← Chapters

ဟူယွဲ့ရေ... မင်းညီမကို ရှာတွေ့ပြီ

Vol. 63 Ch. 941

ဟူယွဲ့ရေ... မင်းညီမကို ရှာတွေ့ပြီ

Vol. 63 Ch. 941

"အင်း... အင်ပါယာတစ်ခုလုံးကို ဖိနှိပ်ထားနိုင်တဲ့ ရွှယ်အန်းက ဘယ်တော့များမှ ပြန်လာမှာလဲ"

တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။

"ပြန်လာမယ် ဟုတ်လား၊ ဟားဟား... ငါထင်တာတော့ သူပြန်လာနိုင်ပါ့မလား ဆိုတာတောင် မသေချာသေးဘူး"

အခြားတစ်ယောက်က မထီမဲ့မြင် ပြန်ပြောသည်။

"ဘာလို့ အဲ့ဒီလိုပြောရတာလဲ"

"စဉ်းစားကြည့်လေ... သူက စွမ်းအားကြီးတာ မှန်ပေမယ့် တစ်ယောက်တည်းလေ၊ ဒီတစ်ခါ သူရင်ဆိုင်ရတာက မရေမတွက်နိုင်တဲ့ စွမ်းအားရှင်တွေအများကြီးကိုး"

"ငါလည်း သူပြန်မလာနိုင်လောက်တော့ဘူး ထင်တယ်"

လူအများအပြားက ခေါင်းခါရင်း ရွှယ်အန်း ပြန်လာမည့်အရေးကို သိပ်မျှော်လင့်ချက် မထားရဲကြပေ။

ထိုအချိန်မှာပင် တစ်ယောက်သောသူက အာမေဋိတ်သံဖြင့် အော်ပြောလိုက်သည်။

"မြန်မြန် ကြည့်လိုက်စမ်း... မိုးကုတ်စက်ဝိုင်းဆီကအရာက ဘာကြီးလဲ"

အားလုံး၏ မျက်လုံးများသည် ကောင်းကင်ယံသို့ ရောက်သွားကြသည်။

ကောင်းကင်အစွန်းဘက်မှ အလင်းတန်းများ ပေါ်လာပြီး မြို့တော်ဆီသို့ ဦးတည်ပျံသန်းလာကြသည်။

"လက်စားချေဖို့ တစ်ယောက်ယောက် ပြန်လာတာများလား"

လူတစ်ယောက်က ကြောက်ရွံ့စွာ ပြောလိုက်သည်။

ထိုစကားထွက်လာသည်နှင့် လူအများအပြား ကြောက်ရွံ့သွားကြသည်။

တစ်ချိန်တည်းမှာပင် အလင်းတန်းများသည် မြို့တော်အထက်သို့ ပျံသန်းရောက်ရှိလာပြီ ဖြစ်သည်။ အလင်းတန်းများ ငြိမ်သက်သွားသောအခါ အမျိုးမျိုးသော စွမ်းအားရှင်များဖြစ်ကြောင်း ထင်ရှားစွာ မြင်လိုက်ရသည်။

ဒါဇင်နှင့်ချီသော စွမ်းအားရှင်များ မြို့တော်အထက်တွင် စုပြုံရောက်ရှိလာသောအခါ တစ်မြို့လုံး တုန်ခါသွားလေသည်။

"ဒုက္ခပါပဲ...နတ်ဘုရားအဆင့်က လက်စားချေဖို့ လူလွှတ်လိုက်တာနေမှာပဲ"

လူတစ်ယောက်က အော်ဟစ်လိုက်သည်။

ထိုအချိန်တွင် အိမ်ရှေ့စံ နန်းဆောင်အတွင်း၌ လေထုအခြေအနေမှာ အလွန်လေးလံနေသည်။

ယန်ရှီသည် ခြံဝင်းထဲတွင် ရပ်လျက် ကောင်းကင်ကို မော့ကြည့်နေပြီး သူမ၏ မျက်နှာထားမှာ တည်ငြိမ်လေးနက်နေသည်။

ဘေးနားရှိ လူတစ်ယောက်က တိုက်တွန်းလေသည်။

"အရှင်... အခြေအနေက မသေချာဘူး၊ လောလောဆယ် ရှောင်နေတာ အကောင်းဆုံးပါ၊ မဟုတ်ရင်..."

"ဆက်မပြောနဲ့တော့... တစ်ဖက်လူက ဘယ်သူပဲဖြစ်ဖြစ် ငါက ဒီနေရာမှာပဲ သခင်ကြီးရွှယ် ပြန်လာတာကို စောင့်မယ်"

ယန်ရှီက တိုးညှင်းစွာ ပြန်ပြောလိုက်သည်။

အကြံပေးသူမှာ ဘာဆက်ပြောရမှန်း မသိတော့ပေ။

ထိုစဉ် အန်းယန်သည် အစေခံမလေး နှစ်ယောက်ကို ဦးဆောင်လျက် ခြံဝင်းရှေ့သို့ ထွက်လာသည်။ ထို့နောက် သူမ သမီးလေးနှစ်ယောက်က ကောင်းကင်ကို လက်ညှိုးထိုးပြပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။

"ဖေဖေ... ဖေဖေ ပြန်လာပြီ"

သူတို့ပြောသံကို ကြားလိုက်ရသောအခါ ယန်ရှီ အစပိုင်းတွင် ကြောင်သွားသည်။ ထို့နောက် ကောင်းကင်ယံထက်မှ ပဲ့တင်ထပ်လာသော ရယ်သံတစ်ခုကို ကြားလိုက်ရလေသည်။

"သမီးလေးတို့ရေ... ဖေဖေ ပြန်လာပြီ"

ပြောပြောဆိုဆိုပင် အလင်းတန်းနှစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းပျံသန်းလာပြီး ပုံရိပ်များ တည်ငြိမ်သွားသောအခါ ထိုသည်မှာ ရွှယ်အန်းမှလွဲ၍ အခြားသူ မဖြစ်နိုင်တော့ပေ။

သူပြန်ရောက်လာသောအခါ မြို့တော်ကြီးသည် အစပိုင်းတွင် တိတ်ဆိတ်သွားပြီးနောက် တိုးညှင်းသော စကားသံများထွက်ပေါ်လာသည်။

"တွေ့လား... သခင်ကြီးရွှယ် ဘေးကင်းကင်းနဲ့ ပြန်လာမယ်လို့ ငါပြောသားပဲ၊ အခု မင်းတို့ ဘာပြောချင်သေးလဲ"

လူတစ်ယောက်က အောင်နိုင်သူလေသံဖြင့် ပြောလိုက်သည်။

ယခင်က လှောင်ပြောင်သရော်ခဲ့သူများမှာမူ ရွှယ်အန်း ပြန်ရောက်လာသည်ကို မြင်သောအခါ မျက်နှာများ ဖြူဖပ်ဖြူရော ဖြစ်ကုန်ကြသည်။ သူတို့သည် လူအုပ်ကြားထဲတွင် တိတ်တဆိတ် ပုန်းကွယ်နေကြပြီး နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲတော့ပေ။

ထို့နောက် ရွှယ်အန်းသည် လူအုပ်ကို ဦးဆောင်ပြီး အိမ်ရှေ့စံ နန်းဆောင်အတွင်းသို့ ဆင်းသက်လိုက်သည်။

ယန်ရှီသည် အလွန်ဝမ်းသာသွားပြီး သူ့ကို ကြိုဆိုရန် ပထမဆုံး ပြေးထွက်သွားလေသည်။

"သခင်ကြီး..."

ရွှယ်အန်းက လက်ကာပြလိုက်သည်။

"ရပါတယ်... ဒီလောက်ကြီး ယဉ်ကျေးနေစရာ မလိုပါဘူး"

"ဟုတ်ကဲ့ပါ"

ယန်ရှီက ပြန်ဖြေလိုက်သော်လည်း သူမ၏ မျက်လုံးများက ရွှယ်အန်းဘေးရှိ ၁၁ နှစ်၊ ၁၂ နှစ် အရွယ် မိန်းကလေးငယ်ထံသို့ ရောက်သွားသည်။

သူ တစ်ချက်ကလေးသာ လှမ်းကြည့်လိုက်ခြင်း ဖြစ်သော်လည်း ထိုမိန်းကလေး၏ ပြိုင်ဘက်ကင်းအလှတရားကြောင့် ယန်ရှီ မှင်သက်သွားရသည်။

သခင်ကြီးရွှယ်က အပြင်ထွက်သွားပြီး ဒီလောက်လှပတဲ့ မိန်းမလှလေးကို ဘယ်လိုများ ပြန်ခေါ်လာတာပါလိမ့်...

ယန်ရှီသည် စိတ်ထဲတွင် နားမလည်နိုင် ဖြစ်နေသော်လည်း မျက်နှာပေါ်တွင် အရိပ်အယောင်မျှပင် မပြရဲပေ။

ထိုအချိန်တွင် အန်းယန်သည် ရှန်းရှန်း နှင့် နျန်နျန်တို့ကိုခေါ်ပြီး ရှေ့သို့ရောက်လာသည်။ ရွှယ်အန်းက အန်းယန်ကို ဖျော့တော့စွာ ပြုံးပြလိုက်သည်။

"ယန်အာ... ကိုယ်ပြန်ရောက်ပြီ"

အန်းယန် ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏ အာရုံများက သူ့ဘေးရှိ ဟူယင်းထံသို့ အပြည့်အဝရောက်ရှိနေသည်။

အန်းယန်သည် ထိုမိန်းကလေးကို သတိမထားမိဘဲနေ၍မရပေ။

အဘယ်ကြောင့်ဆိုသော် နန်းဆောင်ထဲသို့ ဝင်လာကတည်းက ဟူယင်းသည် အန်းယန်ကို အကဲခတ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေသောကြောင့် ဖြစ်သည်။

သူ မိတ်ဆက်မပေးရသေးခင်မှာပင် ဟူယင်းသည် ဤအမျိုးသမီးမှာ ကိုကြီးရွှယ် ပြောပြောနေသည့် မရီးဖြစ်ကြောင်း အလိုလို ခန့်မှန်းမိလိုက်သည်။

ထို့ကြောင့် သူမသည် အန်းယန်ကို မထီမဲ့မြင် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သို့သော် ခဏမျှ ကြည့်ပြီးနောက်. ဟူယင်း၏ အကြည့်များ တဖြည်းဖြည်း ပျော့ပျောင်းသွားသည်။

အဘယ်ကြောင့်ဆိုသော် အန်းယန်သည် ရုပ်ရည်သွင်ပြင်၌ ဖြစ်စေ၊ အမူအရာ၌ ဖြစ်စေ သူမထက် လုံးဝ နိမ့်ကျခြင်းမရှိသည့်အပြင် အချို့အချက်များတွင် သူမထက်ပင် သာလွန်နေသေးသောကြောင့် ဖြစ်သည်။

သူမကဲ့သို့ မာနကြီးသောသူပင်လျှင် ဤအချက်ကို ခေါင်းငုံ့၍ အရှုံးပေးရတော့သည်။

အထူးသဖြင့် အန်းယန်၏ ဘေးနားတွင် ပါလာသော ရှန်းရှန်းနှင့် နျန်နျန်တို့ကို တွေ့လိုက်ရသောအခါ ဟူယင်း၏ခန္ဓာကိုယ် အနည်းငယ်တုန်ခါသွားပြီး မျက်လုံးများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာသည်။

ဒါ ကိုကြီးရွှယ်ရဲ့ သမီးနှစ်ယောက်လား၊ တကယ့်ကို... ချစ်ဖို့ကောင်းလိုက်တာ

သို့သော် ထိုသို့တွေးမိလေ ဟူယင်း ပို၍ စိတ်ရှုပ်ထွေးလေ ဖြစ်နေသည်။

ရွှယ်အန်း မိတ်ဆက်ပေးရန် ပြင်လိုက်စဉ်မှာပင် အန်းယန်က ပြုံးလိုက်ပြီး ပြောလေသည်။

"ဒီညီမလေးက ဟူယွဲ့ရဲ့ ညီမလေး ဟူယင်းမလား"

ဟူယင်း အနည်းငယ် တုန်လှုပ်သွားပြီး စိတ်ရှုပ်ထွေးနေရာမှ သတိဝင်လာသည်။

"အာ... ဟုတ်ပါတယ်"

"အရမ်းချစ်စရာကောင်းလိုက်တဲ့ ညီမလေးပဲ... ရွှယ်အန်းက ညီမလေး သတင်းကြားတာနဲ့ ဘာလို့ အဲဒီလောက်ပြာပြာသလဲ ဖြစ်သွားလဲဆိုတာ အခုမှပဲ သိတော့တယ်"

အန်းယန်က ပေါ့ပါးစွာ ပြောလိုက်သည်။

သို့သော် ထိုစကားသည် ဘေးနားရှိ ရွှယ်အန်းကို ချွေးစေးပြန်သွားစေသည်။

"ဟို... ယန်အာ... ကိုယ်ကလေ..."

အန်းယန်၏ မျက်လုံးများ အရောင်တောက်သွားပြီး ရွှယ်အန်းကို လုံးဝ လစ်လျူရှုလိုက်သည်။ ထို့နောက် ရှေ့သို့ တိုးလာပြီး ဟူယင်း၏ လက်ကို ရင်းနှီးစွာ ဆွဲကိုင်လိုက်သည်။

"လာပါ... သွားကြမယ်၊ မရီးက ညီမလေးနဲ့ စကားပြောချင်လို့"

ဟူာင်း မရောက်လာခင်က ခုခံလိုစိတ်များ ပြည့်နှက်နေပြီး ဤစိမ်းသက်သော မရီးဆိုသူကို ပညာပေးမည်ဟုပင် တွေးထားခဲ့သည်။

သို့သော် လူချင်းတွေ့ပြီး အန်းယန်၏ စကားအနည်းငယ်ကို ကြားလိုက်ရရုံဖြင့် သူမ ခေါင်းရှုပ်သွားရသည်။ ထို့နောက် သူမသည် အန်းယန်၏ ဆွဲခေါ်ရာ နောက်သို့ ကြောင်တောင်တောင်ဖြင့် ပါသွားလေတော့သည်။

တစ်ခါမှမမြင်ဖူးဘဲ ရုတ်တရက် ရင်းနှီးသွားကြသော အန်းယန်နှင့် ဟူယင်းကို ကြည့်ပြီး ရွှယ်အန်း ကျောချမ်းသွားသည်။

ထိုအချိန်တွင် ချန်အာရောက်လာပြီး မေးလေသည်။ "သခင်လေး... စောစောက မိန်းမလှလေးက ဘယ်သူလဲဟင်၊ သခင်လေး ယူလာတဲ့ မယားငယ်

အသစ်များလား..."

သူမ စကားမဆုံးခင်မှာပင် ရွှယ်အန်းက ချန်အာ၏ ခေါင်းကို ခေါက်လိုက်ပြီး ရယ်ရခက်ငိုရခက်မျက်နှာဖြင့် ပြောလိုက်သည်။

"ဘာတွေ လျှောက်ပြောနေတာလဲ... ဒါ ငါ့ညီမပါဟ"

"အော်..."

ချန်အာက နာသွားသော ခေါင်းကို ပွတ်ရင်း ရယ်မောလိုက်သည်။

"ဘေးကလူတွေ ပြောနေကြတာ ကြားလို့ပါ၊ သခင်လေးရဲ့ ဒုတိယဇနီးအသစ် ထင်နေတာ"

ထိုအခါမှ ရွှယ်အန်းသည် ယန်ရှီနှင့် အဝေးမှ တခြားလူများ၏ ထူးဆန်းသော အကြည့်များကို သတိထားမိလိုက်သည်။

ဤအခြေအနေသည် သူ့ကို စိတ်ညစ်သွားစေသည်။ သူ မြစ်ဝါမြစ်ထဲ ခုန်ချပြီး ရှင်းပြလျှင်တောင် စင်ကြယ်အောင် ဆေးကြောနိုင်တော့မည် မဟုတ်သကဲ့သို့ ခံစားလိုက်ရသဖြင့် အေးစက်စွာ လှမ်းပြောလိုက်သည်။

"ဘာကြည့်နေကြတာလဲ... သွားကြစမ်း"

"အာ... ဟုတ်... ဟုတ်ကဲ့ပါ၊ အခူမှ လုပ်စရာတွေ အများကြီးရှိသေးတာ သတိရသွားလို့ သွားလိုက်ပါဦးမယ်"

ယန်ရှီက အခွင့်ကောင်းကို အမြန်ဆုံး အသုံးချပြီး ဆင်ခြေပေးကာ ထွက်ပြေးလေတော့သည်။

သူ ထွက်သွားသည်နှင့် ကျန်လူများလည်း လူစုကွဲသွားကြသည်။

ရွှယ်အန်းသည် ခြံဝင်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး လူသားများ၏ အကျင့်စာရိတ္တပျက်ပြားလာမှုကို မိုးပေါ်မော့ကာ ညည်းတွားလိုက်သည်။ ထို့နောက် သူ ရုတ်တရက် ရယ်မောလိုက်သည်။

ဟူယွဲ့... ငါ မင်းညီမကို ရှာတွေ့ပြီ၊ နောက်ကျရင် မင်း ငါ့ကို ဘယ်လို ကျေးဇူးဆပ်မလဲ

ထိုသို့တွေးမိပြီးနောက် ရွှယ်အန်းသည် မြေခွေးတစ်ကောင်ပမာ ရယ်မောလိုက်သည်။

ထိုအချိန်တွင် အလွန်ဝေးကွာသော ကမ္ဘာတစ်ခု၌ မိန်းကလေးတစ်သိုက်ကို ကြွားလုံးထုတ်နေသော ဟူယွဲ့သည် ရုတ်တရက် နှာခေါင်း တယားယားဖြစ်လာပြီး အကြိမ်ပေါင်းများစွာနှာချေလိုက်သည်။ သူ၏ တစ်ကိုယ်လုံးရှိ အမွေးများ ထောင်ထလာသည်ကို ခံစားလိုက်ရသည်။

ထိုသည်မှာ သူ့ကို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားစေသည်။

ထူးဆန်းလိုက်တာ၊ ဘာဖြစ်တာလဲ၊ သူ ဒီရက်ပိုင်း ပင်ပန်းလွန်းလို့များလား၊

အင်း... အဲ့လိုဟုတ်မှာပါ၊ အကြီးအကဲနဲ့ စကားပြောပြီး ကောင်းကောင်း အနားယူဖို့ ရက်နည်းနည်းလောက် ခွင့်ယူမှဖြစ်မယ်၊

မီးအိမ်များ စတင်ထွန်းညှိချိန်တွင် အိမ်ရှေ့စံ နန်းဆောင်အတွင်း၌ စားသောက်ပွဲတစ်ခုကို ရိုးရှင်းစွာကျင်းပနေသည်။

အန်းယန်သည် ဟူယင်းမှာ အစားအသောက်များကို အငမ်းမရ စားသောက်နေသည်ကို ကြည့်ပြီး ပြုံးနေသည်။ သူမသည် ရံဖန်ရံခါတွင် မေးခွန်းများ မေးလိုက်သည်။

ဟူယင်းသည် အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ရှိသမျှ အကုန်ဖွင့်ပြောပြနေသည်။

ရွှယ်အန်းသည် ဘေးမှ နားထောင်ရင်း ဟူယင်း ဤကမ္ဘာထဲသို့ မည်သို့ ရောက်ရှိလာကြောင်းကို နောက်ဆုံး၌ နားလည်သွားသည်။

ရွှယ်အန်း ကျဆုံးသွားပြီဆိုသော သတင်း ရောက်လာစဉ်က ဟူယင်းသည် အလွန်စိတ်ထိခိုက်သွားပြီး ထိုသတင်းကို လုံးဝ မယုံကြည်ခဲ့ပေ။ ရွှယ်အန်းက သူသည် ကမ္ဘာမြေမှ လာကြောင်း ပြောဖူးသည်ကို သူမ သတိရသွားသဖြင့် သူမသည် ချင်ချိုးမြေခွေးကမ္ဘာမှ တိတ်တဆိတ် ထွက်ခွာလာပြီး ရွှယ်အန်းကို ရှာဖွေရန် ကမ္ဘာမြေသို့ သွားရောက်ဖို့ လေဟာနယ်ကို ဖြတ်သန်းခဲ့သည်။

သို့သော် မထင်မှတ်ဘဲ လမ်းခုလတ်တွင် တိုက်ခိုက်ခံရပြီး ဤကမ္ဘာထဲသို့ ဆွဲခေါ်ခံလိုက်ရခြင်း ဖြစ်လေသည်။

All Chapters