ဝိညာဉ်မီးရှို့ခြင်း
Vol. 63 Ch. 938
ယခုမှပင် သူမ၏ ယခင်သခင်လေး မရှိတော့ကြောင်း နားလည်လိုက်သည်။
သူမရှေ့မှောက်ရှိ သခင်လေးမှာ နတ်ဘုရားများပင် တုန်လှုပ်စေသော တန်ခိုးရှင်တစ်ပါး ဖြစ်နေချေသည်။
ထို့ကြောင့် ရတနာဆောင်အတွင်း၌ရှိနေစဉ်က သူမ၏စိတ်သည် ဝမ်းနည်းပူဆွေးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
သူမ အပြင်သို့ ရောက်ရှိလာသောအခါ ခေါင်းကိုသာငုံ့ထားပြီး သူမရင်ထဲတွင် မည်သို့သော ခံစားချက်မျိုး ဖြစ်ပေါ်နေသည်ကိုပင် ဝေခွဲမရဖြစ်နေလေသည်။
ထိုအချိန်တွင် ရွှယ်အန်းသည် ချစ်စဖွယ်ကောင်းသော ချန်အာလေးကို တစ်ချက်လှမ်းကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီး ပြောလေသည်။
"ချန်အာ... ငါ ခဏလောက် ခရီးထွက်လိုက်ဦးမယ်၊ ရှန်းရှန်းနဲ့ နျန်နျန်ကို သေချာ ဂရုစိုက်ထားနော်"
သခင်လေး၏ ရင်းနှီးကျွမ်းဝင်နေသည့် အသံကို ကြားလိုက်ရသည့်အခါ ချန်အာ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။ ထို့နောက် ခေါင်းမော့ကာ ရွှယ်အန်းကို ကြောင်ငေးကြည့်နေမိသည်။
ရွှယ်အန်းသည် ပြုံးလိုက်ပြီး သူမ၏ နှာခေါင်းလေးကို ဖွဖွလေး ဆွဲကာ စနောက်လိုက်သည်။
"ဘာတွေတွေးပြီး ငေးနေတာလဲ၊ ငါက မင်းရဲ့ သခင်လေးပါပဲဟ"
ထိုစကားကို ကြားလိုက်ရသောအခါ ချန်အာ၏ မျက်လုံးအိမ်တွင် မျက်ရည်များ ချက်ချင်း ပြည့်လျှံလာပြီး ခေါင်းကို အားပါးတရ ညိတ်ပြလိုက်သည်။
"သခင်လေး... သွားပါ၊ သခင်မလေးနှစ်ယောက်လုံးကို ကျွန်မ ဒီမှာ သေချာ ဂရုစိုက်ထားပါ့မယ်"
ရွှယ်အန်းသည် ပြုံးလိုက်ပြီး နေရာတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် အခြေအနေကို နားမလည်နိုင် ဖြစ်နေကြသော ထန်လင်းအာနှင့် နျဲ့ယိဟန်တို့ကို မြင်သောအခါ ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ထို့နောက် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ မိုးကုတ်စက်ဝိုင်းအလွန်သို့ ပျောက်ကွယ်သွားတော့သည်။
ထန်လင်းအာသည် ကြောင်ငေးကြည့်နေမိပြီး လက်သီးများကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်လိုက်သော်လည်း အဆုံးတွင် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလျော့လိုက်သည်။
အဘယ်ကြောင့်ဆိုသော် သူမ ယခင်က တွေးတောခဲ့သမျှသည်မှာ မဖြစ်နိုင်သော အိမ်မက်များသာ ဖြစ်ကြောင်း နားလည်သွားသောကြောင့် ဖြစ်သည်။
ရွှယ်အန်း၏ လက်ရှိ စွမ်းအားအဆင့်ကို မဆိုထားနှင့် အန်းယန်အပေါ် သူထားရှိသော ကြင်နာမြတ်နိုးသည့် အကြည့်တစ်ချက်ကပင် ထန်လင်းအာနှင့် အခြားသော အမျိုးသမီးများအားလုံးကို အခြေအနေမှန်ကို နားလည်သွားစေခဲ့သည်။
သူမတို့အတွက် အခွင့်အရေး မရှိတော့ပေ။
ပို၍ဆိုးသည်မှာ သူ၏ သမီးများဖြစ်ကြောင်း ထင်ရှားနေသည့် လှပသော မိန်းကလေးငယ်နှစ်ယောင်ပင် ရှိနေသေးသည်။
ဤကြမ်းတမ်းသော အမှန်တရားသည် လူများစွာ၏ စိတ်ကူးယဉ်အိမ်မက်များကို ရိုက်ချိုးလိုက်လေသည်။ ထိုအချိန် ယန်ရှီသည် ကြောင်ငေးနေရာမှ သတိဝင်လာပြီး နောက်ဆက်တွဲ ကိစ္စရပ်များကို စနစ်တကျ စတင်ရှင်းလင်းလေတော့သည်။
ယခုအခါ ယန်ဖန်သည် သွေးမြူမှုန်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သကဲ့သို့ မိဖုရားကြီးလည်း သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
ရွှယ်အန်း၏ ကြောက်မက်ဖွယ် စွမ်းအားပြသမှုသည် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ထို့ကြောင့် ယန်ရှီ၏အဆင့်အတန်းသည် အံ့မခန်းမြင့်တက်လာပြီး မသိလိုက်စွာပင် ဧကရာဇ်တစ်ပါး၏ အရှိန်အဝါမျိုး ထွက်ပေါ်လာသည်။
လူတိုင်းသည် ရည်ရွယ်ချက်ရှိရှိဖြင့်ဖြစ်စေ၊ မရှိဘဲဖြစ်စေ ကြောက်လန့်လွန်း၍ ရာဇပလ္လင်ပေါ်တွင် မူးမေ့လဲကျနေသော ဧကရာဇ်အိုကြီးကို လစ်လျူရှုထားလိုက်ကြသည်။
အာဏာလွှဲပြောင်းမှုဟူသည် အမြဲတမ်း ရက်စက်ကြမ်းကြုတ်စမြဲဖြစ်သော်လည်း ရွှယ်အန်းသည် ထိုအရာများအားလုံးကို သတိမထားမိပေ။ အမှန်တွင်လည်း သူသည် ထိုသူများကို ဂရုစိုက်နေမည် မဟုတ်ပေ။
ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုသာရှိသည်။
သူ မြန်မြန်သွားရမယ်..
အချိန်မီရမယ်...
သူသည် ရှောင်ချင်ချိုး ဆီသို့ ချက်ချင်း ရောက်သွားချင်နေသည်။
သူ အစွမ်းကုန် ပျံသန်းသွားနေစဉ်တွင် ကောင်းကင်အောက်ရှိ လူသားအားလုံးသည် ဥက္ကာပျံတစ်ခု ကောင်းကင်ကို ဖြတ်သန်းသွားသကဲ့သို့ မြင်တွေ့လိုက်ကြရသည်။
ထိုဖြစ်ရပ်ဆန်းကြောင့် မသိနားမလည်သော သာမန်ပြည်သူများစွာသည် ဒူးထောက်၍ ဦးခိုက်ပူဇော်နေမိကြသည်။
ဤကမ္ဘာကြီးသည် ရွှယ်အန်း ထင်ထားသည်ထက် ပိုမိုကြီးမားကျယ်ပြန့်လေသည်။
သူ၏ လက်ရှိအမြန်နှုန်းဖြင့် မိုင်ပေါင်းထောင်ချီသော ခရီးကို မျက်စိတစ်မှိတ်အတွင်း ရောက်နိုင်သော်လည်း သူသွားလိုသော ခရီးဆုံးသို့ရောက်ရန် နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။
ထိုနေရာသည် အဆုံးမရှိသော တောင်တန်းများ ဝန်းရံထားသည့် ဤကမ္ဘာ၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသည်။
ရွှယ်အန်းသည် အရှိန်ကို လျှော့ချလိုက်ပြီး သူ၏ ဘုရားသခင်အာရုံဖြင့် ရှောင်ချင်ချိုးကို စတင်ရှာဖွေလိုက်သည်။
အဆုံးတွင် ၁၅ မိနစ်ခန့် ရှာဖွေပြီးနောက် ရွှယ်အန်း၏ မျက်လုံးများ အရောင်တောက်ပလာပြီး ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။
ထိုအချိန်တွင် လကို ပြန်လှည့်ကြည့်နေသော မြေခွေးပုံသဏ္ဍာန်ရှိသည့် တောင်ထိပ်ပေါ်၌ လေထုအခြေအနေမှာ အလွန်လေးလံနေသည်။ မူလက စိမ်းလန်းစိုပြေလှသော ဤတောင်တန်းသည် ယခုအခါ တစ္ဆေရိပ်များ ဖုံးလွှမ်းနေတော့သည်။
တောင်ထိပ်ရှိ နေရာတစ်ခုသာလျှင် အနက်ရောင်မြူခိုးများ၏ သက်ရောက်မှုကို မခံရဘဲ ကျန်ရှိနေသည်။
အဘယ်ကြောင့်ဆိုသော် ဖျော့တော့သော အလင်းအတားအဆီးတစ်ခုက အနက်ရောင်ချီများကို တားဆီးထားသောကြောင့် ဖြစ်သည်။
ကောင်းကင်ယံထက်တွင် မရေမတွက်နိုင်သော တိမ်မည်းများ ဖုံးလွှမ်းနေသည်။
ထိုတိမ်မည်းများအထက်တွင် တစ္ဆေကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရပ်နေကြသည်။
တပ်ဖွဲ့၏ အလယ်ဗဟိုတွင် ကြီးမားသော အလံကြီးတစ်ခု လေထဲ၌ လွင့်ပျံနေသည်။
အလံပေါ်တွင် ရှေးဟောင်းစာလုံး နှစ်လုံးကို ရေးထိုးထားသည်။
တစ္ဆေမဟာမိတ်အလံတိုင်အောက်တွင် တစ္ဆေမဟာမိတ်အဖွဲ့၏ အမြင့်ဆုံး ခေါင်းဆောင်ပိုင်းများ ရပ်နေကြသည်။
တစ္ဆေစစ်သူကြီး ဟေးဖန်
နှင့် တစ္ဆေမဟာမိတ်အကြီးအကဲများ ဖြစ်ကြသည်။ ထိုအချိန်တွင် တစ္ဆေမဟာမိတ်အဖွဲ့မှ လူများ၏ မျက်နှာထားမှာ ကြည့်မကောင်းလှပေ။
အဘယ်ကြောင့်ဆိုသော် တောင်ထိပ်ကို ဖုံးအုပ်ထားသော အလင်းအတားအဆီးသည် ပြိုလဲလုနီးပါးဖြစ်နေပြီး အလွန်အားနည်းနေပုံပေါက်သော်လည်း ပင်လယ်ထဲမှ ကျောက်ဆောင်တစ်ခုပမာ သူတို့ မည်မျှပင် တိုက်ခိုက်ပါစေ တစ်လက်မမျှ ရွေ့လျားသွားခြင်း မရှိသောကြောင့် ဖြစ်သည်။
ဟေးဖန်သည် အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏ အကြည့်များသည် အလင်းအတားအဆီးကို ဖောက်ထွင်း၍ တောင်ထိပ်ရှိ ရွှေရောင်ခန်းမဆောင်ကို ကြည့်လိုက်သောအခါ မျက်နှာပေါ်တွင် လောဘရိပ်များ ဖြတ်သန်းသွားသည်။
"တကယ်ကို အားကျစရာကောင်းတဲ့ ဝိညာဉ်ပါလား၊ ဒီလောက်ကြာကြာ မီးရှို့ထားတာတောင်မှ သက်စောင့်အားတွေ ပြည့်ဝနေတုန်းပဲ၊ အဲ့ဒီဝိညာဉ်ကိုသာ ငါ ဝါးမြိုလိုက်ရရင် ငါ့ရဲ့ စွမ်းအားက နောက်ထပ်တစ်ဆင့်တက်ပြီး တစ္ဆေဧကရာဇ်အဆင့်ကို ရောက်နိုင်လောက်တယ်"
ဤအချက်သည်ပင် သူသည် ကြီးမားသော ပေးဆပ်မှုများကို ဂရုမစိုက်ဘဲ ရှောင်ချင်ချိုးကို ဝိုင်းရံတိုက်ခိုက်ပြီး သိမ်းပိုက်ရန် ကြိုးစားနေရသည့် အကြောင်းရင်း ဖြစ်သည်။
"အရှင် တစ္ဆေစစ်သူကြီး... ရှောင်ချင်ချိုး ခေါင်းဆောင်တွေက ခေါင်းမာပေမယ့် ဆောင်းဦးပေါက်က နှံကောင်တွေလိုပါပဲ၊ သိပ်ကြာကြာမခုန်နိုင်တော့ဘူး၊ ဝိညာဉ်ကောက်ဖို့ လွှတ်ထားတဲ့ ရိတ်သိမ်းသူတွေ ပြန်ရောက်တာနဲ့ သွေးပူဇော်ပွဲလုပ်ပြီး ဒီ ရှောင်ချင်ချိုးကို အပြီးတိုင် ဖြိုချလို့ ရပါပြီ၊ အဲ့ဒီကျရင်... သူတို့ကို ဖမ်းရတာ လွယ်သွားပြီပေါ့"
တစ္ဆေမဟာမိတ် အကြီးအကဲတစ်ဦးက မြှောက်ပင့်ပြောဆိုလိုက်သည်။ ထိုစကားကို ကြားသောအခါ ဟေးဖန်က စိတ်ကျေနပ်စွာ ရယ်မောလိုက်သည်။
"ဟုတ်တာပေါ့... ဒီလှောင်အိမ်ထဲမှာ ငါတို့ တစ္ဆေကျင့်ကြံသူတွေက အစွမ်းအထက်ဆုံးပဲ၊ တရားမျှတမှုကို စောင့်ထိန်းနေတယ်လို့ထင်နေတဲ့ အဲ့အရူးတွေအကုန်လုံး သေရမယ်"
သူ အော်ဟစ်ရယ်မောကာ နောက်ထပ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။
ဝုန်း!
အနက်ရောင် ချီများနှင့် ဖွဲ့စည်းထားသော ဧရာမ လက်သည်းကြီးတစ်ခုသည် အလင်းအတားအဆီးကို ဝင်ဆောင့်လိုက်ရာ ချက်ချင်း ပျက်စီးသွားသည်။ သို့သော် အလင်းအတားအဆီးသည် အနည်းငယ် တုန်ခါသွားရုံသာရှိသည်။
ဟေးဖန်၏အပြုံးသည် အောင်နိုင်သူတစ်ယောက်ပုံပေါက်လာသည်။
ထိုအချိန်၌ တောင်ထိပ်ရှိ ရွှေရောင်ခန်းမဆောင် အတွင်းတွင် လေထုသည် အလွန်လေးလံကာ တိတ်ဆိတ်နေသည်။
လူပေါင်း ဒါဇင်အနည်းငယ် စုဝေးနေကြသော်လည်း အသက်ရှူသံမှလွဲ၍ မည်သည့်သံမှ မကြားရလောက်အောင် တိတ်ဆိတ်နေသည်။
လူတိုင်းသည် ခန်းမအလယ်ရှိ မြင့်မားသော စင်မြင့်ကို မော့ကြည့်နေကြသောကြောင့် ဖြစ်သည်။
စင်မြင့်ထက်တွင် အသက် ၁၁ နှစ်၊ ၁၂ နှစ်ခန့်သာ ရှိသေးသော မိန်းကလေးငယ်တစ်ယောက်သည် မျက်လုံးမှိတ်၍ လဲလျောင်းနေပြီး သူမ မျက်နှာလေးမှာ ဖြူဖျော့နေသည်။
သူမသည် အသက်ငယ်ရွယ်ပြီး ဖြူဖျော့နေသော်လည်း ထိုမိန်းကလေးငယ်သည် လက်တွေ့မဆန်လောက်အောင် လှပလွန်းလှသဖြင့် ကြာကြာပင် စိုက်မကြည့်ရဲလောက်အောင် ဖြစ်နေသည်။
သူမ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အလင်းရောင်များ ထွက်ပေါ်နေသည်။
ထိုအလင်းရောင်သည် အလင်းအတားအဆီး တစ်ခုလုံးကို ထောက်ပံ့ပေးထားခြင်းဖြစ်သည်။
"ခေါင်းဆောင်လေး ထပ်ပြီး ကျုံ့သွားပြန်ပြီ"
အမာရွတ်များ ဖုံးလွှမ်းနေသော အမျိုးသားတစ်ယောက်က ဝမ်းနည်းပက်လက် ရေရွတ်လိုက်သည်။ ခန်းမထဲရှိ လူတိုင်းတွင် ဒဏ်ရာကိုယ်စီ ရှိနေကြပြီး အချို့မှာ ဒဏ်ရာပြင်းထန်သည်။
စင်မြင့်ထက်တွင် ဝိညာဉ်ကို မီးရှို့နေသော မိန်းကလေးကို မြင်သောအခါ မည်သူမဆို ဝမ်းနည်းပူဆွေးပြီး မျှော်လင့်ချက်ကင်းမဲ့သကဲ့သို့ ခံစားနေကြရသည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ဤနေရာတွင်ပိတ်မိနေသည်မှာ လဝက်ခန့်ရှိနေပြီဖြစ်သည်။
ထိုလဝက်အတွင်း ရှောင်ချင်ချိုးကျင့်ကြံသူများသည် ဖောက်ထွက်ရန် နည်းမျိုးစုံ ကြိုးစားခဲ့ကြသည်။ သို့သော် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရပြီးနောက် တစ္ဆေမဟာမိတ်အဖွဲ့၏ ခံစစ်စည်းကိုပင် မဖောက်ထွက်နိုင်ခဲ့ကြပေ။
ထို့ကြောင့် သူတို့လုပ်နိုင်သည်မှာ သူတို့ခေါင်းဆောင် တိတ်ဆိတ်စွာ ဝိညာဉ်မီးရှို့နေသည်ကို တားဆီးနိုင်ခြင်းမရှိဘဲ ထိုင်ကြည့်နေရုံသာ ဖြစ်တော့သည်။
ထိုစဉ် အပြင်ဘက်မှ မိုးခြိမ်းသံပမာ ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
စင်မြင့်ထက်မှ မိန်းကလေးသည် မျက်မှောင်ကြုတ်သွားပြီး သူမ မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင်များ ပေါ်လာသည်။ သူမထံမှ ထွက်ပေါ်နေသော အလင်းရောင်သည် ရုတ်တရက် ပိုမိုအားကောင်းလာသည်။
ထို့နောက်တွင်မူ မိန်းကလေးငယ်၏ ခန္ဓာကိုယ်သည် အနည်းငယ် ပိုမိုသေးငယ်သွားလေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ခန်းမထဲရှိ လူအားလုံး ၀မ်းနည်းသွားကြသည်။
ထို့နောက် တစ်စုံတစ်ယောက်က ဒူးထောက်ချလိုက်ပြီး အသံတုန်ရီစွာဖြင့် ပြောလိုက်သည်။
"ခေါင်းဆောင်လေးရယ်... ကျွန်တော်တို့ကို စိတ်မပူပါနဲ့တော့၊ မြန်မြန် ထွက်ပြေးလိုက်ပါတော့ဗျာ”