ဒေါသထွက်နေသော အန်းယန်
Vol. 63 Ch. 931
ကျင်းတုမြို့တော်တစ်ခုလုံးသည် ရွှယ်အန်း၏ ကိစ္စနှင့် ပတ်သက်၍ လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်တွင် ရွှယ်အန်းမှာမူ အိမ်ရှေ့မင်းသားနန်းဆောင်အတွင်း၌ ပုန်းအောင်းနေလေသည်။ သူသည် အခန်းအပြင်သို့ မထွက်သလောက်ပင်ဖြစ်ပြီး နေ့စဉ် စားလိုက်အိပ်လိုက်ဖြင့်သာ အချိန်ဖြုန်းနေခဲ့သည်။
ယန်ရှီဆိုလျှင် သူ့ထံသို့ အကြိမ်ကြိမ် လာရောက် တွေ့ခွင့်တောင်းခဲ့သော်လည်း ရွှယ်အန်းသည် ပျင်းရိနေသဖြင့် တွေ့ဆုံခြင်း မရှိခဲ့ချေ။ ဤအခြေအနေသည် ယန်ရှီနှင့် အခြားသူများကို အံ့သြစေခဲ့ပြီး ရွှယ်အန်း ကြံစည်နေသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
ထိုအချိန်တွင် ထန်လင်းအာနှင့် နျဲ့ယီဟန်တို့သည်လည်း တိတ်တဆိတ် ပြိုင်ဆိုင်မှု စတင်နေကြပြီး နောက် ၅ ရက်အကြာတွင် ကျင်းပမည့် ပွဲတော်၌ တစ်ယောက်ထက်တစ်ယောက် သာလွန်အောင် ဝတ်ဆင်နိုင်ရန် ပြင်ဆင်နေကြသည်။
ဤသို့ ထူးဆန်းသော အငွေ့အသက်များကြားတွင် အချိန်များသည်လည်း တရွေ့ရွေ့ ကုန်ဆုံးသွားလေသည်။
အဆုံးတွင် လေးရက်တာမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
မွေးနေ့ပွဲကြီးသည် မနက်ဖြန်တွင် တရားဝင် စတင်တော့မည် ဖြစ်သည်။ သို့သော် ယန်ရှီသည် ယခုအချိန်အထိ ရွှယ်အန်းနှင့် တွေ့ဆုံခွင့် မရသေးပေ။ ဤအချက်က ယန်ရှီကို စိုးရိမ်ပူပန်စေပြီး တစ်စုံတစ်ခု လွဲချော်သွားမည်ကို ကြောက်ရွံ့စေမိသည်။
အဆုံးတွင် ညစာစားပြီးနောက် ယန်ရှီသည် သတ္တိမွေးကာ ရွှယ်အန်း နေထိုင်ရာ ခြံဝင်းဆီသို့ သွားရောက်ပြီး ရွှယ်အန်းနှင့် တွေ့ဆုံခွင့်တောင်းခံရန် ပြင်ဆင်လိုက်သည်။
သို့သော် တံခါးကို ခေါက်တော့မည့် ဆဲဆဲတံခါးမှာ ရုတ်တရက် ပွင့်လာသည်။
သူသည် လေးရက်တိုင်တိုင် ပေါ်မလာခဲ့သော ရွှယ်အန်းမှာ စိတ်လှုပ်ရှားနေသည့် အပြုံးရိပ်များဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ယန်ရှီ လန့်သွားမိသည်။ရွှယ်အန်း၏ မျက်လုံးများထဲတွင် ထိုကဲ့သို့သော အရိပ်အယောင်မျိုးကို သူ တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ သို့သော် သူသည် အံ့သြမှုကိုပြန်လည်ထိန်းချုပ်လိုက်ပြီး အမြန် ဦးညွှတ်ကာ လျှောက်တင်လိုက်သည်။
"သခင်လေး... မနက်ဖြန်က မွေးနေ့ပွဲတော် ကျရောက်တော့မှာပါ၊ နောက်ထပ် ပြင်ဆင်စရာတွေများ ရှိသေးလားလို့ လာမေးတာပါ"
ရွှယ်အန်းသည် စိတ်ကြည်လင်နေပုံရပြီး ခဏတာ တွန့်ဆုတ်ပြီးမှ ပြောလိုက်သည်။
"ထွေထွေထူးထူး ပြင်ဆင်စရာ မလိုပါဘူး၊ အရသာရှိတဲ့မုန့်တွေနဲ့ ကလေးတွေ
ကြိုက်တတ်တဲ့ ကစားစရာတွေလောက်ပဲ ရှာခဲ့ပေး"
ယန်ရှီ ကြောင်အသွားလေသည်။
အရသာရှိတဲ့ မုန့်တွေနဲ့ ကလေးကစားစရာတွေ ဟုတ်လား...
သူ ဘာကြံနေတာလဲ...
ကလေးတွေများ လာစရာရှိလို့လား...
သို့သော် သူ နားမလည်နိုင် ဖြစ်နေသည့်တိုင် မေးမြန်းရဲခြင်းမရှိသဖြင့် ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ... အခုချက်ချင်း သွားပြင်ဆင်လိုက်ပါ့မယ်"
ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားလေသည်။ သူ၏ အဆင့်အတန်းအရ အမိန့်တစ်ခုပေးလိုက်ရုံဖြင့် လူများစွာ အလုပ်ရှုပ်သွားစေရန် လုံလောက်ပေသည်။
မကြာမီအချိန်အတွင်း သူသည် မုန့်များနှင့် ကစားစရာအမျိုးမျိုးကို စုဆောင်းလိုက်သည်။ သူသည် အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လာသော အပျိုတော် တစ်ဒါဇင်ခန့်ကို ဦးဆောင်၍ ရွှယ်အန်း နေထိုင်ရာ ခြံဝင်းငယ်လေးသို့ ယန်ရှီ ရောက်ရှိလာသောအခါ ရွှယ်အန်းက ဂရုမစိုက်သကဲ့သို့ ပြောလိုက်သည်။
"ဒီမှာပဲ ထားခဲ့လိုက်၊ ကျန်တဲ့လူတွေ အကုန် ထွက်သွားကြတော့"
"ဟုတ်ကဲ့ပါ"
ယန်ရှီက မျက်ရိပ်ပြလိုက်ချိန် လူအားလုံး ဆုတ်ခွာသွားကြလေသည်။
ထို့နောက် ယန်ရှီက ပြုံးလျက်ပြောလိုက်သည်။
"သခင်လေး... သူငယ်ချင်းတွေများ လာဖို့ ရှိလို့လား၊ ကျွန်တော် ပြင်ဆင်ထားတာတွေကို သဘောကျရဲ့လား"
ရွှယ်အန်းသည် ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"အဆင်ပြေပါတယ်"
ယန်ရှီ တစ်စုံတစ်ခု ထပ်ပြောချင်သော်လည်း ထိုအချိန်၌ ရွှယ်အန်းသည် ညကောင်းကင်ယံကို မော့ကြည့်လိုက်သေယကြောင့် ယန်ရှီသည် ချက်ချင်းဆိုသကဲ့သို့ ပါးစပ်ပိတ်သွားပြီး ဆက်မပြောရဲတော့ပေ။
ဤအချိန်တွင် သစ်ပင်ထိပ်ဖျားများထက်၌ လမင်းကြီးမှာ ပေါ်ထွက်စပြုလာပြီး ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ရွှယ်အန်း၏ မျက်လုံးများအတွင်း အလင်းရောင်တစ်ချက် လှုပ်ခတ်သွားသည်။
"အချိန်ကျလောက်ပြီ၊ စမ်းကြည့်ရတာပေါ့၊ မဟုတ်ပဲကြာနေရင် ယန်အာနဲ့ ကလေးနှစ်ယောက် စိတ်ပူနေကြလိမ့်မယ်"
ယန်ရှီမှာမူ လုံးဝ နားမလည်နိုင် ဖြစ်နေရှာသည်။
ထိုစဉ်ရွှယ်အန်းက လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ သူ၏ ရင်ဘတ်ထဲမှ အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာပြီး လျင်မြန်စွာ ကြီးထွားလာသည်။
မြေပြင်သို့ ကျရောက်သောအခါ လက်ရာမြောက်စွာ တည်ဆောက်ထားသော အဆောက်အအုံငယ်လေး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ယန်ရှီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး မိမိရှေ့ရှိ အဆောက်အအုံသည် တောက်ပသော အလင်းရောင်များဖြာထွက်လျက် မရေမတွက်နိုင်သော အစီအရင်များ လှုပ်ရှားနေသည်ကို မယုံကြည်နိုင်စွာ ငေးကြည့်နေမိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် ယန်ရှီ၏ ဝိညာဉ်ကိုပင် ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။
"မျက်လုံး မှိတ်ထားလိုက်၊ မဟုတ်ရင် နောက်တစ်ချက် ကြည့်လိုက်တာနဲ့ ခင်ဗျားရဲ့ ဝိညာဉ်ကွဲကြေသွားလိမ့်မယ်"
ရွှယ်အန်းက သတိပေးလိုက်သည်။
ယန်ရှီးသည် ထိတ်လန့်စွာဖြင့် မျက်လုံးကို အမြန်မှိတ်လိုက်ပြီး ဆက်မကြည့်ရဲတော့ပေ။
ထိုအချိန်တွင် ရွှယ်အန်းသည် အဆောက်အအုံငယ်လေး၏ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အသက်ပြင်းပြင်းရှူကာ ဖွဖွလေး ထိလိုက်သည်။
ဝုန်း!
အဆောက်အအုံထိပ်ရှိ ရွှေရောင် အစီအရင်များသည် ရုတ်တရက် တုန်ခါသွားပြီးနောက် အရိုင်းဆန်သော မြင်းတစ်ကောင်ပမာ ပြင်းထန်စွာ လှုပ်ရှားလာသည်။
ရွှယ်အန်းသည် ထိုအရာကို မြင်သောအခ့ အေးစက်စွာ ရယ်မောလိုက်ပြီး မျက်လုံးများ တောက်ပလျက် အော်ဟစ်လိုက်သည်။
"ပွင့်စမ်း"
ကလစ်...
ကနဦးက ထိန်းချုပ်မရသော ရွှေရောင် အစီအရင်များသည် ရွှယ်အန်း၏ အသံကို ကြားလိုက်ရချိန် ခေတ္တရပ်တန့်သွားပြီးနောက် အလွန်လိမ္မာယဉ်ကျေးသွားကြသည်။ ဆက်နွယ်နေသော အစီအရင် ၉ ခုသည် လှို့ဝှက်နံပါတ်သော့ တစ်ခုပမာ ဖြည်းညှင်းစွာ လည်ပတ်လာလေသည်။
တိကျသော နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ရွှေရောင် အလင်းတန်းများ တောက်ပလာပြီးနောက် အသံတိတ်သွားကာ အဆောက်အအုံငယ်လေးသည် ရူဘစ်ကုဗတုံးတစ်ခုပမာ စတင် လှုပ်ရှားပြောင်းလဲလာလေသည်။
အဆုံးတွင် ဆူညံသံများလည်း တဖြည်းဖြည်း ငြိမ်သက်လာသည်။
ယန်ရှီသည် မျက်လုံးကို အသာဟ၍ ခိုးကြည့်လိုက်သည်။ အဆောက်အအုံငယ်၏ ထိုစဉ် တံခါးမှာ တဖြည်းဖြည်းပွင့်လာသည်ကို တွေ့လိုက်ရသည်။
ရုတ်တရက်ဆိုသကဲ့သို့ တံခါးပေါက်မှ တောက်ပသော အလင်းတန်းတစ်ခု ပျံ့လွင့်ထွက်ပေါ်လာပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ရွှယ်အန်း၏ အနားသို့ ရောက်လာကြသည်။ ထို့နောက် အလင်းတန်း ပျောက်ကွယ်သွားရာ အလွန်တရာလှပသော အမျိုးသမီးတစ်ယောက် ထွက်လာလေသည်။
ယန်ရှီသည် လှပသော အမျိုးသမီး များစွာကို မြင်ဖူးခဲ့သော်လည်း ဤအမျိုးသမီးကို မြင်လိုက်ရချိန်ကျမှသာ အသက်ရှူမှားလောက်အောင် လှပခြင်း ဆိုသည်မှာ မည်သို့ဖြစ်ကြောင်းနားလည် သဘောပေါက်သွားတော့သည်။
ရွှယ်အန်းသည် ထိုအမျိုးသမီးကို အပြုံးဖြင့် ကြည့်လိုက်ပြီး ခပ်တိုးတိုးခေါ်လိုက်သည်။
"ယန်အာ..."
သူ နာမည်ခေါ်ရုံသာရှိသေးသော်လည်း ထိုအမျိုးသမီးသည် မျက်မှောင်ကြုတ်လိုက်ပြီး သူမ၏ လက်ထဲမှ ဒယ်အိုးပြားသည် မျက်စိနှင့်မြင်နိုင်လောက်သည်အထိ ကြီးလာပြီးနောက် ရွှယ်အန်းကို ရိုက်ချလိုက်သည်။
ရှယ်အန်းမှာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိသကဲ့သို့ ကာကွယ်ရန်လည်း ရည်ရွယ်ချက် မရှိသဖြင့် ဒယ်အိုးဖြင့် အရိုက်ခံရကာ အဝေးသို့ လွင့်စင်သွားသည်။
သူ မြေပြင်ပေါ်သို့ ပြန်ကျလာချိန်တွင် အန်းယန်သည် ရွှယ်အန်း၏ အနားသို့ ရောက်နေပြီဖြစ်ပြီး သူ့လည်ပင်းကို ဆွဲကိုင်ကာ အံကြိတ်၍ ပြောလိုက်သည်။
"ရှင်... လူဆိုးကောင်... ကျွန်မနဲ့ သမီးတွေကို အဆောက်အအုံငယ်လေးထဲမှာ ဒီလောက်ကြာအောင် ပိတ်ထားရက်တယ်၊ ပြောစမ်း... တခြားမိန်းကလေးတွေကို သွားရှာနေတာမလား"
ရွှယ်အန်းသည် ရယ်ရခက် ငိုရခက် ဖြစ်နေသည်။
"ယန်အာ... ကိုယ် မှားသွားပါတယ်၊ ဒါပေမဲ့ ကိုယ် ကတိပေးပါတယ်ကွာ၊ ကိုယ် တခြားမိန်းကလေးတွေကို လိုက်ရှာနေတာ မဟုတ်ပါဘူး၊ တကယ်ပါ... မယုံရင် သူ့ကို မေးကြည့်လိုက်"
ထိုအခါမှသာ အန်းယန်သည် ခြံဝင်းထဲတွင် အခြားသူ ရှိနေမှန်း သတိထားမိသွားပြီး သူမ၏ လက်ကို ချက်ချင်း လွှတ်လိုက်သည်။ လက်ထဲမှ ဒယ်အိုးပြားသည်လည်း ချက်ချင်း ပျောက်ကွယ်သွားလေသည်။
ထို့နောက် သူမသည် ကြောင်အနေသော ယန်ရှီးဘက်သို့လှည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။
"မင်္ဂလာပါ တွေ့ရတာဝမ်းသာပါတယ်၊ မိတ်ဆက်ပေးရရင်တော့ ကျွန်မက ဒီလူဆိုးကောင်ကြီးရဲ့ဇနီးပါ"
ယန်ရှီ လုံးဝ နားမလည်နိုင်တော့ပေ။
ဇနီးဆိုတာ ဘာကို ပြောတာလဲ...
ထိုစဉ် အဆောက်အအုံငယ်လေးထဲမှ နောက်ထပ် အလင်းတန်းနှစ်ခု ပျံသန်းထွက်လာပြီး မြေပြင်သို့ ကျရောက်သောအခါ အလွန်ချစ်စရာကောင်းသော ကောင်မလေးနှစ်ယောက်အဖြစ် ပြောင်းသွားသည်။
ထိုကလေးငယ်နှစ်ယောက်သည် မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကြည့်လိုက်ရာ ရွှယ်အန်းက ပြုံး၍ရပ်နေသည်ကို တွေ့လိုက်ရချိန် ချက်ချင်းပင် ၎င်းတို့၏ မျက်လုံးဝိုင်းကြီးများထဲ၌ မျက်ရည်များ ပြည့်လျှံလာပြီး ပြေးဖက်ကြလေသည်။
"ဖေဖေ..."
ရွှယ်အန်းသည် သူ့သမီးနှစ်ယောက်ကို ပွေ့ဖက်လိုက်ပြီး ပါးပြင်များကို နမ်းရှိုက်လိုက်သည်။
"ဖေဖေ့ကို လွမ်းလား"
"အွန်း... နျန်နျန် ဖေဖေ့ကို အရမ်းလွမ်းတာပဲ"
ရွှယ်နျန်သည် ရွှယ်အန်း၏ လည်ပင်းကို ဖက်တွယ်ထားရင်း ရှိုက်သံများပါသော အသံဖြင့် ပြောလိုက်သည်။
"ရှန်းရှန်းရော..."
ရွှယ်အန်းက ရွှယ်ရှန်းကို ကြည့်လိုက်သည်။
ရွှယ်ရှန်းက နှုတ်ခမ်းဆူလျက် ပြောလာသည်။
"နျန်နျန် အရူးမလေး... ငါတို့တွေ ဘာတိုင်ပင်ထားကြလဲ၊ အပြင်ရောက်ရင် ဖေဖေ့ကို အရင်ဆုံး ဂရုမစိုက်ဘဲနေကြမယ်လို့၊ အခုတော့ နင်က အစီအစဉ်ကို ဖျက်ဆီးလိုက်တာပဲ"
ရွှယ်နျန်၏ ကိုယ်လေးမှာ တုန်ရီသွားပြီး ပြောလိုက်သည်။
"သမီးမလုပ်နိုင်ဘူး... သမီးက ဖေဖေ့ကို လွမ်းနေတာ"
ရွှယ်အန်းသည် သဘောကျစွာ ရယ်မောလိုက်မိသည်။
"ရှန်းရှန်း... သမီးက ဖေဖေ့ကို စကားမပြောဘူးလား"
"ဟွန်း... ဖေဖေက လူဆိုးကြီးလေ၊ မေမေနဲ့ သမီးတို့ကို ဒီလောက်ကြာအောင် ပိတ်ထားတယ်၊ သမီးတို့က ဖေဖေ့ကို အရမ်းစိတ်ပူနေခဲ့ရတာသိလား"
ရွှယ်ရှန်းသည် မျက်နှာထား တင်းထားရန် ကြိုးစားသော်လည်း သူမ အသံက တဖြည်းဖြည်း တိုးလာပြီး အဆုံးတွင် မျက်ရည်များ စီးကျလာလေသည်။
"ဖေဖေ... မေမေက ဖေဖေ့ကို အရမ်းစိတ်ပူပြီး အထဲမှာ နေ့တိုင်းငိုနေတာ"
ရွှယ်အန်းသည် ရင်ထဲတွင် နာကျင်သွားရသည်။
"ကဲပါ ကဲပါ... မငိုပါနဲ့တော့နော်"
ရွှယ်ရှန်းသည် ရွှယ်အန်း၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး စကားမပြောတော့ပေ။
ထို့နောက် ရွှယ်အန်းသည် အန်းယန်ဘက်သို့ လှည့်ကြည့်လိုက်သည်။
အန်းယန်၏ ပါးပြင်များရဲသွားလေသည်။
"ဟွန်း... အဲ့ဒီလူဆိုးကောင်အတွက်တော့ မငိုပါဘူးနော်"
"အင်းပါယန်အာရယ်... ကိုယ်က မင်းတို့ကို တမင်ပိတ်ထားချင်တာမှ မဟုတ်တာ"
ထိုစကားကို ကြားမှ အန်းယန် သတိရသွားပြီး လေးနက်သော အမူအရာသို့ ပြောင်းလဲသွားလေသည်။
"ယောက်ျား... ယောက်ျားရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လိုဖြစ်သွားတာလဲ"
"ဘာမှမဖြစ်ပါဘူး... ခဏလောက် ချိပ်ပိတ်ခံထားရရုံပါ"
ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
အန်းယန်၏ မျက်ခုံးများ မြင့်တက်သွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာလေသည်။
"ဘယ်သူလုပ်တာလဲ”