← Chapters

စပါတန် ရင်ခွင်ပိုက်ကလေးငယ် (၂)

Vol. 130 Ch. 1820

စပါတန် ရင်ခွင်ပိုက်ကလေးငယ် (၂)

Vol. 130 Ch. 1820

မှတ်ဉာဏ်များ မနိုးထခင် အထိ ဝေ့စီမှာ ဘာမှမသိသော ကလေးငယ်တစ်ဦးသာ ဖြစ်သည်။ ငယ်စဉ်က သူ ဝေ့ဝူယင်ကို အမြဲ စိန်ခေါ် တိုက်ခိုက်ခြင်းမှာ သူ့ အတွင်းပိုင်းမှ နိုးထလာသော ဗီဇကြောင့်ပင် ဖြစ်သည်။ ဝေ့ဝူယင်ကို အရိုးများ ကျိုးသွားမတတ် တင်းကျပ်စွာ ဖက်တွယ်ခဲ့ခြင်းမှာလည်း ချစ်ခင်မှုနှင့်အတူ သတ်ဖြတ်လိုသော ဗီဇများ ရောထွေးနေသောကြောင့် ဖြစ်သည်။

ဝေ့စီမှာ ထိုဗီဇများကို အမြဲတမ်း ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အနည်းငယ်စီ လွတ်ထွက်သွားတတ်သည်။ ဝေ့ဝူယင်မှာ သူ့ထက် အမြဲ ပိုမို အစွမ်းထက်နေသဖြင့် ဗီဇများအတိုင်း အပြည့်အဝ မလုပ်ဆောင်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

"အဲ့ဒီ တည်ရှိမှုရဲ့ ကလေးတစ်ယောက် မွေးဖွားလာတိုင်းမှာ ကျွန်တော်တို့ မျိုးနွယ်စုထဲက ကလေးတစ်ယောက်ကို အဲ့ဒီကလေးကို သတ်ဖို့ စေလွှတ်လေ့ရှိတယ်... ဒါဟာ ကျွန်တော်တို့အတွက်တော့ ထုံးတမ်းစဉ်လာတစ်ခုပဲ... တကယ်တော့ ကျွန်တော်က အစ်ကိုလတ်ထက် အသက်ပိုကြီးတယ်... ထာဝရ ဧကရာဇ်ထက်တောင် အသက်ပိုကြီးနိုင်တယ်... ဒါပေမဲ့ ကျွန်တော့်ကို လိုအပ်တဲ့အချိန်ရောက်မှ အသုံးချဖို့အတွက် အိပ်စက်စေခဲ့တာ"

ဝေ့ဝူယင်မှာ ဝေ့စီ၏ ပုံပြင်ကြောင့် အလွန် အံ့ဩနေခဲ့သော်လည်း တည်ငြိမ်စွာဖြင့်ပင် ဆက်လက် နားထောင်နေခဲ့လေ၏။

တကယ်တမ်းအားဖြင့်... သူတို့ နှစ်ယောက်၏ မိသားစုသံယောဇဉ်မှာ တိုက်ဆိုင်မှုသက်သက်သာ ဖြစ်သည်။ ဦးလေးဖြစ်သူမှာ စောင့်ရှောက်သူမဲ့ကာ ငတ်မွတ်နေသည့် ဝေ့စီကို မတော်တဆ တွေ့ရှိခဲ့ကာ မွေးစားခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အတိုင်းသာ ဆိုပါက... ဝေ့စီအတွက် စောင့်ရှောက်သူ တစ်ယောက် ရှိရမည် ဖြစ်ကာ ထိုစောင့်ရှောက်သူမှာ ကလေးငယ် ခုနစ်နှစ်အရွယ်အထိ ကြီးပြင်းလာစေရန်နှင့် ကျင့်ကြံခြင်းတွင် ကူညီပေးရန် တာဝန်ပေးထားခြင်းခံရသူဖြစ်သည်။ ထိုအရွယ်ရောက်လျှင် သူက ကလေးငယ်အား မိမိဘာသာ ရုန်းကန်ရန် ပစ်ထားခဲ့မည်ဖြစ်သည်။

သူအောင်မြင်မည်လား၊ ရှုံးနိမ့်မည်လား၊ ရှင်မည်လား၊ သေမည်လားဆိုသည်မှာ ကံကြမ္မာအပေါ်တွင်သာ မူတည်သည်။

ထို့ကြောင့်လည်း ဝေ့စီမှာ အလွန်အားနည်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုစောင့်ရှောက်သူမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ဝေ့စီကိုယ်တိုင်ပင် ဘာဖြစ်သွားမှန်း သို့မဟုတ် သူဘယ်ရောက်သွားမှန်း မသိခဲ့ချေ။

ဝေ့စီ သူ၏ ကျယ်ပြန့်လှသော ရင်ဘတ်ကို ထိလိုက်၏။ သူ၏ လည်ပင်းထက်၌ ငွေရောင် သတ္တု ဆွဲကြိုးနှင့် သစ်သားပြားလေးတစ်ခု ဆွဲထားသည်။

သတ္တုမှာ သာမန်ဖြစ်သော်လည်း သစ်သားပြားမှာမူ ထူးခြားလှသည်။ ဂျိုးငှက်နီမြို့လို၊ အနန္တ ကုန်းမြေတိုက်ကြီးလို နေရာမျိုးတွင် ထိုသစ်သားပြား၏ ထူးခြားမှုကို မည်သူမျှ သတိထားမိမည် မဟုတ်သော်လည်း ဝေ့ဝူယင်ကမူ ၎င်းမှာ စစ်အမတေနှင့် အလွန်ဆင်တူသော ပစ္စည်းဖြင့် ပြုလုပ်ထားကြောင်း ချက်ချင်း သိလိုက်သည်။ ၎င်းမှာ ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်ခံ့သည်။

ဝေ့စီကို မြစ်နားတွင် တွေ့ရှိစဉ်က ဤသစ်သားပြားမှာ သူ၏ကိုယ်ပေါ်တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ ကလေးငယ်များ ရောထွေးမသွားစေရန် ဆွဲပေးထားတတ်သော အမည်ကတ်ပြားများနှင့် ဆင်တူသည်။

၎င်းပေါ်တွင် သေမျိုးဘာသာစကားဖြင့် စာလုံးအချို့ကို ထွင်းထုထားသည်။ လျှို့ဝှက်အာဏာရှင်အဆင့် ကျင့်ကြံသူတိုင်း 'လျှို့ဝှက်ဆန်းကြယ်ဘာသာစကား' ကို အလိုအလျောက် နားလည်သကဲ့သို့၊ ဤစာလုံးများသည်လည်း သေမျိုးများအပေါ် ထိုသို့သောအကျိုးသက်ရောက်မှု ရှိသည်။ သေမျိုး ဘာသာစကား အားလုံးမှာ ဤမူလဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်သည်။

ရှေ့မျက်နှာစာတွင် 'S' နှင့် 'I' ဟူသော စာလုံးနှစ်လုံးကိုသာ ထွင်းထုထားပြီး ကျောဘက်တွင်မူ ကျပန်းနံပါတ်စဉ်များစွာ ရှိနေသည်။

ဤသစ်သားပြားကြောင့်ပင် ဝေ့စီသည် သူ၏အမည်ကို ရရှိခဲ့ခြင်းဖြစ်သည်။ 'ဝေ့' ဆိုသည်မှာ ချိုးနီမြို့ရှိ ဝေ့မျိုးနွယ်စု၏ မျိုးရိုးအမည်ဖြစ်ပြီး၊ 'စီ' (Si) ဆိုသည်မှာ ဆွဲပြားပေါ်ရှိ စာလုံးကို အစွဲပြု၍ ပေးထားခြင်းဖြစ်သည်။ ဝေ့စီ၏ မွေးစားဖခင်မှာ အမည်ပေးရာတွင် အလွန်စိတ်မရှည်သူဖြစ်ရာ စိတ်ပျက်လက်ပျက်ဖြင့် ဤအမည်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ဝေ့စီမှာ သူ၏ လက်ချောင်းကြီးများဖြင့် ဆွဲပြားကို ပွတ်သပ်ရင်း ဆက်လက် ရှင်းပြလိုက်၏။

" S နဲ့ I က ကျွန်တော့်ရဲ့ နာမည်အစစ် မဟုတ်ဘူး"

ဝေ့စီက ဖွင့်ဟလိုက်သည်။

"ဒါဆို ဘာကို ဆိုလိုတာလဲ"

ဝေ့ဝူယင်က မေးလိုက်၏။

"သိပ်ပြီး မရှုပ်ထွေးပါဘူး... အဲ့ဒါက... စပါတန် ရင်ခွင်ပိုက်ကလေးငယ် (Spartan Infant ) လို့ အဓိပ္ပာယ်ရတယ်... S က စပါတန် အတွက်ဖြစ်ပြီးတော့‌ I ကတော့ ရင်ခွင်ပိုက်ကလေးငယ် အတွက်ပေါ့"

ဝေ့စီက ပြန်ဖြေလိုက်သည်။

...

(ဘာသာပြန် မှတ်ချက် ။ ဒီအပိုင်းမှာ ဘယ်လိုမှ မြန်မာမှု ပြုမရလို့ မူရင်း အင်္ဂလိပ် စကားလုံးတွေပါ ထည့်ပြီး ဘာသာပြန်လိုက်ရပါတယ်။ ဖြည့်ဖတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ)

...

‘စပါတန် ရင်ခွင်ပိုက်ကလေးငယ်...’

ထိုအမည်အား ကြားလိုက်ရချိန်တွင် ဝေ့ဝူယင် တစ်ယောက် ဝိညာဉ်ထဲ အထိ တုန်လှုပ်သွားခဲ့၏။ မိုင်ပေါင်းသန်းချီ ဝေးကွာသော အရပ်မှ သူ၏အစစ်အမှန်ခန္ဓာကိုယ်ပင် ထိုတိုက်ရိုက်သက်ရောက်မှုကို ခံစားလိုက်ရသည်။ ၎င်းမှာ သူ၏ စိတ်ဝိညာဉ်ကိုသာမက 'အစစ်အမှန် ဝိညာဉ်' ကိုပါ သက်ရောက်သွားခြင်း ဖြစ်သည်။

"ကျောဘက်က နံပါတ်တွေကတော့..."

ဝေ့စီက ဆွဲပြားကို လှန်ပြလိုက်၏။

"...ကျွန်တော့်ကို အိပ်စက်စေခဲ့တုန်းက သတ်မှတ်ပေးထားတဲ့ နံပါတ်စဉ်တွေပါပဲ"

ဝေ့စီ ဘာတစ်ခုမျှ မချန်ဘဲ ဆက်လက်ရှင်းပြ နေခဲ့သည်။ စပါတန် ဆိုသည်မှာ လူမျိုးတစ်မျိုးမဟုတ်ဘဲ မက်ဂီများနှင့် အဆင့်အတန်း တူညီသော တည်ရှိမှုတစ်မျိုး ဖြစ်သည်။ မက်ဂီများနှင့် မတူသည်မှာ ၎င်းတို့မှာ မွေးရာပါ စစ်သည်တော်များ၊ ကာကွယ်သူများနှင့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြသည်။

စပါတန်များ ထုံးတမ်းစဉ်လာအရ လိုက်လံသတ်ဖြတ်ရသည့် မက်ဂီများမှာ ပညာရှင်များ၊ တီထွင်သူများနှင့် ဖန်တီးရှင်များ ဖြစ်ကြသည်။

ထိုအမဲလိုက်မှုမှာ တစ်ဖက်သတ်မဟုတ်ဘဲ မက်ဂီများကလည်း စပါတန်များကို ပြန်လည် သတ်ဖြတ်တတ်ကြသည်။ ထို့အပြင် မက်ဂီများက ပိုမိုရက်စက်ကြသည်။ စပါတန်များတွင် မွေးဖွားနှုန်းမှာ သိသိသာသာ ပိုမိုမြင့်မားသဖြင့် သေဆုံးသူအရေအတွက်မှာ နှိုင်းယှဉ်၍မရအောင် များပြားလှသည်။

ဝေ့စီ၏ ရှင်းပြချက်အရ ထုံးတမ်းစဉ်လာ အမျိုးမျိုးရှိသည့်အနက် ဤကဲ့သို့ မွေးဖွားနှုန်း ကွာခြားချက်ကြောင့် ဖြစ်ပေါ်လာသော အမဲလိုက်မှုမှာ ရှားပါးလှသည်။

ဤသို့ဆိုလျှင် သူတို့က အဘယ်ကြောင့် အချင်းချင်း သတ်ဖြတ်ကြသနည်း။

ဝေ့စီထံတွင် မူလအမွေအနှစ် မှတ်ဉာဏ်များ ရှိသော်လည်း အကြောင်းပြချက်တစ်ခုကိုသာ သူသိသည်။ ၎င်းမှာ ရိုးရှင်းသလို အလွန်လည်း ကြောက်စရာကောင်းသည်။

"မွေးရာပါ ကံကြမ္မာရန်သူတွေမို့လို့ပဲ... ကျွန်တော်တို့ထဲက တစ်ယောက်ပဲ ဒီလောကမှာ တည်ရှိနိုင်တယ်"

သူပြောလိုက်သည့် စကားလုံးများက ပုံမှန် ဝေ့စီထံမှ ထွက်လာတတ်သည့် စကားမျိုးမဟုတ်ဘဲ အေးစက်ကာ ခံစားချက်ကင်းမဲ့နေသည်။

"..."

"ဒါဆို မင်းက မင်းရဲ့နေရပ်ကို ပြန်ဖို့ ငါ့ကို သတ်ရမယ်၊ မဟုတ်ရင် မင်း ဒီမှာတင် ပိတ်မိနေမှာပေါ့ ဟုတ်လား"

ဝေ့ဝူယင် ဤအချက်ကို သတိပြုမိသွားပြီး အပြောကျယ်လှသည့် ကြယ်တာရာ ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်သည်။

မက်ဂီ...

ဖူရှီ...

စပါတန်...

ဝတ်စုံနက် ဝေ့ဝူယင်၏ ဘဝတွင် အဂ္ဂိရတ် လမ်းစဉ်ကို အားကိုးကာ လျှို့ဝှက်အာဏာရှင် အဆင့်ကို အသည်းအသန် တက်လှမ်းခဲ့ပြီးနောက် မက်ဂီနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို စောစောစီးစီး ပြန်လည် ရရှိခဲ့သည်။ သို့သော်လည်း... ဝေ့စီနှင့်တော့ နောက်တစ်ကြိမ် ပြန်မဆုံခဲချေ။

မက်ဂီနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ဖူရှီက ဖယ်ရှားပစ်ခဲ့သဖြင့် ထိုဘဝရှိ ဝေ့ဝူယင်က ဝေ့စီကို သတ်ခဲ့ခြင်းလားဟု တွေးမိသော်လည်း... မည်သည့်အခြေအနေမျိုးတွင်မဆို သူက ထိုသို့လုပ်မည်မဟုတ်ကြောင်း ဝေ့ဝူယင် ယုံကြည်သည်။

ဝေ့စီက ခေါင်းခါလိုက်လိုက်၏။

"ကျွန်တော် နေရပ်ကို အချိန်မရွေး ပြန်လို့ရပြီ... ဒါအရဆိုရင်ပေါ့လေ..."

သူက ဆွဲပြားကို ညွှန်ပြလိုက်၏။

"ကျွန်တော့်ရဲ့ အမဲလိုက်ခြင်း အလုပ်က ပြီးမြောက်သွားပြီ... ကျွန်တော်က တရားဝင် စပါတန်တစ်ယောက် ဖြစ်သွားပြီ... စစ်မှန်တဲ့ စပါတန်တစ်ယောက်ပေါ့"

သူ၏ အသံတွင် ဂုဏ်ယူမှုနှင့်အတူ ဝမ်းနည်းမှုအငွေ့အသက်များလည်း ပါဝင်နေသည်။

"မင်း ဘယ်သူ့ကို သတ်လိုက်တာလဲ"

ဝေ့စီ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဝေ့ဝူယင်ကို စိုက်ကြည့်ကာ ခိုင်မာစွာ ပြောလိုက်သည်။

"အစ်ကိုလတ်ကို"

"..."

"..."

သူတို့နှစ်ဦးသည် အချိန်အတော်ကြာအောင် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေမိကြ၏။

"နေသွေးနီနီဂိုဏ်းမှာ အစ်ကိုလတ် သေဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရတဲ့အချိန်မှာ ကျွန်တော့်ရဲ့ ဆွဲပြားက အောင်မြင်သွားခဲ့တယ်.... အဲဒီမှာ ကျွန်တော် ထသောင်းကျန်းခဲ့ပြီး စပါတန် ဆင်းတုကို မတော်တဆ ဆင့်ခေါ်မိတာကနေ ကြယ်တာရာတွေကြားမှာ လွင့်ထွက်သွားခဲ့တာ... နောက်ဆုံးတော့ ကျွန်တော် မသိတဲ့ ကမ္ဘာတစ်ခုကို ရောက်သွားခဲ့တယ်... ဆွဲပြားထဲက စပါတန်ကျင့်စဉ်ကို ကျင့်ကြံပြီး ဒီအဆင့်ထိ ရောက်လာချိန်မှပဲ မှတ်ဉာဏ်တွေက နိုးထလာခဲ့တာ... ဒါပေမဲ့ အစ်ကိုလတ်ကို ဘယ်လိုဖြစ်ပြီး ကျွန်တော်က သတ်လိုက်တာလဲဆိုတာကိုတော့ ကျွန်တော် လုံးဝနားမလည်ခဲ့ဘူး"

ဝေ့စီက ရှင်းပြလိုက်၏။

"ငါ့ကို သတ်လိုက်တယ်လို့ မင်း ဘယ်လိုသိလဲ"

ဝေ့ဝူယင်က စိတ်ဝင်တစား မေးလိုက်သည်။

"ကျွန်တော်တို့ရဲ့ ပစ်မှတ်ကို တွေ့တဲ့အခါ ဗီဇအရ အမှတ်အသား ပြုလုပ်လိုက်တယ်... သူတို့သေဆုံးသွားတဲ့အခါ ကျွန်တော်တို့ရဲ့ ဆွဲပြားက ဖွဲ့စည်းပုံကို အသက်သွင်းပြီး အတည်ပြုပေးတယ်... အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ တာဝန်ရှိတယ်ဆိုရင် အမဲလိုက်မှု အောင်မြင်တယ်လို့ သတ်မှတ်ပြီး နေရပ်ပြန်ခွင့် ရတာပဲ"

" သေဆုံးခြင်း ဆိုတာရဲ့ သတ်မှတ်ချက်က ဘာလဲ"

"ကျွန်တော် မသိဘူး..."

ဝေ့စီက ဖြေသည်။

ဝေ့ဝူယင် တောင်ကုန်းပေါ်တွင် ပြန်ပက်လက်လှန်လိုက်သည်။ ၎င်းမှာ သူ၏ ဝိညာဉ်၊ အပြစ်သား သွေးမျိုးဆက် သို့မဟုတ်ပါကလည်း ဧဒင်ကမ္ဘာဂိုဏ်းတွင် သူကြုံတွေ့ခဲ့ရသော ထူးဆန်းသည့် စိတ်ပိုင်းဆိုင်ရာ ဖြစ်ရပ်များနှင့် ဆက်စပ်နေပေလိမ့်မည်။

မည်သို့ပင် ဆိုစေ... ဝေ့စီမှာ စပါတန်များပင် ထည့်မတွေးမိသော ဟာကွက်တစ်ခုကြောင့် ထုံးတမ်းစဉ်လာကို မတော်တဆ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

"ဒါဆို မင်းက ငါ့ကို သတ်လိုက်တယ်လို့ ထင်နေတာပေါ့"

ဝေ့ဝူယင်မှာ ဝေ့စီ၏ အပြစ်ရှိသလို ခံစားနေရသည့် အကြောင်းရင်းကို သိရှိသွားပြီးနောက် ရယ်မောလိုက်သည်။

"မင်းက ငါ့ကို အတုလို့ ထင်နေတာလား"

"..."

ဝေ့စီက ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်ပြလိုက်၏။ သူ အမှန်ပင် ထိုသို့ ထင်ခဲ့ခြင်း ဖြစ်သည်။

"အခုရော"

ဝေ့စီသည် ဝေ့ဝူယင်ကို အသေအချာ စိုက်ကြည့်လိုက်ပြီးနောက် အနည်းငယ်မျှ သံသယမရှိဘဲ ဖြေလိုက်သည်။

"အစ်ကိုလတ်က ကျွန်တော့်ရဲ့ အစ်ကိုလတ်ပါပဲ"

“ဒါပေါ့ကွ...”

ဝေ့ဝူယင်က ပြုံးလိုက်ရင်း ဆိုလိုက်၏။ မက်ဂီဖြစ်စေ၊ စပါတန်ဖြစ်စေ မိသားစုနှင့် ပတ်သက်လာလျှင် သူ ဘာကိုမျှ ဂရုမစိုက်ပေ။

အလွန်တရာ ဝေးကွာလှသော အဖြူရောင်ကမ္ဘာတစ်ခုတွင် လူရိပ်တစ်ခုမှာ ငွေရောင် မှတ်စုစာအုပ်လေးထဲတွင် ရွှေရောင်ဖောင်တိန်ဖြင့် စာရေးနေ၏။

ထိုလူက မှတ်စုစာအုပ်မှ မျက်နှာလွှဲကာ အဝေးကို လှမ်းကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းပေါ်တွင် လောကအား ဝါးမြိုရန် ကြံရွယ်နေသည့် သားရဲကြီးတစ်ကောင်၏ ဒေါသကိုပင် ငြိမ်သက်စေနိုင်လောက်သော အပြုံးလေး တစ်ခု ရှိနေသည်။

"တကယ်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ အလှည့်အပြောင်းပဲ"

ထိုစကားကို ပြောပြီးနောက် သူက ဆက်လက် စာရေးနေတော့သည်။ ရုတ်တရက် ထိုကမ္ဘာကြီး၏ အရောင်မှာ ခရမ်းရောင်သို့ လုံးဝ ပြောင်းလဲသွားတော့၏။

***

All Chapters