နေမင်းကျမ်းစာ
Vol. 10 Ch. 127
ဗင်းဆင့် တစ်ယောက် သူ သိရှိထားသမျှ အသိပညာ အားလုံး ပြောင်းပြန်လှန်ခံလိုက်ရလေရာ ကျောရိုးတစ်လျှောက် စိမ့်တက်ကာ တုန်ယင် နေခဲ့လေသည်။ လင်ကျဲ အစောပိုင်းက ပြောလိုက်သည့် စကားမှာ သူ့ ဦးနှောက်ထဲတွင် ထပ်တလဲလဲ ဟိန်းထွက်နေ၏။
“ဖာသာက ဘယ်သူ့ကို ယုံကြည်မှာလဲ”
ထိုစကားလုံး၏ နောက်ကွယ်မှ အဓိပ္ပာယ်မှာ ဗင်းဆင့် အစောပိုင်းက ယူဆထားသကဲ့သို့ မရိုးရှင်းခဲ့ပါချေ။ တကယ်တမ်းအားဖြင့် စာအုပ်ဆိုင်ပိုင်ရှင်မှာ အသင်းတော်နှင့် သူ့အကြား ရွေးချယ်မှုကို မေးမြန်းခဲ့ခြင်း မဟုတ်ခဲ့ချေ။ ဆန့်ကျင်ဘက်အားဖြင့်... ယခုလို ကွဲပြားမှုကို မြင်တွေ့လိုက်ရပြီး မိမိ၏ နားလည်ထားမှုများ အားလုံး ပြိုလဲသွားချိန်တွင် ဗင်းဆင့်အနေဖြင့် ဘာကို ယုံကြည်ရန် ရွေးချယ်မည်နည်းဟု မေးမြန်းနေခြင်း ဖြစ်သည်။
ဗင်းဆင့်က တံတွေးကို မြိုချလိုက်ရင်း သူ၏ စော်ကားမိသော အတွေးများအတွက် လမင်းထံ ခွင့်လွှတ်ရန် ဆုတောင်းလိုက်၏။ သူ အာရုံမှားနေခြင်းသာ ဖြစ်ရမည်။ မဟုတ်လျှင်... လမင်း၏ ဘုရားသခင် အငွေ့အသက်များမှာ ဤစာအုပ်အတွင်းမှ စွမ်းအားများမှ မြစ်ဖျားခံလာသည် ဟူသော အဓိပ္ပာယ်မရှိသည့် အတွေးမျိုး မည်သို့ ဝင်လာပါမည်နည်း။
“ဘဝရဲ့ ရှည်လျားတဲ့ ညဉ့်နက်တွေမှာ စာအုပ်တွေဟာ တောက်ပတဲ့ မီးပြတိုက်ကြီးတွေအဖြစ် တည်ဆောက်ခဲ့ကြတယ်... စာအုပ်တွေဟာ လူသားတွေရဲ့ ဘဝ၊ စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံး လမ်းကြောင်းတွေကို ငါ့ထံမှာ ဖော်ပြပေးခဲ့တယ်”
လင်ကျဲက ပြုံးကာ စာအုပ်ကို ကမ်းပေးရင်း ‘ကြည့်ရှုနိုင်ဖို့ သုံးရက်တာ’ ထဲမှ ကောက်နုတ်ချက်တစ်ခုကို ရွတ်ဆိုလိုက်သည်။
ထို့နောက် သူက ဆက်ပြောလိုက်၏။
“မျက်မမြင်တွေအနေနဲ့ နှလုံးသားနဲ့ စိတ်ကို ကြည်လင်အောင် ထားရမယ်... စာဖတ်ခြင်းဟာ အဲဒီလိုလုပ်ဖို့ အကောင်းဆုံး နည်းလမ်းပါပဲ... စာအုပ်တွေဟာ လူသားတွေရဲ့ တိုးတက်မှုအတွက် လှေကားထစ်တွေ ဖြစ်သလို ဖာသာကို တည်ငြိမ်အောင် ကူညီပေးမယ့် ပညာပေး လမ်းကြောင်းတွေလည်း ဖြစ်တယ်”
“ဒါကတော့ ကြီးမြတ်တဲ့ အမျိုးသမီးကြီး ဟယ်လင်ကယ်လာရဲ့ အတ္ထုပ္ပတ္တိ စာအုပ်ပါ... သူ့ရဲ့ ဘဝဇာတ်ကြောင်းကို မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်... မွေးရာပါ မျက်မမြင်၊ နားမကြား ဖြစ်နေတဲ့သူတစ်ယောက်ဟာ ဘဝမှာ မျှော်လင့်ချက်တွေကို ဘယ်လို ရှာဖွေတွေ့ရှိခဲ့သလဲ၊ အရာရာကို အကောင်းမြင်စိတ်နဲ့ ဘယ်လို ကြည့်မြင်ခဲ့သလဲ၊ နောက် တခြားသူတွေထက် ပိုပြီး တောက်ပတဲ့ ဘဝတစ်ခုကို ဘယ်လို ဖြတ်သန်းသွားခဲ့သလဲ ဆိုတာပါပဲ”
မျက်မမြင် တစ်ယောက်အတွက် ပေးနိုင်သမျှ စာအုပ်များထဲတွင် ဤစာအုပ်မှာ အကောင်းဆုံးဖြစ်မည်ဟု လင်ကျဲ ခံစားရသည်။
ဗင်းဆင့်မှာမူ “ဘဝရဲ့ ရှည်လျားတဲ့ ညဉ့်နက်များ” ဆိုသည့် စကားလုံးကြောင့် တုန်လှုပ်နေဆဲ ဖြစ်သည်။ ရှည်လျားလှသော ညဉ့်နက် ဆိုသည်မှာ ရှေးဟောင်း ဒုတိယခေတ်ကို ရည်ညွှန်းခြင်းလော။ အလင်းနှင့် မီး မရှိသော ကာလကို ပြောခြင်းလော။
ဗင်းဆင့် အသက်ကို ပြင်းပြင်းရှူလိုက်မိ၏။ အစောပိုင်းက စာအုပ်ဆိုင်ပိုင်ရှင်မှာ ဖျက်ဆီးခြင်းအဆင့် သဘာဝလွန် ပုဂ္ဂိုလ်တစ်ဦးသာ ဖြစ်လိမ့်မည်ဟုသာ ခန့်မှန်းခဲ့သည်။ သို့သော်လည်း... ဤစကားလုံးများနှင့် စာအုပ်အတွင်းမှ ဘုရားသခင် အငွေ့အသက်များကို ဆက်စပ်ကြည့်လျှင်...
‘သူက နှစ်ပေါင်းထောင်ချီ အသက်ရှင်နေထိုင်ခဲ့တဲ့ အခရာအဆင့် တစ်ယောက်များ ဖြစ်နေမလား...’
ဗင်းဆင့်၏ ကျောပြင်မှာ ချွေးအေးများဖြင့် စိုရွဲနေ၏။ ထို့အပြင်... သူက မျက်မမြင်များအကြောင်း ပြောဆိုခဲ့သည်။ ထိုအရာက... အမိုးခုံး ဘုရားကျောင်းမှ လူများမှာ စစ်မှန်သော ဘုရားသခင်၏ အငွေ့အသက်ကို မမြင်နိုင်ဘဲ အနှစ်သာရမရှိသည့် အခွ်လွတ်ကိုသာ ကိုးကွယ်နေကြသည်ဟု လှောင်ပြောင်နေခြင်းလော။
စာအုပ်ဆိုင်ပိုင်ရှင် ပြောလိုက်သည့် စကားတိုင်းမှာ အဓိပ္ပာယ် တစ်ခုခု ရှိနေပုံရသည်။ စကားလုံး တစ်လုံးချင်းစီ၏ အဓိပ္ပာယ်ကို နားလည်ရန် အချိန်ယူနေရသည့် မိမိကိုယ်ကိုယ် ဗင်းဆင့် အားမလိုအားမရ ဖြစ်မိသည်။
ထိုအခိုက်၌ သူ၏ ခံစားချက်က ဘီလူးကြီးတစ်ဦး၏ ခြေရင်းတွင် ရပ်နေသည့် ဘာမှမသိသော ကလေးငယ်တစ်ဦးနှင့်ပင် တူညီနေသည်။
လင်ကျဲက ဆက်ပြောလိုက်၏။
“တကယ်တော့ ဖာသာ လိုအပ်တာက ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ပါပဲ... ဒီစာအုပ်ကို ဖတ်ကြည့်ပြီး ဖာသာ ကိုယ်တိုင် ဆုံးဖြတ်ပါ... ဖာသာ အနေနဲ့ ကိုယ့်ရဲ့ မူလ အစစ်အမှန်ကို ရှာဖွေတွေ့ရှိဖို့နဲ့ အမှောင်ထုထဲကနေ ရုန်းထွက်ဖို့ပဲ လိုအပ်ပါတယ်... အမှန်တရားကို မြင်နိုင်ဖို့ နှလုံးသား မျက်လုံးကို အသုံးပြုပြီး အလင်းရောင်ကို ပွေ့ဖက်လိုက်ပါ”
လင်ကျဲက စာအုပ်ကို ယူရန် ဗင်းဆင့်ကို အချက်ပြလိုက်လေ၏။
ဗင်းဆင့် တစ်ယောက် အချိန်အတော်ကြာ ငေးကြည့်နေပြီးနောက်မှ စာအုပ်ကို လက်နှစ်ဖက်ဖြင့် ဖြည်းညှင်းစွာ လှမ်းယူလိုက်သည်။ မီးလျှံကဲ့သို့ အဖြူရောင် အလင်းတန်းများမှာ စုစည်းကာ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ထိုအခါ စာအုပ်၏ ပုံသဏ္ဌာန်နှင့် အမည်မှာ ပေါ်ထွက်လာတော့သည်။
စာသားများမှာ ရှေးဟောင်း ကျောက်စာ စာလုံးများကဲ့သို့ အစက်အပြောက်များ၊ အခြားသော အမှတ်အသားများဖြင့် ဖွဲ့စည်းထားလေရာ ဗင်းဆင့်အနေဖြင့် ဘယ်သောအခါမှ နားလည်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း... ထိုစာလုံးများကို လက်နှင့် ထိလိုက်ချိန်တွင်မူ အဓိပ္ပာယ်များက သူ့စိတ်ထဲသို့ အလိုလို စီးဝင် ရောက်ရှိလာတော့သည်။
‘နေမင်းကျမ်းစာ’
၎င်းမှာ ဤစာအုပ်၏ အမည်ပင် ဖြစ်သည်။ လရောင်မှာ နေမင်းထံမှ မြစ်ဖျားခံ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် လမင်း၏ ဘုရားသခင် အငွေ့အသက်များ မြစ်ဖျားခံရာမှာ ‘နေမင်းကျမ်းစာ’ ပင် ဖြစ်သည်။ ထိုအတွေးမှာ ဗင်းဆင့်၏ စိတ်ထဲတွင် တဖြည်းဖြည်း ပေါ်ပေါက်လာခဲ့၏။
သို့သော်လည်း မည်သူမျှ နေမင်းကို မကိုးကွယ်ကြပေ။ ပထမခေတ် ကုန်ဆုံးပြီးနောက်တွင် အလင်း၊ မီးနှင့် နေမင်းတို့မှာ အိပ်မက်လောကအတွင်း ပျောက်ကွယ်သွားခဲ့ပြီး အဇီး ကမ္ဘာမှာ အလင်းနှင့် မီး မရှိသော ဒုတိယခေတ်အတွင်းသို့ ရောက်ရှိခဲ့သည်။
အကယ်၍ နေမင်းသည်သာ စစ်မှန်သော ဘုရားသခင်ဖြစ်ပါက ယခု လက်ရှိ လမင်းဆိုသည်မှာ အဘယ်အရာ ဖြစ်နေပါသနည်း။
.ဗင်းဆင့်သည် နော်ဇင်မြို့ ၄ လမ်းမပေါ်တွင်ရှိသော အမိုးခုံး ဘုရားကျောင်း၏ စိန့်ရိုလန်ကျောင်းတွင် ကြီးပြင်းခဲ့သူ ဖြစ်သည်။
၎င်းမှာ နော်ဇင်မြို့အတွင်းရှိ အမိုးခုံး ဘုရားကျောင်းများထဲတွင် ဒုတိယအကြီးဆုံး ဘုရားကျောင်း ဖြစ်ပြီး ကိုယ်ပိုင် ဘက်စုံပညာရေးစနစ် ရှိသည်။ ထိုကျောင်းမှာ ပါရမီပါသည့် မိဘမဲ့ကလေးများကို လက်ခံပြုစုပျိုးထောင်ကာ အသင်းတော်အတွက် အတော်ဆုံးသော ဘုန်းတော်ကြီးများနှင့် သီလရှင်များ ဖြစ်လာစေရန် လေ့ကျင့်ပေးသည်။ ထိုကလေးများ အရွယ်ရောက်လာသောအခါ လူအင်အား လိုအပ်သော နယ်မြေအသီးသီးသို့ စေလွှတ်ခြင်း ခံရသည်။
ပါရမီမပါသော သို့မဟုတ် လေ့ကျင့်ရေး လုပ်ငန်းစဉ်တွင် အရည်အချင်း မပြည့်မီသူများအတွက်မူ သာမန် မိဘမဲ့ဂေဟာများကို ပို့ဆောင်ပေးသည်။ ထိုကလေးများကိုမူ သဘာဝလွန် ဖြစ်ရပ်များနှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို ပယ်ဖျက်ပေးပြီးနောက် သာမန် ပညာရေးကိုသာ သင်ကြားစေသည်။
ရှေးရိုးစွဲ ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်နှင့်အညီ ဗင်းဆင့်သည် ဘာသာရေးစာပေများသာမက အခြားသော ဘာသာရပ်များစွာတွင်လည်း နှံ့စပ်သူ ဖြစ်သည်။ အရေးကြီးဆုံး ဘာသာရပ်တစ်ခုမှာ အဇီး ကမ္ဘာ၏ သမိုင်းကြောင်းပင် ဖြစ်သည်။
သာမန်လူများ သိရှိထားသည့် ဝေဝါးသော သမိုင်းများနှင့် နှိုင်းယှဉ်လျှင် ဗင်းဆင့်သည် သဘာဝလွန် ပုဂ္ဂိုလ်များ ဖုံးကွယ်ထားသည့် ရှေးဟောင်းအတိတ်ကို စနစ်တကျ လေ့လာခဲ့ဖူးသည်။ ဒုတိယခေတ် ကုန်ဆုံးချိန်အထိ၊ တံတိုင်းများနှင့် မြူထုများ မတည်ဆောက်မီ ကာလအထိမှာ ဒဏ္ဍာရီသက်သက် ကာလများသာ ဖြစ်သည်။
အမိုးခုံး ဘုရားကျောင်းသည် တတိယခေတ်တွင်မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ လမင်းကို ကိုးကွယ်သူများသည် လမင်းနှင့် ဆက်နွှယ်မှုမှတစ်ဆင့် စွမ်းအားများကို ရရှိကြသည်။ သူတို့၏ အယူအဆအရ လမင်းသည် ယနေ့အထိ ကျန်ရစ်သည့် ဤကမ္ဘာ၏ တစ်ခုတည်းသော မူလအခြေခံ တည်ရှိမှုဖြစ်ပြီး အိပ်မက်လောကအတွင်းရှိ နတ်ဘုရားများကို ထိန်းချုပ်ပေးထားသည်ဟု ယူဆကြသည်။
တစ်ဖက်တွင်မူ နေမင်းသည် ဒုတိယခေတ် အစပိုင်းမှာပင် အိပ်မက်လောကအတွင်း ငြိမ်းသတ်ခြင်း ခံခဲ့ရပြီး ၎င်းကပင် အမှောင်ခေတ်နှင့် ဘီလူးကြီးများ ပျက်သုဉ်းခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ယနေ့မတိုင်မီအထိ ဗင်းဆင့်သည် နေနှင့် လကို သီးခြားမြင့်မြတ်သော တည်ရှိမှု နှစ်ခုဟုသာ အမြဲယုံကြည်ခဲ့သည်။
၎င်းတို့နှစ်ခုကြားတွင် ဆက်နွှယ်မှု အချို့ရှိနိုင်သော်လည်း များများစားစား မရှိဟု သူ ယူဆခဲ့သည်။ အကြောင်းမှာ နေမင်း ငြိမ်းသတ်ခံခဲ့ရသော်လည်း လရောင်မှာမူ ထာဝရ တည်တံ့နေပြီး ကမ္ဘာမြေကို ဆက်လက်လင်းထိန်စေကာ ကိုးကွယ်သူများကို ခွန်အားပေးနေသောကြောင့် ဖြစ်သည်။ ယခုအချိန်အထိပင်...။
သို့သော်လည်း... ယနေ့တွင်တော့ လပြည့်ဝန်း အထိမ်းအမှတ် တံဆိပ်မှာ ‘နေမင်းကျမ်းစာ’ ဟု အမည်ရသည့် စာအုပ်နှင့် ပဲ့တင်ထပ်ကာ တောက်ပနေသည်ကို သူ မြင်တွေ့လိုက်ရသည်။ ၎င်းတို့နှစ်ခုမှာ တည်ရှိမှု တစ်ခုတည်း၏ အစိတ်အပိုင်းများ ဖြစ်နေသကဲ့သို့ပင်။
စာအုပ်အတွင်းမှ ထွက်ပေါ်လာသည့် ဘုရားသခင် အငွေ့အသက်များမှာ မတွန်းလှန်နိုင်သည့် နွေးထွေးမှုနှင့် စွမ်းအားများကို သယ်ဆောင်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ မသက်မသာ ဖြစ်မှုအားလုံးကို ဆေးကြောပေးခဲ့သည်။
ထိုစွမ်းအားက မိမိ၏ ကိုယ်ပိုင်စွမ်းအားများအပေါ် လွှမ်းမိုးထားကြောင်းကိုလည်း ဗင်းဆင့် ဝိုးတဝါး အာရုံခံမိသည်။
တရားမှတ်ရာတွင် အထောက်အကူ ပြုပြီး၊ လမင်းနှင့် ဆက်နွှယ်မှုကို ခိုင်မာစေသည်ဟု သတ္တမမြောက် တမန်တော် ကိုယ်တိုင် အကြံပြုထားသည့် လပြည့်ဝန်း အဆီအနှစ် ဆေးလိပ်များတွင် အမှန်တကယ် ပြဿနာ ရှိနေနိုင်သည်ဟူသော အတွေးက ဗင်းဆင့်၏ စိတ်ထဲတွင် ပိုမို ခိုင်မာစွာ ပြည့်နှက်လာခဲ့သည်။
ဗင်းဆင့် လုံးဝ ဝေခွဲမရဖြစ်နေကာ လက်ထဲမှ စာအုပ်ကို ဖွင့်ကြည့်ရန်ပင် မဝံ့မရဲ ဖြစ်နေ၏။ သို့သော် သူ၏ စိတ်ထဲမှ သံသယမှာမူ တဖြည်းဖြည်း ကြီးထွားလာနေသည်။
ဘာတွေ မှားယွင်းသွားခဲ့သနည်း။ အခု သူ ဘာဆက်လုပ်ရမည်နည်း။ မသိလိုက်ခင်မှာပင် သူ့အား လမ်းပြနိုင်မည့် တစ်ဦးတည်းသောသူကို ဗင်းဆင့် မော့ကြည့်လိုက်မိလေသည်။
***