Chapter 1727
Vol. 116 Ch. 1727
ထိုအခိုက်အတန့်တွင် သူသည် နက်ဗျူလာ၏ ခန္ဓာကိုယ်မှ မယုံနိုင်လောက်အောင် စွမ်းအားကို ခံစားလိုက်ရပြီး တုန်လှုပ်သွားသည်။
ရှိရှိသမျှ လူတိုင်းသည်လည်း ထိတ်လန့်တုန်လှုပ်သွားကြသည်၊ ဤမျှလောက် သေးငယ်သော ခန္ဓာကိုယ်ထဲတွင် ထိုသို့ ကြီးမားသော စွမ်းအားကြီးကို ဝှက်ထားနိုင်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
အရှိန်အဝါက ရုတ်တရက် ထိုးတက်လာသည်။
ယဲ့ဖန် လှောင်ရယ်လိုက်မိသည်။ သူမသည် ယဲ့ဖန်ထက်ပင် အသက်ကြီးသည့် မိစ္ဆာတစ်ကောင် ဖြစ်ပြီး သူပင် မယှဉ်နိုင်ပေ။
ထို့အပြင် သူတော်စင် သော်ပေါင်က သူမအသက်ကို မသိဘဲ ရန်စဝံ့ခဲ့သည်။ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူး နေခြင်းပင် မဟုတ်ပါလော။
“ဝုန်း”
နက်ဗျူလာသည် ချက်ချင်းပင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလာပြီး တစ်လောကလုံးကို စုတ်ဖြဲတော့မတတ် အရှိန်အဝါဖြင့် လူသားလက်နက်သဖွယ် ပြေးတက်လာ၏။
“ချွင်”
လက်သီးနှင့် ထိုးလိုက်သဖြင့် မှော်လက်နက်တစ်ခု ပေါက်ကွဲသွားသည်။
*ဘာလဲဟ*
သူတော်စင် သော်ပေါင် ခေါင်းမွေးထောင်သွားပြီး မျက်နှာတွင် ထိတ်လန့်စိတ်တို့ ပြည့်နှက်လာသည်။
*လူသား ခန္ဓာက မှော်လက်နက်ကို ခုခံနိုင်တယ် ဟုတ်လား*
ထို့နောက် သူ နက်ဗျူလာကို စိုက်ကြည့်လိုက်သောအခါ သူမအား လွန်စွာ ရှေးကျပြီး စည်းစနစ်ကျသော သင်္ကေတတစ်ခုဖြင့် ဝန်းရံထားသည်ကို တွေ့လိုက်ရသည်။
ယင်းက သူမ၏ အသွေးအသားတွင် တံဆိပ်ခတ်ထားသကဲ့သို့ ဖြစ်နေပြီး ကောင်းကင်တာအိုကိုပင် လက်သီး တစ်ချက်ဖြင့် ထိုးသတ်နိုင်သည်ဟု ထင်မှတ်ရသည်။
"မယုံနိုင်စရာပဲ။ ဘယ်လိုလုပ် ဒီလောကမှာ ဒီလိုစိတ်ဝိညာဉ်မျိုး ရှိနေတာလဲ"
သူတော်စင် သော်ပေါင်က ပြောလေသည်။ ခန္ဓာကိုယ်တွင် ကောင်းကင်တာအို သဘောတရားကို စည်းစနစ်တကျ ခတ်နှိပ်နိုင်ခြင်းသည် ထာဝရ တည်တံ့နိုင်စွမ်း ရှိပြီး နှစ်ပေါင်းများစွာကြာပြီးလျင်တောင်မှ မပျောက်ပျက်နိုင်ပါ။
*ဒီသတ္တဝါက အစကတည်းက အရှင်သခင် ဖြစ်နေတာပဲ*
*နတ်ဘုရားဖြစ်ဖို့ မွေးဖွားလာတာ*
“ဝုန်း ဝုန်း ဝုန်း”
ထိုအချိန်တွင် နက်ဗျူလာ၏ ဒေါသများ မြင့်တက်လာပြီး သူမ၏ မရင့်ကျက်သော မျက်နှာပေါ်တွင် ထိတ်လန့် တုန်လှုပ်ဖွယ် အမုန်းတရားများနှင့် လူသတ်ချင်စိတ်များ ပေါ်လာပြီး လက်သီး တစ်လုံးပြီး တစ်လုံး ပစ်သွင်းကာ သူတော်စင် သော်ပေါင်၏ မှော်လက်နက်ကို ဖျက်ဆီးလေသည်။
သူမ၏ ခန္ဓာကိုယ်သည် ပြိုင်စံရှားလှပေ၏။
“ဂါး”
ထိုအခိုက်တွင် သူမသည် ရုတ်တရက် ပါးစပ်ကို ဟလိုက်ပြီး ကြယ်တာရာကို ဝါးမျိုနိုင်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ဟင်းလင်းပြင်ကို ထိုးဖောက်၍ ကောင်းကင်ကို ဆုတ်ဖြဲကာ သူတော်စင် သော်ပေါင်ထံသို့ ဆင်းသက်လာသည်။
“သေစမ်း”
သူတော်စင် သော်ပေါင် ခေါင်းမွေးထောင်သွားပြီး မှော်လက်နက်ကို အလျင်အမြန် သူ့ရှေ့၌ ကာ၍ ထိတ်လန့်စရာ ကောင်းသော တိုက်ကွက်ကို တားဆီးလေသည်။
“ဒုန်း”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လောကတစ်ခုလုံး တုန်ခါသွားသည်။ အတားအဆီးက ပြိုကျပြီး ကွဲလုမတတ် ဖြစ်နေလေပြီ။
သို့သော် ထိုမျှနှင့် မပြီးသေးချေ။ ထိုအခိုက်အတန့်တွင် ရှင်းလင်းပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
မှော်လက်နက်နှစ်ခုသည် ချက်ခြင်း အက်ကွဲလာပြီး ထိတ်လန့်စရာကောင်းသော အက်ကွဲကြောင်းများက မှော်လက်နက်များ၏ ကိုယ်ထည်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ အရှိန်အဝါသည်လည်း ချက်ချင်းပင် ကွယ်ပျောက် သွားသည်။
“မျိုးမစစ်ကောင်”
ဤသည်ကိုမြင်သော် သူတော်စင် သော်ပေါင် သေမတတ် ရင်နာသွားရသည်။
ဤမှော်လက်နက်များအားလုံးသည် သူ ခက်ခက်ခဲခဲ အရယူထားခဲ့သော အရာများ ဖြစ်ပြီး ၎င်းတို့တစ်ခုစီသည် တစ်လောကလုံးကို ရူးသွပ်သွားစေလောက်အောင် စွမ်းဆောင်နိုင်သောကြောင့် ယခုပျက်စီးမှုသည် သူ့ရင်အား ဓားနှင့် မွှန်းကဲ့သို့ ခံစားရစေသည်။
"နက်ဗျူလာ သူ့ကို သတ်ဖို့ခက်ပေမယ့် သူ့မျိုးဆက်တွေကို သတ်ဖို့က လွယ်ပါတယ်"
ယဲ့ဖန်က ထူးဆန်းသော အပြုံးဖြင့် ရုတ်တရက် အော်လိုက်သည်။
*ဟမ်*
နတ်ဘုရားမျိုးနွယ်၏ အင်မော်တယ် ဧကရာဇ်အဆင့်များက ယဲ့ဖန်ကို ထိတ်လန့်သောမျက်လုံးများဖြင့် ချက်ချင်း ကြည့်ကြသည်။
“ဪ”
နက်ဗျူလာက သဘောပေါက်ပြီး နောက်လှည့်ကာ ထိုစစ်သင်္ဘောများဆီသို့ ပြေးသွားလေသည်။
“ချီးပဲ၊ ပြေးတော့"
အင်မော်တယ် ဧကရာဇ်အဆင့်များ ထိတ်လန့်သွားကြသည်။
*ဒါ နောက်နေတာလား၊ ငါတို့ကို သူတော်စင်အဆင့်နဲ့ တိုက်စေချင်တာလား၊ ငါတို့မှာ ဆယ်ဆလောက် သတ္တိရှိနေရင်တောင် မလုပ်ရဲဘူးကွ*
"မျိုးမစစ်လေး၊ ငါမင်းကို မသတ်ရရင် ကောင်းကင်ဘုံ ကိုးလွှာကို မပြန်ဘူးလို့ ငါကတိပြုတယ်"
သူတော်စင် သော်ပေါင်သည် ယဲ့ဖန်ကို ခက်ထန်စွာ စိုက်ကြည့်ပြီး ခံစစ်ကို စွန့်လွှတ်ကာ နက်ဗျူလာနောက်သို့ ပြေးလိုက်သွားသည်။
ယဲ့ဖန်က လှောင်ရယ်ပြီး ဘာမှမပြောချေ။
ထိုအချိန်တွင် နက်ဗျူလာသည် အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်ရှေ့တွင် ပေါ်လာပြီး သူသည် လက်ကိုဆန့်ကာ ခေါင်းညိတ်၍ သက်ပြင်းချကာ သူ၏ခေါင်းကို ထိုးဖောက်လိုက်သည်။
သူ၏ နဖူးမှ ဦးနှောက် အစအနများနှင့် သွေးများ စီးကျလာသည်။
သူမသည် ထိုးဖောက်ရာ၌ အလွန် တိကျပြတ်သားသည်။ လူ့ခန္ဓာကိုယ်ကို သတ်ရုံသာမက သူ၏ စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီးခဲ့လေသည်။
ထိုအင်မော်တယ် ဧကရာဇ်အဆင့်သည် အစမှအဆုံးတိုင် တုံ့ပြန်ချိန် မရလိုက်ဘဲ အသေကောင် ဖြစ်သွားသည်။
ထိုအခိုက်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။
*ဒီကလေးမလေးက ကြမ်းလိုက်တာ၊ အင်မော်တယ် ဧကရာဇ်အဆင့်ကိုတောင် ခွေးကို သတ်သလို သတ်နေတယ်*
"ကလေးမလေးမှာ အဲ့လောက် ခွန်အားတွေ ရှိတာလား၊ ကြောက်စရာကြီး"
"ကြောက်စရာကောင်းတဲ့ မိသားစု ခေါင်းဆောင်လေးက ဒီလိုတည်ရှိမှုမျိုးကို အမိန့်ပေးနိုင်တယ်ပေါ့"
လူအများသည် နက်ဗျူလာ၏ ရက်စက်မှုကြောင့် တုန်လှုပ်ခြောက်ခြားသွားပြီး သူမသည် စုန်းမတစ်ယောက်ဖြစ်ပြီး အလွန်ရက်စက်သည်ဟု ခံစားမိနေကြသည်။
*လူသတ်တာ မျက်တောင်တောင် မခတ်ဘူး*
"သေပေတော့ ငါ မင်းရဲ့အသက်ကို လိုချင်တယ်ကွ"
သူတော်စင် သော်ပေါင် ကြွေးကြော်လိုက်ပြီး မှော်လက်နက်တစ်ခုဖြင့် တိုက်ခိုက်လေသည်။ ချက်ချင်းဆိုသလို ဖြစ်ပေါ်လာသည့် တာအိုစွမ်းအင်များ စုစည်းလာကာ တစ်ကိုယ်လုံး တောက်ပစွာ တောက်ပသွားခဲ့သည်။
ဤထိုးနှက်ချက်သည် နတ်ဘုရားမြို့တော်ကိုပင် ဖြိုခွဲနိုင်သည်။
သို့သော် နက်ဗျူလာက နောက်ပြန်လှည့်မကြည့်ဘဲ လက်ကိုသာ နောက်ပြန် ဝှေ့ယမ်းလေသည်။
“ဝုန်း”
ထိုမှော်လက်နက်သည် ရုတ်ခြည်း လွင့်ထွက်သွားပြီး လေထဲ၌ လည်ထွက်နေပြီးမှ ဆယ်ကီလိုမီတာအကွာမှ တောချောင်းထဲသို့ ကျရောက်သွားသည်။
ဤသည်ကိုမြင်သော် သူတော်စင် သော်ပေါင်၏ အမူအရာ ပျက်ယွင်းသွားလေသည်။ သူမ၏ ခန္ဓာကိုယ်သည် သန်မာလွန်းပြီး သူ့မှော်လက်နက်က လုံးဝ အလုပ်မဖြစ်ပေ။
အားလုံး သိကြသည့်အတိုင်းပင်၊ နက်ဗျူလာက ကြယ်တာရာများကို စားစရာအဖြစ် အသုံးချပြီး သူမ ခန္ဓာကိုယ်က ကြယ်တာရာများကိုပင် ချေဖျက်နိုင်၏။ နေဖြစ်စေ လဖြစ်စေ ၎င်းတို့က သူမအတွက် စားစရာ တစ်ခု သက်သက်ပင်။
အဆုံးမရှိသော နှစ်များစွာအတွင်း ဆင့်ကဲဖြစ်စဉ်နှင့်အတူ သူမ၏ ခန္ဓာကိုယ်က သန်မာလာပြီး မည်မျှ သန်မာသည်ကို သူမကိုယ်တိုင်ပင် မသိပေ။
သူတော်စင် သော်ပေါင် မယုံနိုင်ဖြစ်နေချိန်တွင် နောက်ထပ် အင်မော်တယ် ဧကရာဇ်အဆင့် တစ်ယောက်၏ ဦးခေါင်းက နက်ဗျူလာကြောင့် ပြုတ်ထွက်သွားလေ၏။
သူမ၏ လှုပ်ရှားမှုများသည် ညင်သာပြီး မသိလျင် အသီးခူးနေသည်ဟု ထင်မှတ်ရပြီး အသီး မနာအောင် ဂရုစိုက်နေသည်ဟုပင် ထင်မှတ်မှားရသည်။
သေသွားသူ၏ ဦးခေါင်းပြတ်မှ မျက်နှာထက်တွင် ကြောက်ရွံ့သော အရိပ်အယောင် ပေါ်နေသည်။
ဤမြင်ကွင်းက အလွန် ထူးဆန်းလှသည်။ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ဦးသည် သွေးများ ပေကျံနေပြီး တောက်ပစွာ ပြုံး၍ ခေါင်းပြတ်ကို ကိုင်ထားလေသည်။
ကျောချမ်းစရာ ကောင်းလိုက်လေခြင်း။
အိုးရန်ဟွာ ကြက်သီးမထဘဲ မနေနိုင်ဖြစ်ကာ ယဲ့ဖန်ကို လှမ်းကြည့်လိုက်လေသည်။ ယဲ့ဖန်က ဤသို့သော မကောင်းဆိုးဝါး တစ်ကောင်နှင့် သင့်မြတ်နေပုံကြောင့် သူ ထိတ်လန့်သွားရသည်။
"အဲဒါ သူ့ဆွေမျိုးသားချင်းပဲ”
ယဲ့ဖန်က အင်မော်တယ် ဧကရာဇ်အဆင့်တစ်ယောက်ကို ရုတ်တရက် ညွှန်ပြလိုက်သည်။
ထိုစကားကိုကြားသောအခါ ထိုအင်မော်တယ် ဧကရာဇ်အဆင့် လူသည် ယဲ့ဖန်၏ ဘိုးဘေး ဆယ့်ရှစ်ဆက် လောက်ကို ကျိတ်၍ ကျိန်ဆဲလိုက်မိသည်။
သူ၏ ထွက်ပြေးသော နှုန်းက ပိုပိုမြန်လာပြီး အဝေးသို့ အလင်းတန်းသဖွယ် ထွက်ပြေးသွားလေသည်။
သူတော်စင် သော်ပေါင်သည်လည်း ထိတ်လန့်နေ၏။ ထိုသူသည် တကယ်ပင် သူ၏ ဆွေမျိုးသားချင်း ဖြစ်ပြီး တစ်ရာ့ခုနစ်ဆက်မြောက် မြေးဖြစ်ကာ သူ့အတွက် အတော်လေး အရေးပါသူ ဖြစ်သည်။ ထို့ကြောင့် အတွေ့အကြုံ ရရန် ဤလောကသို့ လိုက်လာခြင်း ဖြစ်ပေသည်။
ယဲ့ဖန်၏ မျက်လုံးများက မူလဇစ်မြစ်ကို ထိုးထွင်းသိမြင်နိုင်ပြီး သူတို့နှစ်ဦးသည် တူညီသော အရှိန်အဝါမျိုး ရှိသည်ကို သတိထားမိကာ ပတ်သတ်မှုကို ခန့်မှန်းမိသွားသည်။
ထိုအခိုက်အတန့်တွင် နက်ဗျူလာက တောင်ကြားသို့ လက်ညှိုးထိုးလိုက်ပြီး ရုတ်တရက် အလင်းတန်းတစ်ခု တောက်ပစွာ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခု ပေါ်လာသည်။
သူမက ဟင်းလင်းပြင်ထဲ ဝင်ရောက်သွားသည်နှင့် ချက်ချင်း နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
*ဟင်းလင်းပြင်ကို ဖြတ်ကျော်တာလား*
လူတိုင်း အံ့ဩသွားကြသည်။
"မင်း”
သူတော်စင် သော်ပေါင်သည် ဒေါသထွက်နေပြီး ယဲ့ဖန်အား စူးစူးရဲရဲ စိုက်ကြည့်သည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် နက်ဗျူလာက သူ့မြေးကို လိုက်ဖမ်းမည် မဟုတ်ပါ။
"မင်း မြန်မြန်လုပ်မှ ဖြစ်မယ်နော်၊ မဟုတ်ရင် မင်းရဲ့မြေးကြီး တကယ် သေလိမ့်မယ်"
ယဲ့ဖန်က သဘောတကျ ရယ်၍ လက်ပိုက်လိုက်သည်။
သူတော်စင် သော်ပေါင်သည် ဒေါသကြောင့် တုန်ယင်နေပြီး ယဲ့ဖန်ကို နုတ်နုတ်စင်းချင် နေသော်လည်း ယခုအချိန်တွင် သူ စကားတစ်လုံးမှ မပြောနိုင်ပေ။
သူ့မြေးနောက်သို့ သူ အသည်းအသန် ပြေးလိုက်လေသည်။ သို့သော် သူ ခြေတစ်လှမ်း နောက်ကျသွား၏။
"မဟုတ်ဘူး၊ ထွက်သွား"
အင်မော်တယ် ဧကရာဇ်အဆင့်သည် နက်ဗျူလာ၏ လူသတ်လိုသော အငွေ့အသက်ကို သတိပြုမိပြီး ချက်ချင်းပင် အော်ဟစ်ကာ ရူးမတတ် တုန်ယင်နေ၏။ တစ်ချိန်တည်းမှာပင် နက်ဗျူလာအား တိုက်ခိုက်လိုက်သည်။
နက်ဗျူလာက ခုခံချင်စိတ်ပင်မရှိဘဲ တိုက်ခိုက်ခံလိုက်သည်။
အင်မော်တယ် ဧကရာဇ်အဆင့်သည် မျက်မှောင်ကြုတ်သွားပြီး အမူအရာ မှုန်မှိုင်းလာကာ လေထဲတွင် မလှုပ်မယှက် ရပ်နေပြီး ငေးငိုင်နေ၏။
“ဖြောင်း”
ထိုအခါတွင်မှ နက်ဗျူလာက အနားသို့ တိုးတပ်လာပြီး ခေါင်းကို ဖြတ်ရိုက်လိုက်သည်။
“အားး…”
သူ့အနောက်မှ သူတော်စင် သော်ပေါင်သည် အံ့ဩသွားပြီး ထအော်လေသည်။ ခုနစ်ပါးသော မှော်ချီစွမ်းအင်သည် တပြိုင်နက်တည်း ပေါင်းစပ်ကာ သတ်ဖြတ် တိုက်ခိုက်လေတော့သည်။
ခွန်အားက ဆယ်ဆ တိုးလာ၏။
ပြင်းထန်လှသော စွမ်းအင်သည် မုန်တိုင်းထန်နေသော သမုဒ္ဒရာသဖွယ် တစ်လောကလုံးကို ရိုက်ခတ်နေသည်။
ပြင်းထန်သော စွမ်းအင်လှိုင်းများ ပျံ့လွင့်ကာ ဆက်လက် ရောစပ်နေသဖြင့် တဂျစ်ဂျစ်အသံက ကျယ်လောင်စွာ ထွက်ပေါ်နေလေသည်။
တောင်များ တစ်ခုပြီးတစ်ခု ပြိုကျသွားသည်။
လူ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားလေသည်။
တစ်လောကလုံး ကြီးစွာ တိတ်ဆိတ်သွားသည်။
သို့သော် သူတော်စင် သော်ပေါင်က နက်ဗျူလာကို တစ်ဟုန်ထိုး ဝင်တိုက်ရန် ပြင်နေချိန်တွင် သူမသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ထွက်ပြေးသွားခဲ့သည်။
*ထပ်ကစားခံလိုက်ရပြီပဲ*
သို့သော် ဤအခိုက်တွင် သူတော်စင် သော်ပေါင်၏ အနောက်မှ အော်သံတစ်သံ ထွက်ပေါ်လာပြန်သည်။
"အဘိုး၊ ကယ်ပါဦး"
သူတော်စင် သော်ပေါင်၏ အမူအရာ ချက်ချင်းအေးခဲသွားပြီး စိတ်ထဲ၌ ကျိန်ဆဲကာ နောက်လှည့်၍ ခပ်သွက်သွက် ပြန်ပြေးလာသည်။
ချုံးချီက သူ၏ နောက်မြေးတစ်ယောက်ကို မြေကြီးပေါ် ဖိချထားပြီး ခြေလက်များ ကိုက်ဖြတ်ထားသဖြင့် သွေးများ အိုင်ထွန်းနေ၏။ သူ့အမူအရာက နာကျင်နေဟန် ပေါ်နေသည်။
ယဲ့ဖန်က သူတော်စင် သော်ပေါင်ကို ကြည့်ကာ ပြောလိုက်သည်။
"သူလည်း မင်းရဲ့ မြေးမြစ်ဖြစ်မယ့်ပုံပဲ၊ သူက မင်းလိုပဲ ရုပ်ဆိုးလွန်းတယ်လေ"
“ခွေးမသားလေး … မင်း သူ့ကို လွှတ်လိုက်စမ်း”
သူတော်စင် သော်ပေါင်က အော်ဟစ် ရန်တွေ့လေသည်။
“ကောင်းပြီလေ ရော့”
ယဲ့ဖန်က ချုံးချီကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"မဟုတ်ဘူး၊ ငါ့ကိုမသတ်နဲ့၊ ဒါက ငါနဲ့ ဘာမှမဆိုင်ဘူးလေ"
အင်မော်တယ် ဧကရာဇ်အဆင့်သည် ကြောက်ရွံ့ထိတ်လန့်စွာ အထပ်ထပ် အော်ဟစ်နေ၏။
ချုံးချီက သရော်ပြုံး ပြုံးကာ ထိုအင်မော်တယ် ဧကရာဇ်အဆင့်အား ဖမ်းချုပ်၍ ခေါင်းကိုကိုက်လိုက်ပြီး ဦးခေါင်းမဲ့ အလောင်းကို သူတော်စင် သော်ပေါင်အား ပြန်ပေးလိုက်သည်။
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်အခြေအနေက ထူးဆန်းစွာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သူတော်စင် သော်ပေါင်၏ တစ်ကိုယ်လုံး ဒေါသတို့ဖြင့် ပြည့်နှက်ကာ တုန်ယင်နေ၏။
*လှည့်စားခံရပြန်ပြီ*
သူတော်စင်တစ်ဦးအနေဖြင့် ဒုက္ခများစွာကို တွေ့ကြုံခဲ့ရသော်လည်း ဤကဲ့သို့ အရှက်တကွဲ မဖြစ်ခဲ့ဖူးပေ။
"သူ့ကို အရှင်လတ်လတ် စုတ်ဖြဲပစ်၊ သူ့ကို အရှင်လတ်လတ် အရေခွံ ဆုတ်ပစ်လိုက်"
သူတော်စင် သော်ပေါင်က ယဲ့ဖန်ကို ဒေါသတကြီး လက်ညှိုးထိုးပြသည်။
အင်မော်တယ် ဧကရာဇ်အဆင့်များသည်လည်း ဒေါသအမျက်ထွက်ကာ ယဲ့ဖန်ဆီသို့ အသီးသီး ပြေးဆင်း လာကြသည်။
သူတော်စင် သော်ပေါင်က နက်ဗျူလာကို ထွက်ပြေးစေခဲ့သည်။ ယခုအချိန်သည် ယဲ့ဖန်ကို သတ်ရန် အချိန်ကောင်းပင်။
သို့သော် ယဲ့ဖန်အနားတွင် ချုံးချီ၊ အိုးရန်ဟွာနှင့် အခြားသူများရှိနေသည်ကို သူတို့ မေ့သွားကြသည်။
"ဒီနေ့ ငါ နတ်ဘုရားမျိုးနွယ်ကို တိုက်ခိုက်ပြီး ကောင်းကင်ဘုံကို ဆန့်ကျင်မယ်ကွ"
အိုးရန်ဟွာ ဟစ်ကြွေးလိုက်ပြီး သူ့မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့နှင့် ပြည့်နှက်နေကာ သွေးပွက်ပွက် ဆူလာ၏။
“ဒီနေ့ ကောင်းကင်ဘုံကို ဆန့်ကျင်မယ်ဟေ့”
အိုးရန်မျိုးနွယ်ဝင်များသည်လည်း စိတ်အားတက်ကြွစွာဖြင့် အရူးအရူး ဟစ်ကြွေးကြသည်။
နတ်ဘုရားမျိုးနွယ်၏ ဖြိုခွင်းဖိနှိပ်မှုအောက်၌ အိုးရန်မျိုးနွယ်က နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ရပြီး ယခု သူတို့ မိသားစု လက်စားပြန်ချေနိုင်လေပြီ။
သူတော်စင် သော်ပေါင်က နက်ဗျူလာကို ရင်ဆိုင်ပြီး နှစ်ဖက်လုံးက မှော်လက်နက်များ ထုတ်သုံး၍ အစွမ်းကုန် တိုက်ခိုက်နေကြသည်။ အချိန်အတော်ကြာသည်အထိ ဘယ်သူကမှ ဘယ်သူ့ကို အထိနာအောင် မလုပ်နိုင်ချေ။
ယဲ့ဖန်က ချုံးချီကို စီး၍ တိုက်ခိုက်သာ အစုလိုက် အပြုံလိုက် သတ်ဖြတ်လေသည်။ သူ ဖြတ်သွားသည့် နေရာတိုင်းမှ အင်မော်တယ် ဧကရာဇ်အဆင့် အလောင်းများ အောက်သို့ တဖြုတ်ဖြုတ် ပြုတ်ကျကုန်သည်။
ဤမြင်ကွင်းက အံ့ဩစရာ ကောင်းလွန်းလှသည်။
သူတော်စင်အဆင့်သို့ မရောက်သေးသူက သူတော်စင်အဆင့်များနှင့် အင်မော်တယ် ဧကရာဇ်အဆင့်များအား လက်ခုပ်ထဲ ထည့်၍ ကစားနေပါတကား။