← Chapters

လက်သီးဖြင့် မိုးမြေကိုခွဲ၊ စကြဝဠာကို ပြန်စီမံ၊ ကြာပန်းများ ဝေဆာလျက်၊ အစစ်အမှန် လူသားလောက

Vol. 63 Ch. 944

လက်သီးဖြင့် မိုးမြေကိုခွဲ၊ စကြဝဠာကို ပြန်စီမံ၊ ကြာပန်းများ ဝေဆာလျက်၊ အစစ်အမှန် လူသားလောက

Vol. 63 Ch. 944

ထိုနေ့တွင် ထျန်ရှန်းမြို့၏ လမ်းမများပေါ်တွင် အစောင့်အကြပ်များ ထူထပ်စွာ ချထားလေသည်။

ထန်လင်းအာနှင့် နျဲ့ယိဟန်တို့ အရှေ့နန်းတော်ထဲသို့ ဝင်ရောက်လာချိန်တွင် လေထုအခြေအနေမှာ ပိုမို လေးနက်တည်ငြိမ်နေသည်။ ရှောင်ချင်ချိုးမှ ကျင့်ကြံသူအားလုံးသည် စုရုံးရောက်ရှိနေကြပြီး စစ်သူကြီးစင်မြင့်ပေါ်တွင် ရပ်နေသော ပုံရိပ်ကို လေးစားအားကျစွာ မော့ကြည့်နေကြလေသည်။

ရွှယ်အန်းသည် အမျိုးသမီးနှစ်ယောက် ရောက်ရှိလာသည်ကို မြင်လိုက်ရသဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။

ထို့နောက် သူသည် လက်ရန်းပေါ်တွင် လက်တင်လိုက်ပြီး အောက်ဘက်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"မင်းတို့အားလုံး ဒီနေရာကို မဟာပိတ်ဆို့ခြင်းအတတ်ကြောင့် ပါလာကြရတာ... အခု ငါ မင်းတို့ကို တစ်ခွန်းပဲမေးမယ်... ငါ့နောက်လိုက်ပြီး ရန်သူတွေကို သတ်ချင်ကြလား"

"သတ်ချင်ပါတယ်"

ရှောင်ချင်ချိုးမှ ကျင့်ကြံသူအားလုံးက စိတ်အားထက်သန်စွာဖြင့် အရိုအသေပြုရင်း ပြိုင်တူဖြေကြားလိုက်ကြသည်။

"ဆန္ဒမရှိတဲ့သူ ရှိရင် အခု ပြောနိုင်တယ်"

မည်သူကမျှ အသံမထွက်ရဲကြပေ။

ရွှယ်အန်းသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"ကောင်းပြီ... ဒါဆိုရင်တော့ ငါ ဒီကမ္ဘာကြီးရဲ့ သံကြိုးတွေကို ရိုက်ချိုးပြီး စကြဝဠာကြီးဆီကို ပြန်သွားကြတာပေါ့"

ရွှယ်အန်း ပြောပြီးသည်နှင့် သူ့မျက်လုံးများထဲတွင် ကြီးမားသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ သူ ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ယံသို့ ဒုံးပျံပမ။ ထိုးတက်သွားကာ မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။

အပေါ်သို့ ရောက်သောအခါ ရွှယ်အန်းသည် စကြဝဠာကြီးကို ငုံ့ကြည့်လိုက်ရာ နှုတ်ခမ်းထောင့်တွင် ဖျော့တော့သော အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူသည် အသက်ဝဝ ရှူသွင်းလိုက်လေသည်။ထိုလေရှူသွင်းမှုသည် မိုးကောင်းကင်ကို ဖြတ်တိုက်သော လေပြင်းမုန်တိုင်းအလား တိမ်တိုက်များကို ခန့်မှန်းရခက်စွာ ပြောင်းလဲသွားစေသည်။

ထို့နောက် ရွှယ်အန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပြင်းထန်စွာ လေမှုတ်ထုတ်လိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

"နည်းလမ်းပေါင်း တစ်ထောင်ပဲဖြစ်ဖြစ်၊ မန္တာန်ပေါင်း တစ်သောင်းပဲဖြစ်ဖြစ်... ငါ လက်သီးတစ်ချက်တည်းနဲ့ အကုန်လုံးကို ရိုက်ချိုးပစ်မယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် မျက်လုံးများကို ပင့်မော့လိုက်ပြီး ကောင်းကင်ယံဆီသို့ လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။

ဘုန်း!

နားကွဲမတတ် ကျယ်လောင်သော အသံကြီးသည် အရပ်မျက်နှာအနှံ့ ပဲ့တင်ထပ်သွားပြီး ကမ္ဘာလောကတစ်ခုလုံး တိတ်ဆိတ်သွားစေသည်။

ထို့နောက် လူအများ၏ စောင့်ကြည့်နေမှုအောက်တွင် ယခင်က တိတ်ဆိတ်နေသော ကောင်းကင်ယံ၌ ရေတွက်၍မရနိုင်သော ရှုပ်ထွေးပွေလီသည့် အစီအရင်စာလုံးများ ရုတ်တရက် ပြည့်နှက်သွားလေသည်။

ထိုစာလုံးများသည် စုစည်းသွားပြီး ရွှယ်အန်း ရှိရာသို့ ဖိချလာကြသည်။

အကွာအဝေးမှာ ဝေးကွာနေသော်လည်း မြေပြင်ပေါ်ရှိ လူများသည် အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားလိုက်ကြရသည်။

"အရှင်"

လူအများအပြားမှာ မျက်နှာပျက်ယွင်းသွားကြပြီး ထိတ်လန့်တကြား ရေရွတ်လိုက်မိကြသည်။ သို့သော် ကောင်းကင်မှ ဆင်းသက်လာသော ဤဖိနှိပ်မှုကို ရင်ဆိုင်နေရသော်လည်း ကောင်းကင်အထက်တွင် ရပ်နေသော ရွှယ်အန်းသည် တွန့်ဆုတ်ခြင်း၊ ရှောင်တိမ်းခြင်း မရှိပေ။ သူ၏ ပုံရိပ်ကို အစီအရင်စာလုံးများ၏ ရွှေရောင်အလင်းတန်းများက ထိုးထားသဖြင့် ကောင်းကင်ဘုံ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

ထို့နောက် သူသည် လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ပင့်မကာ ဆင်းသက်လာသော အစီအရင်စာလုံးများကို တိုက်ရိုက် ထိန်းချုပ်လိုက်လေသည်။

ဘုန်း!

ကျယ်လောင်သော အသံကြီး ပေါ်ထွက်လာပြီးနောက် တားဆီးမရသော အရှိန်အဟုန်ဖြင့် ကျဆင်းလာနေသည့် ကောင်းကင်ယံကြီးသည် တစ်လက်မမျှပင် ဆက်မဆင်းနိုင်တော့ဘဲ ရပ်တန့်သွားရလေသည်။

ဤမြင်ကွင်းသည် လူတိုင်းကို မှင်သက်သွားစေသည်။

အဘယ်ကြောင့်ဆိုသော် ရွှယ်အန်းသည် ယခုအခါ မိုးနှင့်မြေ၏ စွမ်းအားများကို တစ်ကိုယ်တော် ယှဉ်ပြိုင်နေရသောကြောင့် ဖြစ်သည်။

ရှောင်ချင်ချိုးမှ ကျင့်ကြံသူများသည် ကြောင်ငေးစွာဖြင့် ရေရွတ်လိုက်ကြသည်။

"ဒီနေ့မှပဲ... ပြိုင်ဘက်ကင်းအစွမ်းဆိုတာ ဘာလဲဆိုတာ ငါတို့ တကယ် နားလည်သွားကြပြီ"

ဟူယင်းသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲလာပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရုတ်တရက် အော်ဟစ်လိုက်သည်။

"အစ်ကိုရွှယ်... နိုင်ကို နိုင်ရမယ်"

ဤအော်သံသည် လူများစွာကို သတိဝင်သွားစေသည်။ မရေမတွက်နိုင်သော အခြားလူများကလည်း ကျယ်လောင်စွာ စတင် အားပေးကြလေတော့သည်။

"သခင်လေးရွှယ်... နိုင်ကို နိုင်ရမယ်"

"သခင်ကြီးရွှယ်ရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းပဲ"

ထိုအော်ဟစ်သံများကြားတွင် ရွှယ်အန်းသည် ကောင်းကင်မိုးမြေကို မော့ကြည့်ကာ အားပါးတရ ရယ်မောလိုက်လေသည်။

"မိုင်ပေါင်း သုံးသောင်းကျယ်တဲ့ ကောင်းကင်ဆိုတာ ငါ့အတွက်တော့ လေပြေလေညှင်းလေး မျက်နှာကို လာထိသွားတာလောက်ပါပဲ"

"ဒီနေ့... ငါ ဒီလက်သီးနဲ့ မိုးမြေကိုခွဲပြီး စကြဝဠာကို ပုံစံသစ်ကို ပြင်ဆင်မယ်"

ထိုစကားပြီးဆုံးသည်နှင့် ရွှယ်အန်း၏ အခြားလက်တစ်ဖက်သည် လက်သီးဆုပ်လိုက်ပြီး ချက်ချင်းပင် လက်သီးချက်ပေါင်းများစွာကို ဆက်တိုက် ထိုးနှက်လိုက်လေသည်။

လက်သီးတစ်ချက် ထွက်သွားတိုင်း ကောင်းကင်ယံရှိ အစီအရင်စာလုံးများသည် ပြင်းထန်စွာ တုန်ခါသွားကြသည်။ နောက်ဆုံးလက်သီးချက်ကို ထိုးလိုက်သောအခါ ကြွပ်ဆတ်သော ကွဲအက်သံများကို ဆက်တိုက် ကြားလိုက်ရလေသည်။

ထို့နောက် မရေမတွက်နိုင်သော စာလုံးများဖြင့် ပြုလုပ်ထားသည့် ကောင်းကင်ယံကြီးသည် လုံးဝဥဿုံ ကြေမွပျက်စီးသွားလေတော့သည်။

ထိုခဏ၌ လူတိုင်းသည် သူတို့၏ရင်ဘတ်ပေါ်တွင် ဖိထားသော ကျောက်တုံးကြီး ဖယ်ရှားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရ ပြန်လည်ချောင်ချိသွားကြသည်။

ထို့နောက် ကောင်းကင်ယံမှ သက်တံရောင်အလင်းတန်းများသည် အောက်ဘက်ကမ္ဘာလောကသို့ ဆင်းသက်လာကြသည်။

"ဝိညာဉ်စွမ်းအင်တွေက သက်တံတွေအဖြစ် ပြောင်းသွားတာပဲ"

ကျင့်ကြံသူအချို့က ဝမ်းသာအားရ အော်ပြောလိုက်ကြသည်။

ဝိညာဉ်စွမ်းအင်သည် အစွန်းရောက်အောင် စုစည်းမိသွားသောအခါမှသာ တောက်ပသော သက်တံများအဖြစ် ပြောင်းလဲသွားတတ်သည်။

သက်တံရောင်အလင်းတန်းများ ကျဆင်းလာသည်နှင့်အမျှ ရက်ပေါင်းများစွာ ရေငတ်နေသော ခရီးသည်များပမာ ကမ္ဘာကြီးတစ်ခုလုံးသည် ဝိညာဉ်စွမ်းအင်များကို လောဘတကြီး စုပ်ယူကြလေတော့သည်။

လူတိုင်းလည်း မိမိတို့၏ ခန္ဓာကိုယ်များ ပြောင်းလဲလာသည်ကို ခံစားလိုက်ကြရသည်။

ကိုယ်ကာယနည်းစနစ်ကို လေ့ကျင့်သော ဒေသခံပညာရှင်များသည် သူတို့ကို ကာလကြာရှည် ဒုက္ခပေးခဲ့သော အဆို့အတားများ ရုတ်တရက် ပျောက်ကွယ်သွားပြီး တစ်ရက်တည်းဖြင့် ခွန်အားများ အဆမတန် တိုးတက်လာသည်ကို သတိထားမိလိုက်ကြသည်။

သာမန်လူများပင်လျှင် ခန္ဓာကိုယ် ပေါ့ပါးလာပြီး ကျန်းမာလာသည်ဟု ခံစားလိုက်ရသည်။

ရှောင်ချင်ချိုးမှ ကျင့်ကြံသူများမှာမူ သဘာဝဝိညာဉ်စွမ်းအင်များကို ရေငတ်နေသူများပမာ အငမ်းမရ စုပ်ယူနေကြပြီး သူတို့၏ ချိပ်ပိတ်ခံထားရသော ကျင့်ကြံမှုအဆင့်များသည်လည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကြလေသည်။

သို့သော် ဤအချိန်၌ မှုန်ဝါးဝါး စိတ်ဝိညာဉ်ပုံရိပ်တစ်ခုသည် ကောင်းကင်အမိုးခုံးထက်တွင် စတင် ပေါ်လာလေသည်။

ထိုပုံရိပ် ပေါ်လာသည်နှင့်အမျှ အလွန်အင်အားကြီးမားသော အရှိန်အဝါတစ်ခုသည် ကမ္ဘာလောကတစ်ခုလုံးကို ဖိနှိပ်လိုက်သည်။

ကျင့်ကြံသူအားလုံး ထိတ်လန့်သွားကြပြီး တစ်စုံတစ်ယောက်က အလွန်ကြောက်ရွံ့စွာဖြင့် အော်ဟစ်လိုက်သည်။

"ဒါ အင်မော်တယ်သခင်၊ အင်မော်တယ်အဆင့် ပုဂ္ဂိုလ်ကြီးပဲ"

ထိုစကားကို ကြားသောအခါ လူအများ၏ နှလုံးသားများသည် အောက်ဆုံးထိ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ချိပ်ပိတ်ခြင်း မခံရမီက ရွှေအင်မော်တယ်အဆင့်သာရှိခဲ့သော ဤကျင့်ကြံသူများအတွက် အင်မော်တယ်သခင်အဆင့်ဆိုသည်မှာ ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် ကြီးမားသော စွမ်းအားတစ်ခု ဖြစ်သည်။

သူတို့ မထင်မှတ်ထားသည်မှာ ချိပ်ပိတ်ခြင်းကို ဖွင့်လိုက်ပြီးနောက်တွင် အင်မော်တယ်အဆင့်၏ လက်ကျန်အရှိန်အဝါက သူတို့ကို ဆက်လက် ဖိနှိပ်နေဆဲဖြစ်သည်။

ထိုမျှအစွမ်းထက်သော ဖြစ်တည်မှုမျိုးကို ရင်ဆိုင်ရာတွင် ရွှယ်အန်း အနိုင်ရနိုင်ပါ့မလား...

လူအများက စိုးရိမ်တကြီး မော့ကြည့်နေကြသည်။ ထိုအချိန်တွင် ထိုစိတ်ဝိညာဉ်ပုံရိပ်သည် အေးစက်စက် ရယ်မောလိုက်သည်။

"ငါ့ရဲ့ အစီအရင်ကိုဖျက်ရဲတယ်ပေါ့... သေလမ်းရှာနေတာပဲ"

အမျိုးသမီးအသံတစ်ခုမှာ ထွက်ပေါ်လာသည်။ ရွှယ်အန်းသည် ထိုစကားကို ကြားသောအခါ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အသံဖြင့် ပြန်လည်ရယ်မောလိုက်လေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဤအသံနှင့် အလွန်ရင်းနှီးနေသောကြောင့် ဖြစ်သည်။

သူ နတ်ဘုရင်အိုဒင်ကို သတ်ဖြတ်ခဲ့သော နောက်ဆုံးအခိုက်အတန့်တွင် ရုတ်တရက်ရောက်ရှိလာပြီး မဟာပိတ်ဆို့ခြင်းအတတ်ကို အသုံးပြုခဲ့သူမှာ ဤအမျိုးသမီးပင် ဖြစ်သည်။

ထို့ကြောင့် သူက လှောင်ပြောင်လိုက်သည်။

"မင်းရဲ့ ကိုယ်ထည်အစစ် ဒီကိုရောက်လာရင်တောင် ငါ့ပြိုင်ဘက်မဟုတ်တာ ဒီ စိတ်ဝိညာဉ်ပုံရိပ်လောက်ကတော့ ပြောမနေနဲ့တော့"

"ဟမ့်"

အင်မော်တယ်သခင်သို့ တက်လှမ်းပြီးနောက်တွင် အင်မော်တယ်ဘုရင်ကဲ့သို့ ပုံရိပ်ပေါင်း ထောင်သောင်းချီ၍ မခွဲနိုင်သော်လည်း ကျန်ရစ်ခဲ့သော စိတ်ဝိညာဉ်ပုံရိပ်တွင် အသိစိတ်အနည်းငယ်ကို ထည့်သွင်းထားနိုင်ပေသည်။

ထို့ကြောင့် အေးစက်စွာ နှာမှုတ်လိုက်ပြီးနောက် ထိုပုံရိပ်သည် ရဲရဲတင်းတင်းပင် စတင်တိုက်ခိုက်လေတော့သည်။ အစီအရင်များကို စောင့်ကြပ်ရန် အထူးချန်ထားခဲ့သော ဤပုံရိပ်များသည် များသောအားဖြင့် ပိုင်ရှင်၏ အစွမ်းအထက်ဆုံး တိုက်ကွက်များ ပါဝင်လေ့ရှိသည်။

ထို့ကြောင့် ပုံရိပ်သည် အော်ဟစ်လိုက်ပြီး လက်ဝါးကို ဝှေ့ယမ်းလိုက်ရာ ထွက်ပေါ်လာသော အရှိန်အဝါသက်သက်ဖြင့်ပင် မိုင်ပေါင်းတစ်သောင်းကျယ်သော ကောင်းကင်ယံကို ချက်ချင်း အေးခဲသွားစေသည်။

ထို့ပြင် အပြင်းထန်ဆုံးသော တိုက်ချက်သည် ကောင်းကင်ထက်ရှိ ရွှယ်အန်းထံသို့ တည့်တည့် ဦးတည်သွားလေသည်။

အစွန်းရောက် အေးစက်မှုကြောင့် ရွှယ်အန်း ဘေးပတ်ဝန်းကျင်ရှိ အာကာသနယ်မြေသည်ပင် အက်ကွဲသံသဲ့သဲ့ ထွက်လာလေသည်။

ထိုတိုက်ခိုက်မှုကို ရင်ဆိုင်ရင်း ရွှယ်အန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထို့နောက် သူက အေးစက်စွာ ရယ်မောလိုက်သည်။

"အရင်တုန်းကတောင် တခြားသူတွေရဲ့ အကူအညီနဲ့မို့လို့ ငါ့ကို ဒီနေရာရောက်အောင် ဆွဲခေါ်နိုင်ခဲ့တာ၊ မင်းလိုလူက အင်မော်တယ်သခင်အဆင့် ဖြစ်နေရင်တောင် ငါ့အတွက်တော့ ပုရွက်ဆိတ်ပဲ"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ကြည့်ရှုနေသူအားလုံး အံ့သြသွားစေမည့် အပြုအမူကို လုပ်လိုက်သည်။ သူသည် လက်ကို နောက်ပစ်လိုက်ပြီး လှပသော ရှုခင်းကို ခံစားနေသည့်နှယ် ဂရုမစိုက်သော လေသံဖြင့် ပြောလိုက်သည်။

"ကြာပန်းတွေ ဝေဆာနေလိုက်တာ... တကယ့် လူ့ပြည်လောကပါပဲလား"

ထိုအသံသည် ကြည်လင်ပြတ်သားပြီး အေးစက်နေသော်လည်း ငြင်းဆန်၍မရနိုင်သော ကမ္ဘာလောက၏ သဘာ၀တရားတစ်ခုပမာ ဖြစ်နေသည်။

တစ်ခဏအတွင်းမှာပင် ရွှယ်အန်း၏ ပတ်ဝန်းကျင်၊ ကောင်းကင်ယံနှင့် ကမ္ဘာလောကတစ်ခုလုံးတွင် ရေတွက်၍မရနိုင်သော ကြာပန်းများသည် လေထဲမှ ရုတ်တရက် ပေါ်ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အားလုံး တပြိုင်နက် ပွင့်လန်းလာကြလေသည်။

အိပ်မက်ကဲ့သို့ ဆန်းကြယ်လှပစွာဖြင့် လူ့ပြည်လောကတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

လူတိုင်း ကြောင်ငေးကြည့်နေမိကြသည်။

ထိုတိုက်ခိုက်မှုအောက်တွင် ပုံရိပ်မှ ထုတ်လွှတ်လိုက်သော တိုက်ကွက်သည် အလိုအလျောက် ပျက်စီးသွားလေသည်။

ထို့ပြင် မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုကြာပန်းများသည် ၎င်း၏ ကိုယ်ခန္ဓာတစ်ခုလုံးတွင် ပွင့်လန်းလာကြလေသည်။

ထိုပုံရိပ်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"မဖြစ်နိုင်ဘူး..."

သူမ အသံထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။ သို့သော် နောက်ဆုံးတွင် ထိုပုံရိပ်သည် နုနယ်ပုံရသော ကြာပန်းများ၏ စုပ်ယူခြင်းကိုခံလိုက်ရပြီး အသက်စွမ်းအင်များ တဖြည်းဖြည်း ကုန်ဆုံးသွားရလေသည်။

မှေးမှိန်ပျောက်ကွယ်သွားသော စိတ်ဝိညာဉ်ပုံရိပ်ကိုကြည့်ရင်း ရွှယ်အန်းက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"မလောပါနဲ့... နောက်တစ်ခါကျရင် မင်းရဲ့ ခန္ဓာကိုယ်အစစ်အလှည့်ပဲ”

All Chapters