ဓားတစ်ချက်နဲ့မရရင် နှစ်ချက်
Vol. 63 Ch. 934
တားမြစ်ဥယျာဉ်တော် အတွင်း၌ စစ်ရေးလေ့ကျင့်မှုများနှင့် အခမ်းအနားကြီးများ ကျင်းပလေ့ရှိသော ကွင်းပြင်ကျယ်ကြီးတစ်ခုရှိလေသည်။ သို့သော် ယနေ့တွင်မူ ထိုကွင်းပြင်ကြီးတစ်ခုလုံးသည် လူပင်လယ်ကြီးဖြင့် ဝိုင်းရံပိတ်ဆို့ထားခြင်း ခံနေရပြီး မြို့တော်လူဦးရေ၏ ထက်ဝက်ခန့်သည် ဤနေရာ၌ စုဝေးရောက်ရှိနေကြသည်။
လူအုပ်ကြီးမှာ အလွန်ပင်များပြားလှသော်လည်း တစ်နေရာလုံးသည် တိတ်ဆိတ်ငြိမ်သက်နေသည်။
အကြောင်းမှာမူ လူတိုင်း၏ အကြည့်များသည် ကွင်းပြင်အလယ်ရှိ လူငယ်တစ်ဦးထံသို့ စူးစိုက်ကြည့်ရှုနေကြသောကြောင့် ဖြစ်ပေသည်။
ထိုအချိန်၌ ရွှယ်အန်းသည် အဝေးရှိ ယန်ဖန်ကို ပေါ့ပေါ့ပါးပါး လက်ယပ်ခေါ်လိုက်ပြီး လေးတွဲ့သောလေသံဖြင့် ပြောလိုက်သည်။
"လာစမ်းပါ... ဒီနေ့ မင်းကို ငါ ဧည့်ခံပေးမယ်"
ယန်ဖန်က ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဘေးနားရှိ လူတစ်ယောက်ကို အချက်ပြလိုက်လေသည်။
အရိပ်မည်းတစ်ခုသည် ကွင်းပြင်အလယ်သို့ တန်းတန်းမတ်မတ် ပျံသန်းဝင်ရောက်သွားသည်။ ထိုသူမြေပြင်ပေါ်သို့ ခြေချရပ်တန့်လိုက်သောအခါ တစ်ကိုယ်လုံးအ ဝတ်ရုံနက်လွှမ်းခြုံထားပြီး မျက်နှာကို ဖုံးကွယ်ထားသော လူတစ်ယောက်ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုသူ၏ လျင်မြန်ဖျတ်လတ်သော လှုပ်ရှားမှုများနှင့် ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် အရှိန်အဝါများကို မြင်လိုက်ရသောအခါ ရောက်ရှိနေကြသော ပညာရှင်များစွာမှာ မျက်လုံးအပြူးသား ဖြစ်သွားကြရသည်။
မေရှ၏ မျက်နှာထားသည်လည်း တဖြည်းဖြည်း တည်ကြည်လေးနက်လာသည်။
နျဲ့ယီဟန်က စိုးရိမ်တကြီး မေးလိုက်သည်။
"မမ... အရှင်ရွှယ်အန်း နိုင်ပါ့မလားဟင်"
မေရှက ခေါင်းကို အနည်းငယ်ခါလိုက်ပြီး ပြန်ဖြေသည်။
"မမလည်း မသေချာဘူး... ဒါပေမဲ့ ဒီလူက သာမန်မဟုတ်တာတော့ သေချာတယ်"
မေရှသည် ကျင့်ကြံဖူးခြင်း မရှိသော်လည်း သူမ၏ စူးရှသော အာရုံခံနိုင်စွမ်းကြောင့် မသိမသာ ထူးခြားချက်များကို ရိပ်မိနေသည်။
ဝတ်ရုံနက်နှင့်လူသည် ထိုနေရာ၌ ရပ်နေသော်လည်း သူမ၏ အာရုံခံစားမှုထဲ၌ ထိုလူမရှိသကဲ့သို့ ခံစားနေရသည်ကို သူမ သတိထားမိလိုက်သည်။
ဤတွေ့ရှိချက်ကြောင့် သူမ အလွန်တရာ တုန်လှုပ်သွားရသည်။
"မင်းသားရှစ်က ဒီလောက် ထူးဆန်းပြီး စွမ်းအားကြီးတဲ့ ပညာရှင်မျိုးကို ဘယ်တုန်းက အရယူလိုက်တာပါလိမ့်"
ထိုအချိန်တွင် ထန်လင်းအာမှာလည်း ရင်ဘတ်ကို ဖိထားရင်း ဖြစ်ပျက်နေသည်များကို စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ကြည့်ရှုနေသည်။
ယန်ဖန်က မထီမဲ့မြင်ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ရွှယ်အန်း... မင်းကိုယ်မင်း သိပ်စွမ်းနေတယ် ထင်နေလား၊ ဒီတစ်ခါတော့ ငါ့လက်အောက်ငယ်သားကို မင်း နိုင်မလား ကြည့်ကြသေးတာပေါ့"
ထို့နောက် ယန်ဖန်သည် ရွှယ်အန်းကို လက်ညှိုးထိုးကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အမိန့်ပေးလိုက်သည်။
"သူ့ကို သတ်လိုက်"
အမိန့်ရသည်နှင့်တပြိုင်နက် ဝတ်ရုံနက်ဝတ်ထားသူသည် နေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး ရွှယ်အန်း၏ ဘေးနားသို့ ရောက်ရှိလာကာ လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။
သရဲတစ္ဆေကဲ့သို့ လျင်မြန်သော အမြန်နှုန်းကြောင့် လူအုပ်ကြီးထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ယန်ရှီမှာလည်း လန့်ဖျပ်ပြီး ထအော်ဟစ်မိမတတ် ဖြစ်သွားသည်။
သို့သော် ရုတ်တရက် ရောက်လာသော ထိုလက်ဝါးရိုက်ချက်ကို ရင်ဆိုင်ရာ၌ ရွှယ်အန်းသည် မျက်တောင်ပင် မခတ်ခဲ့ပေ။
လက်ဝါးချက်သည် ရွှယ်အန်းကို ထိမှန်တော့မည့်ပုံ ပေါက်နေသည်။ ယန်ဖန်၏ နှုတ်ခမ်းထောင့်မှ အပြုံးသည်လည်း ပို၍ ပီပြင်လာသည်။
ထိုစဉ် ရွှယ်အန်းက အေးစက်သော အသံဖြင့် ပြောလိုက်သည်။
"ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေသုံးပြီးအနိုင်ယူချင်တာလား... မင်းတို့က တော်တော် အရှက်မရှိဘူးပဲ"
စကားပြောရင်းနှင့်ပင် ရွှယ်အန်းသည် မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများ တောက်ပသွားပြီး လက်ဖြင့် ထိုးပြလိုက်လေသည်။
ဂျွတ်
ဝင်ရောက်လာသော လက်ဝါးရိုက်ချက်သည် ကြေမွသွားပြီး အနက်ရောင် မြူခိုးများအဖြစ် ပြန့်ကျဲသွားသည်။
ဝတ်ရုံနက်နှင့်လူသည် နာကျင်စွာ အော်ဟစ်လိုက်သော်လည်း မိုက်မဲစွာဖြင့် ရှေ့သို့ ဆက်လက် တိုးဝင်လာသည်။
ရွှယ်အန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လက်သီးဆုပ်ကာ ထိုးချလိုက်လေသည်။
ဝုန်း
ဝတ်ရုံနက်နှင့်လူသည် လွင့်စင်ထွက်သွားပြီး လေထဲ၌ပင် သူ၏ဝတ်ရုံများ စုတ်ပြဲကာ သူ၏ ပုံသဏ္ဍာန်အမှန် ပေါ်ထွက်လာသည်။
ထိုပုံသဏ္ဍာန်ကို မြင်လိုက်ရသောအခါ လူအုပ်ကြီးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သတ္တိနည်းသူ အချို့ဆိုလျှင် ကြောက်လန့်လွန်းသဖြင့် မတ်တတ်ပင် မရပ်နိုင်ကြတော့ပေ။
ဒါ ဘယ်လိုလူစားမျိုးပါလိမ့်...
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြီးမားသော ဒဏ်ရာအနာတရများ ကန့်လန့်ဖြတ်ဖြစ်ပေါ်နေပြီး အပိုင်းအစများကို တစ်စစီပြန်ချုပ်ထားသကဲ့သို့ ဖြစ်နေသည်။
မျက်နှာတစ်ခုလုံးအား ထူထဲသော အနက်ရောင်အခိုးအငွေ့များ ဖုံးလွှမ်းထားပြီး မျက်လုံးများမှာမူ လုံးဝ ဟောက်ပက် ဖြစ်နေသည်။
နတ်ဆိုးမိစ္ဆာကောင်နှင့် တူသော ဤခးကြောင့် ပညာရှင်အများအပြားမှာ အသက်ရှုမှားသွားကြရသည်။
ရွှယ်အန်း၏ မျက်နှာထားမှာ ရေခဲတမျှ အေးစက်နေပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါ မင်းတို့ရဲ့ အကန့်အသတ်ကို အထင်ကြီးမိသွားတာပဲ၊ လူပေါင်းထောင်ချီရဲ့ ဝိညာဉ်တွေကို သုံးပြီး ဒီလူ့ကို ဖန်တီးထားတာပေါ့လေ၊ ဒါဆို မင်းတို့မလုပ်ရဲတာရော ဘာကျန်သေးလဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။
ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ထိုမိစ္ဆာကောင်၏ ရင်ဘတ်တည့်တည့်သို့ စိုက်ဝင်သွားကာ တားမြစ်ဥယျာဉ်တော် ကွင်းပြင်၏ နံရံ၌ သွားရောက် ချိတ်မိနေစေတော့သည်။
ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုး ခံရသည့်တိုင် ထိုသတ္တဝါသည် ချက်ချင်းမသေဘဲ မိုးခြိမ်းသံပမာ ကျယ်လောင်စွာ ဟိန်းဟောက်ပြီး အသည်းအသန် ရုန်းကန်နေသေးသည်။
သို့သော် သူ ရုန်းကန်လိုက်တိုင်း သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော အနက်ရောင်မြူခိုးများသည် တစတစ လွင့်ပါးပျောက်ကွယ်သွားလေသည်။ ရုတ်တရက် မိစ္ဆာကောင်၏မျက်နှာမှ မိစ္ဆာစွမ်းအင်များ တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
ထို့နောက် သူ၏ မျက်လုံးများထဲ၌ စိတ်သက်သာရာရသွားသည့် အရိပ်အယောင်တစ်ခုပေါ်လာပြီးနောက် သေဆုံးသွားလေတော့သည်။
တစ်နေရာလုံးမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ ယန်ဖန်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော်နေသည်။
ဤဝတ်ရုံနက်နှင့်လူသည် အင်မော်တယ်အရှင်ထံမှ လက်ဆောင်တစ်ခု ဖြစ်သည်။ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော စစ်သည်များပင် ဤလူကို မယှဉ်နိုင်ကြောင်း သူကိုယ်တိုင် စမ်းသပ်ထားခဲ့ဖူးသည်။ ထိုလူ၏ စွမ်းအားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ထိုအကြောင်းပြချက်ကြောင့်ပင် သူသည် ရွှယ်အန်းကို ရန်စရဲခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ ထိုလူသည် ရွှယ်အန်း၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံနိုင်ဘဲ ပျက်စီးသွားခဲ့ရသည်။ ဤအချက်က သူ့ကို ဒေါသထွက်သွားစေသည်။
ထိုအချိန်တွင် ရွှယ်အန်းက ယန်ဖန်ကို အေးစက်စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။
"နောက်ထပ် ရှိသေးလား၊ မရှိတော့ရင်... မင်းပါ သေလို့ရပြီ"
ဤစကားကို ကြားလိုက်ရသည်နှင့်တပြိုင်နက် လူများစွာ၏ မျက်နှာအရာများ ပြောင်းလဲသွားကြသည်။ ရွှယ်အန်းက သိပ်ကို ရဲတင်းလွန်းနေသည်။
မင်းသားရှစ်ကိုတောင် လူအများရှေ့မှာ ခြိမ်းခြောက်ရဲတယ် ဟုတ်လား...?
သူ၏ စွမ်းအားက ကြီးမားသည်ဆိုလျှင်တောင် မင်းသားရှစ်ဆိုသည်မှာ မင်းမျိူးမင်းနွယ်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသူ ဖြစ်သည်။
ရွှယ်အန်း၏ စကားကို ကြားပြီးနောက် ဧကရာဇ်မင်းပင် မပြောရသေးခင်မှာပင် ဒေါသထွက်နေသော မိဖုရားကြီးက အော်ဟစ်လိုက်တော့သည်။
သူမသည် ရွှယ်အန်းကို ယခင်ကတည်းက မနှစ်သက်ခဲ့ပေ။ သူမ၏ အမြင်တွင် ရွှယ်အန်းသည် ယန်ရှီ၏ ဘက်တော်သား ဖြစ်သည်။ ထို့ကြောင့် သူပို၍ စွမ်းအားကြီးလေ သူမ၏ သားတော်အတွက် ခြိမ်းခြောက်မှု ပိုကြီးလေဖြစ်သည်။
ထို့ကြောင့် သူမသည် သူမရှေ့ရှိ စားပွဲခုံကို ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်သည်။
"ငါ့သားတော်ကို ခြိမ်းခြောက်ရဲတယ်ပေါ့... အစောင့်တို့... ဒီကောင်ကို ဖမ်းစမ်း"
သူမ၏ အမိန့်ပေးသံအဆုံးတွင် အစောင့်အများအပြား လျင်မြန်စွာ လှုပ်ရှားလာကြသည်။ ယန်ရှီနှင့် အခြားသူများအားလုံးလည်း မျက်နှာပျက်သွားကြသည်။
သို့သော် မင်းသားရှစ်ဘက်မှ လူများမှာမူ အောင်နိုင်သူအပြုံးများပြုံးနေကြသည်။
မင်းက စွမ်းအားကြီးတော့ရော ဘာဖြစ်လဲ...၊ လူအများရှေ့မှာ ဧကရာဇ်အမိန့်ကို မင်း ဆန့်ကျင်ရဲလို့လား...
သို့သော် သူတို့မျက်နှာပေါ်မှ အပြုံးများ မပျောက်ပျက်သေးခင်မှာပင် ရွှယ်အန်းသည် ဂရုမစိုက်သော မျက်နှာထားဖြင့် သူ၏ လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်လေသည်။
ဓားအလင်းတန်းတစ်ခုသည် စိတ်ကူး၍ပင် မရနိုင်သော အမြန်နှုန်းဖြင့် ကွင်းပြင်တစ်ခုလုံးကို ဖြတ်သန်းသွားပြီး မိဖုရားကြီးအား ဖီးနစ်ရထားလုံးနှင့် ကပ်လျက်သား စိုက်ဝင်သွားစေသည်။
မိဖုရားကြီးသည် နောက်ဆုံးထွက်သက် မရှူထုတ်မီ ရွှယ်အန်းကို ကြောင်ငေးကြည့်နေမိသည်။ သူမ သေဆုံးသွားသည့်တိုင်အောင် ရွှယ်အန်းးက သူမကို တကယ်သတ်ရဲလိမ့်မည်ဟု သူမ မယုံကြည်နိုင်ခဲ့ပေ။
ထိုအချိန်တွင် ရွှယ်အန်းက စကားတစ်ခွန်း ပြောလိုက်သည်။
"နားငြီးလိုက်တာ"
နေရာတစ်ခုလုံး သင်္ချိုင်းပမာ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ လူတိုင်းလည်း ကြောင်အနေကြသည်။
ရွှယ်အန်းက မိဖုရားကြီးကိုပါ သတ်ပစ်သည်အထိ ဤမျှလောက်ရဲတင်းလွန်းလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ ယန်ရှီမှာ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။
ထို့နောက် ရွှယ်အန်းက ခေါင်းလှည့်လာပြီး သူ့ကို အနည်းငယ်ပြုံးပြကာ ပြောလိုက်သည်။
"ငါပြောသားပဲ... မင်းတို့ ကစားနေတဲ့ အာဏာလုပွဲတွေက ပျင်းစရာကောင်းလွန်းတယ်လို့၊ ငါ့အမြင်မှာတော့ ဓားတစ်ချက်နဲ့ ဖြေရှင်းလို့မရတာ ဘာမှမရှိဘူး၊ တစ်ချက်နဲ့ မရရင်... နှစ်ချက်ပေါ့"
သူ၏ စကားသံအဆုံးတွင် ယန်ဖန်ထံမှ နာကျင်ဒေါသထွက်နေသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
"ရွှယ်အန်း... မင်းက ငါ့မယ်တော်ကို သတ်ရဲတယ်ပေါ့၊ ငါ မင်းကို အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်မယ်"
ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်ပြီး ပြန်ပြောသည်။
"ဟုတ်လား... ကံဆိုးတာက မင်းမှာ အဲဒီအခွင့်အရေး မရှိတော့တာပဲ"
ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ခြေကိုစောင့်နင်းလိုက်ရာ တောက်ပသော ဓားဆန္ဒတစ်ခုသည် သူ့ရှေ့တွင် ပေါ်လာပြီး လေဟာနယ်ကိုထိုးဖောက်ကာ ယန်ဖန်ထံသို့ တည့်တည့် တိုးဝင်သွားလေသည်။
ဓား၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းသဖြင့် လူအများစုမှာ တုံ့ပြန်ချိန်ပင်မရလိုက်ကြပေ။
ယန်ဖန်သည်လည်း ထိုနည်းလည်းကောင်းပင်။ အလင်းတန်းတစ်ခု သူ့ထံသို့ ပြေးဝင်လာသည်ကိုသာ မြင်လိုက်ရပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။
"ဆရာသခင်... ကျွန်တော့်ကို ကယ်ပါဦး"
ထိုစဉ်မှာပင် ယုတ်မာကောက်ကျစ်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
"ဓားကျင့်ကြံသူတစ်ယောက်ဆိုတာနဲ့ တကယ်ပဲ ထိုက်တန်ပါပေတယ်၊ သတ်ဖြတ်လိုစိတ်က သိပ်ပြင်းထန်တာပဲကိုး..."
ထိုလူ စကားပြောနေစဉ်မှာပင် ညဉ့်နက်ချိန်ထက် ပိုမိုနက်မှောင်သော အမှောင်ဝဲတစ်ခုသည် ယန်ဖန်၏ ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ ဓားအလင်းတန်းသည် ကော်စေးများအတွင်းသို့ ဝင်သွားသည့်ပမာ ထိုအမှောင်ထုထဲသို့ စိုက်ဝင်သွားရာ ၎င်း၏ အရှိန်မှာ ရုတ်ခြည်း နှေးကွေးသွားသည်။ အမှောင်မြူခိုးများသည် ဓားအလင်းတန်းကို ဆက်လက်တိုက်စားဝါးမြိုလိုက်ပြီး အဆုံးတွင် ကျယ်လောင်သော အသံနှင့်အတူ ဓားအလင်းတန်း ပျက်စီးသွားလေသည်။
ထို့နောက် အမှောင်မြူခိုးများဖြင့် မျက်နှာကို ဖုံးအုပ်ထားသော လူတစ်ယောက် ထွက်ပေါ်လာသည်။
ရွှယ်အန်းသည် လက်ပိုက်လျက်သားဖြင့် အေးစက်စွာ ကြည့်နေပြီးနောက် ကြက်သီးထဖွယ်ကောင်းအောင် ပြုံးလိုက်ပြီး ပြောလိုက်သည်။
"နောက်ဆုံးတော့ ကိုယ်ထင်ပြဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ”