← Chapters

လုပ်သင့်တာလုပ်ပြီး၊ မလုပ်သင့်တာရှောင်မယ်

Vol. 63 Ch. 942

လုပ်သင့်တာလုပ်ပြီး၊ မလုပ်သင့်တာရှောင်မယ်

Vol. 63 Ch. 942

အန်းယန်က ခေါင်းညိတ်လိုက်သည်။

"အော်... အဲ့ဒီလိုကိုး၊ ဒါနဲ့ ညီမလေးက ဘယ်လိုလုပ်ပြီး ဒီလူတွေရဲ့ ခေါင်းဆောင် ဖြစ်လာတာလဲ"

ထိုကိစ္စနှင့် ပတ်သက်၍ ဟူယင်းမှာ အတော်လေး ဂုဏ်ယူနေပုံရသည်။

"ညီမလေး ဒီကမ္ဘာကို စရောက်တုန်းက သွေးမျိုးဆက် အပိတ်ခံထားရတယ် ပြီးတော့ လူဆိုးတွေရဲ့ ဖမ်းတာကို ခံလိုက်ရတယ်၊ ဟုတ်တယ်... ညီမလေး အရင်က ဒီမြို့တော်ကို ရောက်ဖူးသလိုပဲ၊ အခုမှ သတိရတော့တယ်... ညီမလေးက ဒီမြို့ထဲက ကျီလဲ့ခန်းမဆိုတဲ့ နေရာမှာ ရောင်းစားခံခဲ့ရတာ"

ထိုစကားကို ကြားလိုက်ရသည့်အခါ ဘေးနားတွင် ဝိုင်သောက်နေသော ယန်ရှီသည် သီးမလိုပင် ဖြစ်သွားသည်။

ရွှယ်အန်းလည်း သဘောပေါက်သွားသည်။

ထိုစဉ်တုန်းက ကျီလဲ့ခန်းမထဲမှာ ထူးခြားသည့် အငွေ့အသက်တစ်ခုခံစားရခြင်းမှာ ဤအတွက်ဖြစ်ရမည်။

"နောက်တော့ အဲ့ဒီလူယုတ်မာတွေက ညီမလေးကို တခြားယောက်ျားတွေနဲ့ ဝိုင်သောက်ခိုင်းပြီး ဧည့်ခံခိုင်းကြတယ်၊ ညီမလေးက ငြင်းတော့ ခြိမ်းခြောက်ကြတယ်၊ ဒေါသထွက်ထွက်နဲ့ အဲဒီလူတွေ အကုန်လုံးကို သတ်ပစ်လိုက်တာ"

ထိုစကားကို ကြားသောအခါ ယန်ရှီ ရုတ်တရက် သတိရသွားသည်။

"အခုမှ မှတ်မိတော့တယ်၊ အဲဒီတုန်းက ကျီလဲ့ခန်းမမှာ တကယ်ပဲ အဲဒီလို အဖြစ်အပျက်မျိုး ဖြစ်ခဲ့ဖူးတယ်၊ ပြည့်တန်ဆာရုံကြီးတစ်ခုလုံး တစ်ညတည်းနဲ့ လူအသတ်ခံလိုက်ရတာ... ဘယ်သူလုပ်သွားလဲဆိုတာ ဘယ်တော့မှ ပေါ်မလာခဲ့ဘူး"

ဟူယင်းက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ညီမလေး လုပ်တာလေ၊ အဲ့ဒီလူတွေက သေသင့်လို့ သတ်တာ၊ အပြစ်မရှိတဲ့သူကို တစ်ယောက်မှ မသတ်ခဲ့ပါဘူး"

ဟူယင်း ပြောနေရင်းနှင့် ဆရာ့ချီးကျူးမှုကို မျှော်လင့်နေသော ကျောင်းသားတစ်ယောက်အလား ရွှယ်အန်းကို မျှော်လင့်တကြီး ကြည့်နေသည်။

ရွှယ်အန်း မရယ်ဘဲမနေနိုင်တော့ချေ။ သူသည် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။

"လုပ်တာ ကောင်းတယ်"

ရွှယ်အန်း၏ ချီးကျူးစကားကို ကြားလိုက်ရသောအခါ ဟူယင်း၏ မျက်လုံးလေးများ လခြမ်းကွေးလေးများ ဖြစ်သွားသည်အထိ ပြုံးလိုက်သည်။

"နောက်တော့ ညီမလေး မြို့တော်ကနေ ထွက်ပြေးပြီး လျှောက်သွားနေခဲ့တယ်၊ သွေးမျိုးဆက် ပိတ်ဆို့ထားတာတွေ ပွင့်လာပြီး အင်အားကြီးလာတော့ ဒီနောက်လိုက်တွေကို စုစည်းပြီး ရှောင်ချင်ချိုးကို တည်ထောင်လိုက်တာ၊ ပြီးတော့ တစ္ဆေမဟာမိတ်အဖွဲ့က လူယုတ်မာတွေကို စပြီး ပြန်တိုက်ခိုက်ခဲ့တယ်"

ထိုအကြောင်းကိုပြောနေရာမှ ဟူယင်း၏ အသံတွင် ဝမ်းနည်းမှုအချို့ ပါဝင်လာသည်။

"ကံဆိုးတာက ညီမလေး အင်အားမလုံလောက်လို့ နောက်လိုက်တွေ အများကြီး အလကား သေခဲ့ရတယ်၊ တစ္ဆေမဟာမိတ်အဖွဲ့က အကြီးအကျယ်ဝင်တိုက်တော့ ဒေါသထွက်ပြီး ကိုယ့်ဝိညာဉ်ကိုယ် မီးရှို့ပြီး ပြန်တိုက်ခဲ့တာ"

ဟူယင်း၏ စကားကိုကြားသောအခါ ခန်းမထဲရှိ ကျင့်ကြံသူများ အားလုံး တိတ်ဆိတ်သွားကြသည်။

ထို့နောက် တစ်ယောက်က ခွက်ကို ကိုင်ကာ မတ်တတ်ရပ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလေသည်။

"ခေါင်းဆောင်လေး... ခေါင်းဆောင်လေးက ဘယ်သူပဲဖြစ်ဖြစ် ဘယ်လိုရာထူးအဆင့်အတန်းပဲရှိရှိ... ဒီကာလတစ်လျှောက်လုံး ကျွန်တော်တို့အတွက် ဘာတွေ လုပ်ပေးခဲ့တယ်ဆိုတာ အားလုံး အသိပါ"

"ကျွန်တော်တို့ကို ကာကွယ်ဖို့အတွက် ခေါင်းဆောင်လေးက ကိုယ့်ဝိညာဉ်ကိုယ် မီးရှို့တဲ့အထိ စွန့်လွှတ်ခဲ့တာ၊ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေသာ ဒါကို မြင်ရင် နောင်တရကြမှာ မဟုတ်ပါဘူး"

"ဟုတ်ပါတယ်... ခေါင်းဆောင်လေး လုပ်ခဲ့တာတွေက လုံလောက်တာထက် ပိုပါတယ်၊ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့လည်း ဒီကမ္ဘာထဲ အပိတ်မခံရခင်တုန်းက နေရာအသီးသီးရဲ့ ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတာပါ၊ ဒါပေမဲ့ ခေါင်းဆောင်လေးနဲ့ တွေ့ပြီးမှပဲ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာ၊ လုပ်သင့်တာလုပ်ပြီး မလုပ်သင့်တာကို ရှောင်တာတွေရဲ့ အဓိပ္ပာယ်ကို နားလည်လာခဲ့ရတာပါ"

"မှန်တယ်... ခေါင်းဆောင်လေးက ကျွန်တော်တို့ စိတ်နှလုံးထဲမှာ အမြဲတမ်း ခေါင်းဆောင်ပါပဲ၊ ကျွန်တော် ဂုဏ်ပြုပါရစေ"

ထိုစကားများကို ကြားလိုက်ရသောအခါ ခန်းမထဲရှိ ကျင့်ကြံသူအားလုံး မတ်တတ်ရပ်လိုက်ကြပြီး ဟူယင်းဘက်သို့ ခွက်များမြှောက်ကာ ပြောလိုက်ကြသည်။

"ခေါင်းဆောင်လေးကို ဂုဏ်ပြုပါတယ်"

ဟူယင်း အစပိုင်းတွင် အံ့သြသွားသော်လည်း မျက်ရည်များဝဲလာပြီး ခွက်ကို မြှောက်လိုက်သည်။

"အားလုံးကို ကျေးဇူးတင်ပါတယ်"

ထို့နောက် အားလုံး ဝိုင်များကို မော့သောက်လိုက်ကြသည်။ ရွှယ်အန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး ဝမ်းသာပီတိ ဖြစ်မိသည်။ သူ့အမြင်တွင် ဟူယင်းသည် မည်မျှပင် ကြီးပြင်းလာပါစေ၊ အမြဲတမ်း ကလေးတစ်ယောက်လို ဖြူစင်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သည်။

အဘယ်ကြောင့်ဆိုသော် သူမကို ဟူယွဲ့နှင့် ချင်ချိုးမြေခွေးတိုင်းပြည် တစ်ခုလုံးက အလိုလိုက်ထားခဲ့သောကြောင့်ဖြစ်သည်။

သို့သော် ဒုက္ခဆင်းရဲကို မကြုံတွေ့ရဘဲ မည်သို့ ရင့်ကျက်လာနိုင်မည်နည်း။

ဤအဖြစ်အပျက်ပြီးနောက် ဟူယင်းသည် ဘဝအမှန်တရားများစွာကို နားလည်လာလိမ့်မည်ဟု သူ ယုံကြည်သည်။

စားသောက်ပွဲမှာ ဆက်လက်ကျင်းပနေပြီး လေထုမှာ ပိုမြိုင်ဆိုင်လာသည်။ ဟူယင်း ဝိုင်အတော်များများ သောက်ထားသဖြင့် သူမ မျက်နှာလေးမှာ နီရဲနေသည်။

ထို့နောက် သူမက ကလေးဆန်သော လေသံဖြင့် မေးလိုက်သည်။

"ကိုကြီးရွှယ်... နောက်ကျ ဘာဆက်လုပ်ကြမလဲ"

ထိုစကားကို ကြားလိုက်ရသောအခါ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကျင့်ကြံသူများ၊ ယန်ရှီနှင့် အခြားသူများ အားလုံး နားစွင့်နေကြသည်။

ရွှယ်အန်းသည် ဝိုင်ခွက်ကို ချလိုက်ပြီး ဖျော့တော့စွာ ပြုံးလိုက်သည်။

"သေချာတာပေါ့... ဒီကမ္ဘာ့အချုပ်အနှောင်တွေကနေ ဖောက်ထွက်ပြီး ငါတို့ကို ဒီမှာ ပိတ်လှောင်ခဲ့တဲ့ကောင်တွေနဲ့ စာရင်းသေချာ ရှင်းရမှာပေါ့"

ထိုစကားကိုကြားသောအခါ လူတစ်အူပ်လုံး သဘောတူညီစွာဟိန်းထွက်လာသည်။

"ဟုတ်တယ်... အဲ့ဒီကောင်တွေရဲ့ မျက်နှာကို မှတ်မိနေတုန်းပဲ၊ ဒီအကြွေးကို မဆပ်ရရင် ဒီတစ်သက် ကျင့်ကြံမှုအဆင့် တက်တော့မှာ မဟုတ်ဘူး"

ကျင့်ကြံသူအားလုံး၏ ရင်ထဲတွင် ဒေါသများ ပြည့်နှက်နေသည်။

ဟူယင်းက စားပွဲခုံကို ဘုန်းခနဲ ရိုက်လိုက်သည်။

"ကိုကြီးရွှယ် ပြောတာ မှန်တယ်၊ ဒီ သခင်မလေးက လမ်းကြုံဝင်လာတာကို အလစ်တိုက်ခံရပြီး ဒီထဲ ဆွဲခေါ်ခံလိုက်ရတယ်၊ ပြီးတော့ ကလေးမလေးတစ်ယောက်လို ပြောင်းခံလိုက်ရတဲ့ ဒီအကြွေးကို မဖြစ်မနေပြန်ဆပ်ရမယ်"

ဟူယင်း၏ မျက်နှာမှာ နီရဲနေပြီး သူမကိုယ်သူမ သခင်မလေးဟု သုံးနှုန်းကာ ရဲရဲတင်းတင်း ပြောဆိုနေပုံကို ကြည့်ပြီး လူအများ ကြောင်အသွားကြသည်။

သူ... မူးနေတာများလား...

တစ်ချိန်တည်းမှာပင် ဟူယင်းသာ် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ရွှယ်အန်းကို လက်ညှိုးထိုးကာ ရယ်မောလိုက်သည်။

"ကိုကြီးရွှယ်... ကိုကြီး ခေါင်းတွေက ဘာလို့ သုံးလုံးတောင် ဖြစ်နေရတာလဲ"

သူမ ပြောပြီးသည်နှင့် ဘုန်းခနဲ လဲကျသွားပြီး ဟောက်သံကြီးများဖြင့် အိပ်ပျော်သွားလေသည်။

တစ်နေရာလုံး တိတ်ဆိတ်သွားသည်။

ရွှယ်အန်းသည် နဖူးကို လက်ဖြင့်ထောက်ကာ သက်ပြင်းချလိုက်မိသည်။ သူ မေ့သွားမိသည်မှာ သူ့အမှားဖြစ်သည်။

ဟူယင်းက ဟူယွဲ့၏ ညီမဖြစ်သောကြောင့် ဟူယွဲ့ဆိုသည်လည်း အရက်လေး နည်းနည်းထိလိုက်သည်နှင့် မူးတတ်သည့်အမျိုးဖြစ်သောကြောင့် ဟူယင်းက မထူးမခြားသာဖြစ်နိုင်သည်။

စားသောက်ပွဲမှာပြီးဆုံးသွားသည်။

အန်းယန်သည် ဟူယင်းကို ပွေ့ချီပြီး အခန်းထဲ ပြန်ပို့ပေးလျက် ရယ်မောနေမိသည်။ ဟူယင်းကို အိပ်ရာပေါ်တွင် သေချာ နေရာချပေးပြီးနောက် သူမ အခန်းထဲမှ ထွက်လာခဲ့သည်။

ခြံဝင်းထဲတွင်တော့ ရွှယ်အန်းက စောင့်နေသည်။

"အိပ်သွားပြီလား"

"အင်း"

ရွှယ်အန်း ရယ်လိုက်သည်။

"တကယ့် မောင်နှမတွေပါလား... အမူးလွန်တက်တာက ဟူယွဲ့နဲ့တစ်ပုံစံတည်းပဲ"

အန်းယန်က ရွှယ်အန်းကို မချိုမချဉ်

ပြုံးပြလိုက်သည်။

အန်းယန်၏အပြုံးကြောင့် ရွှယ်အန်း ကြက်သီးထသွားသည်။

"ဟို... ယန်အာ... ဘာဖြစ်လို့လဲဟင်"

အန်းယန် ခေါင်းခါလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ကိုကြီးရွှယ ဆိုတဲ့ အခေါ်အဝေါ်လေးက နားထောင်လို့ ကောင်းသားပဲနော်လို့ တွေးနေတာ"

ရွှယ်အန်း၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။

"ယန်အာရာ... လျှောက်မတွေးပါနဲ့"

အန်းယန် ရယ်မောလိုက်သည်။

"ကြည့်ပါဦး... ကြောက်နေလိုက်တာ။ ကျွန်မက ဘာမှမဟုတ်တာ မတွေးပါဘူး၊ လေ့လာကြည့်နေရုံပါ"

"ဘာကိုလေ့လာတာလဲ"

"ရှင် ကျင့်ကြံခြင်းလမ်းစဉ် လျှောက်လှမ်းတုန်းက တွေ့သမျှ မိန်းကလေးတိုင်းက ဘာလို့ ရှင့်ကို ကြွေသွားကြတာလဲဆိုတာလေ၊ မှန်မှန်ပြောစမ်း... ယင်းအာအပြင် တခြားလူတွေရှိသေးလား"

ရွှယ်အန်း ခေါင်းကို တွင်တွင်ခါလိုက်သည်။

"မရှိပါဘူး... ရှိရင်တောင် ကိုယ်မသိဘူး"

"ဟွန်း... ကျွန်မ ယုံမယ်မှတ်နေလား"

အန်းယန်က ပြောသော်လည်း ရယ်မောနေသည်။ ရွှယ်အန်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"နောက်တစ်ခါ ကိုယ့်ကို အဲ့ဒီလို မခြောက်ပါနဲ့တော့လားကွာ၊ ကြည့်ပါဦး... ချွေးတွေတောင် ပြန်ကုန်ပြီ"

"အော်... ဟုတ်လား၊ ချွေးပြန်တယ်ဆိုတာ တစ်ခုခု ဖုံးကွယ်ထားတာဖြစ်နိုင်တယ်"

အန်းယန်က လျှို့ဝှက်နက်နဲစွာ ပြောလိုက်သည်။ ရွှယ်အန်း နေရာတွင်ပင် တောင့်ခဲသွားသည်။

"စတာပါ"

အန်းယန်က တောက်ပစွာ ပြုံးလိုက်သည်။

သို့သော် ရွှယ်အန်း စိတ်မအေးနိုင်ခင်မှာပင် အန်းယန်က ပေါ့ပါးစွာ ထပ်ပြောလိုက်သည်။

"ဒါပေမဲ့ ရှင် မရိုးသားဘူးလို့ ကျွန်မ ထင်နေတုန်းပဲ၊ အပြစ်ဒဏ်ပေးတဲ့အနေနဲ့ ဒီည အပြင်မှာ အိပ်"

"ဟာကွာ... အပြင်မှာအေးတာကို"

"အေးတာ ကြောက်လို့လား... ရှင်က နတ်ဘုရားအဆင့်ပဲဟာ"

"နတ်ဘုရားအဆင့်က မချမ်းတတ်ဘူးလို့ ဘယ်သူပြောလဲ၊ မိန်းမကို ဖက်အိပ်တာက ပိုနွေးတာပေါ့"

"အောင်မယ်... မျက်နှာပြောင်တိုက်လိုက်တာ"

"ဟဲဟဲ... ကိုယ်က မျက်နှာပြောင်တိုက်တာပဲလေ... မင်းက ဘာလုပ်ချင်လို့လဲ"

"လူဆိုးကြီး"

သူတို့၏ အသံများ တဖြည်းဖြည်း ဝေးကွာသွားသည်။

အခန်းထဲတွင် ဟူယင်းသည် ရုတ်တရက် တစ်ဖက်သို့လှည့်လိုက်သည်။ သူမ၏ မျက်ဝန်းထောင့်တွင် မျက်ရည်စများမှာ လက်ခနဲဖြစ်လျက် ညမှာလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။

All Chapters