← Chapters

အမှားရှိပြင်၊ မရှိဆင်ခြင်

Vol. 63 Ch. 943

အမှားရှိပြင်၊ မရှိဆင်ခြင်

Vol. 63 Ch. 943

၉၄၃) -

ချင်းအာသည် စိုးရိမ်ပူပန်နေသော မျက်နှာထားဖြင့် အခန်းထဲသို့ ဝင်လာပြီး အစားအသောက်ကို စားပွဲပေါ်တွင် တင်လိုက်ကာ ညင်သာစွာ ပြောလိုက်သည်။

"သခင်မလေး... တစ်ခုခုလောက်တော့ စားလိုက်ပါဦးနော်"

ရက်အတော်ကြာအောင် အခန်းအောင်းနေခဲ့သော ထန်လင်းအာသည် တွေဝေငေးမောစွာဖြင့် ခေါင်းခါလိုက်သည်။

"မစားတော့ဘူး... ငါ ဗိုက်မဆာဘူး"

"သခင်မလေး စိတ်ညစ်နေတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ လူဆိုတာ အစာတော့ ဝင်မှဖြစ်မှာပေါ့"

ချင်းအာက တိုးညှင်းစွာ ပြောရှာသည်။

ထန်လင်းအာသည် ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် ခေါင်းပြန်လှည့်ကာ စာကိုသာ ဆက်ရေးနေလိုက်သည်။ ချင်းအာ ရှေ့သို့ တိုးသွားကြည့်လိုက်ရာ စာရွက်များပေါ်တွင် ရွှယ်အန်း၏ ကဗျာတို သုံးပုဒ်ဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရလေသည်။

"သခင်မလေးရယ်..."

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချင်းအာ၏ အသံမှာတုန်ရီသွားသည်။

ထန်လင်းအာသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ဝမ်းနည်းမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် စာကိုသာ တိတ်တဆိတ် ဆက်ရေးနေလေသည်။

ထိုအချိန်မှာပင် ခြံဝင်းထဲ၌ ဆူညံသော ခြေသံများ ထွက်ပေါ်လာပြီးနောက် ထန်ရှန်းသည် စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် အခန်းထဲသို့ အလျင်စလိုဝင်လာခဲ့သည်။

"လင်းအာ... ဒါ ဘာလဲဆိုတာ ကြည့်စမ်း"

သူက ပြောရင်းဆိုရင်း လက်ထဲမှ စာတစ်စောင်ကို ဝှေ့ယမ်းပြလိုက်သည်။

ထန်လင်းအာသည် ကြောင်ငေးစွာကြည့်လျက် မေးလိုက်သည်။

"ဘာကြီးလဲ"

"ဒါ အရှေ့နန်းတော်က အခုလေးတင် ပို့လိုက်တဲ့စာပဲ၊ သခင်ကြီးရွှယ် ကိုယ်တိုင် သမီးဆီကို ရေးလိုက်တာ"

သူ ပြောပြီးသည်နှင့် ထန်လင်းအာသည် ချက်ချင်း ပြေးထွက်လာကာ စာကို ဆွဲယူပြီး ဖွင့်ဖောက် ဖတ်ရှုလိုက်လေသည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။

ထန်ရှန်း၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသား ပေါ်လွင်နေသည်။

သခင်ကြီးက လင်းအာကို မှတ်မိနေသရွေ့ အခြေအနေက ကောင်းမွန်နေဆဲဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့၏ အဆင့်အတန်းနှင့် အင်အားကွာခြားမှုမှာ ကြီးမားလွန်းလှသဖြင့် ထန်ရှန်းတစ်ယောက် အခြားအတွေးများ မတွေးရဲပေ။ သို့သော် ဤအဆက်အသွယ်ကို အသုံးပြုပြီး ရွှယ်အန်းအား မှီခိုနိုင်ခဲ့မည်ဆိုလျှင် ထန်မိသားစု၏ အဆင့်အတန်းမှာ လက်ရှိအခြေအနေနှင့် နှိုင်းယှဉ်၍ပင် ရမည်မဟုတ်ချေ။ထို့ကြောင့် စာထဲတွင် ဘာများရေးထားသနည်းဟု သူလည်း အလွန် စိတ်ဝင်စားနေမိသည်။

ထိုအချိန်တွင် ထန်လင်းအာသည် စာကို စိုက်ကြည့်ရင်း မျက်ရည်များ စီးကျလာသည်။ ထန်ရှန်းနှင့် ချင်းအာတို့ နှစ်ယောက်စလုံး လန့်ဖျပ်သွားကြသည်။

"သခင်မလေး... သခင်ကြီးရွှယ်က ဘာတွေ ရေးထားလို့လဲ"

ထန်လင်းအာသည် ခေါင်းခါလိုက်ပြီးနောက် စာကိုရင်ခွင်ထဲတွင် မြတ်နိုးစွာ သိမ်းဆည်းလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... မနက်ဖြန်ကျရင် အရှေ့နန်းတော်ကို လာခဲ့ဖို့ မှာထားတာပါ"

ထန်ရှန်းမှာ အတိုင်းမသိ ဝမ်းသာသွားလေသည်။

"လင်းအာကိုများ သတို့သမီးအဖြစ် တော်ကောက်ယူချင်တာလား"

ထန်လင်းအာသည် သူမ၏ ဖခင်ကို အေးစက်စက်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထန်ရှန်းသည် နေရခက်စွာဖြင့် ခေါင်းကုတ်လိုက်ပြီး ပြောလိုက်သည်။

"အဟမ်း... ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိသေးတာ ရုတ်တရက် သတိရသွားလို့ အဖေ အရင်သွားနှင့်တော့မယ်"

ထို့နောက်သူသည် အခန်းထဲမှ ထွက်ခွာသွားသော်လည်း သူ၏ ရင်ထဲမှ ပျော်ရွှင်မှုများမှာ လျှံကျမတတ်ဖြစ်ပေါ်နေသည်။

ချင်းအာသည် ပြောချင်သော်လည်း မပြောရဲဖြစ်နေပြီး အဆုံးတွင် သက်ပြင်းချကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။

ထန်လင်းအာသည် မှန်ရှေ့တွင် ငေးငိုင်စွာ ထိုင်နေပြီး အနည်းငယ် ပိန်ကျသွားသော်လည်း ပန်းတစ်ပွင့်ပမာ လှပနေဆဲဖြစ်သော သူမ၏ပုံရိပ်ကို

ကြည့်နေမိသည်။

ရွှယ်အန်း၏ စာမှာ အလွန် ရိုးရှင်းလှသည်။ သို့သော် ထိုစာတိုလေးသည် ထန်လင်းအာ၏ ရင်ထဲတွင် မုန်တိုင်းထန်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းက သူမအား ပွင့်ပွင့်လင်းလင်း ပြောပြထားသောကြောင့်ဖြစ်သည်။ သူမ၏ ငယ်သူငယ်ချင်း ရွှယ်အန်းမှာ လွန်ခဲ့သော ကာလကြာမြင့်စွာကတည်းက သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ရေးသားထားသည်။ သူသည် ပြင်ပကမ္ဘာမှ ရောက်လာသူ ဖြစ်သည်။

ထန်လင်းအာသည် ရွှယ်အန်း၏ ထူးချွန်သော စွမ်းရည်များသည် လွန်ခဲ့သော ဆယ်နှစ်ကျော်က ကံကောင်းထောက်မစွာရရှိခဲ့သော အခွင့်အရေးတစ်ခုခုကြောင့်ဖြစ်မည်ဟု ထင်မှတ်ခဲ့ဖူးသည်။

သို့သော် ယခုအခါတွင် ထျန်ရှန်းမြို့တော်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သော ရွှယ်အန်းမှာ အမှန်တကယ်တော့ အခြားလူတစ်ယောက်ဖြစ်နေကြောင်း သူမ နားလည်လိုက်သည်။

ဤအချက်က ထန်လင်းအာ၏ စိတ်နှလုံးကို ဂယောက်ဂယက် ဖြစ်သွားစေခဲ့သည်။

ရွှယ်အန်းအပေါ်ထားရှိသော သူမ၏ ခံစားချက်များသည် ငယ်သူငယ်ချင်း သံယောဇဉ်အပေါ် အခြေခံသည်လား၊ သို့မဟုတ် လက်ရှိရွှယ်အန်း၏ အရည်အချင်းနှင့် အင်အားအပေါ် အခြေခံသည်လားဆိုသည်ကို သူမ ကိုယ်တိုင်လည်း မဝေခွဲတတ်တော့ပေ။

"ပြင်ပကမ္ဘာ..."

ထန်လင်းအာသည် တီးတိုး ရေရွတ်လိုက်ရာ သူမ၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပလာသည်။ စကားလုံးလေးလုံးသာ ဖြစ်သော်လည်း ထန်လင်းအာအတွက် အဓိပ္ပာယ်များစွာ သက်ရောက်စေသည်။

ရွှယ်အန်းကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်မျိုးရှိနေခြင်းက ပြင်ပကမ္ဘာသည် ဤနေရာထက်များစွာ ပိုမိုစိတ်လှုပ်ရှားဖွယ်

ကောင်းလိမ့်မည်ဟု ညွှန်ပြနေသည်။

ထိုအကြောင်းကို တွေးမိသောအခါ ထန်လင်းအာသည် ရင်ခွင်ထဲမှ စာကို ထုတ်ယူလိုက်ပြီး ရွှယ်အန်း ရေးထားသော နောက်ဆုံးစာကြောင်းကို ကြည့်လိုက်သည်။

"မကြာခင်မှာ ကိုယ် ဒီကမ္ဘာကြီးရဲ့ သော့ခလောက်တွေကို ဖွင့်ပေးတော့မယ်၊ မင်း ဆန္ဒရှိရင် အင်မော်တယ်ဖြစ်အောင် ကိုယ် ကူညီပေးနိုင်တယ်"

အင်မော်တယ်...

ထိုစကားလုံးများသည် ထန်လင်းအာ၏ ရင်ထဲတွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်နေပြီး အဆုံးတွင် သူမ၏ မျက်နှာပေါ်၌ ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။

"ငါ့စိတ်ထဲမှာ နှစ်သက်မိတာက ရွှယ်အန်းပဲ... ရှင်က ဘယ်သူပဲဖြစ်ဖြစ်၊ တခြားလူနဲ့ မဆိုင်ဘူး... အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းနိုင်မယ်ဆိုရင် ရှင့်ရဲ့ နောက်မှာ ရပ်တည်ဖို့ ကျွန်မ ဆန္ဒရှိတယ်"

ငယ်စဉ်ကတည်းက စီးပွားရေးလောကတွင် ကျင်လည်ခဲ့သော ဤမိန်းမပျိုလေးသည် ဤအချိန်တွင် ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်လေသည်။ ထိုစာမျိုးသည်ပ တန်ကွေ့ဖန်ရှိ နျဲ့ယိဟန်၏ လက်ထဲသို့လည်း ရောက်ရှိလာခဲ့သည်။

သူမသည်လည်း အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက် အကြီးအကျယ် ဗျာများနေခဲ့သည်။

သတင်းကြားလျှင်ကြားချင်း မေရှသည် အလျင်စလို ရောက်ရှိလာသည်။ အင်မော်တယ်ဖြစ်အောင် ကူညီပေးမည်ဟူသော စာကြောင်းကိုမြင်လိုက်ရသောအခါ မေရှ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အသက်ရှူမြန်လာလေသည်။

"ယိဟန်... နင် ဘာတွေ တွေးနေတာလဲ"

နျဲ့ယိဟန်သည် တွေဝေစွာ ခေါင်းခါလိုက်သည်။

"မသိတော့ပါဘူး... အခု ငါ့စိတ်တွေ ရှုပ်ထွေးနေတယ်"

မေရှက ခါးသက်သက် ပြုံးလိုက်သည်။

"အမှန်အတိုင်းပြောရရင် ယိဟန်... နင့်ရဲ့ ကံတရားကို ငါ တကယ် အားကျမိတယ်၊ သခင်လေးရွှယ်လိုပုဂ္ဂိုလ်နဲ့ တွေ့ဆုံရတာ နင့်ရဲ့ ကံကောင်းမှုပဲ"

"နင် ဘာတွေ တွေးနေလဲဆိုတာ ငါသိပေမဲ့ မမျှော်လင့်သင့်တာတွေကို စိတ်ကူးမယဉ်ဖို့ ငါ အကြံပေးချင်တယ်... ဒါပေမဲ့ လက်ရှိရနေတဲ့ အခွင့်အရေးကိုတော့ အရယူထားရမယ်၊ ဒီအခွင့်အရေးကို ရဖို့အတွက် လူဘယ်နှစ်ယောက်လောက် အသက်ပေးပြီး လုယူချင်နေကြလဲဆိုတာ နင် နားမလည်ပါဘူး"

မေရှ၏ စကားကြောင့် နျဲ့ယိဟန်၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားပြီး အဆုံးတွင် ခေါင်းငုံ့လိုက်သည်။

"ငါ နားလည်ပါပြီ"

အမှန်စင်စစ် ရွှယ်အန်း ပေးပို့လိုက်သော ဤစာများသည် အန်းယန်၏ ခွင့်ပြုချက်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။ ရွှယ်အန်းသည် ဤအကြံအစည်ကို တင်ပြပြီးနောက် အနည်းငယ် စိုးရိမ်စွာဖြင့် ပြောခဲ့သည်။

"ယန်အာ... ကိုယ် တွေးမိတာက ဒီနှစ်ယောက်ရဲ့ အရည်အချင်းက မဆိုးဘူးလေ၊ ကိုယ်တို့တွေက ဒီကမ္ဘာကြီးရဲ့ သော့ခလောက်တွေကို ဖွင့်ပေးတော့မှာပဲဟာ၊ သူတို့ကို လက်တစ်ကမ်းလောက် ကူညီပေးလိုက်ရင် မကောင်းဘူးလားလို့ပါ"

ထို့နောက် သူက လျင်မြန်စွာ ထပ်ပြောလိုက်သည်။

"မင်း သဘောမတူရင်လည်း ကိုယ် မပြောခဲ့ဘူးလို့သာ သဘောထားလိုက်ပါ"

အန်းယန်သည် ထိုစကားကို ကြားသောအခါ ချိုသာစွာပြုံးလိုက်သည်။

"ဘာလို့ သဘောမတူရမှာလဲ၊ ဒါ ကောင်းတဲ့ကိစ္စပဲဟာ"

"ဒါပေမဲ့..."

အန်းယန် ခေါင်းခါလိုက်သည်။

"ကျွန်မက အဲဒီလောက် သဘောထားသေးသိမ်တဲ့ မိန်းမမို့လို့လား"

ထို့နောက် သူမက အပြုံးဖြင့် ပြောလိုက်သည်။

"ယောက်ျား... ရှင့်ရဲ့ ဘယ်အချက်ကို ကျွန်မ အကြိုက်ဆုံးလဲသိလား"

ရွှယ်အန်းက ရယ်မောလိုက်သည်။

"ချောမောပြီး စွမ်းအားကြီးတာမလား"

စွမ်းအားကြီးကြောင်း ပြောသောအခါ ရွှယ်အန်းက လေသံကို တမင် မြှင့်ပြောလိုက်သည်။

အန်းယန်၏ ပါးပြင်လေးများ အနည်းငယ် ရဲသွားပြီး မကျေနပ်ဟန်ပြုလိုက်သည်။

"တော်စမ်းပါ... ရှင်နဲ့ အလေးအနက် ပြောနေတာကို၊ ဒီအတိုင်းသာ ဆက်လုပ်နေရင် ဒီညခြံဝင်းထဲမှာ အိပ်ရမယ်လို့သာ မှတ်"

ရွှယ်အန်းက ချက်ချင်းပင် လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ပြောပါ... ယန်အာ ပြောပါဗျ"

အန်းယန်သည် ရယ်ချင်သကဲ့သို့ဖြစ်သွားပြီး သက်ပြင်းတိုးတိုး ချလိုက်သည်။

"ကျွန်မ ကြိုက်တာက ရှင့်ဆီမှာရှိတဲ့ လူသားဆန်မှုပဲ"

"ကျွန်မတို့ စတွေ့တုန်းက ဘာမှမရှိတဲ့ ဆင်းရဲသား ကောင်လေးပဲဖြစ်ဖြစ်၊ လေးနှစ်ကြာပြီးနောက် အင်မော်တယ်အရှင်သခင်အဖြစ် ပြန်ရောက်လာတဲ့အချိန်ပဲဖြစ်ဖြစ် ရှင့်ရဲ့ နှလုံးသားက အမြဲတမ်း ဖြူစင်နေတယ်"

"ကိစ္စတော်တော်များများကို ရှင် လျစ်လျူရှုထားလို့ရပေမဲ့ ရှင်က ဝင်ပါဖို့ ရွေးချယ်ခဲ့တယ်"

"အခုကိစ္စမှာဆိုရင်လည်း ရှင်က ဒီကမ္ဘာကြီးရဲ့ သော့ခလောက်တွေကိုဖွင့်ပြီး ဂရုမစိုက်ဘဲ ထွက်သွားလို့ ရတာပဲ ဒါပေမဲ့ လူအများကြီးကို မျှော်လင့်ချက်ပေးဖို့ နည်းလမ်းရှာခဲ့သေးတယ်"

"မြင့်မားတဲ့ နေရာမှာရှိနေပြီး လူတစ်ယောက်ကို သေစေနိုင်၊ ရှင်စေနိုင်တဲ့ အာဏာရှိပေမဲ့ ဒီလိုလုပ်ပေးနိုင်တာက... ကျွန်မနှစ်သက်တဲ့ သူပါပဲ"

ချီးကျူးခံရသဖြင့် ရွှယ်အန်း ရှက်သွားပြီး ပြောလိုက်သည်။

"ကိုယ်က တကယ်ပဲ အဲ့ဒီလောက် ကောင်းလို့လား"

"ကျွန်မ မျက်လုံးထဲမှာတော့ ရှင်က အကောင်းဆုံးပဲ"

အန်းယန်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"ယန်အာ... မင်းက တကယ် သဘောကောင်းတာပဲ"

ရွှယ်အန်းက ရိုးသားစွာ ပြောလိုက်သည်။

သို့သော် ထိုအချိန်မှာပင် အန်းယန်က လက်လှမ်းလိုက်ပြီး ရွှယ်အန်း၏ခါးကို အသာအယာ လှမ်းဆွဲလိမ်လိုက်သည်။

ရွှယ်အန်းက စုပ်သပ်လိုက်သည်။

"ယန်အာ... ဘာလုပ်တာလဲ"

အန်းယန်က ကစားချင်လိုစွာဖြင့် ရယ်မောလိုက်သည်။

"ရှင်လုပ်နေတာတွေက မှန်တယ်လို့ ကျွန်မ ထင်ပေမဲ့ စိတ်ထဲမှာတော့ ဘဝင်မကျသလို ခံစားနေရတုန်းပဲ၊ ဒါကြောင့် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဆွဲလိမ်လိုက်တာ"

ရွှယ်အန်းက စိတ်ပျက်လက်ပျက် အော်ပြောလိုက်သည်။

"ယန်အာ... ကိုယ့်မှာ တခြားရည်ရွယ်ချက် ဘာမှမရှိပါဘူးဆို"

အန်းယန် ခေါင်းညိတ်လိုက်သည်။

"သိပါတယ်၊ ဒါပေမဲ့ နွားပျောက်မှ ခြံခတ်တာထက်စာရင် စောစောစီးစီး ကာကွယ်ထားတာက ပိုကောင်းတယ်လေ၊ ဒါကို ကြိုတင်ကာကွယ်ဆေး ထိုးထားတယ်လို့ပဲ သဘောထားလိုက်"

ရွှယ်အန်း: "….”

All Chapters