← Chapters

စပါတန် ရင်ခွင်ပိုက် ကလေးငယ်

Vol. 130 Ch. 1819

စပါတန် ရင်ခွင်ပိုက် ကလေးငယ်

Vol. 130 Ch. 1819

"ကျွန်တော့်ကို... အစ်ကို့ကို သတ်ဖို့ ဒီကို လွှတ်လိုက်တာ"

စကားလုံး ငါးလုံး...။ သာမန်အားဖြင့် ထိုစကားလုံးများမှာ လောကတွင် ထူးခြားမှု မရှိသလို၊ ဝေ့ဝူယင် ကိုယ်တိုင်လည်း သူ၏ ဘဝသက်တမ်းတစ်လျှောက်တွင် များစွာ ကြားဖူးခဲ့ပေလိမ့်မည်။

သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း သန်းပေါင်းများစွာ၊ ကြယ်တာရာ ကောင်းကင်ကြီး၏ သမိုင်းတစ်လျှောက်တွင် ထိုစကားလုံးများကို ဝေ့စီ ထံမှ ကြားရလိမ့်မည်ဟု ဝေ့ဝူယင် တစ်ကြိမ်တစ်ခါမျှ မျှော်လင့် မထားခဲ့ချေ။

သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခြင်းမှာ မယုံကြည်နိုင်မှုနှင့် ရှုပ်ထွေးမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် သဘာဝအတိုင်း တုံ့ပြန်မှုတစ်ခုပင်။

'ဒီကို လွှတ်လိုက်တာလား...'

'သတ်ဖို့လား...'

တိတ်ဆိတ်သွားသည့် စက္ကန့်အနည်းငယ်အတွင်း ဝေ့ဝူယင်၏ စိတ်စွမ်းအင်များမှာ အရှိန်အဟုန်ဖြင့် လည်ပတ်ရင်း ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွေးတော တွက်ဆနေခဲ့သည်။ သို့သော်လည်း... မည်သည့် အဖြေကိုမျှ သူ ရှာမတွေ့ခဲ့ချေ။

ဝေ့စီက ခေါင်းငုံ့ထားရင်း တုန်ယင်နေ၏။ သူ၏ ကြီးမားလှသော လက်ချောင်းများက တောင်ကုန်း မျက်နှာပြင်အတွင်းသို့ နစ်ဝင်နေသည်။ သူ့ အတွက်တော့ ထိုကျောက်ဆောင်များမှာ ရွှံ့စေးကဲ့သို့ပင်။

"ကျွန်တော် တောင်းပန်ပါတယ်..."

ဝေ့စီက ထပ်မံ ပြောလိုက်ပြန်သည်။ သူ၏ အသံတွင် စိတ်ပျက်အားငယ်မှုများ ပါဝင်နေသည်။ ဝေ့ဝူယင် ဝေ့စီ၏ စိတ်အာရုံလှိုင်းများကို အာရုံခံ၍ မရသော်လည်း ထိုစကားလုံးများမှတစ်ဆင့် အရင်က တောင်းပန်ခဲ့သမျှ အဓိပ္ပာယ်ကို နားလည်လိုက်သည်။ ဝေ့စီမှာ ဆယ်စုနှစ်များစွာ ပုန်းကွယ်နေခဲ့ခြင်း အတွက် တောင်းပန်နေခြင်း မဟုတ်ဘဲ၊ သူ၏ တည်ရှိမှုအတွက်ပါ တောင်းပန်နေခြင်း ဖြစ်သည်။

ဝေ့ဝူယင် ဖြည်းဖြည်းချင်း လက်လှမ်းလိုက်ရင်း ဝေ့စီ၏ ငုံ့ထားသော ခေါင်းပေါ်သို့ တင်လိုက်သည်။ ဝေ့စီ၏ တစ်ကိုယ်လုံး တုန်ခါသွား၏။ အကယ်၍ ဝေ့ဝူယင်က သူ့ကို ဤနေရာတွင် သတ်ပစ်လိုလျှင်ပင် သူ အနည်းငယ်မျှ ခုခံလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း... ဒေါသနှင့် သေခြင်းတရား၏ အေးစက်မှုကို ခံစားရမည့်အစား၊ ဝေ့စီ ခံစားလိုက်ရသည်မှာ သူ၏ ကတုံးပြောင်ပြောင်ကို နွေးထွေးသော လက်တစ်စုံက ကြင်နာစွာ ပွတ်သပ်ပေးနေခြင်း ဖြစ်သည်။ ထိုနေရာတွင် မိသားစုဝင်တစ်ဦး၏ ချစ်ခြင်းမေတ္တာသာ ရှိနေသည်။

"ဒေါ်လေးက မင်းကို အဲ့ဒီလို ရုပ်ဆိုးတဲ့ မျက်နှာကြီး လုပ်မထားဖို့ သတိမပေးဘူးလား... အဲ့ဒီလို လုပ်နေရင် နောင်ကျ အရေးအကြောင်းတွေ အများကြီး ထွက်လာလိမ့်မယ်... သူက မင်းကို အဲ့ဒီလို မဖြစ်စေချင်ဘူး"

ဝေ့ဝူယင်က တိုးတိုးလေး ရယ်မောလိုက်ရင်း ဝေ့စီ၏ ခေါင်းကို ပုတ်ကာ လက်ကို ဖယ်လိုက်သည်။

ဝေ့စီ၏ မျက်လုံးများမှ စီးကျနေသော မျက်ရည်များမှာ ရုတ်တရက် ရပ်တန့်သွားပြီး အံ့ဩတကြီး မော့ကြည့်လိုက်၏။

"အစ်... အစ်ကိုလတ်... ကျွန်တော်..."

"ဒါတွေ တော်လိုက်တော့... မင်းကို နှစ်ပေါင်း တစ်သန်းလောက် အချိန်ပေးရင်တောင် မင်းက မင်းရဲ့ အစ်ကိုလတ်ကို ယှဉ်ဖို့ အများကြီး အားနည်းနေပါသေးတယ်... ဦးလေး မင်းကို မပြောဘူးလား... ငါက အဲ့ဒီလောက်ထိ တော်တဲ့သူလေ"

ဝေ့ဝူယင်မှာ ရှေ့က စကားလုံးများက သူ့အပေါ် သက်ရောက်မှု မရှိသကဲ့သို့ ပေါ့ပါးစွာ ရယ်မောလိုက်သည်။ ပိုင်လင်မှာလည်း ထိုမြင်ကွင်းကို ကြည့်ကာ စိတ်အေးသွားတော့၏။

"..."

ဝေ့စီ၏ မျက်ဝန်းများမှာ ပိုမို နူးညံ့လာ၏။ သူ တိတ်ဆိတ်စွာ ထိုင်နေရင်း ရှိုက်ကြီးတငင် ဆက်လက် ငိုကြွေးနေမိသည်။

တစ်ချက်ကြည့်ရုံဖြင့် ကလေးများကို ခြောက်လှန့်နိုင်သည့် လူထွားကြီးမှာ ယနေ့တွင်တော့ ကလေးငယ်တစ်ဦးကဲ့သို့ ထပ်တလဲလဲ ငိုယိုနေခဲ့သည်။ သို့သော်လည်း... အစ်ကိုခေတ်၏ ရှေ့တွင်မူ ဤကဲ့သို့ ပြုမူရန် ဘေးကင်းသည်ဟု သူ အမှန်ပင် ခံစားနေရသည်။

ဝေ့ဝူယင်က ဝေ့စီအား ချက်ချင်း ရှင်းပြရန် အတင်းအကျပ် မတောင်းဆိုခဲ့ချေ။ သူသည် အပြင်ပန်းတွင် အေးဆေးနေသော်လည်း စိတ်ထဲတွင်မူ ဝေ့စီအား မည်သူက စေလွှတ်နိုင်သနည်း ဆိုသည့် ဖြစ်နိုင်ခြေ အမျိုးမျိုးကို တွေးတောနေသည်။ သို့သော်လည်း... ဝေ့စီကို ဦးလေးဖြစ်သူ မြစ်ကမ်းဘေးတွင် တွေ့ရှိခဲ့စဉ်က သူတို့နှစ်ဦးစလုံးမှာ ကလေးငယ်များသာ ရှိသေးသဖြင့် အဖြေရှာရန် ခက်ခဲလှသည်။

သူ့တွင် မည်သို့ ရန်သူများ ရှိနိုင်မည်နည်း။ အချိန်စက်ဝန်း ပြန်လည် လည်ပတ်ခြင်းလော။ သို့သော် ဝေ့စီထံတွင် အချိန် ကွဲလွဲမှု အငွေ့အသက်မျိုး မရှိပေ။ ထို့အပြင် ရန်သူမှာ ထိုမျှလောက် အလွန် အစွမ်းထက်ပါက အဘယ်ကြောင့် ကိုယ်တိုင် မသတ်ပဲ ကလေးတစ်ဦးကို စေလွှတ်ရသနည်း။

ဆယ့်ခြောက်မိနစ်ခန့် ကြာပြီးနောက် ဝေ့စီသည် ငိုယိုခြင်းကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက အသက်ကို ပြင်းပြင်းရှူကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ပြောလိုက်တော့သည်။

"အကိုလတ်... ကျွန်တော် သိသမျှ အကုန်ပြောပြပါ့မယ်"

ဝေ့ဝူယင်က သူ့ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။

"မင်းကို တားဆီးထားတဲ့ ကျိန်စာတွေ ရှိနေလား... ဒီအကြောင်းအရာတွေကို ပြောဖို့အတွက် မင်းကိုယ်မင်း နာကျင်အောင် လုပ်ရမယ်ဆိုရင်တော့ မပြောပါနဲ့"

ဝေ့ဝူယင် ဝေ့စီ၏ စိတ်ဝိညာဉ်အတွင်းသို့ ဝင်ရောက်ကာ အချက်အလက်များ ရှာဖွေရန် ကြိုးစားခဲ့သော်လည်း သူ၏ စိတ်ကို တစ်စုံတစ်ရာက အစွမ်းကုန် ကာကွယ်ထားလေရာ မအောင်မြင်ခဲ့ချေ။

"မရှိပါဘူး..."

ဝေ့စီ ခေါင်းခါပြလိုက်၏။ ဝေ့ဝူယင် ဝေ့စီ၏ စိတ်အာရုံလှိုင်းများကို အာရုံခံ၍ မရသော်လည်း၊ ဝေ့စီ၏ မျက်နှာအမူအရာများကို ကြည့်ခြင်းအားဖြင့် သူ အမှန်အတိုင်း ပြောနေကြောင်း သိလိုက်သည်။

ဝေ့ဝူယင်က ဆက်လက် စောင့်ဆိုင်းနေလိုက်၏။

နောက်ထပ် သုံးမိနစ်ခန့် ကြာသောအခါ ဝေ့စီက စတင် ပြောကြားတော့သည်။

"ဒီလောကထဲကို စရောက်လာတုန်းက ကျွန်တော် ကိုယ့်ကိုယ်ကို ဘယ်သူလဲဆိုတာ မသိခဲ့ဘူး... အင်း... ဘယ်က စပြောရမလဲတောင် မသိတော့ဘူး"

ဝေ့စီမှာ ပုံပြောရာတွင် ကျွမ်းကျင်သူ မဟုတ်လေရာ ကတုံးကို ကုတ်ရင်း အူကြောင်ကြောင် အမူအရာဖြင့် ဆိုလိုက်သည်။

ဝေ့ဝူယင်က ပြုံးလိုက်၏။ မည်သို့ပင်ဖြစ်စေ ဝေ့စီသည် ဝေ့စီပင် ဖြစ်သည်။

"ရိုးရိုးရှင်းရှင်းပဲ စလိုက်ရအောင်... ငါ့ကို သတ်ဖို့ ဘယ်သူက မင်းကို လွှတ်လိုက်တာလဲ"

"အင်း..."

ဝေ့စီက ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ရင်း...

"ကျွန်တော့်ရဲ့ လူမျိုးတွေပေါ့"

"မင်းရဲ့ လူမျိုးတွေ..."

"ဟူး..."

ဝေ့စီက အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ဟုတ်တယ်... ကျွန်တော့်ရဲ့ လူမျိုးတွေပေါ့... ကျွန်တော်က ဒီနေရာနဲ့ အရမ်း ဝေးကွာတဲ့ နေရာမှာ မွေးဖွားလာခဲ့တာ... အဲ့ဒီမှာရှိတဲ့ လူတွေက တိုက်ပွဲ၊ စစ်ပွဲ၊ ဂုဏ်သိက္ခာနဲ့ သေခြင်းတရား ဆိုတဲ့ မူဝါဒတွေကို အပိုင်ယုံကြည်ကြတဲ့သူတွေ... ကျွန်တော်တို့ ငယ်ငယ်လေးမှာတင် ဘယ်ဆီ ဘယ်နေရာမှန်း မသိရတဲ့ အရပ်ဒေသတွေဆီကို စေလွှတ်ခံရတယ်... ကျွန်တော်တို့မှာ တည်ရှိမှု တစ်ခုတည်းကိုပဲ သိထားရပြီး အဲ့ဒီ တည်ရှိမှုကို ရှာဖွေ သတ်ဖြတ်ရတာပဲ... အဲ့ဒါ ပြီးမှပဲ ကျွန်တော်တို့ နေရပ်ကို ပြန်ခွင့်ရှိတာ"

"ကလေးဘဝမှာတင်လား..."

ဝေ့ဝူယင် အံ့ဩသွား၏။ ဦးလေးဖြစ်သူ ဝေ့စီကို မြစ်နားမှာ တွေ့စဉ်က သူ လမ်းပင် ကောင်းကောင်း မလျှောက်တတ်သေးသော ကလေးငယ်မျှသာ ရှိသေးသည်။

ဝေ့စီက ခေါင်းညိတ်လိုက်၏။

"ကလေးဘဝမှာတင်ပဲ... အမဲလိုက်တဲ့ အလုပ် မပြီးမချင်း ကျွန်တော်တို့ နေရပ်ကို ပြန်လို့ မရဘူး"

"ဒါကို မင်း အမြဲတမ်း သိနေခဲ့တာလား"

ဝေ့ဝူယင်က မေးလိုက်သည်။

ဝေ့စီက ခေါင်းခါပြလိုက်၏။

"ကျွန်တော့်ရဲ့ ခန္ဓာကိုယ် လျှို့ဝှက် အာဏာရှင် အဆင့်ကို ယှဉ်နိုင်လောက်တဲ့အထိ ရင့်ကျက်လာတဲ့အခါမှပဲ မူလအမွေအနှစ် မှတ်ဉာဏ်တွေက နိုးထလာခဲ့တာ... အဲ့ဒီအချိန်ကျမှပဲ ကျွန်တော် ဒါတွေကို သိခွင့်ရပြီး ခံနိုင်ရည် ရှိလာတာ"

ဝေ့ဝူယင်၏ ငွေရောင်မျက်လုံးများမှာ အရောင်ပြောင်းလဲ သွား၏။

'လျှို့ဝှက် အာဏာရှင် အဆင့် ရောက်မှ...’

ဤကဲ့သို့သော အခြေအနေမျိုးနှင့် ပတ်သက်ပါက... ဝေ့ဝူယင် အကြောင်းအရာ တစ်မျိုးတည်းကိုသာ သိထားပေသည်။

"မက်ဂီ"

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။

ဘုန်း...

ရုတ်တရက် ဝေ့စီ၏ အရှိန်အဝါများမှာ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ဖိအားများ ထွက်ပေါ်လာသည်။

ဝေ့ဝူယင်မှာဝတ်ရုံများ လွင့်စင်သွားခြင်းမှအပ အထိအခိုက် မရှိသော်လည်း၊ နယ်မြေတစ်ခုလုံးမှာမူ ပြင်းထန်စွာ တုန်ခါသွားတော့သည်။ ကံကောင်းထောက်မစွာဖြင့် စီယန်မှာ မှီတင်း နေထိုင်သူများကို ကြိုတင် ဖယ်ရှား ထားခဲ့ပြီး ဖြစ်သည်။

ဝေ့စီ၏ မျက်ဝန်းများမှာ ပိုမို၍ ကြီးမားလာကာ သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာ၏။ ဝေ့စီအနေဖြင့် စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ရန် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရသည်။

"ငါ နားလည်ပြီ..."

ဝေ့ဝူယင် တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်၏။ ထို့နောက်တွင်တော့ ဝေ့စီမှာ သူ၏ မှတ်ဉာဏ်များကို ဝေ့ဝူယင်ထံ တစ်ဆင့်ချင်းစီ ရှင်းပြတော့သည်။

***

All Chapters