ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ ကြာပန်းနီများပွင့်လန်းလာမှု
Vol. 63 Ch. 940
ထိုအချိန်တွင် ဟေးဖန်သည် ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်ပြီး မထီမဲ့မြင် ပြုံးလိုက်သည်။
"မင်းက ငါ့ကို ဒီလိုပဲ ဖမ်းလို့ရမယ် ထင်နေတာလား၊ တုံးလိုက်တာ"
ဟေးဖန် ပြောပြီးသည်နှင့် သူ့ ခန္ဓာကိုယ်သည် လျင်မြန်စွာကျုံ့သွားပြီး လေထဲတွင် ပျောက်ကွယ်သွားလေသည်။
ထို့နောက် အလွန်မောက်မာသော အသံတစ်သံသည် ရွှယ်အန်း၏ ခေါင်းပေါ်မှ ထွက်ပေါ်လာသည်။
"ကောင်လေး... မင်း အားကုန်ခံမနေနဲ့တော့လို့ ငါအကြံပေးချင်တယ်၊ ငါက စစ်မှန်တဲ့ အင်မော်တယ်ပဲ၊ မင်း ငါ့ကို ဖျက်ဆီးပစ်လိုက်ရင်တောင်မှ ဝိညာဉ်တစ်ခုကို စတေးပြီး ငါ ပြန်အသက်ရှင်နိုင်တယ်၊ ငါပိုင်ဆိုင်ထားတဲ့ ဝိညာဉ်အရေအတွက်က မရေမတွက်နိုင်အောင်ပဲကွ"
သူ စကားပြောရင်း အားရပါးရ အော်ဟစ်ရယ်ချလိုက်သည်။ ထိုရယ်မောသံသည် မိုးနှင့်မြေကြား ပဲ့တင်ထပ်သွားသည်။
ရှောင်ချင်ချိုးမှ လူအားလုံး မျက်နှာ ဖြူဖပ်ဖြူရော ဖြစ်သွားကြသော်လည်း ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်သည်။
"အော်... ဟုတ်လား"
ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ကြာပန်းနီတစ်ပွင့် ပွင့်လန်းလာသည်။
ဤကြာပွင့်သည် မိုးနှင့်မြေကြားရှိ သဘာဝစွမ်းအင်အားလုံးကို စုစည်းထားသည့်ပမာ ထင်မှတ်ရသည်။ ၎င်း၏ ခမ်းနားထည်ဝါသော ရောင်စဉ်များသည် မူးမေ့သွားစေနိုင်လောက်အောင်ပင်လှပသည်။ သို့သော် ဤမျှလှပ၍ ရင်သပ်ရှုမောဖွယ် ကောင်းသော ကြာနီပွင့်ကြောင့် ဟေးဖန်၏ မျက်နှာကို ရုတ်ခြည်း ပြောင်းလဲသွားစေခဲ့သည်။
"ဒါ... ဒါက..."
ရွှယ်အန်းက ပေါ့ပါးစွာ ပြောလိုက်သည်။
"ငါ အရင်ကပြောခဲ့တယ်လေ... မျက်လုံးအစား မျက်လုံး၊ သွားအစား သွား ဆိုတာ၊ ဒါကြောင့်... ဝိညာဉ်မီးရှို့ခံရတဲ့ အရသာကို မြည်းစမ်းကြည့်လိုက်ပါဦး"
သူပြောလိုက်သည်နှင့် ကြာပွင့်သည် ချက်ချင်း ပျောက်ကွယ်သွားပြီး ဟေးဖန်၏ ခေါင်းပေါ်တည့်တည့်တွင် ပြန်ပေါ်လာသည်။ ထို့နောက် မီးနွယ်မျှင်များသည် ကြာပွင့်မှဆန့်ထွက်လာပြီး ဟေးဖန်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်သွားလေသည်။
ရောင်စုံအလင်းတန်းများသည် မီးနွယ်မျှင်များအပေါ် ရစ်ပတ်ကွေ့ဝိုက်နေကြသည်။
သူ ခေတ္တမျှ ကြောင်ငေးတိတ်ဆိတ်သွားပြီးနောက် ဟေးဖန်သည် နားကွဲလုမတတ် အော်ဟစ်လိုက်လေသည်။
"အား... ငါ့ကို သတ်လိုက်တော့... အား... သတ်လိုက်ပါတော့"
ထိုအသံသည် နားထောင်ရသူအဖို့ သည်းမခံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။
အမြဲတစေ သူ့အသက်သူ တန်ဖိုးထားလေ့ရှိသော ဟေးဖန်ကဲ့သို့လူစားမျိုးသည် ထိုကဲ့သို့ အော်ဟစ်တောင်းပန်နေခြင်းမှာ သူမည်မျှ ပြင်းထန်စွာနာကျင်ခံစားနေရသည်ကို ပြသနေသည်။
သို့သော် ရွှယ်အန်းက မတုန်မလှုပ်ပဲ လက်ချောင်းလေးကိုသာ တောက်ခနဲ မြည်အောင် တီးလိုက်သည်။
ရုတ်ခြည်းပင် ဟေးဖန်၏ လည်ချောင်းမှာ ပိတ်ဆို့သွားသည့်ပမာ အော်သံများ ရုတ်တရက် ရပ်တန့်သွားသည်။
ရွှယ်အန်းက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။
"ဆူညံတဲ့လူတွေက ငါ့နားကို အနှောင့်အယှက်ပေးတယ်၊ အခုမှပဲ တော်တော်လေး အဆင်ပြေသွားတော့တယ်"
ဟေးဖန်သည် ရွှယ်အန်းကို အလွန်အမင်း ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ သူ၏ အကြည့်များတွင် အသနားခံခြင်းနှင့် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်နေသည်။
ရွှယ်အန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။
"လာမယ့် လှပတဲ့ အချိန်တွေကို ပျော်ပျော်ကြီး ခံစားလိုက်ပါဦး"
ထိုမြင်ကွင်းနှင့် ရွှယ်အန်း၏ မျက်နှာပေါ်ရှိ ယဉ်ကျေးသိမ်မွေ့သောအပြုံးကို ပေါင်းလိုက်ချိန် တစ္ဆေမဟာမိတ်အဖွဲ့မှ လူတိုင်း အလိုအလျောက် တုန်လှုပ်သွားကြသည်။
ဉာဏ်ကောင်းသူများဆိုသကဲ့သို့ နောက်လှည့်ပြီးတောင် ထွက်ပြေးကြလေသည်။
သူတို့ မပြေးရင် ဘယ်အချိန် သေမလဲ စောင့်နေရမှာလား...၊ သူတို့ခေါင်းဆောင်တောင် ဒီလူကို မယှဉ်နိုင်တာ သူတို့ဆို ပြောနေစရာပင် မလိုတော့ဘူး...
တစ်ယောက်စပြေးသည်နှင့် ကျန်လူများပါ ကစဉ့်ကလျား ထွက်ပြေးကြတော့သည်။
ထိုလူများအတွက် လက်ရှိ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ရုတ်တရက် ပေါ်လာသော ဤသတ်ဖြတ်ခြင်းနတ်ဘုရားသည် သူတို့လို အကောင်မွှားလေးများကိုလိုက်ပြီး အချိန်ကုန်ခံဒုက္ခပေးနေမည်မဟုတ်ဟု ယူဆခြင်းပင်ဖြစ်သည်။
သူတို့၏ ဖြစ်တည်မှုသည် ထိုလူ၏ မျက်လုံးထဲတွင် အရေးမပါလောက်ဟု တွေးကြသည်။
ထို့အပြင် ဖြောင့်မတ်သော ကျင့်ကြံသူအများစုသည် ခေါင်းဆောင်ကိုသာ သတ်လေ့ရှိပြီး နောက်လိုက်များကို လွှတ်ပေးတတ်ကြသည် မဟုတ်ပါလား။
တစ္ဆေမဟာမိတ်အဖွဲ့မှ တစ္ဆေကျင့်ကြံသူများစွာသည် စိတ်ထဲ၌ တွက်ချက်နေကြသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့၏ တွက်ချက်မှုမှာ အလွန်မှားယွင်းသွားလေသည်။ ရွှယ်အန်းသည် လေဟာနယ်အလယ်တွင်ရပ်လျက် အရပ်မျက်နှာ အသီးသီးသို့ ထွက်ပြေးနေကြသော တစ္ဆေမဟာမိတ်အဖွဲ့ဝင်များကို အေးစက်စွာ ကြည့်နေပြီး ရုတ်တရက်ဆိုသကဲ့သို့ သူသည် ခြေထောက်ကို စောင့်ချလိုက်သည်။
ဘုန်း!
လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။
ထို့နောက် မရေမတွက်နိုင်သော ဓားအလင်းတန်းများ ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာသည်။
ထူထပ်သိပ်သည်းသော ဓားအလင်းတန်းများသည် နေကိုပင် ဖုံးကွယ်သွားစေသည်။ ရွှယ်အန်းသည် ထိုအလင်းတန်းများကြားတွင်ရပ်လျက် လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။
"မိစ္ဆာရှာဓား... သတ်စမ်း"
သူ၏အမိန့်သံအဆုံးတွင် ဓားအလင်းတန်းများသည် မိုးရေစက်များပမာ ရွာချလာလေသည်။
ကောင်းကင်ပေါ်တွင် ဘေးကင်းပြီဟု ထင်မှတ်နေကြသော သရဲကျင့်ကြံသူများသည် စိတ်အေးရမည့်အစား ဓားအလင်းတန်းများ၏ ဝင်ရောက်စီးနင်းမှုကို ခံလိုက်ရပြီး ချက်ချင်းပင် အသတ်ခံလိုက်ရလေသည်။
တစ်ခဏအတွင်းမှာပင် နေရာအနှံ့အပြားမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး သွေးများပက်ဖျန်းကာ ကောင်းကင်ကြီး တစ်ခုလုံး နီရဲသွားလေသည်။
ရှောင်ချင်ချိုးမှ လူများအားလုံး ကြောင်အသွားကြသည်။
သူတို့ကို တောင်ပေါ်တွင် လဝက်ကျော်ကြာ ပိတ်လှောင်ထားခဲ့သော တစ္ဆေမဟာမိတ် ကျင့်ကြံသူများသည် ဤလူ၏ လက်ထဲတွင် တစ်ခဏမျှပင် ခံနိုင်ရည်မရှိကြပေ။
ဤကဲ့သို့သော စွမ်းအားမျိုးကို သူတို့ဘ၀တွင် တစ်ခါမျှ မမြင်ဖူးခဲ့ကြပေ။
နာကျင်စွာ အော်ဟစ်သံများ တိတ်ဆိတ်သွားပြီး သွေးများ မြေပြင်ပေါ်သို့ ကျဆင်းလာသည်။ ဓားအလင်းရောင်များ ကွယ်ပျောက်သွားသောအခါ မိုးနှင့်မြေကြီးသည်လည်း ရှင်းလင်းသွားလေသည်။
ဟူယင်းသည် လေဟာနယ်ထဲတွင် လက်နောက်ပစ်ကာ ရပ်နေသော ရွှယ်အန်းကို ငေးမောကြည့်နေမိပြီး သူမ ရင်ထဲတွင် အနည်းငယ် တုန်လှုပ်နေသည်။
ဒါက... သူမ မှတ်မိနေတဲ့ ပြိုင်ဘက်ကင်း ကိုကြီးရွှယ်ပဲ
ထိုအချိန်တွင် ရွှယ်အန်းသည် ခေါင်းကို လှည့်ကာ ကြာပန်းနီမီးတောက် ဖြင့် ဖြည်းဖြည်းချင်း သန့်စင်ခံနေရသော ဟေးဖန်ကို အေးစက်စွာ ပြုံးပြလိုက်သည်။
"မင်းရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာ ငါသိတယ်၊ မင်း လာကယ်ဖို့ မျှော်လင့်နေတယ်မလား၊ ဝမ်းနည်းစရာပဲ... မင်းတို့ ဘယ်သူမှ လွတ်မှာမဟုတ်ဘူး"
ထိုစကားသည် ဟေးဖန်၏ ရင်ထဲ၌ လက်ကျန်ရှိနေသော နောက်ဆုံး မျှော်လင့်ချက် မီးတောက်လေးကို ငြှိမ်းသတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ၏ လည်ချောင်းထဲမှ ဂလုဂလု မြည်သံများ ထွက်လာပြီး ရွှယ်အန်းကို အသနားခံသော မျက်နှာဖြင့် ကြည့်လိုက်သည်။
သူ ယခုလိုချင်တာက မြန်မြန်သေရဖို့ တစ်ခုတည်းပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဝိညာဉ်ကို ကြာပန်းနီမီးတောက်နဲ့ သန့်စင်ခံရတဲ့ အရသာက အရမ်းကို နာကျင်လွန်းလို့ပါပဲ...
သို့သော် ရွှယ်အန်းက မတုန်မလှုပ်ဘဲစွာ ဟူယင်းဘက်သို့လှည့်ကာ ပြုံးပြလိုက်သည်။
"ယင်းအာ... ကျေနပ်ရဲ့လား"
ဟူယင်းသည် ခေါင်းကို အားပါးတရ ညိတ်ပြလိုက်သည်။
"အွန်း... ကိုကြီးရွှယ် ဘာလုပ်လုပ် ညီမလေး ကျေနပ်တယ်"
ဟူယင်းသည် ဝိညာဉ်နှင့် သွေးမျိုးဆက်ကို မီးရှို့ခဲ့ရသောကြောင့် ယခုအခါ အများကြီး ငယ်ရွယ်သွားပုံပေါက်သော်လည်း သူမ၏ အမူအရာများမှ ထွက်ပေါ်လာသော ညှို့ဓာတ်သည် လူအများကို ကြောင်ငေးသွားစေလောက်သည်။
သို့သော် ရွှယ်အန်းက သတိမထားမိပုံရသည်။ သူသည် အောက်ဘက်ရှိ ရှောင်ချင်ချိုး ကျင့်ကြံသူများကို ပြုံး၍ ကြည့်လိုက်သည်။
"ခင်ဗျားတို့လည်း တော်ပါတယ်၊ အနည်းဆုံးတော့ သွေးဆောင်မှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေ ကြုံရတာတောင် ကိုယ့်ရဲ့ မူလစိတ်ရင်းကို မပျောက်ပျက်အောင် ထိန်းနိုင်ခဲ့ကြတယ်"
ထိုသို့ပြောကာ ရွှယ်အန်းသည် သိုလှောင်လက်စွပ်ထဲမှ ဆေးလုံးများနှင့် ဝိညာဉ်ကျောက်တုံး အများအပြားကို ထုတ်ယူပြီး လူတိုင်းကို ဝေငှပေးလိုက်သည်။
ထိုသည်ကိုမြင်တော့ အားလုံး အံ့အားသင့်သွားကြသည်။
"ဘုရားရေ... ဒါတွေက အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေပဲ၊ ငါ ဒီကမ္ဘာထဲမပိတ်မိခင်တုန်းကတောင် ဒီလောက် အရည်အသွေးကောင်းတဲ့ အရာမမြင်ဖူးဘူး"
"ဟူး... ဒီဆေးလုံးတွေက အနည်းဆုံးတော့ ကောင်းကင်အဆင့်ရှိတယ်"
အာမေဋိတ်သံများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသည်။ ထိုကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ရွှယ်အန်း၏ ပုံရိပ်သည် ပိုမို ကြီးမားခမ်းနားလာလေသည်။
ထိုအချိန် ကြာပန်းနီမီးတောက်ဖြင့် ချည်နှောင်ခံထားရသော ဟေးဖန်သည် ရုတ်တရက် သားရဲတစ်ကောင်ပမယ ဟိန်းသံကြီး ထွက်ပေါ်လာပြီးနောက် ဝုန်းခနဲ ပေါက်ကွဲသွားကာ အနက်ရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားလေသည်။
ရွှယ်အန်း အနည်းငယ် အံ့သြသွားသော်လည်း သူ့ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
"ကိုယ့်ဝိညာဉ်ကိုယ် ဖျက်ဆီးပစ်ဖို့ ရွေးချယ်လိုက်တာပေါ့၊ မင်းက ကိုယ့်ကိုယ်ကိုတော်တော် သက်ညှာပေးလိုက်တာပဲ"
ကျင့်ကြံသူများတွင် အထူးသဖြင့် တစ္ဆေကျင့်ကြံသူတစ်ဦးမှာ မိမိဝိညာဉ်ကို ဖျက်ဆီးလိုက်ပါက လုံးဝပျောက်ကွယ်သွားပြီး ပြန်လည်သက်ရှင်ခွင့် မရှိတော့ကြောင်း သိကြသည်။
ထိုသည်ကို ကြည့်ခြင်းအားဖြင့် ကြာပန်းနီမီးတောက်ဖြင့် သန့်စင်ခံရခြင်းသည်မှာ မည်မျှ နာကျင်ကြောင်း သိသာလှသည်။
ထိုအချိန်တွင် ဟူယင်းက မေးလိုက်သည်။
"ကိုကြီးရွှယ်... ညီမလေးတို့ ဘယ်ကို ဆက်သွားကြမလဲ"
ရွှယ်အန်းက ကြင်နာစွာ ပြုံးလိုက်သည်။
"အိမ်ပြန်ကြမှာပေါ့၊ နင့် မရီးလည်း အခုဆို စိတ်ပူနေလောက်ပြီ"
မရီး...
ထိုအခေါ်အဝေါ်သည် ဟူယင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားသွားရစေပြီး သူမ၏မျက်နှာသည် ချက်ချင်း ဖြူဖပ်ဖြူရောဖြစ်သွားသည်။
ရွှယ်အန်းက ပြုံးရုံသာ ပြုံးနေပြီး ဟူယင်း၏ လက်ကို ဆွဲလိုက်သည်။
"လာပါ... ကိုကြီး မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်"
တစ်နေ့တာလုံး ဆူညံပွက်လောရိုက်ပြီးနောက် ထျန်းရှန်းမြို့တော်သည် တဖြည်းဖြည်း တိတ်ဆိတ်သွားလေသည်။
သို့သော် လေထုအခြေအနေမှာ လေးလံနေဆဲဖြသ်သည်။
လွန်ခဲ့သော တစ်ရက်က ဥယျာဉ်တော်အတွင်းဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ထိုစဉ် သာမန်ပြည်သူများစွာမှာ ရုတ်တရက် သဘောပေါက်သွားကြသည်။
"သခင်ကြီးရွှယ်က ပါရမီအစွမ်းတွေ အံ့မခန်းရှိနေတာ မဆန်းပါဘူး... သူက တကယ့် အင်မော်တယ်နတ်ဘုရားတစ်ပါးကိုး"
သို့သော် သာမန်ပြည်သူများကြား ပေါ့ပါးသော အငွေ့အသက်များနှင့် မတူဘဲ မင်းဆက်တစ်ခုလုံး၏ အထက်တန်းလွှာများသည် ယခုအချိန်တွင် တိတ်ဆိတ်ငြိမ်သက်နေကြသည်။
မင်းသားရှစ်နှင့် မိဖုရားကြီး သေဆုံးသွားပြီး ဧကရာဇ်မင်းကြီးသည်လည်း နန်းဆောင်သို့ ပြန်သွားပြီး နေမကောင်းဟု အကြောင်းပြကာ ပြန်ထွက်မလာတော့ပေ။
ယန်ရှီနန်းတက်ရန်မှာ အချိန်တစ်ခုသာ လိုတော့သည်။
သို့သော် ယခုအချိန်တွင် မည်သူမျှ ထိုကိစ္စများကို ဂရုမစိုက်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် မနေ့က သူတို့ မြင်တွေ့ခဲ့ရသော အဖြစ်အပျက်များနှင့် နှိုင်းယှဉ်လျှင် အာဏာလုပွဲဆိုသည်မှာ ကလေးကစားစရာပမာ ရယ်စရာကောင်းနေသောကြောင့် ဖြစ်သည်။
ထို့အပြင် ရွှယ်အန်း၏ နောက်ဆုံး ထွက်ခွာသွားခြင်းသည် လူများစွာ၏ စိတ်နှလုံးကို ဆွဲငင်ထားလေသည်။
သူ... ဘယ်တော့များမှ ပြန်လာမလဲ…