← Chapters

အခန်း (၁၂၉)

Vol. 10 Ch. 129

အခန်း (၁၂၉)

Vol. 10 Ch. 129

“ဖာသာလည်း အဲဒီကလေးကို သိတာလား”

ဗင်းဆင့်၏ တုန့်ပြန်ပုံကို ကြည့်ရင်း လင်ကျဲက မျက်ခုံးပင့်ကာ မေးလိုက်၏။

“ကျွန်တော် သိတယ်ထင်ပါတယ်... ချက်ပ်မန်း မိသားစုက မဟုတ်လား”

ဘုန်းတော်ကြီးက ခေါင်းညိတ်လိုက်သည်။ သို့သော်လည်း... သူ့ နှလုံးသားက တဒိတ်ဒိတ် ခုန်နေ၏။ စာအုပ်ဆိုင်ပိုင်ရှင်က ချယ်ရီချက်ပ်မန်းကို ‘အဲဒီကလေး’ ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။ သူမမှာ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်သွင်ရှိသည်ဟု ကောလာဟလများ ထွက်နေသော်လည်း ‘ချက်ပ်မန်း စုန်းမ’ ၏ အစစ်အမှန် အသက်မှာ တစ်ရာကျော်နေပြီ ဖြစ်သည်။

ညဘီလူး များကြားတွင် ထိုအသက်မှာ ကြီးလွန်းလှခြင်း မရှိသော်ငြား၊ လူသားမျိုးနွယ်အတွက်မူ သာမန်လူတစ်ယောက်၏ အရှည်ဆုံးသက်တမ်းကိုပင် ကျော်လွန်နေသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဤသည်မှာ နှစ်ပေါင်းတစ်ရာစာ အတွေ့အကြုံ အစစ်အမှန်များပင်။

မဟုတ်လျှင် ချယ်ရီအနေဖြင့် အခြားသူများ၏ နှလုံးသားကို ကြိုးကိုင်နိုင်သည့် စွမ်းရည်ရှိသည်ဆိုစေဦးတော့၊ အက်ရှ် ကုန်သည်ကြီးများအသင်းကဲ့သို့ အဖွဲ့အစည်းကြီးတွင်မူ ဤကဲ့သို့ ရာထူးနေရာကို ထိန်းထားနိုင်မည် မဟုတ်ပေ။

ဗင်းဆင့်၏ ယခင်ခန့်မှန်းချက် မှန်ကန်သွားပုံရသည်... စာအုပ်ဆိုင်ပိုင်ရှင်မှာ သေချာပေါက် ထာဝရရှင်သန်သူ တစ်ဦးပင်။

ထို့အပြင် ‘မေးကြည့်ပေးမယ်’ ဟု ပေါ့ပေါ့ပါးပါး ပြောဆိုပုံအရ စာအုပ်ဆိုင် ပိုင်ရှင်မှာ ချက်ပ်မန်း စုန်းမနှင့် တော်တော်လေး ရင်းနှီးပုံရသည်။ ဆိုလိုသည်က သူ ချယ်ရီချက်ပ်မန်းကို အချိန်မရွေး ဆက်သွယ်နိုင်ပြီး သူမကို စုံစမ်းစစ်ဆေးခိုင်းရန် သို့မဟုတ် သူ့ကိုယ်စား တစ်ခုခုလုပ်ပေးရန် အလွယ်တကူ ခိုင်းစေနိုင်ပုံ ရသည်။

ဗင်းဆင့် စာအုပ်ဆိုင်ပိုင်ရှင်၏ ဩဇာအာဏာကို ပို၍ပင် အံ့သြမိသွားကာ စကားကို ဆင်ခြင်၍ ပြောဆိုလိုက်သည်။

“မစ္စ ချယ်ရီက တကယ်ကို အထင်ကြီးစရာ ကောင်းပါတယ်... သူ့ရဲ့ ကျော်ကြားမှုကို ကြားဖူးတာ ကြာပါပြီ... ပြီးခဲ့တဲ့ နှစ်ပိုင်းလောက် အတွင်း သူက အက်ရှ် ကုန်သည်ကြီးများအသင်းထဲမှာ တော်တော်လေးကို ပါဝင် ပတ်သက်ခဲ့တဲ့သူပါ... ပြောရရင် သူက တကယ်ကို တော်တဲ့သူပါ”

ဗင်းဆင့်မှာ သူတစ်ပါးကို မြှောက်ပင့်ပြောဆိုရာတွင် အတွေ့အကြုံ မရှိသည်မှာ ထင်ရှားလှသည်။ ချက်ပ်မန်း စုန်းမနှင့် ထူးခြားသော ဆက်ဆံရေး ရှိသည့် ဤစာအုပ်ဆိုင်ပိုင်ရှင်ကို ဖားယားလိုစိတ် ပြင်းပြနေသော်လည်း၊ အဆိုပါ ခြောက်ကပ်ကပ် စကားလုံး အနည်းငယ်ကိုသာ မနည်း ညှစ်ထုတ်ပြောနိုင်ခဲ့သည်။

ထိုအချက်က သူ့ကို ရှက်စိတ်ဖြင့် မျက်နှာနီမြန်းသွားစေခဲ့သည်။ ယုတ္တိဗေဒအရ ဘုန်းတော်ကြီးများမှာ တရားဟောရန်နှင့် လမ်းညွှန်မှုပေးရန် တာဝန်ရှိသဖြင့် စကားပြော ကောင်းရမည်ဖြစ်သည်။ သို့သော်လည်း... ဗင်းဆင့်မှာ စကားပြောရာတွင် တကယ်ကို မကျွမ်းကျင်လှသဖြင့် ထိုကဲ့သို့သော အလုပ်များကို သီလရှင်များနှင့် အခြားသော အသင်းသားများကိုသာ လွှဲထားလေ့ရှိသည်။ တစ္ဆေနှင်ထုတ်ရန် ထွက်လာသည့်အခါတွင်လည်း စကားအများကြီး ပြောလေ့မရှိဘဲ ဆက်သွယ်ရေး ကိရိယာမှ တစ်ဆင့် စာတိုများဖြင့်သာ ထိရောက်စွာ ဆက်သွယ်လေ့ရှိသည်။

ဘုန်းတော်ကြီး ဗင်းဆင့် တစ်ယောက် သူ၏ ထုံထိုင်းလှသော ပုံရိပ်နောက်ကွယ်မှ စစ်မှန်သော အတွေးများကို စာအုပ်ဆိုင်ပိုင်ရှင် မမြင်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။

ဗင်းဆင့်၏ မြှောက်ပင့်မှုများကို လင်ကျဲက ရယ်မောရင်း တုန့်ပြန်လိုက်၏။

“ဟား ဟား... ဟုတ်လို့လားဗျ... သူ ပထမဆုံး စာအုပ်လာဝယ်တုန်းက ဘာမှနားမလည်သေးတဲ့ ကလေးမလေးပဲ ရှိသေးတာ... နှပ်ချေးတောင် ထွက်နေသေးတယ်... ဒါပေမဲ့ သူက တကယ့် ပါရမီနဲ့ စရိုက်ရှိတဲ့ ကလေးလေးပါ... အခုဆိုရင် တော်တော်လေး ရင့်ကျက်လောက်ပြီလို့ ကျွန်တော် မျှော်လင့်ပါတယ်”

ထိုခေါင်းမာလှသည့် မိန်းမငယ်လေးနှင့် ပထမဆုံး အကြိမ် ဆုံတွေ့ခဲ့ပုံကို ပြန်လည်တွေးတောရင်း လင်ကျဲ နွေးထွေးစွာ ပြုံးလိုက်မိသည်။ ထိုအပြုံးက မိမိကလေး၏ အမှတ်ကောင်းခြင်းကို ချီးကျူးခံရသည့် မိဘတစ်ဦး၏ အပြုံးလိုမျိုးပင်။

ဗင်းဆင့် စိတ်သက်သာရာ ရသွား၏။ ချယ်ရီမှာ ဤစာအုပ်ဆိုင်၏ ဖောက်သည်တစ်ဦးသာ ဖြစ်ပုံရပြီး၊ ဆိုင်ရှင်နှင့်လည်း အလွန်ရင်းနှီးသော ဆက်ဆံရေး ရှိပုံရသည်။ သို့သော်လည်း... နှပ်ချေးထွက်နေတယ်... ချက်ပ်မန်း စုန်းမကို ထိုကဲ့သို့ ဖော်ပြတာက သင့်တော်ပါ၏လော။ ဗင်းဆင့်မှာ သူ နားကြားမှားတာလားဟုပင် တွေးမိသွားသည်။

ချယ်ရီ အကြောင်း တွေးတောနေမှုကို ရပ်တန့်လိုက်ပြီးနောက်... လင်ကျဲက အမူအရာကို ပြန်ထိန်းလိုက်ရင်း ဗင်းဆင့်ကို ဆက်လက် လမ်းညွှန်လိုက်သည်။

“ဘာပဲဖြစ်ဖြစ်... ကျွန်တော် ချယ်ရီ့ကို အက်ရှ် ကုန်သည်ကြီးများအသင်းအကြောင်း စုံစမ်းခိုင်းလိုက်ပါ့မယ်... အဲဒီအတောအတွင်း ဖာသာကလည်း ဘုရားကျောင်းကို ပြန်ရောက်ရင် ဖာသာ့လို ဒီပစ္စည်းကို သုံးနေတဲ့ တခြားသူတွေကို စောင့်ကြည့်ပေးပါ”

“သူတို့ ဘယ်လောက် သုံးစွဲသလဲ၊ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိသလဲ၊ ဘာတွေ တူညီသလဲ ဆိုတာတွေကို မှတ်ထားပါ... ပြီးတော့... ဖာသာပြောတဲ့ သတ္တမမြောက် တမန်တော်ကို ဆက်သွယ်ကြည့်ပါ... ဖာသာ့ဆီမှာ ဘာတွေ ဖြစ်နေလဲဆိုတာ သူ့ကို အသိပေးလိုက်ပါ... ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့”

ဗင်းဆင့် အနည်းငယ် တုံ့ဆိုင်းသွား၏။

“အဲဒါက သူတို့ကို သတိပေးလိုက်သလို ဖြစ်မသွားဘူးလား...”

လင်ကျဲက ရယ်မောလိုက်၏။

“ဒါက ဆေးစွဲတဲ့ လက္ခဏာတွေကြောင့် ဖာသာ့ရဲ့ အခြေအနေ ပေါ်သွားမှာကို ကာကွယ်ဖို့ပါ... အကယ်၍ သူတို့က တခြား ဘုန်းတော်ကြီးတွေကိုပါ လပြည့်ဝန်း အဆီအနှစ် ပေးထားတယ်ဆိုရင်၊ ဖာသာ့ဆီမှာ ထူးခြားမှုတွေ ဖြစ်နေတာကို သူတို့ သေချာပေါက် သိပါလိမ့်မယ်... မစိုးရိမ်ပါနဲ့... ဒီလိုကိစ္စမျိုးမှာ အန္တရာယ်ကို လုံးဝ ရှောင်လို့မရပါဘူး...”

“ပြောရရင် သူတို့က ဖာသာ့ကို သတ်ဖို့ ကြိုးစားနေတာ မဟုတ်ပါဘူး... အားလုံးကို စွဲလမ်းအောင် လုပ်နေတာပါ... ဖာသာက ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တဲ့အခါ သူတို့က ဖာသာ့ကို သိပ်သံသယဝင်မှာ မဟုတ်ဘဲ ဖာသာ့ကို ဦးနှောက်ဆေးဖို့ နည်းလမ်းတွေကိုပဲ ဆက်ပြီး ကြံစည်နေကြမှာပါ... ဒါပေမဲ့ ဖာသာက တုံ့ဆိုင်းနေပြီး ဖုံးကွယ်ဖို့ ကြိုးစားရင်တော့ ဖာသာ တစ်ခုခုကို ရိပ်မိသွားပြီ... သူတို့ကို အကြွင်းမဲ့ မယုံကြည်တော့ဘူးဆိုတာ သူတို့ သိသွားပါလိမ့်မယ်... သဘောပေါက်လား”

ဗင်းဆင့် ခေါင်းညိတ်လိုက်၏။

“နားလည်ပါပြီ”

“ကောင်းပြီလေ... အချိန်လည်း တော်တော်လင့်နေပြီ ဆိုတော့...”

လင်ကျဲက နောက်ပြောင်သည့် လေသံဖြင့် ဆိုလိုက်၏။

“ကျွန်တော့်ရဲ့ အိမ်နီးချင်းကောင်းကြီးကို အကြာကြီး စောင့်ခိုင်းမထားပါနဲ့တော့... သူက ဖာသာ့ရဲ့ တစ္ဆေနှင်ပွဲ ရလဒ်ကို စောင့်နေတာမလား... တကယ်လို့ ဖာသာသာ ဒီမှာ တစ်ညအိပ်မယ်ဆိုရင် သူ ရဲတိုင်မှာ ကျွန်တော် စိုးရိမ်မိတယ်”

ထို့နောက် သူက ခပ်တိုးတိုးလေး ထပ်ပြောလိုက်၏။

“ထူးဆန်းတာ တစ်ခုခု သတိထားမိရင် မှတ်ထားပြီး နောက်တစ်ခါကျ ကျွန်တော့်ကို ပြောပြပါ... ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိပါ... ဒါဆိုရင် အလင်းရောင်ကို မြင်ရပါလိမ့်မယ်”

မွန်းက ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းတင်ကာ စပေါ်ငွေကို ကောက်ခံပြီးနောက်... ဗင်းဆင့် တစ်ယောက် ရိုသေစွာဖြင့် နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ သူ၏ နဖူးပေါ်တွင် ချွေးများ စိုရွဲနေပြီး မျက်လုံးအား စည်းထားသော အဝတ်မှာလည်း လုံးဝ စိုရွှဲနေပြီ ဖြစ်သည်။

ဗင်းဆင့် ဆိုင်အပြင်ဘက်သို့ ရောက်သည်နှင့် အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးများကို ဖြေလျှော့လိုက်၏။

‘ဒါက... တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်...’

ဤသည်မှာ ဗင်းဆင့် ကြုံတွေ့ဖူးသမျှ တစ္ဆေနှင်ပွဲများထဲတွင် အဆန်းကြယ်ဆုံးနှင့် အထူးခြားဆုံးပင် ဖြစ်သည်။ သို့သော်လည်း... ယခုလောလောဆယ်တွင် ထိုသနားစရာကောင်းလှသည့် အိမ်နီးချင်း မစ္စတာကိုလင်ကို ဘယ်လို ချော့မော့ရမလဲဆိုတာကို သူ စဉ်းစားရပေမည်။

ဗင်းဆင့်သည် လက်ထဲမှ စာအုပ်ကို ကြည့်ရင်း ခါးသီးစွာ ပြုံးလိုက်မိ၏။ ထိုစဉ် သူ့နောက်ဘက်မှ မိန်းကလေး တစ်ဦး၏ အသံတစ်ခု ထွက်ပေါ်လာ၏။

“အမိုးခုံး ဘုရားကျောင်းက ဘုန်းတော်ကြီး တစ်ပါးပါလား...”

ဗင်းဆင့် လန့်ဖျန့်၍ နောက်သို့ လှည့်ကြည့်လိုက်ရာ၊ သံမဏိ မီးခိုးရောင် မျက်လုံးတစ်စုံကို တွေ့မြင်လိုက်ရပြီးနောက်... အမှောင်ထုထဲမှ အရပ်ရှည်ရှည် မိန်းကလေး တစ်ဦး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

ထိုမိန်းကလေးမှာ မဟူရာ ကြိမ်လုံး တစ်ခုကို လက်နက် အဖြစ် ကိုင်ဆောင်ထားကာ သွေးရောင် မျက်ရည်စက်ပုံသဏ္ဌာန် နားကပ်ကို ဝတ်ဆင်ထား၏။ သူမ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အအေးဓာတ်နှင့် သွေးနံ့ သင်းသင်း ထွက်ပေါ်နေသည်။

ဗင်းဆင့် တစ်ယောက် ကျောက်သား ဂါဂွိုင်းအတွင်းရှိ မရေမတွက်နိုင်သည့် ဝိညာဉ်ဆိုးများနှင့် ရင်ဆိုင်ရစဉ်က ခံစားခဲ့ရသည့် ကြောက်ရွံ့မှုမျိုးကို ပြန်လည် ခံစားလိုက်ရလေသည်။

‘မုဆိုး...’

ဗင်းဆင့်၏ ဦးနှောက်အတွင်း သတိပေး ခေါင်းလောင်းသံများ မြည်ဟည်းသွားတော့၏။

‘ငရဲဘုံ အဆင့် သို့မဟုတ် ထိုထက် ပိုမို အစွမ်းထက်သည့် မုဆိုးတစ်ဦး...’

***

All Chapters