ချီတုံချတုံ ဖြစ်နေ၏။ သူလက်သီးကျစ်ကျစ်ဆုပ်လိုက်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ လူငယ်လေး၏ ရင်ခုန်သံများမှာ ကြောက်စရာကောင်းလောက်အောင် ကျယ်လောင်နေလေရာ တောင်အောက်ရှိ လူများပင် ကြားနိုင်လောက်သည်။

"..."

ဝေ့ဝူယင် စိတ်ရှည်စွာ စောင့်နေခဲ့လေ၏။ နောက်ဆုံးတွင်တော့ ဝေ့စီမှာ အသက်ကို ပြင်းပြင်းရှူလိုက်ကာ‌ ဝေ့ဝူယင်ကို စိုက်ကြည့်ရင်း ပြောလိုက်လေတော့သည်။

"ကျွန်တော့်ကို... အစ်ကိုလတ်ကို သတ်ဖို့ ဒီကို လွှတ်လိုက်တာ"

ဝေ့ဝူယင်၏ မျက်လုံးများမှာ ထိစပ်လုမတတ် ကျဉ်းမြောင်းသွားခဲ့လေ၏။

"ဘယ်လို..."

***

All Chapters