← Chapters

ကျိကျစ်ရှို့ ရောက်ရှိလာခြင်း

Vol. 10 Ch. 130

ကျိကျစ်ရှို့ ရောက်ရှိလာခြင်း

Vol. 10 Ch. 130

ဤအနံ့ကား လူသတ်လွန်း၍ စွဲကျန်နေသည့် သွေးညှိနံ့မျိုး မဟုတ်။ တစ်ဖက်လူ၏ ကိုယ်တွင်းမှ တိုက်ရိုက်ထွက်ပေါ်နေသည့် အနံ့ဆိုးမျိုး ဖြစ်သည်။ မုဆိုး များတွင်သာ သီးသန့်ရှိတတ်သည့် ညစ်ညမ်းသောသွေး၏ အနံ့ပင်။

ဗင်းဆင့်၏ လပြည့်ဝန်း မျက်လုံးများဖြင့် ကြည့်လိုက်လျှင် ထိုမုဆိုး မိန်းကလေးမှာ ဆူပွက်နေသည့် မီးဖိုတစ်ခုနှင့် တူလှသည်။ သူမ၏ ကိုယ်တွင်း၌ သွေးများမှာ တရဟော လှုပ်ရှားနေပြီး လူ့အရေခွံခြုံထားသည့် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက် ရန်မူနေကြသည်။

‘အန္တရာယ်... အရမ်း ကြောက်စရာ ကောင်းတဲ့ အန္တရာယ်...’

ဗင်းဆင့်၏ ပင်ကိုယ်အသိစိတ်မှာ အသည်းအသန် သတိပေးနေ၏။ မှောင်ရိပ်ထဲမှ သားရဲတစ်ကောင်၏ အကြည့် ခံနေရသလို ခံစားလိုက်ရကာ အသက်ရှင်လိုသည့် ဆန္ဒများမှာလည်း အစွမ်းကုန် နိုးကြားလာတော့သည်။ ဘုန်းတော်ကြီးမှာ နေရာတွင်ပင် ကျောက်ရုပ်ပမာ ရပ်တန့်သွားပြီး စကားတစ်ခွန်းပင် မဟနိုင်တော့ပေ။ အသက်ရှူရန်ပင် ခက်ခဲလာကာ ခေါင်းများလည်း မူးဝေလာ၏။

ထိုအခိုက်အတန့်တွင်ပင်... စာအုပ်ဆိုင် ပိုင်ရှင် အပေါ် ထိတ်လန့်မှုကြောင့် ခေတ္တငြိမ်သက်သွားသော ‘လပြည့်ဝန်း အဆီအနှစ်’ ၏ ဘေးထွက်ဆိုးကျိုးများမှာ ယခင်ထက် ပိုမိုပြင်းထန်စွာ ပြန်လည်ရိုက်ခတ်လာကြောင်း သူ သဘောပေါက် လိုက်သည်။ ဗင်းဆင့် တစ်ယောက် စိတ်ပျက်အားငယ်မှုနှင့်အတူ ငိုချင်စိတ်ပင် ပေါက်လာတော့၏။

သူသည် အလောတကြီး ထွက်လာခဲ့မိရာ သူ၏ ‘လပြည့်ဝန်း အမှတ်အသား တံဆိပ်’ မှာလည်း စာအုပ်ဆိုင်ထဲ၌ မေ့ကျန်ခဲ့သည်။

ဗင်းဆင့်မှာ တိုက်ခိုက်ရေးသမား မဟုတ်သည့်အပြင် ယခုအခါ၌ မည်သည့် လက်နက်ကိရိယာမျှလည်း လက်ထဲတွင် မရှိတော့ပေ။ ထို့ပြင် တစ်ဖက်လူမှာ မိမိထက် အဆင့်မြင့်သည့်အပြင် မုဆိုးတစ်ဦး ဖြစ်နေပြန်သည်။ တိုက်ပွဲမစတင်မီကပင် ရလဒ်မှာ ပေါ်လွင်နေခဲ့ပြီ ဖြစ်သည်။

ဖာသာ ဗင်းဆင့် တစ်ယောက် ထိုသို့ ပျာယာခတ်နေစဉ်တွင်မှ မိမိလက်ထဲ၌ ကြားခံအဖြစ် အသုံးချနိုင်မည့် အရာတစ်ခု ရှိနေသေးကြောင်း သူ သတိပြုလိုက်မိသည်။ ၎င်းမှာ စာအုပ်ဆိုင်မှ ယခုလေးတင် ရရှိလာသည့် ‘နေမင်းကျမ်းစာ’ ပင် ဖြစ်သည်။

ဤစာအုပ်မှာ အသင်းတော်မှ တရားဝင် သတ်မှတ်ထားသည့် အရာမဟုတ်သော်လည်း မိမိ၏ လပြည့်ဝန်း တံဆိပ်နှင့် တုံ့ပြန်မှု ရှိခဲ့ခြင်းမှာ အရင်းအမြစ်ချင်း တူညီနေခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူ တွေးလိုက်သည်။ ဗင်းဆင့် အံကို တင်းတင်းကြိတ်ကာ လက်ထဲမှ စာအုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ‘လဝန်းတန်ခိုးတော်’ မှော်ပညာကို အသုံးပြုရန် ပြင်လိုက်တော့သည်။

“စိတ်အေးအေးထားပါ ဘုန်းတော်ကြီး...”

မုဆိုး မိန်းကလေးက ခပ်တိုးတိုး ရယ်မောရင်း ဆက်လက် လျှောက်လာ၏။ သို့သော်လည်း သူမက ဗင်းဆင့်ကို မကြည့်ဘဲ စာအုပ်ဆိုင်ဘက်ကိုသာ လှမ်းကြည့်နေ၏။

“ကျွန်မမှာ ရှင့်ကို ရန်ပြုဖို့ ရည်ရွယ်ချက် မရှိဘူး... ဒီဆိုင်ရဲ့ ဖောက်သည်အသစ်ကို နည်းနည်း စိတ်ဝင်စားလို့ပါ... ကျွန်မတို့ အားလုံးက ဒီဆိုင်ရှင်ရဲ့ ဖောက်သည်တွေပဲ ဟုတ်တယ်မလား... တစ်ယောက်နဲ့ တစ်ယောက် သင့်တင့်အောင် နေကြရမယ်လေ... မဟုတ်ရင် မစ္စတာလင် စိတ်အနှောင့်အယှက် ဖြစ်သွားလိမ့်မယ်”

‘ဖောက်သည်... ဒီစာအုပ်ဆိုင်ရဲ့ တခြားဖောက်သည်လား...’

ဗင်းဆင့် ငိုင်ကျသွားစဉ်မှာပင် မုဆိုး မိန်းကလေးမှာ သူ့ဘေးမှ ဖြတ်ကျော်သွားလေပြီ ဖြစ်သည်။ သူမ၏ လက်ထဲတွင် စာအုပ်နှစ်အုပ်နှင့် သေတ္တာတစ်လုံး ပါသွားသည်ကို သူ ဝိုးတဝါး မြင်လိုက်ရသည်။

“ရှင့်လက်ထဲကဟာက စာအုပ်ကောင်းပဲ... မစ္စတာလင်က ရှင့်အပေါ် တော်တော်လေး အလေးထားပုံရတယ်...”

မိန်းကလေး၏ နောက်ဆုံး စကားသံက လေထုအတွင်း ပျံ့လွင့်၍ ကျန်ရစ်ခဲ့၏။ ဗင်းဆင့် တစ်ယောက် ကိုယ့်ကိုယ်ကို သတိထားမိချိန်တွင် သူ အီသာ စွမ်းအင်များကို နေမင်းကျမ်းစာ စာအုပ်ထဲသို့ မသိမသာ ထည့်သွင်းမိနေပြီ ဖြစ်သည်။

လပြည့်ဝန်း မျက်လုံးများ ဖြင့် ကြည့်လိုက်လျှင် ‘နေမင်းကျမ်းစာ’ ထံမှ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အလင်းရောင်များ ထွက်ပေါ်နေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ လက်ဖဝါးမှတစ်ဆင့် နွေးထွေးသော စွမ်းအင်များက စီးဝင်လာကာ ဗင်းဆင့်၏ ခန္ဓာကိုယ်အတွင်းရှိ ဝေဒနာများကို ငြိမ်သက်သွားစေပြီး သူ့ပတ်ပတ်လည်၌ အဖြူရောင် အလင်းကာရံတစ်ခုကို ဖြစ်ပေါ်လာစေသည်။

‘ဒါတွေက တကယ် ဖြစ်နေတာလား...’

ဗင်းဆင့်၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာ၏။ သူက အီသာ စွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ရာ အလင်းကာရံမှာ ကွယ်ပျောက်သွားပြီး စာအုပ်မှာလည်း မှေးမှိန်သွားသည်။ ဤတစ်ကြိမ်တွင်မူ သူ မိမိ၏ ကိုယ်တိုင်ခံစားချက်ဖြင့် ထိုနှစ်ခုကြားရှိ ဆက်နွှယ်မှုကို အမှန်တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။

ဗင်းဆင့် ခေတ္တရပ်တန့်လိုက်ကာ စာအုပ်ဆိုင်အတွင်းရှိ ဝိုးတဝါးပုံရိပ်ကို လှမ်းကြည့်မိသည်။ ဆိုင်ထဲသို့ ပြန်ဝင်ပြီး ‘လပြည့်ဝန်း အမှတ်အသား တံဆိပ်’ မေ့ကျန်ခဲ့သည်ဟု ပြောရမှာကိုမူ သူ ရှက်ရွံ့နေမိသည်။

သူ ယခုမှ တွေးမိလာ၏။ ဤစာအုပ်ဆိုင်၌ သူ့ကဲ့သို့သော အခြား ဖောက်သည်များစွာ ရှိနေမည်မှာ အသေအချာပင်။ မုဆိုးပင် ရှိနေလျှင် စုန်းမ၊ သူရဲကောင်းနှင့် အခြားအဖွဲ့အစည်း အသီးသီးမှ လူများ ရှိနေခြင်းမှာလည်း မဆန်းတော့ပေ။ စာအုပ်ဆိုင်ပိုင်ရှင်သာ အဓိကရုဏ်းတစ်ခု ဖန်တီးချင်လျှင် အလွန်လွယ်ကူလိမ့်မည်ဟု သူ တွေးမိသည်။

“ထားလိုက်ပါတော့... နောက်မှပဲ ပြန်လာယူတော့မယ်... လောလောဆယ် ဒီတာဝန်ကလွဲလို့ တခြားအလုပ်မှ မရှိသေးတာပဲ၊ အနားယူလိုက်တာ ပေါ့...”

ဗင်းဆင့် တစ်ယောက် မိမိကိုယ်မိမိ နှစ်သိမ့်ရင်း ‘နေမင်းကျမ်းစာ’ ကို ဝတ်ရုံထဲသို့ ထည့်လိုက်သည်။ သူ့ အနေဖြင့် ဦးစွာ ကိုလင်၏ ရုပ်မြင်သံကြားဆိုင်သို့ သွားရဦးမည် ဖြစ်သည်။

...

စောစောက တွေ့ဆုံမှုကို ကျိကျစ်ရှို့ကတော့ သိပ်ပြီး ဂရုမစိုက်လှပေ။ သူမက စာအုပ်ဆိုင် တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ ဝင်လာခဲ့သည်။

ထိုဘုန်းတော်ကြီး စာအုပ်ဆိုင်ထဲတွင် မည်သည့် အရာများ ကြုံခဲ့ရသလဲဆိုသည်ကို အနည်းငယ် စိတ်ဝင်စားမိသော်လည်း သူတို့နှစ်ဦးကြားရှိ စွမ်းအားကွာခြားချက်မှာ အလွန်ကြီးမားလှသည်။ သူမကို မြင်သည်နှင့် ထိုဘုန်းတော်ကြီးမှာ ကြောက်လန့်တကြား ဖြစ်နေခဲ့သည် မဟုတ်ပါလော။ လက်ထဲမှ စာအုပ်ကို ဖယ်လိုက်လျှင် ထိုဘုန်းတော်ကြီး၏ ပုံစံက ‘အမိုးခုံး အသင်းတော်’ မှ သာမန်ဘုန်းတော်ကြီး တစ်ပါးနှင့်သာ တူလှသည်။

ထို့ကြောင့် သူမ၏ စိတ်ဝင်စားမှုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ ဖြစ်နိုင်သည်က စာအုပ်ဆိုင်ပိုင်ရှင်မှာ ထိုဘုန်းတော်ကြီးကို တစ်စုံတစ်ရာအတွက် အသုံးချရန် ရည်ရွယ်ထားပုံရသည်။ သူမ စာအုပ်ဆိုင်သို့ ပထမဆုံး စတင်ရောက်ရှိလာစဉ်ကကဲ့သို့ပင်။

သို့သော်လည်း... ယခုအချိန်တွင် ကျိကျစ်ရှို့မှာ မိမိ၏ အင်အားစုကို အမြန်ဆုံး တည်ထောင်ရန် အလုပ်များနေခဲ့သည်။ အမိုးခုံး ဘုရားကျောင်းမှာ သူမအတွက် အသုံးဝင်လှသည် မဟုတ်။ အထူးသဖြင့် ထူးခြားအဆင့်မျှသာ ရှိသော ဘုန်းတော်ကြီးတစ်ပါးမှာ သူမအတွက် ဘာမှ မဟုတ်ပေ။

သို့သော်လည်း... ဤဖြစ်စဉ်ကို ကြည့်ရင်း ဝယ်လ် နှင့် ပထမဆုံးအကြိမ် ဆိုင်ရှေ့မှာ ဆုံခဲ့စဉ်က ဝယ်လ် ခံစားခဲ့ရမည့် ခံစားချက်မျိုးကို သူမ နားလည်လိုက်သည်။ ၎င်းက ထူးဆန်းလှသည့် ရယ်မောဖွယ်ရာ ခံစားချက်မျိုး ဖြစ်သည်။ သူတို့အားလုံးမှာ တစ်ဦးနှင့်တစ်ဦး ပတ်သက်မှု မရှိကြသော်လည်း ယခုအခါ၌ စာအုပ်ဆိုင်၏ ဖောက်သည်များအဖြစ် သွယ်ဝိုက်သော နည်းလမ်းဖြင့် ဆက်နွှယ်မှု ရှိနေကြပြီ ဖြစ်သည်။

အလားတူ အခြေအနေကို ကြုံဖူးသူတစ်ယောက်အနေဖြင့် ဖောက်သည်အသစ်အပေါ် စီနီယာ တစ်ယောက်ကဲ့သို့ ခံစားမိခြင်းမှာ ရှောင်လွှဲ၍ မရနိုင်ပေ။

‘ငါတို့တွေကို စာပေမိတ်ဆွေတွေလို့ ခေါ်လို့ရမလားမသိဘူး...’

ကျိကျစ်ရှို့ တစ်ယောက်တည်း တွေးတောနေမိ၏။

...

ကလောင်...

လင်ကျဲသည် စားပွဲပေါ်ရှိ လပြည့်ဝန်း အမှတ်အသားကို ကောက်ယူလိုက်စဉ်မှာပင် ရင်းနှီးနေပြီးသား ပုံရိပ်တစ်ခု ဝင်လာသည်ကို တွေ့လိုက်ရသည်။

သူ အံ့ဩဝမ်းသာသွား၏။

“မတွေ့ရတာ ကြာပြီ သခင်မလေးကျိ... စာအုပ်တွေ အကုန် ဖတ်ပြီးပြီလား...”

“ဟုတ်ကဲ့ မစ္စတာလင်...”

ကျိကျစ်ရှို့က လေးစားစွာ ဦးညွှတ်နှုတ်ဆက်ရင်း ‘သွေးနှင့် သားရဲ’ ၊ ‘သံမဏိ စိတ်ဓာတ်’ စသည့် စာအုပ်နှစ်အုပ်ကို ကမ်းပေးလိုက်သည်။

“ဒါပေမဲ့... ဒီစာအုပ်တွေကို ကျွမ်းကျင်ဖို့ဆိုတာ လိုပါသေးတယ်... ကျွန်မရဲ့ လက်ရှိအဆင့်နဲ့ အကုန်လုံးကို နားလည်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်... ဒါ့အပြင် ငှားထားတဲ့ သတ်မှတ်ရက် တစ်လကလည်း ပြည့်တော့မှာမို့လို့ စာအုပ်တွေ အရင်လာပြန်တာပါ...”

ထို့နောက် ကျိကျစ်ရှို့က အကဲခတ်သည့် လေသံဖြင့် ထပ်၍ မေးလိုက်၏။

“နောက်ကျရင် ဒီစာအုပ်နှစ်အုပ်ကို ထပ်ပြီး ငှားလို့ ရနိုင်ဦးမလား...”

ပုံမှန်ဖောက်သည်တစ်ယောက်ကို မည်သူက ‘မရဘူး’ ဟု ပြောပါမည်နည်း။ လင်ကျဲက ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

“ကိုယ့်အတိုင်းအဆကို သိတာ ကောင်းပါတယ်... ဒီစာအုပ်နှစ်အုပ်ကိုသာ အကုန်အစင် နားလည်သွားရင် သခင်မလေးကျိရဲ့ ဘဝတစ်လျှောက်လုံး အတွက် အကျိုးရှိမှာပါ... လူတချို့က တစ်သက်လုံး စာအုပ်တွေအများကြီး ဖတ်ကြပေမယ့် တကယ်တမ်းကျတော့ ဘာမှ နားမလည်ကြတာမျိုး ရှိတတ်တယ်...”

ကျိကျစ်ရှို့က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ဤစာအုပ်များကို အနည်းငယ် နားလည်ရုံဖြင့်ပင် သူမက ဖျက်ဆီးခြင်းအဆင့် (D - အဆင့်) သို့ ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်သည်။ အကယ်၍သာ သူမ အကုန်အစင် နားလည်သွားလျှင် မည်မျှအထိ စွမ်းအားကြီးမားလာမည်ကို မည်သူမှ မခန့်မှန်းနိုင်ပေ။

ကျိကျစ်ရှို့ ဆိုင်အတွင်းပိုင်းကို ဝေ့ကြည့်လိုက်၏။ လန်စီ မှော်ကြေးမုံကိစ္စပြီးဆုံးသွားသည့် နောက်ပိုင်း သူမ ဤနေရာသို့ ပထမဆုံးအကြိမ် ပြန်ရောက်လာခြင်း ဖြစ်သည်။ စာအုပ်ဆိုင်မှာ ပြောင်းလဲခြင်း မရှိသော်လည်း တစ်ခုတည်းသော ကွဲပြားမှုက လင်ကျဲ၏ ဘေးတွင် မိန်းကလေးငယ်တစ်ဦး ရှိနေခြင်းပင်။

***

All Chapters