← Chapters

စတင်ခြင်း

Vol. 63 Ch. 932

စတင်ခြင်း

Vol. 63 Ch. 932

ရွှယ်အန်းသည် မရယ်မောဘဲ မနေနိုင်တော့ချေ။

"ကဲပါ ယန်အာရယ်၊ သိပ်လည်း စိတ်မဆိုးပါနဲ့၊ ကိုယ် စည်းတံဆိပ်ခတ်ခံလိုက်ရတယ်ဆိုတာက တကယ်တော့ တမင်လုပ်ခဲ့တာပါ၊ မဟုတ်ရင် ဒီစကြဝဠာကြီးထဲမှာ ဘယ်သူက ကိုယ့်ကို ချိပ်ပိတ်နိုင်မှာမို့လို့လဲ၊ ဒီက ကိစ္စတွေပြီးတာနဲ့ ကိုယ် အဲဒီလူတွေကို စာရင်းသွားရှင်းမှာပါ"

ထိုအခါမှသာ ရွှယ်အန်းသည် အဘယ်ကြောင့် သူမတို့အား မှော်ရတနာ‌ပြတိုက်ထဲတွင် ထိုမျှကြာအောင် ထားခဲ့ရသည်ကို အန်းယန် နားလည်သဘောပေါက်သွားသည်။ သူသည် ကျင့်ကြံခြင်းအဆင့်ကို ခေတ္တဆုံးရှုံးခဲ့ရသဖြင့် ပြတိုက်၏ အတားအဆီးကို မဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းကိုတွေးမိပြီးနောက် အန်းယန်သည် အားနာစိတ်များ ပြည့်နှက်လာကာ ရွှယ်အန်း၏ အနားသို့ လျှောက်သွားပြီး ပခုံးကို ပွတ်သပ်လိုက်သည်။

"ယောက်ျား... ကျွန်မ တောင်းပန်ပါတယ်နော်၊ အခြေအနေကို သေချာနားမလည်ဘဲနဲ့ အန်းယန် ယောက်ျားကို မရိုက်ခဲ့သင့်ဘူး၊ နာသွားလားဟင်"

အန်းယန်၏ နူးညံ့သော လက်ကလေး၏ အထိအတွေ့ကြောင့် ရွှယ်အန်းသည် နာကျင်သကဲ့သို့ မျက်နှာမဲ့ပြလိုက်သည်။

"အမှန်အတိုင်းပြောရရင် နည်းနည်းတော့ နာသား၊ မင်း သိုင်းပညာတွေ တိုးတက်လာသလိုပဲနော်"

"ဒါပေါ့... ဒီဒယ်အိုးနဲ့ မှော်ရတနာပြတိုက်ထဲမှာ ပိတ်မိနေတုန်း နေ့တိုင်း လေ့ကျင့်ထားတာလေ"

အန်းယန်က ဂုဏ်ယူစွာ ပြောလိုက်သည်။ဈ

ထိုစဉ် ရှန်းရှန်းသည် ရွှယ်အန်း၏ ရင်ခွင်ထဲမှ ခေါင်းပြူထွက်လာလေသည်။

"ဖေဖေ... မေမေက နေ့တိုင်း လေ့ကျင့်တာတော့ ဟုတ်တယ်၊ ဒါပေမဲ့ သူ လေ့ကျင့်တိုင်း အံကြိတ်ပြီး 'လူဆိုးကောင်... ရှင့်ကို သေအောင် သတ်ပစ်မယ်' လို့ အော်အော်ပြီး လေ့ကျင့်တာ"

ထိုစကားကိုကြားသောအခါ နျန်နျန်သည် မနေနိုင်ဘဲ ခေါင်းမော့လာပြီး ဝင်ပြောလေသည်။

"အစ်မကြီး ပြောတာမှန်တယ်၊ ဖေဖေ... မေမေ ပြောပြောနေတဲ့ လူဆိုးကောင် ဆိုတာ ဖေဖေ့ကို ပြောတာလားဟင်"

သမီးဖြစ်သူများ၏ စကားများကို ကြားသောအခါ ရွယ်အန်းသည် တခစ်ခစ် ရယ်မောလိုက်သည်။

"ဟုတ်မယ် ထင်တာပဲ၊ ဒါပေမဲ့ မင်းတို့မေမေက ဖေဖေ့ကို တကယ်ကြီးတော့ မသတ်ချင်လောက်ပါဘူး"

ရွှယ်အန်းက မျက်နှာပြောင်တိုက်ကာ တုံ့ပြန်နေသည်ကို မြင်သောအခါ အန်းယန်၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး ရန်တွေ့လိုက်သည်။

"ရှင်... လူဆိုးကောင်၊ လူယုတ်မာကြီး... ဟွန့်"

ရွှယ်အန်းသည် ဂရုမစိုက်ဘဲ ပြုံးဖြဲဖြဲ လုပ်နေလေသည်။

"ကိုယ်က လူဆိုးဆိုတာတော့ ဝန်ခံပါတယ်၊ ဒါပေမဲ့ ဘာလို့လူယုတ်မာလို့ ခေါ်ရတာလဲ၊ ဘာပဲဖြစ်ဖြစ်လေ... မင်းနဲ့ မတွေ့ရတာတောင် တော်တော်ကြာနေပြီပဲကို"

အန်းယန်၏ မျက်နှာသည် နားရွက်ဖျားများအထိ ချက်ချင်း နီရဲသွားလေသည်။ သူမသည် သူ့ကို အပြစ်တင်သည့် အကြည့်ဖြင့်ကြည့်လိုက်ပြီး ရုတ်တရက် ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ယောက်ျား... အခုမှ သတိရတယ်၊ ကျွန်မရဲ့ အင်အားက အခုဆို ယောက်ျားထက် ပိုသန်မာနေပြီနော်၊ အဲ့ဒါကြောင့်... နောက်တစ်ခါ ပေါက်ကရတွေ လာပြောရင် ဒီဒယ်အိုးနဲ့ တွေ့မယ်မှတ်"

ရှယ်အန်း - "…."

"အာ... ဒီည လသာတာ အရမ်းလှတာပဲနော်"

ရွှယ်အန်း စကားလမ်းကြောင်း လွှဲလိုက်လေသည်။

ရှန်းရှန်းက တခစ်ခစ် ရယ်မောလိုက်သည်။

"ဖေဖေ ကြောက်သွားပြီ"

"ကလေးလေး... မင်းက ဘာနားလည်လို့လဲ၊ ဖေဖေက ကြောက်တာ မဟုတ်ဘူး၊ လေးစားမှုရှိတာ"

ရွှယ်အန်းက မင်းတို့ နားမလည်ပါဘူး ဆိုသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဟွန်း... စကားတတ်တိုင်း လျှောက်ပြောနေတာ"

အန်းယန်က ထိုသို့ပြောသော်လည်း ရယ်မောမိလိုက်သည်။

ရွှယ်အန်းနှင့် အန်းယန်တို့ စနောက်ကာ အချစ်စမ်းနေကြလေသည်။

ယန်ရှီမှာမူ ဘေးတွင်ရပ်ရင်း ၎င်းတို့ကို အံ့သြမှင်သက်စွာ ကြည့်နေမိသည်။

ယောက်ျား?

အဖေ?

သူက လူပျိုမဟုတ်ဘူးလား?

မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဘယ်လိုလုပ် ဇနီးနဲ့ကလေးတွေ ရောက်လာရတာလဲ...

သို့သော် ထိုမိသားစု၏ ပုံပန်းသဏ္ဍာန်ကို ကြည့်ပြီး ယန်ရှီ စကားမပြောနိုင်ဖြစ်သွားရသည်။ အခြားအရာများကို ထားလိုက်လျှင်ပင် ရုပ်ရည်သွင်ပြင်အရ ဤမိသားစုသည် အလွန်လိုက်ဖက်ညီလှပေသည်။

ထိုစဉ် အန်းယန်က ယန်ရှီကို လှမ်းကြည့်လိုက်သည်။

"ယောက်ျား... ဒါ ဘယ်နေရာလဲဟင်၊ ပြီးတော့ ဒီလူငယ်လေးကရော ဘယ်သူလဲ"

ထိုစကားကို ကြားသော် ရွှယ်အန်းက ပြုံး၍ ပေါ့ပါးစွာ ပြောလိုက်သည်။

"အဲဒါပြောရရင်တော့ အရှည်ကြီး ဖြစ်သွားလိမ့်မယ်၊ ဒါပေမဲ့ အခု မင်း ပြန်ရောက်လာပြီဆိုတော့ မနက်ဖြန်ကျရင် ပွဲတစ်ခုကို လိုက်ပြမယ်"

ယန်ရှီသည် ခေါင်းများ မူးဝေလျက် ထွက်ခွာသွားလေသည်။ သို့သော် သူသည် ငတုံးမဟုတ်ပေ။ အထူးသဖြင့် သူထွက်ခွာလာစဉ်က ရွှယ်အန်းမှာ သူမြင်ခဲ့ရသည်များကို မည်သူ့ကိုမျှ ထုတ်မပြောရန် မှာကြားထားခဲ့သည်။ ဤကိစ္စရပ်မှာ အရေးကြီးကြောင်း ယန်ရှီ နားလည်သဖြင့် သူ၏ မေးခွန်းများအားလုံးကို ရင်ထဲတွင်သာ သိမ်းထားလိုက်သည်။

သမီးလေးနှစ်ယောက်သည် ဤကမ္ဘာမှ ထူးခြားသော မုန့်များကို စိတ်လှုပ်ရှားစွာ စားသောက်နေကြသည်။ မှော်ရတနာပြတိုက်ထဲတွင် အချိန်ကြာမြင့်စွာနေခဲ့ရသဖြင့် အပြင်သို့ ရောက်လာရခြင်းက ၎င်းတို့ကို အိပ်မပျော်နိုင်လောက်အောင် ပျော်ရွှင်စေခဲ့သည်။

ရွှယ်အန်းနှင့် အန်းယန်တို့သည် အဝေးမှ ထိုင်ကြည့်နေကြလေသည်။

ရွှယ်အန်းက အကြောင်းစုံကို ရှင်းပြပြီးနောက် အန်းယန်၏ မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာသည်။

"ရှင်ပြောတာက... ဟူယွဲ့ရဲ့ ညီမက ဒီကမ္ဘာမှာ ရှိနေနိုင်တယ်လို့ ပြောချင်တာလား"

ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

"လူတစ်ယောက်ရဲ့ အငွေ့အသက်ဆိုတာ အတုလုပ်လို့ မရဘူး၊ အဲဒါကြောင့် မဟုတ်ရင် ကိုယ်အဲဒီအငွေ့အသက်ကို အာရုံခံမိပြီးတာနဲ့ ချက်ချင်း ဒီကမ္ဘာထဲကို လိုက်ရှာဖို့ ဝင်လာမှာမဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် အန်းယန်ကို အားနာသည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။

"ယန်အာ... ဖြစ်ပျက်ခဲ့တာတွေက ရုတ်တရက်ကြီးဆိုတော့ ကိုယ် မင်းကို အသိပေးဖို့ အခွင့်အရေးမရလိုက်ဘဲ ဒီဒုက္ခထဲကို ပါလာခဲ့ရတယ်၊ အချိန်တွေအကြာကြီး မင်းကို စိတ်ပူစေခဲ့မိတဲ့အတွက် ကိုယ် တကယ်ပဲ တောင်းပန်ပါတယ်ကွာ"

ထိုစကားကိုကြားသောအခါ အန်းယန်သည် ပေါ့ပါးစွာ ရယ်မောပြီး ခေါင်းခါလိုက်လေသည်။

"ကဲပါ... ကျွန်မတို့တွေကြားမှာ တောင်းပန်တယ်ဆိုတဲ့ စကားတွေ ပြောနေဖို့ လိုသေးလို့လား၊ ခုနကတုန်းက ကျွန်မ ဒေါသထွက်သွားလို့ပါ၊ အခု ပြန်စဉ်းစားကြည့်တော့လည်း ယောက်ျားကို အပြစ်မတင်ရက်ပါဘူး၊ ဘာပဲဖြစ်ဖြစ် ဟူယွဲ့နဲ့ ယောက်ျားက ရင်းနှီးတာပဲကို၊ ပြီးတော့ သူ့ညီမ ပျောက်နေတာလည်းကြာပြီလေ၊ သဲလွန်စတွေ့ထားရက်နဲ့ လစ်လျူရှုထားလို့မှ မရတာ"

ရွှယ်အန်းသည် ဇနီးသည်၏ စကားကြောင့် သူ့ ရင်ထဲတွင် နွေးထွေးမှုများ ပြည့်နှက်သွားလေသည်။

အမျိုးသမီးတစ်ယောက်ကို လိုက်ရှာနေသည့်အကြောင်း အန်းယန်ကို ပြောပြလျှင် စိတ်ဆိုးမည်ကိုစိုးရိမ်သဖြင့် သူ တွန့်ဆုတ်နေခဲ့မိသော်လည်း ယခုတော့ သူ စိုးရိမ်လွန်နေခဲ့မိမှန်း သိလိုက်ရသည်။

"အခုရော သဲလွန်စ တစ်ခုခုရပြီလား"

အန်းယန် မေးလိုက်သည်။

ရွှယ်အန်း ခေါင်းခါလိုက်သည်။

"ကျိလဲ့ခန်းမမှာတုန်းက သူ့ရဲ့ အငွေ့အသက်ကို တစ်ခါ အာရုံခံမိလိုက်တယ်၊ ဒါပေမဲ့ အရမ်းကို ဖျော့တော့နေပြီး သူထွက်သွားတာကြာပြီဆိုတာ သိသာနေတယ်"

ထို့နောက် ရွှယ်အန်းပြုံးလိုက်သည်။

"ထားပါတော့... အခု သူ ဒီမှာရှိတယ်ဆိုတာ သိပြီပဲ၊ သေချာပေါက် ရှာတွေ့မှာပါ၊ မနက်ဖြန်ကျမှ အဲ့ဒီကိစ္စ ဆက်ပြောကြတာပေါ့"

"အင်း"

အန်းယန် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ရွှယ်အန်းသည် အန်းယန်၏ နားနားသို့ကပ်၍ တစ်စုံတစ်ခုကို တီးတိုး ပြောလိုက်သည်။

ချက်ချင်းပင် အန်းယန်၏ မျက်နှာသည် နီရဲသွားပြီး နှုတ်ခမ်းကို ကိုက်ကာ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

"နေ... နေဦးလေ... ကလေးတွေ အိပ်ပျော်သွားတဲ့အထိ စောင့်ပါဦး"

ရွှယ်အန်း၏ အပြုံးသည် ငါးခိုးစားရ၍ ကျေနပ်နေသော မြေခွေးတစ်ကောင်ပမာ ပြုံးဖြီးနေတော့သည်။

"အင်းပါ... အင်းပါ"

တစ်ညတာ အချိန်ကာလသည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားသည်။

နောက်တစ်နေ့ အာရုဏ်ဦး အလင်းရောင် စတင်လာချိန်၌ ထျန်းရှန်းမြို့တော်တစ်ခုလုံးသည် လှုပ်ရှားသွားလာမှုများဖြင့် စည်ကားနေပြီ ဖြစ်သည်။

ယနေ့သည် လက်ရှိဧကရာဇ်မင်း၏ မွေးနေ့ဖြစ်သဖြင့် ထျန်းရှန်းမြို့တော်တစ်ခုလုံးကို အလှဆင်ထားပြီး နေရာတိုင်းတွင် ကောင်းချီးပေးနေသည့် မြင်ကွင်းများကို တွေ့မြင်နေရသည်။

ယိယန်ရပ်ကွက်ရှိ ထန်မိသားစုအိမ်တော်တွင်...

ချင်းအာသည် သူမ သခင်မလေး ထန်လင်းအာ၏ အိပ်ဆောင်သို့ ရောက်လာချိန်၌ ထန်လင်းအာမှာ အဝတ်အစားများ ဝတ်ဆင်ပြီးစီးနေပြီဖြစ်ကာ မှန်ရှေ့တွင် ထိုင်၍ တွေးတောငေးမောနေလေသည်။

ထန်လင်းအာကို ဝတ်ကောင်းစားလှများဖြင့် မြင်လိုက်ရသောကြောင့် ချင်းအာ အံ့သြမှင်သက်သွားသည်။

သူမ၏ သခင်မလေးသည် ပွင့်လင်းမြင်သာရှိမှုဖြင့် ကျော်ကြားသော်လည်း ယခုကဲ့သို့ ဣန္ဒြေရရ ဝတ်ဆင်လေ့ သိပ်မရှိပေ။ ယနေ့တွင် ဤမျှ ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။

ချင်းအာသည် အကြောင်းအရင်းကို သိနေသဖြင့် သက်ပြင်းချလိုက်ပြီး ခပ်တိုးတိုး မေးလိုက်သည်။

"သခင်မလေး... အဆင်သင့်ဖြစ်ပြီလားလို့ သခင်ကြီးက လာမေးခိုင်းလိုက်လို့ပါ"

ထန်လင်းအာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် မှန်ထဲတွင် ပေါ်နေသော အသက်ရှူမှားလောက်အောင် လှပသည့် မိန်းမပျိုကို စူးစိုက်ကြည့်ရင်း အံကို ကြိတ်လိုက်မိသည်။

တစ်ဖက်လူက ဘယ်သူပဲဖြစ်နေပါစေ... သူမက အဲ့ဒီမိန်းကလေးထက် သာလွန်နေရမယ်...။ ထန်လင်းအာသည် သူမအနေဖြင့် ထိုမိန်းကလေးထက် နိမ့်ကျသည်ဟု မယုံကြည်ပေ။

တန်ကွေ့ရပ်ကွက်တွင်မူ နျဲ့ယီဟန်သည် စောစီးစွာ ထလာခဲ့သည်။ မေရှလာခေါ်ချိန်တွင် သူမသည် အဝတ်အစားများ လဲလှယ်ပြီးစီးနေပြီဖြစ်ပြီး ပြတင်းပေါက်ဘေးတွင် ထိုင်စောင့်နေလေသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသဖြင့် မေရှသည် သဘောကျသွားပြီး ပြုံး၍ ပြောလိုက်သည်။

"ဒီနေ့တော့ ယီဟန်က တခြားသူတွေ အားလုံးထက် သာလွန်နေတော့မှာပဲ၊ သခင်လေး ရွှယ်ကတောင် နင့်ကို တမျိုးတမည် မြင်သွားနိုင်တယ်"

ထိုစကားကြောင့် နျဲ့ယီဟန် ပြုံးလိုက်သော်လည်း စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ်ရှိနေသည်။ ယနေ့ ကျင်းပမည့် မွေးနေ့ပွဲတော်တွင် အံ့သြဖွယ်ရာများရှိလာနိုင်မလားဟု သူမ တွေးတောနေမိသည်။

ထိုအချိန်တွင် ကျင်းတုမြို့တော် တစ်ဝှမ်းလုံး၌ အလားတူမြင်ကွင်းများ ဖြစ်ပေါ်နေလေသည်။

ခမ်းနားထည်ဝါသော မြင်းရထားများသည် တစ်စီးပြီးတစ်စီး မွေးနေ့ပွဲတော် ကျင်းပရာ တားမြစ်ဥယျာဉ်ဆီသို့ ဦးတည်လာနေကြသည်။

ထိုအချိန်တွင် အမှောင်ရိပ်ထဲ၌ ပုန်းအောင်းနေသော မကောင်းဆိုးဝါးသည်လည်း တဖြည်းဖြည်း နိုးထလာလေသည်။

All Chapters