ယန်အာ... သူ့ကို ရိုက်လိုက်
Vol. 63 Ch. 935
ထိုလူက ထူးဆန်းစွာ တဟားဟား ရယ်မောလိုက်ပြီး ပြောလိုက်သည်။
"ဓားကျင့်ကြံသူ... မင်းက တကယ် မောက်မာတာပဲ၊ ငါတို့ ရှိနေမှန်းသိလျက်နဲ့ ဒီလိုလုပ်ရဲတယ်ပေါ့၊ ဒီနေရာက မင်းတို့ ဓားကျင့်ကြံသူတွေ စိတ်ကြိုက်သွားလာလို့ရတဲ့ စကြာဝဠာလို့ ထင်နေတုန်းလား၊ ငါပြောလိုက်မယ်... ဒီရွှံ့နွံကမ္ဘာထဲ ရောက်လာပြီးမှတော့ ဘယ်သူမှ အကောင်းအတိုင်း ပြန်ထွက်သွားလို့ မရဘူးကွ"
ရွှယ်အန်းသည် တိတ်ဆိတ်စွာ နားထောင်နေပြီးနောက် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ အေးစက်စွာ ပြုံးလိုက်လေသည်။
"ကြက်တူရွေးကောင်ကများ ငါ့ရှေ့မှာ လာအော်ရဲသေးတယ်ပေါ့"
ထိုလူ၏ ဘေးပတ်လည်ရှိ အနက်ရောင် ချီစွမ်းအင်များ တုန်ခါသွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဓားကျင့်ကြံသူ... မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
သူ၏ အသံတိတ်သွားသည်နှင့်တပြိုင်နက် သူ၏နောက်ကျောဘက်မှ လူရိပ်ပေါင်းများစွာ တဖြည်းဖြည်း ပေါ်ထွက်လာကြသည်။
သူတို့အားလုံးမှာ ဝတ်ရုံနက် ဝတ်ဆင်ထားသော မိစ္ဆာသားရဲများ ဖြစ်ကြလေသည်။ ထိုမိစ္ဆာသားရဲများသည် အတူတကွ တိတ်ဆိတ်စွာ ရပ်နေကြပြီး ကောင်းကင်ယံအထိ ထိုးတက်နေသော မိစ္ဆာစွမ်းအင်လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။
ရွှယ်အန်းသည် မော့ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ လက်ခနဲ ဖြတ်သန်းသွားသည်။
"တစ္ဆေကျင့်ကြံသူတွေ... မင်းတို့က ဒီကမ္ဘာမှာ ထင်တိုင်းကြဲပြီး ဘယ်သူမှ မင်းတို့ကို မထိန်းချုပ်နိုင်ဘူးလို့ ထင်နေကြတာလား"
ထိုလူက သဘောကျစွာရယ်မောလိုက်ပြီး ပြန်ပြောသည်။
"ဟုတ်တယ်... ဒီကမ္ဘာက မင်းတို့လို ဖြောင့်မတ်မှန်ကန်တဲ့ ကျင့်ကြံသူတွေအတွက်တော့ သေမင်းထောင်ချောက်ပဲ၊ ဒါပေမဲ့ ငါတို့ တစ္ဆေကျင့်ကြံသူတွေအတွက်တော့ ရှားပါးတဲ့ကောင်းကင်ဘုံပဲကွ၊ ဘာလို့လဲဆိုတော့ ဒီမှာ ငါတို့ရဲ့စွမ်းအားတွေ တိုးလာအောင် ဝိညာဉ်တွေကို လွတ်လွတ်လပ်လပ် ရိတ်သိမ်းလို့ရနေလို့ပဲ"
"ပြီးတော့ မင်းတို့ ဓားကျင့်ကြံသူတွေက သဘာဝရဲ့ ဝိညာဉ်စွမ်းအင်အထောက်အပံ့မပါဘဲ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာမို့လို့လဲ"
ထိုလူက မထီမဲ့မြင် ပြုံးလိုက်ပြီး လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။
"သူ့ကို သတ်လိုက်... ပြီးရင် သူ့ဝိညာဉ်ကို ဖမ်းခေါ်လာခဲ့၊ ငါ သေချာ လေ့လာရဦးမယ်"
အမိန့်ရသည်နှင့် တပြိုင်နက် အနက်ရောင် အလင်းတန်း ဒါဇင်ပေါင်းများစွာသည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး ရွှယ်အန်းထံသို့ တန်းတန်းမတ်မတ် တိုး၀င်လာကြသည်။
မိစ္ဆာသားရဲများ၏ စုပေါင်းတိုက်ခိုက်မှုသည် မြင်ရသူအဖို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
အနည်းဆုံးတော့ ဘေးမှ ကြည့်နေသူများအားလုံး ကြောက်လန့်တကြား နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကြသည်။ သတ္တိနည်းသော သာမန်အရပ်သားများစွာမှာ ကြောက်လန့်လွန်းသဖြင့် မြေပြင်ပေါ်တွင်လဲကျကာ မလှုပ်နိုင်အောင် ဖြစ်နေကြရသည်။
ယန်ရှီက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"အရှင်... သတိထားပါ"
ရွှယ်အန်း၏ မျက်နှာထားမှာ ဝမ်းနည်းခြင်းလည်းမရှိသကဲ့သို့၊ ပျော်ရွှင်ခြင်းလည်းမရှိဘဲ အရှုံးပေးလိုသည့်အရိပ်အယောင် အနည်းငယ်မျှပင်မပြပေ။ ထိုအစား သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးကိုမြှောက်လိုက်ပြီး မတရားသေဆုံးခဲ့ရသောဝိညာဉ်များဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် မိစ္ဆာသားရဲ ဒါဇင်ပေါင်းများစွာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်လေသည်။
ဝုန်း... ဝုန်း... ဝုန်း
ပေါက်ကွဲသံများမှာ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ခိုက်လာသော မိစ္ဆာသားရဲများသည် နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်ကြပြီး တစ်စစီပြိုကွဲပျက်စီးကာ အနက်ရောင် အခိုးအငွေ့များအဖြစ် ပြန့်ကျဲပျောက်ကွယ်သွားတော့သည်။
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်ကျန်ခဲ့ရသည်။ ယန်ရှီးကဲ့သို့ပင် လူများမှာ ကြောင်အသွားကြသည်။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ မင်း... မင်းက ဓားကျင့်ကြံသူမဟုတ်ဘူးလား၊ ဒီလို ကြောက်စရာကောင်းတဲ့ လက်သီးသိုင်းကွက်တွေ ဘယ်လိုလုပ်ရှိနေရတာလဲ"
ထိုလူက အက်ကွဲသော အသံဖြင့် အော်ဟစ်မေးမြန်းလိုက်သည်။
ရွှယ်အန်းက လက်သီးကို ပြန်ရုတ်လိုက်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။
"ငါ့ကို... ဓားကျင့်ကြံသူ သက်သက်ပဲလို့ တကယ်ထင်နေတာလား"
ထိုလူ၏ အနက်ရောင်အငွေ့များအကြားမှ မျက်လုံးများတွင် တည်ကြည်လေးနက်မှုများ ပေါ်လာပြီးနောက် ယုတ်မာကောက်ကျစ်သော ရယ်သံကြီးဖြင့် ရယ်မောလိုက်လေသည်။
"ငါ မင်းကို အထင်သေးမိသွားပုံရတယ်၊ ဒါပေမဲ့ ဒါက အခြေအနေကို ပြောင်းလဲနိုင်မယ်လို့ မင်း တကယ်ထင်နေတာလား မင်း မှားနေပြီ... ဒီကမ္ဘာက မင်းထင်ထားတာထက် အများကြီး ပိုကြောက်စရာကောင်းတယ်"
သူ ပြောနေစဉ်မှာပင် ကောင်းကင်ယံအဝေးတွင် အနက်ရောင် မျဉ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။
ထို့နောက် အဆုံးအစမဲ့သော အနက်ရောင် ချီစွမ်းအင်များ လှိုင်းလုံးကြီးပမာ လိမ့်ဝင်လာသည်။
လှိုင်းထိပ်ပေါ်တွင် နတ်ဆိုးမျက်နှာဖုံး တပ်ဆင်ထားသော အရပ်ရှည်ရှည် လူတစ်ယောက် ရပ်နေသည်။
အနက်ရောင် စွမ်းအင်များသည် တားမြစ်ဥယျာဉ်တော်အထက်သို့ လျင်မြန်စွာ ရောက်ရှိလာပြီး ကြည်လင်နေသော ကောင်းကင်ကို အမှောင်ဖုံးသွားစေသည်။
ထိုလူ ရောက်ရှိလာမှုကြောင့် လူတိုင်း မှင်သက်သွားကြသည်။
၎င်းသည် ဒဏ္ဍာရီလာ နတ်ဘုရားများ၊ နတ်ဆိုးများအလား တူလှပေသည်။
ထို့ပြင် သူထုတ်လွှတ်လိုက်သော ကြီးမားလှသည့် အရှိန်အဝါကြောင့် ရှိနေကြသော ပညာရှင်များအားလုံး တုန်လှုပ်ချောက်ချားသွားကြရသည်။
မေရှမှာ အလွန်တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိသည်။
"ငါ့ရဲ့ စွမ်းအားက မဆိုးဘူးလို့ အမြဲထင်ခဲ့တာ... ဒါပေမဲ့ ဒီကမ္ဘာမှာ နတ်ဘုရားတွေ၊ နတ်ဆိုးတွေလောက် စွမ်းအားကြီးတဲ့သူတွေ ဒီလောက်များလိမ့်မယ်လို့ ထင်မထားမိဘူး"
နျဲ့ယီဟန်က စိုးရိမ်ပူပန်သော မျက်နှာဖြင့် မေးလိုက်သည်။
"မမ... အရှင်ရွှယ်အန်း... နိုင်ပါ့မလားဟင်"
မေရှက လေးနက်သော မျက်နှာထားဖြင့် ခေါင်းခါလိုက်ပြီး ဖြေသည်။
"အမှန်အတိုင်း ပြောရရင်... မမလည်း မသိဘူး၊ ဒါပေမဲ့ သူနိုင်မယ်ဆိုရင်တောင် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက အရမ်းကြီးမားလိမ့်မယ်လို့ ထင်တယ်"
မေရှ၏ စကားသည် ထိုနေရာတွင် ရှိနေသူအားလုံး၏ အတွေးများကို ကိုစားပြုနေသည်။ များစွာသောလူများသည် ရွှယ်အန်း သေချာပေါက် သေရတော့မည်ဟု ယုံကြည်နေကြသည်။
ထိုအချိန်၌ မြေပြင်ပေါ်ရှိ တစ္ဆေကျင့်ကြံသူသည် အလျင်အမြန်ပင် အရိုအသေ ပေးလိုက်သည်။
"ဆရာ..."
နတ်ဆိုးမျက်နှာဖုံးနှင့်လူက ခေါင်းအနည်းငယ်ညိတ်လိုက်ပြီး တဖက်တွင် ရပ်နေသော ရွှယ်အန်းဘက်သို့ အကြည့်ရွှေ့လိုက်သည်။
"ဓားကျင့်ကြံသူ... ကွေ့ယင်းကို သတ်ခဲ့တာ မင်းလား"
ရွှယ်အန်းသည် ချန်မိသားစုဝင်တစ်ယောက်အကြောင်းကို မေးနေမှန်း သိလိုက်သဖြင့် အနည်းငယ် ပြုံးလိုက်ပြီး ဖြေသည်။
"ဟုတ်တယ်"
"ကောင်းတယ်၊ ဓားကျင့်ကြံသူ... မင်းရဲ့ စွမ်းအားက တကယ် ချီးကျူးစရာပဲ၊ ဒါပေမဲ့ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ ဒ့ပေမယ့် ကျင့်ကြံသူချင်းမို့ ငါ မင်းကို အခွင့်အရေး တစ်ခုပေးမယ်၊ ဝိညာဉ်စွမ်းအင် စုစည်းလို့ရတဲ့ လျှို့ဝှက်နည်းလမ်းကို ငါ့ကို ပေးမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးပြီး ငါတို့အဖွဲ့ထဲ ဝင်ခွင့်ပေးမယ်၊ အဲ့ဒီကျရင် ငါတို့ လွတ်လွတ်လပ်လပ် သွားလာပြီး ပျော်ပျော်ပါးပါးနေလို့ရပြီ၊ ဘယ်လိုလဲ"
ဤတစ္ဆေကျင့်ကြံသူခေါင်းဆောင်သည် ရှုအမ်းထံတွင် ဝိညာဉ်စွမ်းအင် ရှိနေသည်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ ဝိညာဉ်စွမ်းအင် ကင်းမဲ့နေသော ဤကမ္ဘာတွင် ထိုသို့စွမ်းအင် ရှိနေရန် ဖြစ်နိုင်ချေ နှစ်ခုသာ ရှိသည်။
ပထမတစ်ချက်မှာ ကောင်းကင်ဘုံရတနာကို ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ သို့သော် ဤကမ္ဘာတွင် ထိုအရာများ ရှိရန် မဖြစ်နိုင်သလောက်နည်းပါးပြီး ရှိခဲ့လျှင်တောင် အလွန်နည်းပါးသော ဝိညာဉ်စွမ်းအင်ကိုသာ ပိုင်ဆိုင်ထားပေလိမ့်မည်။
နောက်တစ်ချက်မှာ ဝိညာဉ်စွမ်းအင်ကို အတင်းအကျပ် စုစည်းပေးနိုင်သော လျှို့ဝှက်နည်းလမ်းတစ်ခု ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ဤအချက်က တစ္ဆေကျင့်ကြံသူများအတွက် အလွန်ဆွဲဆောင်မှု ရှိလှသည်။
ထို့ကြောင့် သူသည် ရွှယ်အန်း၏ လျှို့ဝှက်နည်းလမ်းကို လိုချင်သဖြင့် စည်းကမ်းချက်များ ကမ်းလှမ်းကာ ဖျောင်းဖျနေခြင်း ဖြစ်သည်။
ရွှယ်အန်းက ထိုစကားကို ကြားသောအခါ ရယ်မောလိုက်သော်လည်း သူ၏အပြုံးမှာ အလွန်တရာ အေးစက်နေသည်။
"ဒီလို အခြေအနေဆိုးထဲမှာတောင် တစ္ဆေစစ်သူကြီးအဆင့်ထိ ရောက်အောင် မင်း ဝိညာဉ်ဘယ်နှခုကိုများ သတ်ဖြတ်ရိတ်သိမ်းခဲ့လဲ"
ထိုစကားကို ကြားသောအခါ မျက်နှာဖုံးတပ်ထားသော တစ္ဆေကျင့်ကြံသူမှာ လန့်ဖျပ်သွားသည်။
"မင်းက ဘယ်လိုလုပ် ဒီလောက်ထိ သိနေတာလဲ"
စကြာဝဠာတွင်ပင် တစ္ဆေကျင့်ကြံခြင်းလမ်းစဉ်သည် အလွန်ရှားပါးသော လမ်းစဉ်တစ်ခု ဖြစ်ကြောင်း သိထားရမည်။
တစ္ဆေကျင့်ကြံသူများသည် ကျင့်ကြံအားထုတ်ရန်အတွက် ဝိညာဉ်မြောက်မြားစွာ လိုအပ်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် တိုးတက်မှု အနည်းငယ်ရရန်အတွက်ပင် သက်ရှိသတ္တဝါများကို အဆက်မပြတ် သတ်ဖြတ်နေရခြင်း ဖြစ်သည်။
ထို့ကြောင့် နောက်ပိုင်းအဆင့်များတွင် စွမ်းအားကြီးမားသော်လည်း တစ္ဆေကျင့်ကြံသူများသည် စကြာဝဠာများမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရသည်။
ဂြိုဟ်များကို ရက်စက်စွာ ဖျက်ဆီးခြင်းသည် မျိုးနွယ်စုများ၏ အခြေခံအုတ်မြစ်ကို အဆက်မပြတ် ခိုးယူနေခြင်းနှင့် တူသောကြောင့် စကြာဝဠာရှိ မျိုးနွယ်စုများက သည်းမခံနိုင်ကြခြင်းဖြစ်သည်။
သို့သော် လျှို့ဝှက်သော နေရာများရှိ ဒဏ္ဍာရီလ ငရဲဘုံများတွင် တစ္တေကျင့်ကြံသူ အများအပြား ရှိနေနိုင်သေးကြောင်း သူ သိထားသည်။
ရွှယ်အန်းသည် တခါက ငရဲဘုံရှိ ဘုရင်ဆယ်ပါးထဲမှတစ်ပါးနှင့် သိခဲ့ဖူးသည်။
ထိုပုဂ္ဂိုလ်သည် စစ်မှန်သော တစ္ဆေကျင့်ကြံသူအကြီးအကဲတစ်ဦးဖြစ်ပြီး အင်မော်တယ်ဘုရင်တစ်ပါးနှင့် တန်းတူ စွမ်းအားရှိသူ ဖြစ်သည်။
ထို့ပြင် ကျင့်ကြံသူများ၏ အဆင့်သတ်မှတ်ချက်သည် သာမန်ကျင့်ကြံသူများနှင့် မတူညီပေ။
ဥပမာအားဖြင့် ယခု တစ္ဆေစစ်သူကြီးအဆင့်သည် ကျင့်ကြံသူများ၏ ရွှေအင်မော်တယ်အဆင့်နှင့် ညီမျှသည်။
ထို့ကြောင့်ပင် ရွှယ်အန်း ဤမျှ ဒေါသထွက်နေရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤအဆင့်သို့ရောက်ရန် မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်ခဲ့ရမည် ဖြစ်သောကြောင့် ဖြစ်သည်။
မျက်နှာဖုံးတပ်ထားသော တစ္ဆေကျင့်ကြံသူမှာ စိတ်ထဲတွင် ကြောက်ရွံ့သွားသော်လည်း ချက်ချင်းပင် တည်ငြိမ်မှုကို ပြန်ယူလိုက်သည်။
"ငါ့ကျင့်ကြံမှုအဆင့်ကိုတောင် မင်းသိနေမှတော့ ဒီကမ္ဘာမှာ မင်းက ဓားကျင့်ကြံသူပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကျင့်ကြံသူပဲဖြစ်ဖြစ် ငါ့ကိုနိုင်ဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်သင့်တယ်"
"လျှို့ဝှက်နည်းလမ်းကို ရိုးရိုးသားသား ပေးလိုက်စမ်းပါ၊ မဟုတ်ရင် မင်းဝိညာဉ်ကို မှော်လက်နက်အဖြစ် ငါ ကျိုချက်ပစ်လိုက်မယ်၊ အဲ့ဒီကျရင် မင်း ထာဝရ ပျောက်ဆုံးသွားလိမ့်မယ်"
မျက်နှာဖုံးတပ်တစ္ဆေကျင့်ကြံသူက ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
ယန်ရှီနှင့် အခြားသူများမှာ စိတ်ပျက်နေကြပြီဖြစ်သည်။ ရွှယ်အန်း သေချာပေါက် ရှုံးနိမ့်တော့မည်ဟု သူတို့ ယုံကြည်နေကြသည်။
သို့သော် ထိုအချိန်တွင် ရွှယ်အန်းက ရုတ်တရက် ရယ်မောလိုက်သည်။
"မင်းပြောတာဟုတ်တယ်၊ အထောက်အပံ့ပေးမယ့် ဝိညာဉ်စွမ်းအင် မရှိရင် ငါ မင်းကို နိုင်ပုံမပေါ်ဘူး၊ ဒါပေမဲ့..."
ရွှယ်အန်း၏ အပြုံးသည် ဓားသွားပမယ ထက်ရှနေသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်ထဲတွင် ဝှက်ထားသော မှော်ရတနာပြတိုက်သည် ပွင့်ဟလာသည်။
ထိုအထဲမှ ဒယ်အိုးကို ကိုင်ထားသော အန်းယန်သည် တစ်ရှိန်ထိုး ပျံသန်းထွက်ခွာလာပြီး လူအများရှေ့တွင် ပေါ်လာသည်။
ရွှယ်အန်းက ကောင်းကင်ပေါ်ရှိ တစ္ဆေကျင့်ကြံသူကို လက်ညှိုးထိုးပြပြီး လှမ်းပြောလိုက်သည်။
"ယန်အာ... သူ့ကို ရိုက်လိုက်”